မနေ့က လက်စ်တာအသင်း၏ King Power ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက အိမ်ရှင် လက်စ်တာ စီးတီးအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျို ကိုးလ်..၊ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်.၊ လက်စတာ စီးတီး ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ချ် တို့က BT Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။
ဂျိုတ်ခ် ဟမ်းဖရေး - ဒီနေ့ပွဲတော့ ချယ်လ်ဆီးအသင်းဟာ အိမ်ရှင် လက်စ်တာအသင်းကို အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်..။ ဂျိုး ရေ.. ပထမဆုံးအနေနဲ့ ဒုတိယပိုင်းစစချင်းမှာ ကစားသမား သုံးယောက်ထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် မှန်ကန်ခဲ့တဲ့ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့ဆန္ဒအတိုင်း အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရော့စ် ဘာကလေ နဲ့ ကစားသမားတွေကို ချီးကျူးစကား အရင်ဆုံးပြောပေးပါဦးလား..
ဂျိုး ကိုးလ် - ဟုတ်ကဲ့ပါ.. ခင်ဗျားပြောသလိုပါပဲ..၊ ဒီနေ့ပွဲမှာ ဖရန့် လမ်းပတ် ဟာ ကစားသမား သုံးယောက်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ပထမပိုင်း ကစားကွက်ဟာ အလုပ်မဖြစ်ခဲ့ပါဘူး..။ လူငယ်ကစားသမားတွေ အများစုနဲ့ ပွဲထုတ်လာတာဆိုတော့ ပြေးလွှားနေတာပဲ ရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှု အားနည်းခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် မှာ အားသာချက်က အသင်းရဲ့လူအင်အား တောင့်တင်းတာပဲဗျ..။ ဒုတိယပိုင်းအစမှာ သူဟာနိုင်ငံလက်ရွေးစင်အဆင့် ကစားသမား သုံးယောက်ကို လူစားသွင်းခဲ့ပါတယ်..။ ဘာကလေ၊ ကိုဗာဆစ် တို့ ဝင်လာပြီး ကွင်းလယ်ကို ပြန်လည်စိုးမိုးနိုင်ခဲ့ပါတယ်..။
ဖရန့် လမ်းပတ် နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် မန်နေဂျာဖြစ်ကတည်းက သူဟာဆုံးဖြတ်ချက် ရဲတင်းတဲ့သူ ဖြစ်ပါတယ်..။ ရာသီအစပိုင်းမှာ ဒေးဗစ် လူးဝစ်ဇ် တုန်းကလည်း ပြတ်ပြတ်သားသား ရှင်းထုတ်ခဲ့သလို အရင်ပွဲစဉ်တွေမှာလည်း ရဲတင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်..၊ သူ့ရဲ့ဆုံးဖြတ်ချက် အများစုဟာ မှန်ကန်ခဲ့ပါတယ်..။ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း အခုလိုအဆင့်ပွဲစဉ်တွေမှာ သူတို့ဟာ ပွဲတစ်ပွဲရဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်း အာရုံစူးစိုက်မှုအပြည့်နဲ့ အမှားအယွင်းမရှိအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်..။
ဒါပေမယ့် သူတို့လေးတွေ မကြာခင်မှာ အကောင်ဆုံးခြေစွမ်း ပြန်ပြီးပြသနိုင်မှာပါ..၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ အင်္ဂလန်ရဲ့အကောင်းဆုံး လူငယ်သွေးသစ်လေးတွေ ဖြစ်ကြပါတယ်..။ ချယ်လ်ဆီးလို ထိပ်တန်းအဆင့် ပြိုင်ပွဲတွေအတွက်က လိုအပ်ချက်တွေ ရှိဦးမှာပေါ့..။ ဘာပဲဖြစ်ဖြစ်ပါ.. ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက်တော့ တကယ့်ကို ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲလို့ ပြောနိုင်ပါတယ်..။
ဂျိုတ်ခ် ဟမ်းဖရေး - ရီယို ရေ… လက်စတာ အသင်းဟာ အခုရာသီပြန်စပြီးနောက်ပိုင်း ဂိုးရဖို့ ရုန်းကန်နေရတာကြောင့် အစွယ်မရှိတဲ့ မြေခွေးတွေလို ဖြစ်နေပါတယ်..။ ဒါပေမယ့် ဒီပွဲမှာပေးလိုက်ရတဲ့ဂိုးမှာ ခံစစ်ပိုင်းအားနည်းချက်တွေ ရှိမယ်ထင်တယ်..၊ ဟုတ်တယ်မလားဗျ..
ရီယို ဖာဒီနန် - လက်စတာ အသင်းဟာ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရပေမယ့် ခံစစ်ပိုင်း တောင့်တင်းမှုက ကျဆင်းမသွားဘူးလို့ ယေဘူယျပြောနိုင်ပါတယ်..။ အခုပေးလိုက်ရတဲ့ဂိုးနဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ကွင်းတစ်ဝက်လောက်မှာ လက်ပစ်ဘော ရပါတယ်..။ အဲဒီဘောလုံးကနေ နောက်ကနေ တိုက်စစ်လိုက်ပါလာတဲ့ နောက်ခံလူနဲ့ တွဲပြီးတက်လာခဲ့ပြီး ညာခြမ်းမှာ နေရာယူထားတဲ့ အက်ဇ်ပီလီကွဲတား ဆီကို ချပေးပါတယ်..။ အဲဒီမှာ အောက်ကပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့အတိုင်း ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ အီဗန်စ် နဲ့ ဆိုရန်ချူ တို့ကြားမှာ နေရာလွတ်ကြီး ပေါ်နေပါတယ်..။
အဲဒီလိုအခြေအနေမျိုးမှာ အရေးပါလာတာက ကွင်းလယ်အဖျက်ဇုန်မှာ ရှိနေတဲ့ အန်ဒီဒီ ပါ..။ အမှန်တော့ အဲဒီလို ဗဟိုခံစစ်မှူးနှစ်ယောက်ကြားမှာ နေရာလွတ်ကြီး ဖြစ်နေတယ်..၊ တောင်ပံကနေ တစ်ဖက်အသင်းက တိုက်စစ်ဆင်နေတယ်ဆိုရင် သူ့အနေနဲ့ အဲဒီနေရာလွတ်ထဲကို ဝင်ပြီးဖြည့်ရပါမယ်..။ သူကလည်း နောက်ကနေ အဲဒီနေရာလွတ်ထဲကို ပြေးဝင်လာနိုင်တဲ့ ဘာကလေ ကို ဂရုစိုက်နေပါတယ်..။ အနှေးပြကွက်တွေကို သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် သူဟာ နောက်လှည့်ပြီး ဘာကလေ ရဲ့ လှုပ်ရှားမှုကို နှစ်ခါလောက် ကြည့်လိုက်ပါသေးတယ်..။ တကယ်တော့ အဲဒီလို ကြည့်ပြီးပြီဆိုရင် အန်ဒီဒီ အနေနဲ့ အဲဒီနေရာလွတ်ဆီကိုဝင်ပြီး အနီးဆုံးမှာရှိနေတဲ့ ဘာကလေ ပြေးဝင်မလာနိုင်အောင် ပိတ်ဆို့ရပါမယ်..။
ဂျိုတ်ခ် ဟမ်းဖရေး - ဒါဆိုရင် အဲနားမှာရှိနေတဲ့ ဆိုရန်ချူ ကရော..? သူနောက်ဆုတ်လိုက်ရင် မရဘူးလား..?
ရီယို ဖာဒီနန် - ဆိုရန်ချူ ဝီလီယံ ပြေးဝင်မလာအောင် ထောက်ထားရမှာဆိုတော့ သူနေရာယူထားတာ မှန်ပါတယ်..။ အဲဒီနေရာလွတ်ကို သတိထားမိတဲ့သူ နောက်တစ်ယောက်က ဂျော်နီ အီဗန်စ် ပါ..(ပုံ- ၂)။ ဒါပေမယ့် ပြသနာက သူကလည်း တန်မီ အေဘရာဟမ် ကို ကပ်ထားရမယ်ဆိုတော့ ကြိုပြီးရှေ့တက်ထားလို့ မဖြစ်ဘူးဗျ..။ တောင်ပံက ထွက်လာတဲ့ ဘောလုံးအနေအထားကို ကြည့်ပြီးမှသာ သူ့အနေနဲ့ ရှေ့တက်ရမလား..? တန်မီ ကိုပဲ ဆက်ပြီးကပ်ထားရမလား..? ဆုံးဖြတ်နိုင်ပါမယ်..။
ဒါပေမယ့် အခုလိုပရီးမီးယားလိဂ်အဆင့်မှာကျ အဲဒီအချိန် လှုပ်ရှားမယ်ဆိုရင် နောက်ကျတာ များပါတယ်..။ ဝီလီယံ ရဲ့ ဖြတ်တင်ဘောဟာ သိပ်ကောင်းမွန်ခဲ့သလို ဘာကလေ ရဲ့ ချိန်သားကိုက် ပြေးဝင်မှု၊ အဆုံးသတ်မှုတွေကလည်း တကယ့်ကို အတိအကျ ဖြစ်ခဲ့ပါတယ်..။ ဒီဂိုးမှာ လက်စတာအသင်း နောက်ခံလူတွေထက်စာရင် အန်ဒီဒီ နဲ့ လက်စ်တာ ကွင်းလယ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းကူညီမှု အားနည်းချက်က အဓိက ကျခဲ့ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ရီယို ရေ… ချယ်လ်ဆီးအသင်းရဲ့ အနိုင်ဂိုးကို အခုလိုအသေးစိတ် ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ်ပေးတာ ကျေးဇူးပါပဲ..။ ဒါပေမယ့် ဂျိုး ရေ.. အဲဒီဂိုးကို ဖန်တီးသွင်းယူသွားခဲ့တဲ့ ဝီလီယံ ရဲ့ တိကျတဲ့ ဖြတ်တင်ဘော၊ ဘာကလေ ရဲ့ ချိန်သားကိုက် ပြေးဝင်၊ ပိတ်သွင်းမှုတွေကတော့ ပွန်းပဲ့မသွားခဲ့ပါဘူး.. ဟုတ်တယ်မလားဗျ…
ဂျိုး ကိုးလ် - တကယ်တော့ အဲဒီလို ချိန်သားကိုက် ပြေးဝင်၊ ပိတ်သွင်းတဲ့ ဘောလုံးတွေနဲ့ ပတ်သက်ရင် ရော့စ် အနေနဲ့ အဲဒီလို ဘောလုံးတွေကို အသုံးချတဲ့နေရာမှာ ကမ္ဘာ့အောကာင်းဆုံးဖြစ်တဲ့ ဖရန့် ဆီကနေ ရနိုင်သမျှ သင်ယူနိုင်ဖို့ လိုအပ်ပါတယ်..။ ဝီလီယံ ကန်တင်မယ့်အချိန်မှာ ဘာကလေ ဟာ သူနဲ့တစ်တန်းတည်းလို ရှိနေခဲ့ပါတယ်..။ ကန်တင်လိုက်တာနဲ့ သူကပြေးတက်သွားတယ်..၊ ဒုတိယပိုင်းအနေနဲ့ ကန်သွင်းတယ်..။
အဲဒီကန်သွင်းတဲ့အပိုင်းမှာ သူဟာအနီးတိုင် တည့်တည့်ပြေးလာခဲ့တာ ဖြစ်ပေမယ့် ဘောလုံးကျလာခါနီးမှာ ခန္ခာကိုယ်ကိုလှည့်ပြီး မနားတမ်းမြေမကျ ကန်သွင်းလိုက်တာကြောင့် ဘောလုံးဟာ ထောင့်ကျယ်ဘက်ကို သွားခဲ့တာပါ..။ သူ့ရဲ့ကန်သွင်းသွားတဲ့ နည်းစနစ်ပိုင်း အရမ်းကိုကောင်းမွန်ပါတယ်..။ အခုအင်္ဂလန်အသင်းမှာ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားနေရာအတွက် ဂရိုင်းလစ်ချ်၊ မက်ဒီဆန် တို့ ရေပန်းစားနေပေမယ့် ဘာကလေ ဟာ တကယ့်ကို ပင်ကိုယ်ပါရမီ ထူးချွန်ခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။
ရီယို ဖာဒီနန် - ဂျိုး ရေ.. ခင်ဗျားပြောတာ မှန်တယ်ဗျ..။ ရော့စ် ဘာကလေ ဟာ ချယ်လ်ဆီးအသင်းကို ဖရန့် လမ်းပတ် ရောက်လာခဲ့တာကြောင့် အကျိုးအရှိဆုံးဖြစ်မယ့် ကစားသမား ဖြစ်လာနိုင်ပါတယ်..။ သူအနေနဲ့ ဖရန့် ရဲ့ ပြောစကား၊ ဖရန့် ရဲ့ သင်ယူမှုတွေကိုသာ တစ်သွေမတိမ်း လိုက်နာရုံပဲ..။ သူ့အနေနဲ့ ဖရန့် လိုပဲ.. ဘယ်အချိန်မှာ ပြေးဝင်ရမယ်..၊ ဘယ်အချိန်မှာ နေရာယူရမယ် စတဲ့အချက်တွေကို နားလည်ဖို့ လိုအပ်ပါတယ်..။ ဘာကလေ ဟာ ဂိုးသွင်းအဆုံးသတ်တဲ့နေရာမှာ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ဒါပေမယ့် သူ့အနေနဲ့ ဖရန့် လိုမျိုး အတွေ့အကြုံနဲ့ သင်ယူပေးနိုင်တဲ့သူမျိုးဆီကနေ အခုထက်ပိုပြီး တိုးတက်လာအောင် လေ့လာ၊ သင်ယူရမှာ ဖြစ်ပါတယ်..။
ဂျိုတ်ခ် ဟမ်းဖရေး - ဖရန့် က သူ့ရဲ့ပင်ကိုယ် ပါရမီကို ဖြည့်ဆည်းပေးလို့ မရဘူးပေါ့ဗျာ..၊ ဘာကလေ ဟာ ဂိုးသွင်းယူတဲ့နေရာ၊ အဆုံးသတ်အပိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်မေးချင်တာက ဖရန့် အနေနဲ့ သူ့ကိုဒီထက်ပိုပြီး ဆုံးဖြတ်ချက်ကောင်းမွန်တဲ့ ကစားသမား ကစားသမားတစ်ယောက် ဖြစ်လာအောင် ပြောင်းလဲပေးနိုင်မလား..? ဆိုတဲ့ မေးခွန်းပါ..။ ရော်ဘီ ရေ.. ကျွန်တော်တို့ ခင်ဗျားတို့ ကြည့်ခဲ့တဲ့ ဒီပွဲမှာ ဘာကလေ ဟာ ခြေစွမ်းပြနိုင်ခဲ့တယ်..၊ အဆုံးအဖြတ်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တယ်ဆိုပေမယ့် ‘ဒီကောင်ဘယ်လို စိတ်ကူးပေါက်ပြီး ဒီလိုများ လုပ်လိုက်ပါလိမ့်..?’ ဆိုပြီး မေးခွန်းထုတ်စရာ အခိုက်အတန့်တွေ မနည်းမနောပဲ မဟုတ်ဘူးလားဗျ..
ရော်ဘီ ဆားဗေ့ချ် - မှန်တာပေါ့ဗျာ..၊ ဒီနေ့ပွဲမှာ အကောင်းဆုံး ဥ့ပမာ အနေနဲ့ဆိုရင် ပွဲပြီးခါနီးမှာ ချယ်လ်ဆီးအသင်းဘက်က လေးယောက်နဲ့ လက်စ်တာအသင်းက နှစ်ယောက် (4 vs 2) အနေအထား ရရှိခဲ့တယ်.။ လက်စတာ နောက်တန်းကို ဖိအားပေးပြီး ဘာကလေ ဘောလုံးကို ထုတ်သွားတာ ကောင်းပါတယ်..။ ဒါပေမယ့် သူဟာနှစ်ကြိမ်တိုင်တိုင် ဆုံးဖြတ်ချက်မှားခဲ့ပါတယ်..။ နောက်ပြီးတန်မီ အေဘရာဟမ် ကလည်း အတော်ညံ့ပါတယ်..၊ သူ့ကိုအကူအညီ မပေးနိုင်ခဲ့ဘူးဗျ..။ အေဘရာဟမ် ရဲ့ ပြေးသွားပုံကို ကြည့်မယ်ဆိုရင် ဘာလုပ်နေမှန်းကို မသိတာပါ..။ တကယ်လို့ သူသာဒီထက်ပိုပြီး အားစိုက်ထုတ် ပြေးခဲ့မယ်..၊ နောက်တန်းလူတွေကို ဆွဲထုတ်သွားခဲ့မယ်ဆိုရင် ဘာကလေ က ဘောလုံးကို စောစောပေးလို့ရပါတယ်..။
အဲဒီဘောလုံးမှာ ဘာကလေ ရဲ့ကန်ချက်ဟာ ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် အခုအပေါ်ကပူးတွဲပုံ (ပုံ - ၃) မှာ ပြထားအတိုင်း သူဟာ ရူဘင် လော့ဖ်တပ် ချိခ် ရဲ့ ရှေ့ကို ခင်းပေးခဲ့မယ်ဆိုရင် ပိုပြီးကောင်းပါတယ်..။ ဒါပေမယ့် အဲဒီနေရာမှာ တန်မီ အေဘရာဟမ် ရဲ့ လှုပ်ရှားမှုကလည်း လိုအပ်ခဲ့ပါတယ်..။ တန်မီ ဟာ ဒီထက်ပိုပြီး လှုပ်ရှားပေးရပါမယ်..။ လော့ဖ်တပ်စ် ချိခ် က ဘာမှလုပ်မရလို့ သူ့ဆီကိုချက်ချင်းပြန်ပေးတယ်..၊ အဲဒီမှာအခုအောက်ကပုံ (ပုံ- ၄) ကို ကြည့်လိုက်ပါ..။ သူဟာရှင်းရှင်းကြီး လွတ်နေတဲ့ ပီဒရို ကို ပေးလိုက်ရင် ပိုပြီးအခွင့်အရေး ကောင်းမှာဖြစ်ပေမယ့် ကန်သွင်းဖို့ကို ပိုပြီးဦးစားပေးခဲ့ပါတယ်..။
တကယ်တော့ ချယ်လ်ဆီးအသင်းဟာ အင်အားကြီးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်.။ အဲဒီလိုအသင်းကြီးတွေရဲ့ အားသာချက်က ကစားအား တက်လာအောင်၊ ကစားကွက် လုံးဝပြောင်းလဲသွားအောင် လူအပြောင်းအလဲ လုပ်နိုင်ခြင်းပါပဲ..။ ဖရန့် လမ်းပတ် ဒုတိယပိုင်းမှာ လူစားသွင်းခဲ့တဲ့ ကစားသမားသုံးယောက်စလုံးဟာ တကယ့်ကို ကစားသမားကောင်းတွေပါ..။ ဒါ့ကြောင့်အသင်းချင်း ယှဉ်မယ်ဆိုရင် အသင်းကြီးတွေက ပိုပြီးအခွင့်အရေးသာတာ ထုံးစံပါပဲ..။
ရီယို ဖာဒီနန် - ရော်ဘီ ပြောသွားတာကို ကျွန်တော်နည်းနည်းထပ်ပြီး ဖြည့်ချင်သေးတယ်..။ ဒီနေ့ပွဲမှာ လူငယ်ကစားသမားလေးတွေကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ပါတယ်..။ သူတို့လေးတွေအနေနဲ့ အခုလိုပထမပိုင်းအပြီးမှာ လူစားလဲခံရတယ်ဆိုတဲ့အပေါ် ခံစားရခက်ပါလိမ့်မယ်..။ ဒါပေမယ့် သူတို့အတွက် ဒီပွဲဟာ လမ်းဆုံးသွားမယ့်ပွဲ မဟုတ်ပါဘူး..။ သူတို့အနေနဲ့ မန်နေဂျာရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိလာအောင် အကောင်းဆုံး ကြိုးစားပြဖို့ လိုအပ်ပါလိမ့်မယ်..။
ဖရန့် ဟာ သူတို့လေးတွေရဲ့အကြောင်း အသေးစိတ်ကအစ သိပြီးသားဆိုတာ သံသယရှိစရာ မလိုပါဘူး..။ သူတို့ကိုယ်တိုင်ကလည်း အခုလိုပွဲတွေရရဲ့ ဖိအားတွေ၊ တာဝန်ယူမှုတွေကို နားလည်နိုင်ဖို့ လိုအပ်ပါတယ်..။ အခုပွဲပြီးလို့ နောက်ရက်တွေမှာ ဖရန့် ဟာ သူတို့တွေကို တစ်ယောက်ချင်း ထပ်ပြီးရှင်းပြလိမ့်ဦးမယ်ဆိုတာ သေချာပါတယ်..။ သူတို့အနေနဲ့ ဒီထက်ပိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း သန်မာကြံ့ခိုင်ရမယ်..၊ အသင်းရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့တစ်ဦးချင်းခြေစွမ်းအပေါ် တာဝန်ယူနိုင်၊ တာဝန်ခံနိုင်ဖို့ လိုအပ်ပါတယ်..။
ဂျက်ခ် ဟမ်းဖရေး - ဟုတ်ပါတယ်.. ဖရန့် လမ်းပတ် ကလည်း ပွဲပြီးတဲ့အချိန် သတင်းစာ ရှင်းလင်းပွဲမှာ ဒီလူငယ်လေးတွေဟာ ဒီနေ့ပွဲမှာ လူစားလဲခံရပေမယ့် ထိပ်တန်းကစားသမားတွေ ဖြစ်လာနိုင်ဖို့ ရှိပါသေးတယ်ဆိုတာ ပြောသွားပါတယ်..။ ဒါဟာအခုဒီပွဲမှာတော့ မင်းတို့ခြေစွမ်း လိုအပ်သလောက် မကောင်းမွန်ခဲ့ဘူး..၊ ဒါပေမယ့် တစ်ဖက်ကနေ သူတို့အပေါ် ဖိအားတွေမရောက်လာအောင် ကာကွယ်ပေးသွားခဲ့တဲ့သဘောပဲဗျ.. ဟုတ်တယ်မလား.. ဂျိုး ရေ..
ဂျိုး ကိုးလ် - ကျွန်တော်တို့အသင်းက လူငယ်လေးတွေဟာ အဲဒီဖိအားတွေကို ခံနိုင်ရည်ရှိမယ်၊ အခုလိုအခြေအနေမျိုးက ပြန်လည်ရုန်းထွက်နိုင်လိမ့်မယ်ဆိုတာ သံသယ လုံးဝမရှိပါဘူး..။ နည်းပြတစ်ယောက်ဆိုတာ သူတို့တွေအတွက် မိဘတစ်ယောက် လိုပါပဲ..။ လိုအပ်သလို ပဲ့ပြင်ဆုံးမရမယ်..၊ သွန်သင်ပေးရပါမယ်..။
ဒီနေ့ပွဲမှာဆိုရင် ဘီလီ ဂေးလ်မား ပေါ့ဗျာ..။ သူဟာဒီနေ့ပွဲမှာမှ ‘No. 8’ နေရာကနေ ပထမဆုံး ပွဲထွက်ကစားခဲ့ရပါတယ်.။ သူဟာ ပွဲရဲ့မြန်ဆန်တဲ့အရှိန်နဲ့ အသားကျခဲ့ပါဘူး..။ အဲဒီလိုသင်ခန်းစာမျိုးကိုလည်း သူတို့သင်ယူရမှာပါ..။ ဒီပွဲဟာ FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်ဖြစ်ပါတယ်.။ အဲဒီလိုပွဲမျိုးမှာ အမှားအယွင်းတွေ ပြုလုပ်လို့ မရသလို အခုဖရန့် ပြောလိုက်တဲ့ မှတ်ချက်ဟာ သူတို့တွေအတွက် အခုလိုပွဲတွေမှာ ကစားဖို့လိုအပ်တဲ့ အနည်းဆုံးလိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ခဲ့မှာပါ..။ ဒါ့အပြင် နောက်လာမယ့်ပွဲတွေမှာ အခုလိုအမှားအယွင်းတွေ ဖြစ်လို့မရပါဘူးဆိုတာ နားလည်သွားကြပါလိမ့်မယ်..။
ရီယို ဖာဒီနန် - ဖရန့် ဆိုလိုချင်တာက အသင်းက ကစားသမားတိုင်းဟာ ချယ်လ်ဆီးလိုအသင်းကြီးမှာ အပါတ်စဉ်ကစားခွင့်ရဖို့ အနည်းဆုံးလိုအပ်ချက်ကို ပြည့်မှီနေရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်..။ ဒါဟာလေ့ကျင့်ကွင်းကနေစပြီး ပွဲကစားတဲ့အချိန်ထိ လူငယ်၊ လူကြီး.. အသင်းက ကစားသမားတိုင်းဟာ ချယ်လ်ဆီးလို အသင်းအတွက် လိုအပ်တဲ့ခြေစွမ်းကို ပြည့်မှီနေမှရမယ်ဆိုတာ လက်တွေ့ပြသလိုက်တာပါပဲ..။ သူဟာလူငယ်တွေကို ဦးစားပေးပြီး ပြုစုပျိုးထောင်နေတယ်..၊ ဒါပေမယ့် ကစားသမားတိုင်းဟာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားရမယ်..၊ ပွဲစပွဲဆုံး ရှိသင့်ရှိထိုက်တဲ့ ခြေစွမ်းကို ပြသနိုင်ဖို့လိုအပ်တယ်..၊ အသင်းအတွက် ရှိသင့်တဲ့အဆင့်အတန်းမျိုး မပြသနိုင်ဘူးဆိုရင် အချိန်မရွေး၊ လူမရွေး အပြောင်းအလဲလုပ်ဖို့ ဝန်မလေးဘူးဆိုတာ အသိပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်..။
ဂျိုတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ အခုလိုဝိုင်းဝန်း ဆွေးနွေးပေးခဲ့တဲ့အတွက် ရီယို၊ ရော်ဘီ နဲ့ ဂျိုး တို့ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်..။ လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့..။