feature-image

‘Match of the Day’ သုံးသပ်ချက် (အက်စ်တွန် ဗီလာ vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့က ဗီလာ ပါ့ခ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အက်စ်တွန် ဗီလာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်အပေါ် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဒယ်နီ မာဖီ နှင့် အဲဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဖီးလ် နဗီးလ် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့သည်..။

ဂတ်ဘီ လိုဂန် - ဒီနေ့ပွဲအပြီးမှာ ဖရန့် လမ်းပတ် က သူတို့အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ပွဲချိန်အတော်များများ ဖိကစားနိုင်ပေမယ့် ဂိုးမရနိုင်ခဲ့တဲ့အပေါ် ‘အဲဒီလိုဖြစ်နေခြင်းဟာ ကျွန်တော်တို့အသင်းရဲ့ the story of our season’ ဆိုပြီး ပြောသွားခဲ့တာ ထူးဆန်းနေသလိုပဲ.။ တကယ်တော့ ဒီနှစ်ဘောလုံးရာသီ အကြောင်ပြောမယ်ဆိုရင် lockdown မတိုင်ခင်နဲ့ lockdown အပြီးဆိုပြီး နှစ်ပိုင်းခွဲ ပြောရမယ်ထင်ပါတယ်..။ အခုဆိုရင် သူတို့ကိုချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းအဖြစ် သဘောထားပြီးပြောရမှာပါ..။ တကယ်လည်း ဒီနေ့ပွဲပထမပိုင်းမှာ ဗီလာအသင်း ဦးဆောင်ဂိုးရခဲ့ပေမယ့်  သူတို့အသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့ပါတယ်..။ ဟုတ်တယ်မလား… ဒယ်နီ ရေ..

ဒယ်နီ မာဖီ - ဟုတ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ပွဲချိန်တော်တော်များကို ဖိအားပေး၊ အသာစီးရယူပြီး တည်တည်ငြိမ်ငြိမ် ကစားသွားနိုင်ခဲ့ပါတယ်..။ ဖန်တီးမှုတွေ..၊ တိုက်စစ်လမ်းကြောင်းရှာ ထိုးဖောက်မှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်..။ တကယ်တော့ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ကျွန်တော်အတော်လေး သဘောကျပါတယ်..။ ဒီနေ့ပွဲမှာလည်း အဲရင်ပုံစံအတိုင်း အရှိန်မပျက် ကစားသွားနိုင်သလို ကစားသမားတွေကိုလည်း အဆင်ပြေပြေနဲ့ အလှည့်ကျပွဲထုတ် ကစားသွားနိုင်ခဲ့ပါတယ်..။

ဒီနေ့ပွဲမှာ နည်းစနစ်ပိုင်းအရ ကျွန်တော်ဆွဲထုတ်၊ သုံးသပ်ပေးချင်ခဲ့တဲ့ တစ်နေရာက သူတို့အသင်းရဲ့ ညာဘက်ခြမ်းပါ..။ ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံက ဝီလီယံ နဲ့ အက်ဇ်ပီလီကွဲတား တို့ဟာ ဗီလာအသင်းရဲ့ ဘယ်တောင်ပံကို တစ်ချိန်လုံးစိုးမိုးထားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဖြတ်တင်ဘောတွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့တာကို အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁)  မှာ တွေ့ရမှာပါ..။ အဲဒီအတွက် ဖရန့် လမ်းပတ် ရဲ့ ပွဲချဉ်းကပ်ပုံနဲ့ လူစာရင်း ရွေးချယ်မှုကို ချီးကျူးပါတယ်..။



ဘာဖြစ်လို့ ဖရန့် လမ်းပတ် ကို ချီးကျူးရသလဲဆိုတော့ ဗီလာအသင်းဟာ ဂရီးလစ်ချ် ရဲ့ တစ်ဦးချင်းထိုးဖောက်မှုကို အများကြီးအားကိုးပြီး ကစားလေ့ရှိပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ဝါရင့်နောက်ခံလူ အက်ဇ်ပီလီကွဲတား ဟာ ဂရီးလစ်ချ် ကို လုံးဝထိန်းချုပ်ထားနိုင်ရုံမက အသင်းရဲ့ တိုက်စစ်ပိုင်းမှာပါ အကောင်းဆုံး ပါဝင်နိုင်ခဲ့ပါတယ်..။ ဗီလာအသင်းရဲ့ ဘယ်ခြမ်းက ဂရီးလစ်ချ် နဲ့ တားဂတ် တို့ဟာ ချယ်လ်ဆီးဘက်က ဝီလီယံ၊ အက်ဇ်ပီလီကွဲတား နဲ့ မေဆန် မောင့် တို့ သုံးယောက် တြိဂံထိုးဖောက်မှုကို (ပုံ- ၂) ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘူးဗျ..။



အက်ဇ်ပီလီကွဲတား ဟာ နောက်ခံအစွန်လူ တစ်ယောက်အနေနဲ့ဆိုရင် ဒီနေ့မှာ တိုက်စစ်ကို အရမ်းလိုက်ပါခဲ့တယ်လို့ ပြောနိုင်သလို ဝီလီယံ နဲ့လည်း နားလည်မှုရှိရှိ နေရာယူ၊ ရွှေ့လျားကစားသွားနိုင်ခဲ့တယ်..။ ဒါ့အပြင် အကောင်းစား ဖြတ်တင်ဘောတွေနဲ့လည်း တစ်ချိန်လုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။ ဗီလာအသင်းဟာ ပွင့်နေတဲ့ဘယ်အခြမ်း ခံစစ်ကြောင်းကို မပြင်နိုင်ခဲ့တာကြောင့် ပွဲချိန်ကြာလာတဲ့အမျှ နေရာလွတ်တွေ ပိုပြီးရလာ..၊ ထိုးဖောက်မှုတွေ ပိုပြီးကောင်းမွန်လာခဲ့ပါတယ်..။ အခုပူးတွဲပုံ (ပုံ- ၃) မှာဆိုရင် ဂရီးလစ်ချ် ဟာ ညာခြမ်းက ထိုးဖောက်လာတဲ့ ဝီလီယံ ကို လုံးဝမကပ်နိုင်ပဲ လွှတ်ထားတာကို တွေ့ရမှာပါ..။



အက်ဇ်ပီလီကွဲတား ဆိုရင် ဒီနေ့ပွဲမှာ ဖြတ်တင်ဘောတွေ အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ ချေပဂိုးကလည်း သူ့ရဲ့ဖြတ်တင်ဘောကနေတဆင့် ဘယ်အစွန်ကနေ ပြေးတက်လာတဲ့ ခရစ်စ်တီယန် ပူလီဆစ် ရဲ့ ရှေ့ကို အတိအကျ ရောက်ခဲ့တာပါ.။ အဲဒီဖြတ်တင်ဘော ကန်တင်မယ့်အချိန် ဘယ်တောင်ပံက တားဂတ် ဟာ သူရှိသင့်တဲ့နေရာမရှိနေခဲ့သလို ဂရီးလစ်ချ် ကလည်း ခံစစ်ကိုဆင်းကူရာမှာ နောက်ကျခဲ့တာကြောင့် အက်ဇ်ပီလီကွဲတား ဟာ အေးအေးဆေးဆေး ကန်တင်ဖို့ နေရာလွတ်တွေ အများကြီးရခဲ့တာကို အခုအောက်ပါပုံ (ပုံ- ၄) မှာ တွေ့နိုင်ပါတယ်..။



တကယ်တော့ ချယ်လ်ဆီးအသင်းဟာ အသာစီးရခဲ့တာ ညာဘက်ခြမ်းတစ်ခုတည်း မဟုတ်ပါဘူး..။ တစ်ကွင်းလုံးနေရာတိုင်းမှာ အသာစီးယူ ကစားသွားနိုင်ခဲ့တာပါ..။ ကစားသမားတွေရဲ့ တစ်ယောက်ချင်း စွမ်းရည်ပိုင်းမှာ အသာရခဲ့သလို မှန်ကန်တဲ့ လူစားလဲမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်..။

ဂတ်ဘီ လိုဂန် - ဟုတ်ကဲ့ပါရှင့်...။ အက်စ်တွန် ဗီလာအသင်းနည်းပြ ဒင်း စမစ် အနေနဲ့ သူ့ရဲ့ဘယ်တောင်ပံ ခံစစ်ကြောင်းက တစ်ပွဲလုံးပေါက်ထွက်နေတာကို မပြင်နိုင်ခဲ့ပဲ ချယ်လ်ဆီးအသင်းက အဲဒီအခြမ်းကနေ တစ်ချိန်လုံး ခြိမ်းခြောက်နေခဲ့တဲ့အပေါ် စိတ်ပျက်စရာမိမှာပါ..။ အဲဒီပထမဂိုးနဲ့ မရှေးမနှောင်းမှာ ပေးလိုက်ရတဲ့ ဒုတိယဂိုးမှာလည်း ဗီလာအသင်းရဲ့ ခံစစ်ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာ သိသာခဲ့တယ်ရှင့်..။ ဖီးလ် ရေ.. အဲဒီပေးဂိုးအပေါ် ရှင့်ရဲ့သုံးသပ်ချက်လေး ပြောပြနိုင်မလား..?

ဖီးလ် နဗီးလ် - အက်စတွန် ဗီလာအသင်းဟာ ဒီနေ့ပွဲမှာ ခံစစ်ကိုအားပြုကစားခဲ့ပြီး ဂိုးဧရိယာရှေ့မှာ ကစားသမား အများအပြားထိုင်၊ ဒုနဲ့ပိတ်ဆို့ ကစားခဲ့ပါတယ်..။ ဒါပေမယ့် အတင်းလိုက် ဖိအားပေးတာမျိုးမရှိပဲ လာတဲ့ဘောလုံးတွေကိုစောင့်ပြီး ထိုင်ဖျက်တဲ့ပုံစံ (passive) ဖြစ်နေခဲ့ပါတယ်..။ သူတို့ဟာ ခံစစ်ဇုန်မှာ ကစားသမား (၁၀) ယောက်စလုံး ဆင်းထိုင်နေတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ဂိုးရှေ့မှာ စိတ်ကြိုက်ဘောလုံးကိုင် ကစားနေတာ ခွင့်ပြုခဲ့ပါတယ်..။ ဒါ့ကြောင်ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း ကစားပုံ ကောင်းမွန်ခဲ့တာ မှန်ပေမယ့် ဗီလာအသင်းရဲ့ ခံစစ်ကစားပုံကလည်း သူတို့စိတ်ကြိုက် ပွဲကိုအတင်အချလုပ်ပြီး ကစားသွားတာကို ခွင့်ပြုခဲ့ပါတယ်..။

ဒုတိယဂိုးမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဘယ်အခြမ်းမှာ အပေးအယူလုပ်ပြီး တိုက်စစ်ဆင်လာချိန်မှာ သူတို့အသင်းဘက်က ရှေ့တက်ပြီး ဖျက်ထုတ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် နောက်ကိုပဲဆင်ပြီး ဂိုးရှေ့မှာထိုင်စောင့်နေခဲ့ပါတယ်..။ ချယ်လ်ဆီးဘက်က အပေးအယူလုပ်ရင်း အခုပူးတွဲပုံ (ပုံ- ၅) မှာ ပြထားတဲ့အတိုင်း ရော့စ် ဘာကလေ ထိုးဖောက်လာချိန် ဘယ်သူကမှ ဝင်ဖျက်ဖို့ မကြိုးစားခဲ့ဘူးဗျ..။



ဘာကလေ က ဂျီရူးဒ် နဲ့ ဝမ်းတူးရိုက်ပြီး ထွက်သွားတယ်..၊ ဘယ်သူကမှ မဖျက်ဘူး..၊ နောက်တော့ တောင်ပံမှာ အသင့်နေရာယူနေတဲ့ အက်ဇ်ပီလီကွဲတား ဆီ ရောက်သွားတယ်..၊ နောက်ခံအစွန်လူတွေက ဖြတ်တင်ဘော မလုပ်နိုင်အောင် ပိတ်ဖို့မကြိုးစားပဲ အလယ်မှာပဲ စုပြုံစောင့်နေခဲ့ပါတယ်..။ အက်ဖီပီလီကွဲတား ဖြတ်တင်ဘော ပို့ိလိုက်တယ်..၊ ဂျီရူးဒ် ဆီ ရောက်လာချိန် ပြင်သစ်တိုက်စစ်မှူးရဲ့အနားမှာ ဗီလာနောက်ခံလူ (၈) ယောက်လောက် ရှိနေပေမယ့် (ပုံ- ၆) ဘယ်သူကမှ ထိထိရောက်ရောက် မဖျက်ထုတ်နိုင်ခဲ့ဘူးဗျ..။ ဂျီရူးဒ် က တစ်ချက်ထိန်းတယ်..၊ လှည့်ကန်သွားခဲ့ပါတယ်..။



ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ဗီလာအသင်းရဲ့ ကစားပုံဟာ ချယ်လ်ဆီးအသင်းအတွက် လွယ်ကူစေခဲ့တယ်လို့ ထင်ပါတယ်..။ ဒါ့ကြောင့်ဒင်း စမစ် အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်ဖို့ဆိုရင် သူတို့အနေနဲ့ အခုလိုမျိုး ခံစစ်ဇုန်ထဲမှာ ပိတ်ဆို့မနေပဲ ရဲရဲတင်းတင်း ရှေ့တက်၊ ဖိအားပေး ကစားတာမျိုးကိုလည်း လိုအပ်သလို ပြုလုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။

ဂတ်ဘီ လိုဂန် - ဟုတ်ကဲ့ပါ...။ ဒီနေ့ပွဲအပြီးထိ ဗီလာအသင်းဟာ သူတို့အိမ်ကွင်းမှာ နှစ်ပွဲကစားခဲ့ပြီး သွင်းဂိုးမရရှိသေးဘူးရှင့်..။ ဒီနေရာမှာ ကျွန်မမေးချင်တာက တန်းဆင်းဖုန်ရုန်းကန်နေရတဲ့ အချိန်မျိုးဆိုရင် ကျွန်မတို့ ‘(၁၂) ယောက်မြောက် ကစားသမား (12th Player)’ လို့ တင်စားနေတဲ့ ပရိသတ်အင်အားဟာ ဘယ်လောက်အရေးပါမလဲရှင့်.. အခုအချိန်မှာ အဲဒီလိုတန်းဆင်းအန္ထရာယ် ရုန်းကန်နေရတဲ့ အသင်းတွေအတွက် အနောက်ကနေ တွန်းအားပေးမယ့်သူ မရှိသလို ဖြစ်နေသလားလို့..



ဖီးလ် နဗီးလ် - ဖြစ်နိုင်ပါတယ်..။ ပရိသတ်ရဲ့အင်အားနဲ့ အားပေးမှုဟာ အတိုင်းအတာတစ်ခုထိ အရေးပါနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပရိသတ်ရဲ့ဖိအားကြောင့် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်သလို ကစားသမားတွေအတွက်လည်း အိမ်ကွင်းမှာဆိုရင် ပရိသတ်ရဲ့ အားပေးမှုဟာ စိတ်အားတက်ကြွမှုကို အများကြီးရရှိစေပါတယ်..။

ဒီနေ့ပွဲမှာလို ကိုယ့်ရဲ့အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းက ဘောလုံးကိုင်ပြီး စိတ်ကြိုက်ကစားနေတာမျိုးဆိုရင် ပရိသတ်ရဲ့ အားပေးမှု၊ တွန်းအားကြောင့် ပိုပြီးကြိုးစားအားထုတ်မှု ကောင်းလာနိုင်တာရှိပါတယ်..။ ဒါ့အပြင် ပွဲစမခင်က ဗီလာအသင်းက ပိုပြီးကြံ့ခိုင်မှုကောင်းတဲ့အသင်း ဖြစ်မယ်လို့ ကျွန်တော်ထင်ခဲ့ပါသေးတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းဟာ ပွဲကြီးပွဲကောင်းနဲ့ ဝေးနေတာ သုံးလလောက်ရှိနေတာ ဖြစ်ပေမယ့် ဗီလာအသင်းဟာ ဒီနေ့မတိုင်ခင် တစ်ပွဲကစားပြီးပါပြီ..။ ပြင်ဆင်ချိန်လည်း ပိုပြီးရခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့တွက်ကိန်းမှားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ ပွဲကိုချဉ်းကပ်ပုံ၊ အမြန်နှုန်းနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။

ဂတ်ဘီ လိုဂန် - ဟုတ်ကဲ့ပါရှင့်..။ ဒီနေ့ပွဲရလဒ်ကြောင့် အခုတစ်ပါတ် ပွဲစဉ်တွေအပြီးမှာ ချယ်လ်ဆီးအသင်းဟာ အဆင့် (၅) နေရာက မန်ချက်စတာ ယူနိုက်တက်အသင်းကို (၅) မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် အနားရခဲ့တဲ့ lockdown ကာလ (၁၃) ပါတ်ဟာ ဖရန့် လမ်းပတ် အတွက် အကျိုးရှိခဲ့တဲ့ကာလလို့ ပြောရမလိုပါပဲ.။ အထူးသဖြင့် လာမယ့်နွေရာသီမှာ ရောက်ရှိလာမယ့် ကစားသမားသစ်တွေဟာ အခုလက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေအတွက် ပိုပြီးကြိုးစား အားထုတ်လာချင်စိတ်များ ဖြစ်လာမလား.. ထင်မိပါတယ်…။ အထူးသဖြင့် အဲဒီကစားသမားသစ်တွေဟာ အနာဂတ်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ ရည်မှန်းချက်များဟာ အရင်တုန်းကလို ကြီးမားနေဆဲပဲဆိုတာ ပြသလိုက်ခြင်းပါပဲ..



ဒယ်နီ မာဖီ - မှန်ပါတယ်..။ ဟာကင် ဇိုင်းယက်ချ် ၊ တီမို ဝါနာ တို့လို ကစားသမားသစ်တွေ ခေါ်ယူလိုက်ခြင်းဟာ အသင်းမှာရှိနေဆဲ ကစားသမားတွေကို လှုပ်နှိုးလိုက်သလို ဖြစ်နိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ကစားသမားတွေဟာ အသင်းမှာ သေချာပေါက် အေးအေးဆေးဆေး နေရာရနေသလို ဖြစ်နေတာကိုးဗျ..။ ဒါပေမယ့် အခုဆိုရင် သူတို့ဟာ ပွဲထွက်လူစာရင်းနဲ့ တိုက်တန်ကြောင်း မန်နေဂျာကို ပြသနိုင်ဖို့ လိုအပ်လာပါပြီ..။ အခုလက်ရှိအချိန်မှာ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေအားလုံးရဲ့ ရည်မှန်းချက်ဟာ နောက်လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ခွင့်ရရရှိဖို့ ဖြစ်ပါလိမ့်မယ်..။ ဒါ့ကြောင့်ဒီနေ့မှာ ပြသခဲ့တဲ့ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုကို ကြည့်မယ်ဆိုရင် သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အလမ်းများသွားပြီလို့ ကျွန်တော်ပြောလိုက်ချင်ပါတယ်..။

ဂတ်ဘီ လိုဂန် - ဖီးလ် ရေ..၊ ရှင်ရော ဘယ်လိုထင်မိလဲ..? အခုအချိန်မှာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ သေချာပေါက်ပြောနိုင်ဖို့ စောနေသေးပေမယ့် ဒီနေ့ကစားခဲ့တဲ့ စိတ်ဓါတ်၊ အားထုတ်မှုနဲ့ ကစားအားဟာ ချန်ပီယံလိဂ်ဝင်ခွင့် လုံလောက်တယ်လို့ ပြောနိုင်မလားရှင့်…

ဖီးလ် နဗီးလ် - ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် ဘယ်လိုအနေအထားပဲ ဖြစ်နေပါစေ ကိုယ်ကန်ရမယ့် ပြိုင်ဘက်တိုင်းကို အနိုင်ကန်နိုင်ဖို့ လိုအပ်တယ်လို့ ပွဲတွေပြန်မစခင် အရင်အပါတ်တုန်းက ကျွန်တော်ပြောခဲ့သေးတယ်..။ ဒီနေ့မှာတော့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်ခဲ့တယ်လို့ ဆိုရမှာပါပဲ..။