မနေ့က ဝင်ဘလေ ကစားကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပေါ် အင်္ဂလန်အသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ နှင့် အလန် ရှီးယားရား၊ ချယ်လ်ဆီးအသင်း ဂန္ထဝင်နောက်ခံလူဟောင်း အက်ရှ်လေ ကိုးလ် နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဖီးလ် နဗီးလ် တို့က BBC Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။
ဂယ်ရီ လိုင်နီကာ - ပထမဆုံးအနေနဲ့ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းကို ယေဘူယျ သုံးသပ်ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့နိုင်ပွဲဟာ ထိုက်တန်တယ်လို့ ပြောနိုင်တယ်မဟုတ်လားဗျ.. အလန် ရေ..
အလန် ရှီးယားရား - ဟုတ်ပါတယ်..၊ ချယ်လ်ဆီးအသင်းအတွက် ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့နိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါ..။ ဒီနေ့နိုင်ပွဲအတွက် ချယ်လ်ဆီးကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးရမှဖြစ်သလို ဖရန့် လမ်းပတ် ရဲ့ ကစားပုံအပြောင်းအလဲကလည်း မှန်ကန်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ မန် ယူနိုက်တက်အသင်းထက်ပိုပြီး ကစားပုံ သက်တောင့်သက်သာ ရှိသလို ပွဲစပွဲဆုံးနီးပါး လွှမ်းမိုးထားနိုင်ခဲ့တယ်လို့ ပြောရမှာပါ..။
မှန်ပါတယ်.. သူတို့အသင်း ရရှိခဲ့တဲ့ဂိုးတွေမှာ ဒေးဗစ် ဒီဂီယာ ရဲ့ အမှားကြီးတစ်ခု အပါအဝင် မန် ယူနိုက်တက်အသင်းသားတွေရဲ့ အမှားအယွင်းတွေ ပါဝင်ခဲ့ပါတယ်..။ ဒါပေမယ့် သူတို့ရသွားတဲ့ သွင်းဂိုးတွေဟာ တကယ့်ကို ကောင်းမွန်တဲ့ သွင်းဂိုးတွေပါ..။ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ထိုက်တန်ခဲ့တဲ့ နိုင်ပွဲတစ်ပွဲပါပဲ..။
အက်ရှ်လေ ကိုးလ် - ဟုတ်ကဲ့ပါ..။ ဒီနေ့လိုပွဲကြီးပွဲကောင်းတွေမှာ ပြိုင်ဘက်အသင်းထက်ပိုပြီး ကြိုးစားအားထုတ်မှုကောင်းတဲ့ အသင်းကပဲ အနိုင်ရမှာပါ..။ ဒါဟာမပြောင်းလဲတဲ့ အမှန်တရားပါပဲ..။ ချယ်လ်ဆီးအသင်းသားတွေဟာ ကြိုးစားအားထုတ်မှု ပိုပြီးကောင်းတယ်..၊ နိုင်ပွဲဆာလောင်စိတ် ပိုမိုများပြားတယ်..၊ ဖိအားပေး ကစားပုံ ကောင်းမွန်ခဲ့သလို သူတို့ရဲ့ကစားပုံ ပိုပြီးမြန်ဆန်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ကွျွန်တော့်အတွက် Man of the Match ကတော့ ‘မေဆန် မောင့်’ ပါပဲ..။ အထူးသဖြင့် သူ့ရဲ့ကြိုးစားအားထုတ်မှု (work rate) ဟာ တကယ့်ကို အံ့သြစရာပါပဲ..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကစားပုံ မကောင်းခဲ့ဘူးဗျ.။ ဒ့ါကြောင့်လည်း (၁၉) ပွဲအတွင်းမှာ ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ..။
ဖီးလ် နဗီးလ် - တစ်သင်းလုံးလိုလို ကစားပုံ မကောင်းခဲ့ဘူးဗျ..။ ဘရူနို ဖာနန်ဒက်စ် ကတော့ မဆိုးရှာပါဘူး..။ ကျန်တဲ့ကစားသမားတွေ အကုန်လုံးလုံး ခြေစွမ်းကျဆင်းခဲ့သလို ကစားပုံနှေးကွေးခဲ့ပါတယ်..။ တကယ်တော့ ဘယ်အချိန်ကစပြီး မှားခဲ့လဲဆိုရင် ပွဲထွက်လူစာရင်း ထွက်လာကတည်းက သိပ်မနိပ်လှဘူးလို့ ထင်ခဲ့ပါတယ်..။ ဆိုးလ်ရှား ဟာ လူထုတ်တာ မှားယွင်းခဲ့သလို နည်းစနစ်ပိုင်း ရွေးချယ်ပုံလည်း မှားခဲ့ပါတယ်..။ အဲဒီကနေ စတယ်လို့ ပြောရမှာပါပဲ..။
အလန် ရှီးယားရား - ဒီနေ့ပွဲမှာ ဆိုးလ်ရှားအနေနဲ့ ပွဲတွေဆက်နေတာကြောင့် အဓိကကစားသမားတွေ အနားရအောင် လူစာရင်း အပြောင်းအလဲလုပ်ခဲ့တာကို ကျွန်တော်နားလည်ပါတယ်..။ သူ့ရဲ့လူစာရင်းနဲ့ပွဲကိုချဉ်းကပ်ပုံ ထူးဆန်းခဲ့ပေမယ့် လက်ရှိအချိန်မှာ သူတို့အသင်းဟာ ပုံစံကောင်းတွေရနေသလို ရလဒ်တွေကလည်း အထူးကောင်းမွန်နေခဲ့တာကိုးဗျ..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အဲဒီလိုတိုက်စစ်အား အရှိန်မျိုး လုံးဝကို ပျောက်ဆုံးနေခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ဖရန့် လမ်းပတ် ရဲ့ နည်းစနစ်ပိုင်း၊ ပွဲကိုချဉ်းကပ်ပုံတွေအပေါ် ချီးကျူးရမှာပါ..။ သူတို့ဟာ မန် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ..။ အခုကျွန်တော်တို့ ဒီပွဲရဲ့အရေးပါခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်.. အက်ရှ် ရေ… မေဆန် မောင့် ကို စောစောကပဲ ခင်ဗျားချီးမွမ်းခဲ့ပါသေးတယ်..။ သူရဲ့သွင်းဂိုးနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း သုံးသပ်ပေးပါဦးလား..?
အက်ရှ်လေ ကိုးလ် - ဒီဂိုးနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ဖရန့် ရဲ့ အသင်းသားတွေကို လိုက်လံဖိအားပေးစေခဲ့တဲ့ပုံစံ (press) ကို သဘောကျမိပါတယ်..။ မန် ယူနိုက်တက် ကစားသမားတွေဆီမှာ ဘောလုံးရတိုင်း သူတို့ဟာ စိတ်အားထက်သန်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် လိုက်လံဖိအားပေးခဲ့ပါတယ်..။ အဲဒီဂိုးမှာဆိုရင် ဘယ်တောင်ပံက နောက်ခံလူ ဝီလီယံ ဟာ ဂျိမ်းစ် ရဲ့ pressing ကြောင့် အမှားအယွင်း ကျူးလွန်မိပြီး အဲဒီကနေ စခဲ့တယ်လို့ ပြောရမှာပါ..။ (အောက်ပါပူးတွဲပုံ)
ဘောလုံးကိုဖြတ်လုရင်း ဆွဲထုတ်သွားခဲ့တဲ့ မေဆန် မောင့် ရဲ့ အကွက်မြင်မှု၊ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီဂိုးမှာ ဒီဂီယား ရဲ့ အာရုံစူးစိုက်မှုကတော့ မေးခွန်းထုတ်စရာပဲဗျ..။ မေဆန် ကတော့ ကန်ခွင့်ရတဲ့အချိန်မှာ ကန်သွင်းမှာပဲလေ..။ ဘယ်လိုတွေ ဖြစ်လာမလဲ ဘယ်သူကမှ ကြိုတင်မပြောနိုင်တာကိုးဗျ..။
ဂယ်ရီ လိုင်နီကာ - အခုပွဲကအမှားဟာ ဒီဂီယာ ရဲ့ ပထမဆုံးအမှား မဟုတ်ပါဘူး..။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲသွားတာလား မပြောတတ်ဘူးဗျ.။ လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်အတွင်း သူဟာသူမတူအောင် လက်စွမ်းပြခဲ့တယ်ဆိုပေမယ့် အခုနောက်ပိုင်း သူ့ရဲ့အမှားအယွင်းတွေအကြောင်း ပြောရမယ်ဆိုရင် အတော်လေးကို များတယ်ဗျ..။ ဟုတ်တယ်မလား..?
ဖီးလ် နဗီးလ် - ဒီဂီယား ဟာ ဂိုးသမားတစ်ယောက်အနေနဲ့ Player of the Year ဆုရသင့်တဲ့ လက်စွမ်းမျိုးကို လေးနှစ်၊ ငါးနှစ်လောက် ပြသခဲ့တာပါ..။ တကယ်တော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးဘက်က ရသွားတဲ့ သုံးဂိုးစလုံးဟာ သူ့ရဲ့ပုံမှန်လက်စွမ်းနဲ့ဆို ပေးရမယ့်ဂိုးတွေ မဟုတ်ပါဘူး..။ ကျွန်တော်ဟာ အိုလေး ဂန်းနား ဆိုးလ်ရှား ရဲ့နေရာမှာသာဆိုရင် အဲဒီလိုမပေးသင့်တဲ့ဂိုးတွေ ခွင့်ပြုနေရတဲ့အပေါ် စိုးရိမ်မိမှာ အမှန်ပါပဲ..။
ဂယ်ရီ လိုင်နီကာ - ကဲပါ.. ခုနက မေဆန် မောင့် အကြောင်းကို ပြန်သွားကြတာပေါ့..။ အက်ရှ် ရေ. ခင်ဗျားက သူ့ကို Man of the Match ပေးမယ်လို့ ချီးမွမ်းခဲ့ပါတယ်..။ တကယ်တော့ ဒီနှစ်ဘောလုံးရာသီမှာ အခုလို Man of the Match ခြေစွမ်းမျိုး ပြသခဲ့တဲ့ပွဲတွေ အများကြီးပဲဗျ.။ တကယ့်ကို ချီးမွမ်းထိုက်တဲ့ လူငယ်သွေးသစ် တစ်ယောက်ပါပဲ..
အက်ရှ်လေ ကိုးလ် - ဒါဘီအသင်းမှာကတည်းက ကျွန်တော်နဲ့ မေဆန် တို့ဟာ လေ့ကျင့်ကွင်းမှာ အတူတူ လေ့ကျင့်ခဲ့ကြတဲ့သူတွေပါ..။ အဲဒီအချိန်ကတည်းက သူ့ရဲ့စိတ်အားထက်သန်မှု၊ မခိုမကပ် ကြိုးစားအားထုတ်မှုတွေဟာ တကယ့်ကို အံ့သြစရာပါပဲ..။ ဒါ့အပြင်သူဟာ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် အမြဲတမ်းသင်ယူချင်စိတ်အပြည့် ရှိတဲ့သူပါ..။ သူ့ကိုအသိပေးတာပဲဖြစ်ဖြစ်..၊ ဝေဖန်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြောရင်လည်း သူဟာအမြဲတမ်းနားထောင်တယ်..၊ နားလည်လွယ်ပါတယ်..။ အထူးသဖြင့် သူ့ရဲ့လုပ်အားနှုန်းနဲ့ မနားတမ်း ပြေးလွှားလှုပ်ရှားနိုင်မှုဟာ ဖိအားပေး ကစားပုံကို အသားပေးလွန်းတဲ့ အခုခေတ်သစ် (high pressing) ကစားဟန်နဲ့ အံဝင်ဂွင်ကျပဲလို့ ပြောရမှာပါ..။
ဖီးလ် နဗီးလ် - ဟုတ်ပါတယ်..။ သူဟာဖိအားကစားပေးတဲ့ နေရာမှာ ကောင်းမွန်တယ်…။ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကြားက နေရာလွတ်တွေကို (between the lines) ကောင်းကောင်းအသုံးချနိုင်တယ်..၊ ဂိုးသွင်းတဲ့နေရာ၊ ဂိုးဖန်တီးတဲ့ နေရာမှာလည်း ကောင်းမွန်တဲ့သူပါ..။ အခုဒီနေ့ပွဲမှာ ဖရန့် ရဲ့ နည်းစနစ်ဟာ သူနဲ့ကိုက်ညီတယ်ဗျ..။ ဘယ်တောင်ပံ ကစားသမားအနေနဲ့ သူ့ကိုဝန်းရံပေးမယ့် ကစားသမားတွေနဲ့ အတူတွဲဖက်ကစားရတာ သူ့အတွက် အဆင်ပြေပါတယ်..။ သူနဲ့အတူ ခေတ်ပြိုင်ကစားသမားတွေဖြစ်တဲ့ မက်ဒီဆန်၊ ဂရိုင်းလစ်ချ် တို့နဲ့ နှိုုင်းယှဉ်မယ်ဆိုရင် အခုအချိန်မှာ မေဆန် မောင့် ဟာ သူတို့ထဲကအကောင်းဆုံး ကစားသမားပါ..။ ဒီထက်ပိုပြီးလည်း ကောင်းမွန်ဦးမယ်..၊ တိုးတက်ဦးမယ့် လူငယ်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဒီနေ့နိုင်ပွဲမှာ နောက်ထပ်ချီးကျူးရမယ့်သူ တစ်ယောက်က ဖရန့် လမ်းပတ် ပါ.။ အက်ရှ် ရေ.. ခင်ဗျားဟာ ဖရန့် နဲ့အတူ ချယ်လ်ဆီးအသင်း၊ အင်္ဂလန်လက်ရွေးစင် အသင်းမှာ နှစ်ပေါင်းများစွာ အတူတူတွဲပြီး ကစားခဲ့တယ်..၊ သူ့ရဲ့ဒါဘီ အသင်းမှာ ကစားသမားအဖြစ် ခင်ဗျားပါဝင်ခဲ့သေးတယ်..၊ အခုကျတော့လည်း ချယ်လ်ဆီးအသင်းမှာ အတူတူပြန်ပြီး ရှိနေခဲ့ပြန်ပြီပေါ့..။ အဲဒီတော့ ကျွန်တော်တို့လေးယောက်ထဲမှာ သူ့ရဲ့အကြောင်း အသိဆုံးက ခင်ဗျားပဲ ဖြစ်မှာဗျ..
အက်ရှ်လေ ကိုးလ် - ဖရန့် အကြောင်း ပြောရမယ်ဆိုရင် သူဟာအလုပ်နဲ့ ပတ်သက်ရင် အရမ်းကိုအသေးစိတ်ပါတယ်..။ နေ့စဉ်လေ့ကျင့်ခန်းမှာ ကစားသမားတွေဆီက အစွမ်းရှိသမျှ ထွက်လာအောင် တောင်းဆိုလေ့ရှိသလို အမြဲတမ်းအသေးစိတ်ကအစ ပြင်ဆင်လေ့ရှိပါတယ်..။ နောက်ပြီးသူဘာကို လိုချင်လဲဆိုတာ ကောင်းကောင်းနားလည်ထားတယ်ဗျ..။
ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့ဒသနအတိုင်း၊ သူလိုချင်တဲ့ ပုံစံအတိုင်း အတိအကျ ကစားနိုင်ခဲ့တာပဲလေ..။ ကစားသမားတိုင်းဟာ ဘောလုံးတိုင်းကို အစွမ်းကုန်လိုက်လံ ဖိအားပေး ကစားတယ်..(high press)၊ တိုက်စစ်ကို အမြန်ဆုံးစတင်ဖို့ ကြိုးစားတယ်..(forward quick)..၊ ဖျော်ဖြေမှုလည်း ပေးနိုင်ရမယ်.. (be entertain)..။ ဒါဟာဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးပါပဲ..။
အလန် ရှီးယားရား - အခုဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူ့ရဲ့စွမ်းဆောင်ခဲ့မှုဟာ တကယ့်ကို ထူးချွန်၊ ပြောင်မြောက်တယ်လို့ ပြောရမှာပဲဗျ..။ အသင်းရဲ့အကောင်းဆုံး ကစားသမားကို ဆုံးရှုံးလိုက်ရတယ်..၊ ကစားသမားသစ် ခေါ်ယူလို့မရခဲ့ဘူး..၊ အဲလိုအခြေအနေထဲကနေ ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရမယ်..၊ ဆုဖလားတစ်လုံးပါ ရလိုက်ဦးမယ်ဆိုရင် Wow..!!
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. ကျွန်တော်တို့ ပွဲချိန်တွင်းက အဖြစ်အပျက်လေးတွေကိုလည်း ပြန်သွားကြတာပေါ့ဗျာ..။ ကဲ.. မက်ဂွိုင်းယား ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တဲ့ တတိယဂိုးပေ့ါဗျာ.. ဖီးလ် ရေ.. ဒီဂိုးမှာ ဒီဂီယာ ရဲ့ အမှားပါခဲ့တယ်လို့ ခင်ဗျားယူဆတယ်နော်…
ဖီးလ် နဗီးလ် - ဟုတ်ပါတယ်..၊ ထောင့်ကန်ဘောကနေ ဂျိမ်းစ် ရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့တာ အရမ်းကိုကောင်းပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးဘက်က တိုက်စစ်အရှိန်မပျက် ဆက်ပြီးတိုက်စစ်ဆင်နိုင်ခဲ့ပါတယ်..။ အလွန်ဆို က ဘယ်တောင်ပံကနေ ဖြတ်တင်လိုက်ပါတယ်..။ အဲဒီနေရာမှာ ဒီဂီယာ ရဲ့ နေရာယူထားတဲ့ ပုံစံဟာ မှားယွင်းနေတယ်လို့ ထင်တာပဲ..(အောက်ပါ ပူးတွဲပုံ)။ သူဟာအနီးတိုင်ကို လိုအပ်တာထက် ပိုပြီးလွှတ်ထားခဲ့တယ်ဗျ..။ အဲဒီဂိုးမှာ မက်ဂွိုင်းယား အနေနဲ့ ဘာမှမတတ်နိုင်ပါဘူး..။
ဒီဂီယာ အနေနဲ့ နေရာယူတာ အလယ်ဘက်ကို ရောက်လွန်းနေတယ်..၊ အနီးတိုင်ကို လွှတ်ထားတယ် ပေါ့ဗျာ.။ နောက်ပြီးကာကွယ်တဲ့နေရာမှာလည်း ခန္ဓာကိုယ်ထက်စာရင် ခြေထောက်လေးပဲဆန့်ပြီး ကာကွယ်ဖို့ ကြိုးစားခဲ့တာ မှားခဲ့တယ်လို့ ထင်တာပဲ..။
အလန် ရှီးယားရား - ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်ဗျ..။ အနှေးပြကွက်တွေ ပြန်ကြည့်တဲ့အချိန်မှာ သူနဲ့အနီးဂိုးတိုင်ကြားက အကွာအဝေးကို သေချာကြည့်ပါလား..။ အဲဒီဂိုးဟာ ကာကွယ်ဖို့ ခက်ခဲတဲ့ဂိုးပါ..၊ ဒါပေမယ့် ကျွန်တော်ဆိုရင် ကိုယ့်ရဲ့ဂိုးသမားကို အခုထက်ပိုပြီး ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်စေချင်မိမှာပဲ..။
ဂယ်ရီ လိုင်နီကာ - ဒါနဲ့ဂျီရူးဒ် သွင်းယူခဲ့တဲ့ ပထမဂိုးနဲ့ အခုတတိယဂိုးက အတော်လေး ပုံစံဆင်တူသလိုပဲဗျ..။ ခင်ဗျားတို့ရော သတိထားမိရဲ့လား..? အဲဒီဂိုးကိုလည်း တစ်ချက်လောက် ပြန်ကြည့်ကြရအောင်.. ဘာဖြစ်လို့လည်းဆိုတော့ တောင်ပံကနေ အနိမ့်ဘောဖြတ်တင်တဲ့ ပုံစံ၊ ပိတ်သွင်းဖို့ အနီးတိုင်ကို ဖြတ်ပြေးတဲ့ပုံစံတွေက ထပ်တူလိုလိုပါပဲ..
အလန် ရှီးယားရား - ချယ်လ်ဆီးအသင်းဟာ မန် ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားတဲ့ပုံစံကိုကြည့်ပြီး ဇာတ်တိုက်လေ့ကျင့်ခဲ့တာ သေချာပါတယ်..။ အထူးသဖြင့် မန် ယူနိုက်တက်အသင်း ဗဟိုနောက်ခံလူနှစ်ယောက်ရဲ့ ကစားပုံပေါ့ဗျာ..။ မက်ဂွိုင်းယား တို့ဟာ သူတို့ရဲ့ရှေ့ကို ကျလာတဲ့ဘောလုံးတွေ ရှင်းထုတ်တဲ့နေရာမှာ အရမ်းကိုကောင်းတယ်ဗျ..။ ဒါပေမယ့် အခုလိုသူတို့ရဲ့နောက်ကို ဖြတ်တင်လာတဲ့ ဘောလုံးတွေမှာ ရုန်းကန်ရလေ့ရှိတာကို ဖရန့် တို့ သတိထားခဲ့ပုံ ရပါတယ်..။
ပထမဂိုးမှာဆိုရင် လင်းဒလော့ဖ် ရဲ့ ရှေ့ကိုရောက်အောင် ဖြတ်ပြေးသွားခဲတဲ့ ဂျီရူးဒ် ရဲ့ နေရာယူ၊ ပြေးထွက်သွားပုံ သိပ်ကိုကောင်းမွန်ပါတယ်..။ ဒါဟာတိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ ပါးနပ်တဲ့နေရာပုံ၊ ဆုံးဖြတ်ချက်မြန်ဆန်ပုံကို ပြသလိုက်ခြင်းပါပဲ..(အောက်ပါ ပူးတွဲပုံ)။ ဒီနေ့ပွဲမှာ ရခဲ့တဲ့နှစ်ဂိုးကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်ကြောင်းကို ဘယ်လိုထိုးဖောက်လို့ ရနိုင်မလဲဆိုတာ သေသေချာချာ ပြင်ဆင်လေ့ကျင့်ခဲ့ပြီး အခုရသွားတဲ့တဲ့ သွင်းဂိုးပုံစံမျိုးကို ဇာတ်တိုက်လေ့ကျင့်ခဲ့မှန်း သိသာပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဖီးလ် ရေ.. ယူနိုက်တက်အသင်းနဲ့ ပတ်သက်ရင်တော့ ပြောစရာသိပ်ပြီး မရှိဘူး ထင်ပါတယ်နော..
ဖီးလ် နဗီးလ် - အင်းဗျ.. မာရှယ်လ် ရဲ့ ထိုးဖောက်မှုကြောင့် ရသွားခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်မှာဆိုရင်လည်း ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ ဖျက်ထုတ်ပုံဟာ ပျင်းရိပျင်းတွဲနဲ့ အတော့်ကို ညံ့ဖျင်းတယ်လို့ ပြောရမှာပါ..။ နောက်ပြီးသူ့ရဲ့နောက်မှာ အက်ဇ်ပီလီကွဲတား တစ်ယောက်လုံး ရှိနေတာဆိုတော့ သူ့အနေနဲ့ အတင်းဝင်ပြီး ဖျက်ထုတ်စရာ မလိုအပ်တဲ့ အနေအထားပါ..။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ဟာ ပွဲရဲ့အဖြေအတွက် သိပ်ပြီးအရေးမပါပါဘူး..။
ဒီနေ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးထက် အနားယူဖို့ နှစ်ရက်နည်းခဲ့တာလည်း အချက်တစ်ချက်အနေနဲ့ ငြင်းမယ်ဆိုရင် ရနိုင်မှာပါ..။ ပင်နယ်တီ ကန်သွင်းပေးခဲ့တဲ့ ဖာနန်ဒက်စ် ကတော့ မန် ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောနိုင်ပါတယ်..။ ပင်နယ်တီ ကန်သွင်းတဲ့နေရာမှာလည်း ဂိုးသမားရဲ့လှုပ်ရှားမှုကို နောက်ဆုံးအချိန်ထိစောင့်ပြီး ကန်သွင်းခဲ့တဲ့ သူ့ရဲ့နည်းစနစ်ဟာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..။ ဒါပေမယ့် အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒီနေ့ကစားပုံဟာ အနိုင်ရဖို့အတွက် မလုံလောက်ခဲ့ပါဘူး..။
ဒါ့အပြင်နောက်ဆုံးကန်ခဲ့တဲ့ (၁၉) ပွဲမှာ တစ်ပွဲပဲရှုံးသေးတယ်ဆိုတော့ ဒါမျိုးကဖြစ်တတ်ပါတယ်..။ ဂိုးသမားနေရာပဲ စိုးရိမ်ဖို့ကောင်းတယ်ဗျ..။
ဂယ်ရီ လိုင်နီကာ - ကဲ.. နောက်ဆုံးအနေနဲ့ ဗိုလ်လုပွဲဆီကို လှမ်းမျှော်ကြည့်ကြရအောင်ဗျာ..။ တက်သစ်စ လူငယ်မန်နေဂျာ နှစ်ယောက်ရဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ သြဂုတ်လ (၁) ရက်နေ့မှာ တွေ့ဆုံကြမယ့်ပွဲဟာ တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်မှာပဲဗျ..။
အလန် ရှီးယားရား - ဟုတ်ပါတယ်… မနေ့ကပွဲမှာ တောင့်တင်းတဲ့ ခံစစ်ကြောင်းနဲ့ အာဆင်နယ်အသင်း ကစားသွားတဲ့ပုံစံဟာလည်း ကောင်းမွန်ခဲ့သလို အခုနောက်ဆုံးနှစ်ပွဲဖြစ်တဲ့ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး တို့လိုအသင်းကြီး နှစ်သင်းစလုံးကို အနိုင်ယူပြခဲ့တာဟာ တိုးတက်လာတဲ့ လက္ခဏာပဲဗျ..။
ဂယ်ရီ လိုင်နီကာ - အင်းဗျ.. အဲဒီသြဂုတ်လ (၁) ရက်နေ့၊ FA ဖလားဗိုလ်လုပွဲကို ‘အက်ရှ်လေ ကိုးလ် ဗိုလ်လုပွဲ’ လို့ ခေါ်ရင်မကောင်းဘူးလား… ဟားဟား..။ အက်ရှ်လေ.. အဲဒီနေ့ကို သေသေချာချာ မှတ်ထားဦးနော… ဒါနဲ့ခင်ဗျားရဲ့အသင်းဟောင်းနှစ်သင်းဆုံရင် ဘယ်အသင်းနိုင်မယ်လို့ ထင်လဲဗျ..။ ‘လေနံနှစ်ဘက်နင်းဖို့တော့ မကြိုးစားနဲ့..’ ဟားဟား..
အက်ရှ်လေ ကိုးလ် - အလန် ပြောခဲ့သလိုပါပဲ.. သူတို့နှစ်သင်း ဆုံတွေ့မယ့်ပွဲစဉ်ဟာ တကယ့်ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ..။ မီခေးလ် အာတီတာ နဲ့ ဖရန့် လမ်းပတ် တို့ နှစ်ယောက်စလုံးဟာ နည်းစနစ်ပိုင်း ထူးချွန်ပြီး လျှင်လျှင်မြန်မြန်နဲ့ တိုက်စစ်ဦးစားပေး ကစားတတ်တဲ့သူတွေ ဖြစ်တာကြောင့် အဲဒီပွဲဟာ ကြည့်လို့ကောင်းမယ့်ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်…
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ..။ အခုလိုဝိုင်းဝန်း ဆွေးနွေးပေးခဲ့တဲ့အတွက် အလန်၊ ဖီးလ် နဲ့ အက်ရှ် တို့ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်..။ လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့..။