feature-image

တနင်္ဂနွေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး Vs ဝုလ်ဖ်)

မနေ့က စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ဝုလ်ဖ်အသင်းအား ၂ဂိုး- ဂိုးမရှှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီး ဖရန့် လမ်းပတ် နှင့် လူငယ်အကယ်ဒမီထွက် ကစားသမားများကို အခြေပြုပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် တိုက်ပွဲဝင်နိုင်ခဲ့သည့် အောင်မြင်မှုအပေါ် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကိန်း နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် တို့က Sky Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။

ဒေးဗစ် ဂျုံးစ် - ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ ဖရန့် လမ်းပတ် တို့ အနေနဲ့ ဒီနေ့ပွဲရလဒ်နဲ့ နောက်ဆုံးပွဲစဉ်အပြီး ရာသီပိတ် အမှတ်ပေးဇယား ရပ်တည်မှုအပေါ် ကျေနပ်မိမှာ အမှန်ပဲဗျ..။ ဒါ့ကြောင့်ပထမဆုံးအနေနဲ့ သူ့ရဲ့ဝမ်းသာပီတိ စကားလေးတွေကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေတဲ့ ဂျေမီ ရက်ဒ်နပ် ကနေတဆင့် ဘယ်လိုပြောကြားပေးမလဲ..? နားဆင်ကြည့်ရအောင်လားဗျ…

ဂျေမီ ရက်ဒ်နပ် - ဖရန့် ရေ..  ဒီနေ့ပွဲရလဒ်ဟာ မင်းတို့အတွက် တကယ့်ကို ကျေနပ်ဖို့ကောင်းတဲ့ ရလဒ်လို့ ပြောရမှာပါ..။ တကယ်လည်း သိပ်တော့လွယ်ကူလှတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး..။ ဒါ့ကြောင့်ဒီနေ့ပွဲနဲ့ပတ်သက်ပြီး မင်းရဲ့အမြင်နဲ့ မှတ်ချက်စကားလေး ပြောပြပေးနိုင်မလား…



ဖရန့် လမ်းပတ် - ဒီနေ့ပွဲကစားပုံနဲ့ ရလဒ်အပေါ် အထူးကျေနပ်မိပါတယ်..။ ဝုလ်ဖ်အသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်တယ်..၊ တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်တဲ့နေရာမှာ သိပ်ကိုကောင်းမွန်တဲ့အသင်းလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားသမားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ စိတ်ဓါတ်ကောင်းမွန်ခဲ့တဲ့အပေါ် အထူးကျေနပ်မိပါတယ်..။

Clean sheet ရဖို့ဆိုတာ ကျွန်တော်တို့အသင်းအတွက် ပြသနာဖြစ်နေတယ်ဆိုတာ သိထားပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အသင်းရဲ့ခံစစ်ကစားပုံအပေါ် အထူးကျေနပ်မိပါတယ်..။ ဒါ့အပြင် အနိုင်ဂိုးနှစ်ဂိုးစလုံးကို အမှန်တကယ် လိုအပ်နေတဲ့အချိန်မှာ သွင်းယူနိုင်ခဲ့တာပါ..။ ကျွန်တော်တို့ဟာ အိမ်ကွင်းပွဲစဉ်တစ်ချို့မှာ အခုလိုမျိုး လိုအပ်နေတဲ့အချိန် ဂိုးတွေမရခဲ့တာကြောင့် အခက်တွေ့ခဲ့တာ ရှိပါတယ်..။ အထူးသဖြင့် lockdown ကာလ မတိုင်တုန်းကပေါ့ဗျာ..။ ဒါပေမယ့် မေဆန် ရဲ့ ကန်ချက်က တကယ့်ကို အဆင့်မြင့်ပါတယ်..။ အိုလီ ဂျီရူးဒ် ကတော့ အခုကာလတွေမှာ ပြသနေတဲ့ ခြေစွမ်းအတိုင်း သွင်းဂိုးရယူခဲ့တာပါပဲ..။

ကျွန်တော့်အနေနဲ့ ဒီနေ့ပွဲမှာ တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်ခဲ့မှုအပေါ် အထူးကျေနပ်၊ ဂုဏ်ယူမိပါတယ်..။ ဒီနေ့ပွဲတင်မဟုတ်ပါဘူး.. တစ်နှစ်ပတ်လုံး အစွမ်းကုန် ကြိုးစားခဲ့ကြရတာပါ…

ဂျေမီ ရက်ဒ်နပ် - အင်းပါ.. မင်းအနေနဲ့ ချယ်လ်ဆီးအသင်း မန်နေဂျာအဖြစ် ပထမဆုံး တာဝန်ယူခဲ့ရတဲ့ ရာသီမှာပဲ အဆင့်လေးအတွင်း ဝင်ခဲ့တယ်ဆိုတော့ အဲဒီရလဒ်အပေါ် အထူးကျေနပ်နေတယ် မဟုတ်ဘူးလား..?

ဖရန့် လမ်းပတ် - သေချာတာပေါ့..။ တကယ့်ကို ကြီးမားခဲ့တဲ့ ရလဒ်ပါ..။ ဒါပေမယ့် ကျွန်တော်တို့လို ချယ်လ်ဆီးအသင်းအနေနဲ့ အခုလိုအဆင့်လေးအတွင်း ဝင်ရောက်ခဲ့တဲ့အပေါ် အရမ်းကြီး ကျေနပ်အားရ ဖြစ်မနေဖို့ လိုအပ်ပါတယ်..။ ကျွန်တော်ဒီအလုပ်ကို တာဝန်ယူကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ ရည်မှန်းချက်တစ်ခုအနေနဲ့ ပါခဲ့ပြီးသားပါ..။ အခုဆိုရင် အဲဒီရည်မှန်းချက် ပြည့်မှီခဲ့ပြီဆိုတော့ ဒီထက်ပိုပြီး တိုးတက်အောင် ဘယ်လိုလုပ်မလဲ..? ထိပ်ဆုံးကအသင်းတွေနဲ့ ကွာခြားချက်ကို လျော့နည်းသွားအောင် ဘယ်လိုလုပ်မလဲ..? စဉ်းစားရတော့မှာပါ..။



ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ ကျွန်တော်တို့ထက် မြင့်မားတဲ့အဆင့်တစ်ခုမှာ ရှိနေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီနှစ်မှာ အသင်းရဲ့အနာဂတ်အတွက် အရည်အသွေးမြင့် လူငယ်သွေးသစ်တွေ မွေးထုတ်နိုင်ခဲ့တယ်..။ သူတို့ကို လုံလောက်တဲ့ ပွဲကစားခွင့်တွေ ပေးနိုင်ခဲ့ပါတယ်..။ ရှေ့ဆက်ပြီး သူတို့ကို အခုထက်ပို တိုးတက်အောင် ဘယ်လိုပြုလုပ်ရမလဲ..? ဆိုတဲ့ နောက်တစ်ဆင့် စဉ်းစားရတော့မှာပါ..။ အခုလို အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ပြုစုပျိုးထောင်ပေးနိုင်ခဲတဲ့အတွက် ချယ်လ်ဆီးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်..။

အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီအပေါ် ပြန်လည်သုံးသပ်ပြီး တိုးတက်ဖို့ လိုအပ်နေသေးတဲ့နေရာတွေကို ဖြည့်ဆည်းသွားနိုင်အောင် ကြိုးစားသွားမှာပါ..။

ဂျေမီ ရက်ဒ်နပ် - ရာသီအစပိုင်းမှာ မင်းတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုရာသီကုန် ရလဒ်အပေါ် အထူးကျေနပ်သင့်ပါတယ်.။ မင်းတို့ဟာ အပြောင်းအရွှေ့ရာသီတွေမှာ ကစားသမားဝယ်ယူခွင့် မရခဲ့သလို အသင်းရဲ့အကောင်းဆုံး ကစားသမား အီဒင် ဟာဇက် ကို လက်လွှတ်ခဲ့ရပါတယ်..။ ဒီလိုအခြေအနေတွေကြားထဲက အခုလိုရလဒ် ရခဲ့တဲ့အပြင် FA ဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ခဲ့ပါတယ်..။ အခုဆိုရင် မကြာခင်မှာ လာမယ့်ဘောလုံးရာသီအတွက် စတင်ပြင်ဆင်ရတော့မယ့်အချိန် ရောက်လာတော့မှာနော..

ဖရန့် လမ်းပတ် - မှန်တာပေါ့..။ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ရတဲ့ မနှစ်ကဇူလိုင်လဆန်းအချိနဟာ တစ်နှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် မနေ့၊ တစ်နေ့ကလိုပါပဲ..။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ‘မသိခြင်း၊ မရေရာခြင်းများစွာ (a lot unkowns)’ နဲ့ စတင်ခဲ့တာ ဖြစ်သလို အီဒင် ဟာဇက် မရှိတော့ပဲနဲ့ အရင်လိုရပ်တည်နိုင်မလား..? ကျွန်တော်တို့ မဖြေနိုင်ခဲ့ပါဘူး..။ ဒါ့အပြင် ကစားသမားသစ် ဖြည့်တင်းနိုင်ခွင့်လည်း မရှိခဲ့ပါဘူး..။ ဒါ့ကြောင့်အသင်းမှာရှိတဲ့သူနဲ့ပဲ ရှေ့ဆက်ရမယ့် အခြေအနေပေါ့ဗျာ..။

အခုအချိန် ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ တိုးတက်နေတယ်လို့ ပြောနိုင်သလို နောက်ထပ်ကစားသမားသစ်တွေလည်း ရောက်လာတော့မှာပါ..။ နောက်ပြီးအသင်းသားတွေကြားမှာ စိတ်ဓါတ်ပိုင်း၊ ယုံကြည်မှုနဲ့ စုစည်းမှုတွေ ကောင်းမွန်နေပါတယ်..။ အဲဒီအတွက် ကျွန်တော်အရမ်း ကျေနပ်မိပါတယ်..။ အခုလိုရလဒ်တွေ ဖြစ်ထွန်းလာတယ် ဆိုတာကလည်း အသင်းလိုက်စုစည်းမှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရရှိခဲ့တာပါ..ဂျေမီ ရေ..။



တကယ်တော့ အခုရရှိခဲ့တဲ့ အောင်မြင်မှုဟာ ကြီးမားတဲ့အောင်မြင်မှု မဟုတ်ပါဘူး..။ ချယ်လ်ဆီးလို အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်၊ ထိပ်ဆုံးလေးသင်းဝင်ခွင့်ဆိုတာ အမြင့်မားဆုံး ရည်မှန်းချက် မဖြစ်သင့်ပါဘူး..။ ဒါ့ကြောင့်အခုရရှိခဲ့တဲ့ အောင်မြင်မှုသေးသေးလေးကို အခြေခံပြီး ဒီထက်ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် လမ်းလျှောက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ.. ဖရန့် လမ်းပတ် ရဲ့ ပြောစကားတွေဟာ တကယ့်ကို ကျေနပ်စရာပါပဲ…။ ကဲ… ဂျေမီ ရေ.. ဖရန့် ပြောတာ နားထောင်ပြီး ချယ်လ်ဆီးအသင်းနဲ့ ဖရန့် လမ်းပတ် တို့ရဲ့ အခုနှစ်ဘောလုံးရာသီ ဖြတ်သန်းခဲ့မှုအပေါ် ခင်ဗျားရဲ့ သုံးသပ်ချက်လေး ထပ်ပြီးဖြည့်စွက်ပေးပါဦးလား..?

ဂျေမီ ရက်ဒ်နပ် - ချယ်လ်ဆီးအသင်းသာ ထိပ်ဆုံးလေးသင်းဝင်ခွင့် ရခဲ့မယ်ဆိုရင် သူတို့အတွက် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုဖြစ်လိမ့်မယ်ဆိုပြီး ရာသီစတုန်းက ကျွန်တော်ပြောခဲ့ပါတယ်..။ အခုဆိုရင် FA ဖလားပြိုင်ပွဲမှာပါ ဗိုလ်လုပွဲအဆင့်ထိ ရောက်ခဲ့ပြန်ပါပြီ..။ ချန်ပီယံလိဂ်မှာလည်း ထပ်ပြီးရုန်းဖို့ တစ်ပွဲကျန်ပါသေးတယ်.။ ဘာတွေဖြစ်လာမလဲ ဘယ်သူမှမပြောနိုင်ပါဘူး..။

အဲဒီလို ရလဒ်ပိုင်းတွေအပြင် ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မေဆန် မောင့် တို့လို လူငယ်ကစားသမားတွေ တိုးတက်လာတာကို မြင်ရတာလည်း သိပ်ကိုကျေနပ်ဖို့ကောင်းပါတယ်..။ အခုအချိန်မှုသာ သူတို့တွေ အခွင့်အရေး ရလာခဲ့တာကိုးဗျ..။ အရင်မန်နေဂျာတွေ လက်ထက်က ချယ်လ်ဆီးအသင်းဆိုတာ လူငယ်တွေကို အခွင့်အရေးပေးတတ်တဲ့ အသင်းမဟုတ်ခဲ့ပါဘူး..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် နဲ့ လူငယ်တွေရဲ့ အခုနှစ်ရာသီ စွမ်းဆောင်ခဲ့မှုဟာ အထူးကျေနပ်စရာပါ..။



နောက်ပြီးဒီနှစ်ဘောလုံးရာသီမှာ သူတို့ချယ်လ်ဆီးအသင်းရဲ့ ကစားပုံလည်း ကောင်းမွန်ပါတယ်..။ ဒါပေမယ့် ဖရန့် ဟာ အခုလိုအခြေအနေလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့ပါတယ်..။ ခံစစ်ပိုင်းနဲ့အရေးကြီးတဲ့ တစ်ချို့အခန်းကဏ္ဍတွေကို ပြင်ဆင်ရဦးမယ်..၊ ဒီထက်ပိုပြီး တိုးတက်အောင် ပြုလုပ်ရဦးမယ်ဆိုတာ ပြောခဲ့သလို တီမို ဗာနာ နဲ့ ဟာကင် ဇိုင်းယက်ချ် တို့လို ထိပ်တန်းကစားသမားကောင်းတွေ အားဖြည့်ရောက်လာဦးမယ်ဆိုတော့ လာမယ့်ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် တကယ့်ကို စိတ်ဝင်စားဖို့ကောင်းမယ့် ရာသီတစ်ခုပဲဗျ..

ဒေးဗစ် ဂျုံးစ် - ရွိုင်း ရေ.. ခင်ဗျားရော ဘာတွေဖြည့်စွက်ပြီး ပြောချင်သေးလဲဗျ..? အိုလေ ဂန်းနား ဆိုးလ်ရှား ကိုတောင် ပရီးမီးယားလိဂ်မှာ သမ္ဘာနုသေးတဲ့ လူငယ်မန်နေဂျာ ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ..၊ ဖရန့် က အခုမှသူ့ရဲ့ပထမဆုံး ဘောလုံးရာသီမှာတင် ရှိတဲ့လူအင်အားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိင်တာဗျ..



ရွိုင်း ကိန်း - ဖရန့် အနေနဲ့ အခုလိုအခြေအနေ၊ အခုလိုဘောလုံးရာသီမျိုးမှာ အခုလိုရလဒ်ထက်ပိုပြီး ကောင်းမွန်အောင် ဘယ်လိုမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး..။ ရာသီကုန်ရင် သူတို့ချန်ပီယံလိဂ်ဝင်ခွင့် ရလိမ့်မယ်လို့ ကျွန်တော်လည်း မျှော်လင့်ခဲ့ပါတယ်..။ ခုနက ဂျေမီ ပြောသွားတာ ကျွန်တော်သဘောတူပါတယ်..။ သူဖြတ်သန်းလာခဲ့တဲ့ အခြေအနေတွေ..၊ အသင်းရဲ့ကစားပုံနဲ့ ဖရန့် ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တကယ့်ကို ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။


သူဟာအရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေကို မြေတောင်မြှောက်ပေးဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့သလို လူငယ်လေးတွေကလည်း ရတဲ့အခွင့်အရေးကို မိမိရရ ဖမ်းဆုတ်နိုင်ခဲ့ပါတယ်..။ အခုဆိုရင် သူတို့ဟာ ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သလို FA ဖလားပါ ရခဲ့မယ်ဆိုရင်တော့ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောရတော့မှာပါ..။ ဒါပေမယ့် ဖရန့် ဟာ အခုလိုချန်ပီယံလိဂ် ဝင်ခွင့်လောက်နဲ့ ကျေနပ်နေမယ့်သူ မဟုတ်ဘူးဆိုတာ လူတိုင်းကို သတိပေးသွားပါတယ်..။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို ခိုင်ခိုင်မာမာ လှမ်းနိုင်ခဲ့ပြီလို့ ပြောနိုင်ခဲ့ပါပြီ..။"

မီကာ ရစ်ချက် - အင်းဗျ…၊ ရာသီအစပိုင်းတုန်းက ချယ်လ်ဆီးဟာ အဆင့် (၈) အတွင်းတော့ ဝင်နိုင်ကောင်းလောက်ပါရဲ့.. ဆိုပြီး ကျွန်တော်ခန့်မှန်းခဲ့ပါတယ်..။ အခုဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ပါ ရခဲ့တယ်ဆိုတော့ တကယ့်ကို ပြောင်မြောက်တဲ့ စွမ်းဆောင်မှုလို့ ပြောရမှာပါ.။ မေဆန် မောင့် ဟာ ရာသီဝက် ကာလလောက်တုန်းက ခြေစွမ်းနည်းနည်းကျဆင်း သွားသလို ရှိခဲ့ပါတယ်..၊ ဒါပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်အောင် ပြန်လည်ရုန်းထွက်နိုင်ခဲ့သလို တန်မီ အေဘရာဟမ် ဆိုရင် ဂိုးတွေပုံမှန်သွင်းပေးနေတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာပါတယ်..။



နောက်ပြီးဖီကာရို တိုမိုရီ လည်း အခွင့်အရေးရခဲ့ပါတယ်..။ ခရစ်စ်တီယန် ပူလီဆစ်၊ ရိစ် ဂျိမ်းစ်… စတဲ့ လူငယ်လေးတွေလည်း အများကြီးပဲဗျ..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းအတွက် အခုလိုလူငယ်လေးတွေ အပြိုင်အဆိုင် ခြေစွမ်းပြလာနိုင်အောင် ပျိုးထောင်ပေးတဲ့နေရာမှာ ဖရန့် ထက်ပိုပြီး သင့်တော်တဲ့ မန်နေဂျာ မရှိတော့ပါဘူးလို့ ကျွန်တော်ထင်ပါတယ်..။ ဒါဘီအသင်းမှာလည်း သူ့ရဲ့အစွမ်းအစကို ပြသခဲ့ပြီးဖြစ်သလို ဒီနှစ်မှာဆိုရင် ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့ပါတယ်..။

ဖရန့် ဟာချယ်လ်ဆီးအသင်းရဲ့အကြောင်း အူမချေးခါးမကျန် အစအဆုံး သိရှိထားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်..။ လက်ထောက်နည်းပြဖြစ်တဲ့ ဂျိုဒီ မောရစ်စ် ဟာ လူငယ်ပြုစု ပျိုးထောင်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ခဲ့တဲ့သူ ဆိုတော့ သူတို့နှစ်ယောက်ရဲ့ အတွဲဟာ တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အတွဲအဖက်လို့ ပြောရမှာပါ..။

ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ.. ချယ်လ်ဆီးလို အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ကျေနပ်နေမှာမဟုတ်ဘူး..၊ လီဗာပူးလ်.၊ မန်ချက်စတာ စီးတီးလို အသင်းတွေကို စိန်ခေါ်နိုင်အောင် ကြိုးစားသွားမယ်လို့ ဖရန့် က ပြောသွားခဲ့ပါတယ်..။ သူ့အနေနဲ့ အဲဒီလိုပြင်းပြတဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နိုင်ပါ့မလား..?



ဂျေမီ ရက်ဒ်နပ် - ဖရန့် ရဲ့ ကစားသမားဘဝကို ပြန်ကြည့်မယ်ဆိုရင် သူဟာပင်ကိုယ်ပါရမီထက်စာရင် ကြိုးစားအားထုတ်မှု၊ ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ယုံကြည်မှုတွေကြောင့် ထိပ်တန်းကစားသမားအဖြစ် ရောက်ရှိလာခဲ့တာပါ..။ သူဟာအမြဲတမ်း ဦးဆောင်မှုပေးနိုင်တယ်..၊ အောင်ပွဲတွေကို ပြင်းပြင်းထန်ထန် ဆာလောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။

သူတို့အနေနဲ့ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး အသင်းတွေကို စိန်ခေါ်နိုင်ပါ့မလား..? ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ရင် အခုအချိန်မှာ အသင်းပိုင်ရှင်ကလည်း ချယ်လ်ဆီးအသင်းအပေါ် ပြန်ပြီးစိတ်ဝင်စားနေတယ် ဆိုတဲ့ ခံစားချက်ကို ရနေပါတယ်.။ ဒါ့ကြောင့်လည်း ဇိုင်းယက်ချ် ကို ခေါ်ပေးခဲ့တယ်..၊ ဗာနာ ကို ခေါ်ပေးခဲ့ပါတယ်..။ အခုအချိန်မှာ ဟားဗာ့ဇ် နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်..။ ဟားဗာ့ဇ် ကလည်း ဂျာမနီရဲ့ ထွန်းတောက်မယ်ဆိုပြီး နာမည်ကျော်နေတဲ့ လူငယ်သွေးသစ်…၊ နောက်ပြီး ဒက်ကလန် ရိုက်စ် ဆိုပြီး ကောလဟာလ သတင်းတွေ အများကြီးပါ..။

ဒါ့ကြောင့်နောက်နှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ကစားသမားသစ်တွေ အများကြီးရောက်လာပါလိမ့်ဦးမယ်..။ ဖရန့် အနေနဲ့ နောက်တန်းခံစစ်ပိုင်းကို ပြင်ဆင်ဖို့လိုပါဦးမယ်..။ သူတို့အသင်းဟာ ဒီနှစ်မှာပေးဂိုး အရမ်းများပါတယ်..။ ဂိုးသမားကောင်းကောင်း တစ်ယောက်လောက် ထပ်ပြီးရှာဖို့ လိုအပ်ပါဦးမယ်..။ သူတို့ရဲ့ရှေ့ဆက်မယ့် ခရီးလမ်းဟာ လွယ်ကူလှတယ်လို့တော့ မဟုတ်ဘူးဗျ..။ ဒါပေမယ့် ဖရန့် ဟာ ဒီနေ့မှာဆိုရင် ကက်ပါ ကို ချန်ထားခဲ့ဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ပါတယ်..။ သူ့အစား ပွဲထွက်ခဲ့ရတဲ့ ကာဘာလာယို ဟာလည်း ဒီနေ့ပွဲမှာ သူ့အပေါ် စိတ်ချယုံကြည်လို့ရကြောင်း ပြသနိုင်ခဲ့ပါတယ်..။



အသင်းရဲ့အခြေအနေမှန်ကို ဖရန့် ကလည်း သိပါတယ်..။ သူတို့အနေနဲ့ နောက်ထပ်တစ်ဆင့်တက်ပြီး ထိပ်တန်းအသင်းတွေကို စိန်ခေါ်ချင်တယ်ဆိုရင် ကစားသမားကောင်းတွေ ထပ်ပြီးဖြည့်ဆည်းဖို့ လိုအပ်ဆိုတာ ကျွန်တော်တို့၊ ခင်ဗျားတို့ အားလုံးသိကြပါတယ်..။ အဲဒီလိုဖြည်းဖြည်းချင်း အားဖြည့်၊ တည်ဆောက်ရင်း လီဗာပူးလ်၊ မန်ချက်စတာ စီးတီး တို့နဲ့ သူတို့အသင်းကြားမှာ ရှိနေတဲ့ ကွာခြားချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားသွားကြရမှာပါ..။

အရင်တုန်းက ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံး မန်နေဂျာတွေကို ကြေးမရှောင်ဌားမယ်..၊ စွမ်းဆောင်ရည် မကောင်းတာနဲ့ ချက်ချင်းဖြုတ်လိုက်မယ်ဆိုတဲ့ ‘hire and fire’ ပုံစံကနေ အခုအချိန်မှာ အသင်းနဲ့ကိုက်ညီနိုင်မယ့် မန်နေဂျာမျိုးကို တစ်နှစ်တန်သည်..၊ နှစ်နှစ်တန်သည် အချိန်ပေးပြီး လမ်းကြောင်းတစ်ခုပေါ် ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားမယ့် အနေအထားကို မြင်တွေ့နေရပြီလို့ ကျွန်တော်ထင်ပါတယ်..။ နောက်ပြီးနည်းပြအဖွဲ့ထဲမှာဆိုရင် ဂျိုဒီ မောရစ်စ် တို့လို အသင်းရဲ့ လူငယ်အကယ်ဒမီထွက် နည်းပြတွေနဲ့ တည်ဆောက်ထားတာကို ခင်ဗျားတို့ သတိထားမိမှာပါ..။

ဒါ့ကြောင့်အခုနောက်ဆုံးရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရတယ်..၊ အသင်းမှာရှိတဲ့သူ အားလုံးကို ပျော်ရွှင်အောင် ထားရှိနိုင်တယ်ဆိုတဲ့ အနေအထားဟာ နောက်လာမယ့်နှစ်တွေမှာ ထိပ်တန်းကစားသမားကြီးတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေပါ..။ တကယ်လို့ နောက်တစ်ပါတ်မှာ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲမှာသာ ဆုဖလားရရှိခဲ့မယ်ဆိုရင် ကောင်းမွန်တယ်.. ဆိုတာထက်ပိုပြီး ‘အတိုင်းထက်အလွန်’ ပဲလို့ ပြောရမှာပါ..။

ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ..၊ အခုလိုသုံးသပ်ပေးတာ ကျေးဇူးပါနော်.။ ဖရန့် နဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်အပါတ်ထဲမှာ FA ဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ရဦးမှာ ဖြစ်တာကြောင့် နောက်ထပ်အရေးကြီးတဲ့ ရက်သတ္တပါတ်ကို ဖြတ်ကျော်ရဦမှာပါ..။ ဒါ့အပြင် လာမယ့်အပြောင်းအရွှေ့ ဈေးကွက်အချိန်ကျရင် သူတို့အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေရဦးမှာ ဖြစ်တဲ့အကြောင်း ပြောကြားရင်း ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပါရစေခင်ဗျ..။