အမေရိကန် တောင်ပံကစားသမား ခရစ်စ်တီယန် ပူလီဆစ် မှာ ၂၀၂၀ ဇန်နဝါရီလအစပိုင်းတွင် ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲများ ပြန်လည်စတင်ချိန်မှ ပြန်လည်ကစားနိုင်ခဲ့သည်..။ အချက်အလက်များအရ အသက် (၂၁) နှစ်အရွယ် လူငယ်ကြယ်ပွင့်လေးမှာ ပြိုင်ပွဲများပြန်လည် စတင်ချိန်နောက်ပိုင်း (၈) ပွဲကစား၊ (၄) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးနိုင်ခဲ့ပြီး ကစားချိန် (၇၁) မိနစ်တိုင်းတွင် သွင်းဂိုး (သို့မဟုတ်) ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။
ခရစ်စ်တီယန် ပူလီဆစ် မှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ချိန်တွင် သူ၏မြင့်မားသည့် ပြောင်းရွှေ့ကြေးနှင့် ဒေါ့မွန်အသင်းတွင် အသက်အရွယ်နှင့်မလိုက်အောင် ပြသခဲ့သည့် ခြေစွမ်းကြောင့် အီဒင် ဟာဇက် ၏ ခြေစွမ်းကို အစားထိုးနိုင်မည့်သူအဖြစ် မျှော်လင့်ချက် ကြီးမားခဲ့ကြသည်..။ ယခုဘောလုံးရာသီ ပြီးဆုံးသွားချိန် အချက်အလက်များအရ ပူလီဆစ် မှာ သူ၏ချယ်လ်ဆီးအသင်း ပထမနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) ပွဲကစား၊ (၉) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကစားချိန် (၁၃၄) မိနစ်တိုင်းတွင် သွင်းဂိုး (သို့မဟုတ်) ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။
ဘယ်လ်ဂျီယမ် ကွင်းလယ်ဖန်တီးရှင် အီဒင် ဟာဇက် မှာ သူ၏နောက်ဆုံးရာသီဖြစ်သော ၂၀၁၈/၁၉ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကစား၊ (၁၆) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကစားချိန် (၉၄) မိနစ်တိုင်းတွင် သွင်းဂိုး (သို့မဟုတ်) ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ ထို့ကြောင့် အချက်အလက်များအရ ပူလီဆစ် ၏ ပထမဘောလုံးရာသီ ခြေစွမ်းမှာ အီဒင် ဟာဇက် ၏ အကောင်းဆုံးခြေစွမ်းကို မမှီသေးသော်လည်း ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ချိန်နောက်ပိုင်း ခြေစွမ်းနှင့် ဒဏ်ရာကြောင့် ကာလအတော်ကြာ အနားယူခဲ့ရသည့် အခြေအနေများကို ထည့်သွင်းစဉ်းစားပါက သူ၏ပထမ ဘောလုံးရာသီခြေစွမ်းမှာ ချယ်လ်ဆီးအသင်း ပရိသတ်များအတွက် အားတက်ဖွယ်ရာ ဖြစ်ပါသည်..။
ပူလီဆစ် ၏ အားသာချက်များ..
အောက်ဖော်ပြပါ Graph (1) တွင် ယခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အသင်းများမှ တောင်ပံကစားသမားများ၏ ‘ဂိုးရရှိမှုများတွင် ပါဝင်နှုန်း (goal contribution)’ စွမ်းဆောင်ရည်များကို တွက်ချက်ဖော်ပြထားပါသည်..။ ခရစ်စ်တီယန် ပူလီဆစ် မှာ ဒဏ်ရာပြသနာများကြောင့် အချိန်အတော်ကြာ အနားယူခဲ့ရသော်လည်း စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားများထဲတွင် ပါဝင်ခဲ့သည်ကို တွေ့နိုင်ပါသည်..။ အဆိုပါဂရပ်ဖ်တွင် ဖော်ပြထားသော ပရီးမီးယားလိဂ် တောင်ပံကစားသမားများ၏ တစ်ပွဲလျှင် ပျမ်းမျှသွင်းဂိုးနှုန်း (goals per 90 min) vs တစ်ပွဲလျှင် ပျမ်းမျှဂိုးဖန်တီးမှုနှုန်း (assists per 90 min) အချက်အလက်များအရ အမေရိကန် လက်ရွေးစင် အသင်းခေါင်းဆောင်မှာ တစ်ပွဲလျှင် ပျမ်းမျှ (ဝ.၄၆) သွင်းဂိုးနှုန်း ရရှိခဲ့ပြီး (ဝ.၂၁) ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။
အောက်ဖော်ပြပါ Graph (2) တွင် ယခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အသင်းများမှ တောင်ပံကစားသမားများ၏ ‘အသက်အရွယ်နှင့် ဂိုးရရှိမှုများတွင်ပါဝင်နှုန်း (age vs goal contribution)’ နှိုင်းယှဉ်ချက်ကို ပြသထားသည်..။ ပူလီဆစ် မှာ တစ်ပွဲလျှင် (ဝ.၆၇) ကြိမ် ဂိုးသွင်းနိုင် (သို့မဟုတ်) ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး (တစ်နည်းအားဖြင့် သုံးပွဲကစားတိုင်း ဂိုးသွင်း (သို့မဟုတ်) ဂိုးဖန်တီးမှု (၂) ကြိမ်ခန့် ပြုလုပ်နိုင်သည်ဟု အဓိပ္ပါယ်ရပါသည်..) အဆိုပါအသက်အရွယ်နှင့် ဂိုးရရှိမှုစွမ်ဆောင်ရည် နှိုင်းယှဉ်ချက်အရ ပရီးမီးယားလိဂ်၏ တတိယအကောင်းဆုံး တောင်ပံကစားသမား ဖြစ်နေသည်ကို တွေ့ရပါသည်..။
အမြန်နှုန်း (Speed)..
ပြေးလွှားချိန်တွင် ခရစ်စ်တီယန် ပူလီဆစ် ၏ အမြင့်ဆုံးအမြန်နှုန်း (top speed) မှာ (၃၄.၄ km/h) ရှိပြီး အမေရိကန် တောင်ပံကစားသမားမှာ အမြန်နှုန်းသာမက အရှိန်တင်ပြေးလွှားရာတွင် (acceleration) လည်း ကောင်းမွန်သူဖြစ်သည်..။ (အချက်အလက်များအရ ပရီးမီးယားလိဂ်၏ အမြန်ဆုံးကစားသမားမှာ လက်စ်တာ အသင်းမှ ဗဟိုနောက်ခံလူ ကဂ်လာ ဆိုယွန်ချူ ဖြစ်ပြီး သူ၏ top speed မှာ (၃၇.၅ km/h) ရှိပါသည်..။) ထို့ကြောင့်ပြိုင်ဘက်အသင်း နောက်တန်းကစားသမားများ၏နောက် နေရာလွတ်များသို့ အလွယ်တကူ ဝင်ရောက်ပြေးလွှားသလို ပြိုင်ဘက်နောက်တန်း ကစားသမား လိုက်မမှီအောင် အရှိန်တင်ပြေးလွှားနိုင်သူလည်း ဖြစ်ပါသည်..။
ထိုသို့အမြန်မှုန်းသားမက အရှိန်တင် ပြေးလွှားရာတွင်လည်း ထူးချွန်သူဖြစ်ကြောင်းကို မန်ချက်စတာ စီးတီးအသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပြသနိုင်ခဲ့သည်..။ မန်ချက်စတာ စီးတီးအသင်း ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီ ၏ ပေးပို့မှုအမှားတစ်ချက်ကို အခွင့်ကောင်းယူပြီး နောက်ခံလူများ ပြန်ထုတ်မရနိုင်အောင် ဆွဲထုတ်ပြေးရင်း လှလှပပ အဆုံးသတ်နိုင်ခဲ့သည်..။
ဘောလုံးနှင့်အတူ ဖြတ်ကျော်နိုင်မှု (Dribbbling)..
ခရစ်စ်တီယန် ပူလီဆစ် မှာ လျှင်မြန်မှု ကောင်းမွန်သလို ခန္ခာကိုယ်ဖွဲ့စည်းပုံ သေးသွယ်ပြီး အရပ်အမြင့် (၅) ပေ၊ (၇) လက်မသာ ရှိသူဖြစ်သည်..။ ထို့ကြောင့်ခန္ခာကိုယ် ယိမ်းနွဲ့၊ လှုပ်ရှားရာတွင် ကောင်းမွန်သလို ခြေနှုန်ခြေသိမ်း မြန်ဆန်သောကြောင့် ပြိုင်ဘက်များကို ဘောလုံးနှင့်အတူ အလွယ်တကူ ကျော်ဖြတ်၊ ဆွဲထုတ်သွားနိုင်သူလည်းဖြစ်သည်..။ ထို့အပြင် ဘောလုံးလမ်းကြောင်းမှန်းဆရာတွင်လည်း ထူးချွန်ပြီး ပြိုင်ဘက်ခံစစ်ကြောင်း၏ အန္တရာယ်ရှိသော နေရာများကိုအရှိန်တင် ထိုးဖောက်နိုင်သူလည်း ဖြစ်သောကြောင့် သူ့ကိုတားဆီးနိုင်ရန် ကြိုးစားရင်း အန္တရာယ်ရှိသော နေရာများတွင် ပြစ်ဒဏ်ဘောများ ရရှိလေ့ရှိသည်..။
အောက်ပါ Graph (3) တွင် ပရီးမီးယားလိဂ်၏ ဘောလုံးနှင့်အတူ ဖြတ်ကျော်နိုင်မှု (Dribbling) အများဆုံး ပြုလုပ်နိုင်သော ကစားသမားများကို ပြသထားပြီး ခရစ်စ်တီယန် ပူလီဆစ် မှာ တစ်ပွဲလျှင် ပျမ်းမျှ dribbling အကြိမ်ရေ (၈.၂၇) နှင့် ပရီးမီးယားလိဂ်၏ ဆဌမမြောက် တစ်ပွဲလျှင် dribbling အများဆုံး ကစားသမား ဖြစ်ခဲ့သည်..။ ထို့အပြင် ပူလီဆစ် မှာ dribbling ပြုလုပ်ရာတွင် အောင်မြင်မှုနှုန်း (dribbling success rate) ကောင်းမွန်သူလည်းဖြစ်ပြီး ဘောလုံးနှင့်အတူ ဖြတ်ကျော်မှု စုစုပေါင်း၏ (၅၆.၀၅%) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါသည်..။
ထို့အပြင် ပူလီဆစ် မှာ နေရာလွတ်များ (spaces) ကို အသုံးချရာတွင် ကောင်းမွန်ပြီး အသင်း၏ တိုက်စစ်စတင်ချိန်များတွင် (offensive transition) ဘယ်တောင်ပံ အစွန်ဘက်မှ အများဆုံး စတင်လေ့ရှိသည်..။ ပူလီဆစ် မှာ ဘေးစည်းတစ်လျှောက် အမြန်နှုန်းဖြင့်ကျော်ဖြတ်ပြီး အတွင်းဘက်သို့ ချိုးဝင်ထိုးဖောက်လေ့ရှိသည်..။ ဘယ်ခြေ၊ ညာခြေ နှစ်ဘက်စလုံးဖြင့် ကန်သွင်း၊ ပေးပို့မှု ကောင်းမွန်သူလည်းဖြစ်သည်..။
အောက်ဖော်ပြပါပုံတွင် ပူလီဆစ် ၏ ဆုံးဖြတ်ချက် ကောင်းမွန်ပုံနှင့် ပြိုင်ဘက်ခံစစ်ကြောင်း၏ နေရာလွတ်များကို ရှာဖွေနိုင်ပုံတို့ိကို တွေ့နိုင်ပါသည်..။ အိုင်းယက်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပူလီဆစ် မှာ ဘယ်တောင်ပံမှ အတွင်းဘက်သို့ ကန့်လန့်ဖြတ် ဆွဲဝင်လာပြီး ညာခြေဖြင့် အပြင်းကန်သွင်းဟန် အယောင်ပြခဲ့သည်..။ ထို့ကြောင့်သူ၏ကန်ချက်ကို တားဆီးရန်အတွက် အိုင်းယက်စ်ကစားသမားများ စုပြုံလာချိန်တွင် ညာတောင်ပံမှာ ရိစ် ဂျိမ်းစ် ၏ ပြေးလမ်းအတွင်းသို့ အတိအကျ ဝေ့ဝှိုက်ပေးပို့ခဲ့ပြီး ပင်နယ်တီဧရိယာအတွင်းသို့ ချက်ချင်းပြေးဝင် နေရာယူခဲ့သည်..။
အထူးသဖြင့် သူ၏ရွှေ့လျားမှု အများစုမှာ ဘယ်၊ ညာတောင်ပံများမှ အတွင်းဘက်သို့ တိုက်ရိုက်ကန့်လန့်ဖြတ် တိုးဖောက်နိုင်ရန် ရွှေ့လျားမှုများ ဖြစ်သည်ကို အောက်ဖော်ပြပါပုံ (ball possession) တွင် တွေ့ရှိနိုင်ပါသည်..။ အဆိုပါပုံအရ သူ၏ပေးပို့မှု (pass) သို့မဟုတ် ရွှေ့လျားမှု (run) အများစုမှာ ဂိုးဧရိယာအတွင်းသို့ တိုက်ရိုက်ထိုးဖောက်ရန်သာ ဦးစားပေးခဲ့သည်ကို သတိပြုနိုင်ပါသည်..။ အထူးသဖြင့် ထိုသို့တိုက်ရိုက် လှုပ်ရှားမှုကြောင့် ခံစစ်ကစားသမားများမှာ မိမိတို့၏ ခံစစ်ကြောင်းပုံစံအတိုင်း ဟန်မပျက်အောင် ထိန်းထားရပြီလား..? သူ၏လှုပ်ရှားမှုနောက်ကို လိုက်ရမည်လား..? ဝေခွဲမရအောင် ဖြစ်ရတတ်ပါသည်..။
ခရစ်စ်တီယန် ပူလီဆစ် ၏ နောက်ထပ်ထူးခြားသော စွမ်းရည်တစ်ခုမှာ ဘောလုံးအထိန်းအသိမ်းနှင့် ထိချက် (first touch) ကောင်းမွန်ခြင်းဖြစ်သည်..။ များသောအားဖြင့် ပူလီဆစ် မှာ ဘောလုံးလက်မခံမီ ဆွဲထုတ်ရမည့် နေရာလွတ်များကို အရင်ရှာဖွေလေ့ရှိပြီး ရောက်လာသည့် ဘောလုံးကို ကပ်နေအောင်မထိန်းပဲ သူဆွဲထွက်မည့် ဘောလုံးလမ်းကြောင်းအတိုင်း သူနှင့်ခံစစ်ကစားသမားများကြားသို့ ထုတ်လိုက်လေ့ရှိသည်..။ ထို့နောက်တုံ့ဆိုင်းခြင်းမရှိပဲ အရှိန်ဖြင့်မနားတမ်း ဆွဲထွက်သွားလေ့ရှိပါသည်.။
အောက်ဖော်ပြပါပုံတွင် မန်ချက်စတာ စီးတီးအသင်းနှင့် ပွဲစဉ်အတွင်း တစ်ဘက်အသင်း၏ high press ကို ရုန်းထွက်သွားပုံကို မြင်တွေ့နိုင်ပါသည်..။ ပူလီဆစ် မှာ သူ့ဆီသို့ရောက်လာသည့် ဘောလုံးအား မန်ချက်စတာ စီးတီးအသင်း ကစားသမား လေးယောက်ကြား နေရာလွတ်ဆီသို့ ထုတ်လိုက်ပြီး နေရာလွတ်ဆီသို့ အရှိန်တင် ပြေးဝင်လိုက်သည်..။ မန်ချက်စတာ စီးတီး ကစားသမားများက ပိတ်ဆို့ရန် ကြိုးစားချိန်တွင် ညာဘက်သို့ ချက်ချင်းလှည့်ထွက်ပြီး ညာတောင်ပံမှ ပြေးတက်သွားသော အန်ဂိုလို ကန်တေး ၏ ပြေးလမ်းထဲသို့ အနေတော် ထိုးပေးလိုက်ရင်း ဂိုးသွင်းခွင့်ကို ဖန်တီးပေးနိုင်ခဲ့သည်..။
ခရစ်စ်တီယန် ပူလီဆစ် မှာ ယခုနောက်ပိုင်းပွဲစဉ်များတွင် ဘောလုံးနှင့်အတူ ပိုမိုဆွဲထွက်နိုင်ရန် ကြိုးစားလာသည်ကို တွေ့ရသည်..။ ထို့ကြောင့်ရာသီပထမပိုင်း ကာလများက စွမ်းဆောင်ရည်များနှင့် နှိုင်းယှဉ်ကြည့်ပါက တစ်ပွဲလျှင် dribbling (၁.၇၅) ကြိမ် တိုးလာခဲ့သလို ဂိုးရရှိမှုနှုန်းနှင့် ဂိုးဖန်တီးမှုနှုန်း ပိုမိုတိုးလာခဲ့သည်..။ ထိုသို့ dribbling အားပြု တိုက်ရိုက်ထိုးဖောက် ကစားပုံကြောင့် ဘောလုံးပေးပို့မှု (passing) နှင့် ဖြတ်တင်ဘော ပေးပို့မှု (crossing) များတွင် ကျဆင်းသွားခဲ့သည်..။ ပူလီဆစ် ၏ ပြောင်းလဲလာခဲ့သော ကစားပုံအပေါ် မူတည်ပြီး နည်းပြဖရန့် လမ်းပတ် ကလည်း သူ၏နည်းစနစ်ပိုင်း အပြောင်းအလဲများကို ပြုလုပ်ခဲ့ရသည်..။
အားနည်းချက်များ…
ပူလီဆစ် မှာ တောင်ပံကစားသမား တစ်ယောက်ဖြစ်သောကြောင့် အသင်းဖော်များထံသို့ ဖြတ်တင်ပေးပို့မှုများ (crosses) ကို အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်သည်..။ သို့သော်သူ၏ တစ်ပွဲလျှင် ပျမ်းမျှ ဖြတ်တင်ဘော ပြုလုပ်နိုင်မှုနှုန်း (crosses per 90 min) မှာ (၁.၉) ကြိမ်သာရှိပြီး ဖြတ်တင်ဘောများ၏ (၁၉%) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့သည်..။ အချက်အလက်များအရ ပရီးမီးယားလိဂ် တောင်ပံကစားသမားတစ်ဦး၏ တစ်ပွဲလျှင် ပျမ်းမျှ ဖြတ်တင်ဘော ပြုလုပ်နိုင်မှုနှုန်း (crosses per 90 min) မှာ (၂.၄) ကြိမ်သာရှိပြီး ဖြတ်တင်ဘောများ၏ အောင်မြင်မှုနှုန်း (cross completion rate) မှာ (၃၀%) ရာခိုင်နှုန်း ရှိပါသည်..။ ထို့ကြောင့်အောက်ဖော်ပြပါ Graph (4) ၏ တစ်ပွဲလျှင် ပျမ်းမျှ ဖြတ်တင်ဘော ပြုလုပ်နိုင်မှုနှုန်းနှင့် ဖြတ်တင်ဘောများ၏ အောင်မြင်မှုနှုန်း နှိုင်းယှဉ်ချက် (crosses per 90 min vs cross completion rate) အရ ခရစ်စ်တီယန် ပူလီဆစ် ၏ ဖြတ်တင်ဘော ပေးပို့မှုနိုင်မှု စွမ်းရည်မှာ တိုးတက်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်နိုင်ပေသည်..။
ထို့အပြင် ပူလီဆစ် မှာ ခံစစ်ပိုင်းကူညီပေးနိုင်မှုတွင် အားနည်းပြီး တစ်ပွဲလျှင်ခံစစ်ပိုင်း ပါဝင်မှုနှုန်း (successful defensive actions per 90 min) မှာ (၄.၂) ကြိမ်သာရှိပြီး အခြားပရီးမီးယားလိဂ် တောင်ပံကစားသမား အများစုထက် လျော့နည်းနေခဲ့သည်..။ ပူလီဆစ် မှာ သူ၏အင်အားများကို တိုက်စစ်ပိုင်း လှုပ်ရှားမှုများအတွက်သာ အသုံးပြုရန် အားသန်ပြီး နေရာလွတ်များ၊ ခံစစ်ကြောင်း၏နောက် နေရာလွတ်များ၊ ဂိုးရနိုင်မည့်နေရာလွတ်များဆီသို့ အမြန်ဆုံးရောက်ရှိရန်သာ အာရုံစိုက်လေ့ရှိသည်ကို တွေ့ရပါသည်…။
ထို့ကြောင့် ခရစ်စ်တီယန် ပူလီဆစ် မှာ သူ၏ခန္ခာကိုယ် ဖွဲ့စည်းပုံနှင့် ကိုက်ညီမည့် လျှင်မြန်မှု (speed)၊ လှုပ်ရှားပုံနှင့် ရွှေ့လျားမှု မြန်ဆန်မှု (agility) နှင့် ဟန်ချက်ထိန်းညှိနိုင်မှု (balance) တို့ကို အဓိကအားထားသည့် တိုက်ရိုက်ထိုးဖောက် ကစားဟန်ကို ကျင့်သုံးသူဖြစ်သည်..။ သူ၏နေရာလွတ် ရှာဖွေနိုင်စွမ်းနှင့် ကစားကွက် မှန်းဆနိုင်စွမ်းက ထိရောက်သော ထိုးဖောက်မှုများ ပြုလုပ်နိုင်ရန် အထောက်အကူ ပေးခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ဘောလုံးပွဲများ ပြန်လည်စတင်ခဲ့သည့် Project Restart နောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ရာတွင် ခရစ်စ်တီယန် ပူလီဆစ် ၏ ခြေစွမ်းနှင့်ပံ့ပိုးမှုများမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်..။ ထို့အတူ လာမည့်ဘောလုံးရာသီသစ်တွင် အသင်းနှင့်ပူးပေါင်းမည့် တီမို ဗာနာ၊ ဟာကင် ဇိုင်းယက်ချ် တို့အပါအဝင် ခရစ်စ်တီယန် ပူလီဆစ် တို့၏ လူငယ်သွေးသစ် အင်အားစုများမှာ ဆုဖလားများကို စိန်ခေါ်နိုင်မည့် အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာဦးမလား. ဆိုသည်မှာ ချယ်လ်ဆီးပရိသတ်များနှင့် ပရီးမီးယားလိဂ် ပရိသတ်များအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါသည်..။ သို့သော် အသက် (၂၁) နှစ်အရွယ်မှာပင် ပွဲကြီးပွဲကောင်း (၁၁၄) ကြိမ် ပွဲထွက်ခွင့်ရရှိပြီးဖြစ်သည့် အမေရိကန် ပါရမီရှင် လူငယ်တောင်ပံကစားသမား အနေဖြင့် ကမ္ဘာ့ဘောလုံးလောကကို နောက်ထပ်ဆယ်စုနှစ် တစ်ခုလောက် ဖမ်းစားနေနိုင်ဦးမည်ဟု မျှော်လင့်မိပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(EPL Analysis မှ ဆောင်းပါးရှင် Jacob Katz ၏ ‘Christian Pulisic 2019/20 – scout report’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)