မနက်ဖြန် သြဂုတ်လ (၁) ရက်နေ့တွင် ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့မှာ လန်ဒန်မြို့် ဝင်ဘလေ အားကစားကွင်းတွင် FA ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားကြပါမည်..။ အဆိုပါပွဲစဉ်မှာ FA ဖလားပွဲတွင် ကစားသမားဘဝက အောင်မြင်မှု၊ မှတ်တမ်းကောင်းများ စိုက်ထူနိုင်ခဲ့သည့် ဖရန့် လမ်းပတ် နှင့် မီခေးလ် အာတီတာ တို့ နှစ်ဦးစလုံး၏ နည်းပြဘ၀ ပထမဆုံး ဆုဖလားဆွတ်ခူးနိုင်ခွင့် ဖြစ်သလို အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အနိုင်ရရှိခဲ့ပါက နောက်နှစ်ဘောလုံးရာသီတွင် ယူရိုပါ လိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်..။
လက်ရှိခြေစွမ်း..
ချယ်လ်ဆီးအသင်းမှာ ယခုပွဲမတိုင်မီ နောက်ဆုံး (၅) ပွဲအတွင်း သုံးပွဲနိုင်၊ နှစ်ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့သည်..။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝုလ်ဖ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီနောက်ဆုံးပွဲစဉ်တွင် ဝုလ်ဖ်အသင်းကို အနိုင်ရရှိပြီး အမှတ်ပေးဇယား အဆင့် (၄) နေရာဖြင့် နောက်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သည်..။ အဆိုပါငါးပွဲအတွင်း ချယ်လ်ဆီးအသင်းမှာ ရှက်ဖီးလ်အသင်းကို ၃ဂိုး- ဂိုးမရှိ၊ လီဗာပူးလ်အသင်းကို ၅ဂိုး- ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။
မီခေးလ် အာတီတာ နှင့် အာဆင်နယ်အသင်းမှာလည်း နောက်ဆုံးကစားခဲ့သည့် (၅) ပွဲအတွင်း သုံးပွဲနိုင်၊ နှစ်ပွဲရှုံး မှတ်တမ်းကိုပင် ပိုင်ဆိုင်ထားခဲ့ပြီး တော့တင်ဟမ်၊ အက်စ်တွန် ဗီလာအသင်းများကို ရှုံးနိမ့်ခဲ့သည်..။ အာဆင်နယ်အသင်းမှာ FA ဖလား၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန်ချက်စတာ စီးတီးအသင်းကို ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာတွင် တိုက်စစ်မှူး အူဘာမီယန်း ၏ နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်..။
သူတို့နှစ်ဦး၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ ယခင်တွေ့ဆုံမှုများတွင် ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းက အဝေးကွင်းတွင် ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည်..။ သို့သော်မီခေးလ် အာတီတာ ၏ အသင်းမှာ ရာသီကုန်ခါနီး ကာလများတွင် ခြေစွမ်းကောင်း၊ ရလဒ်ကောင်းများ ပိုင်ဆိုင်လာခဲ့သည်..။
ဖြစ်နိုင်မည့် ကစားကွက်အခင်းအကျင်း
အထက်ပါပုံ (ပုံ- ၁) တွင် ပြထားသည့်အတိုင်း ချယ်လ်ဆီးအသင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်သုံးပွဲစလုံး ‘3 back system’ ၃- ၄- ၃ ကစားကွက်ကို ခင်းကျင်းခဲ့သဖြင့် မနက်ဖြန်ပွဲစဉ်တွင်လည်း အဆိုပါအခင်းးအကျင်းအတိုင်း ပွဲထွက်လာမည်ဟု ယူဆရပါသည်..။ ဖရန့် လမ်းပတ် မှာ ၃- ၄- ၃ ကစားကွက်ဖြင့် ခံစစ်ကြောင်းကို ပိုမိုလုံခြုံစေခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်း၏ ခံစစ်ကြောင်းအပေါ် high pressing ဖိအားပေးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဘောလုံးလမ်းကြောင်းများကို ကွင်းလယ်မှုပင် ဖြတ်တောက်၊ ပိတ်ဆို့နိုင်ခဲ့သည်..။ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျီရူးဒ် မှာ အထောင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆီမီးဖိုင်နယ်တွင် အဖွင့်ဂိုး အပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံး (၁၃) ပွဲအတွင်း (၈) ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်..။ အသင်းမှ ဝါရင့်ကစားသမားများဖြစ်သော အန်ဂိုလို ကန်တေး နှင့် ဝီလီယံ တို့မှာ ကြံ့ခိုင်မှုအခြေအနေကြောင့် မနက်ဖြန်ပွဲစဉ်တွင် ပါဝင်နိုင်လား.. မပြောနိုင်သေးပေ..။
မီခေးလ် အာတီတာ ၏ အာဆင်နယ်အသင်းမှာ ဝက်ဒ်ဖို့ဒ်အသင်းနှင့်ပွဲစဉ်တွင် ၄-၂- ၃- ၁ ကစားကွက်ကို ခင်းကျင်းခဲ့သော်လည်း မန်ချက်စတာ စီးတီး၊ လီဗာပူးလ် တို့နှင့်ပွဲ အပါအဝင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ငါးပွဲအနက် လေးပွဲတွင် သုံးယောက်တန်း ခံစစ်ကြောင်းစနစ်ကို အသုံးပြုခဲ့သည်..။ ထို့ကြောင့်အာဆင်နယ်အသင်းမှာ မနက်ဖြန်ပွဲစဉ်တွင် သုံးယောက်တန်း ခံစစ်ကြောင်းဖြင့်သာ ပွဲထွက်လာမည်ဟု ယူဆပြီး ကာလန် ချိန်းဘားစ်၊ ပါဘလို မာရီ၊ ရှကိုလ်ဒရန် မူစတာဖီ တို့ ဒဏ်ရာရနေသောကြောင့် ကီယန် တီယာနီ မှာ left center back အဖြစ် ပွဲထွက်လာနိုင်ဖွယ်ရှိပါသည်..။
ချယ်လ်ဆီးအသင်း၏ direct attack
ချယ်လ်ဆီးအသင်း ဂိုးသမားနှင့် နောက်ခံလူများ၏ အနီးပေး၊ တွဲလုံးများဖြင့် တိုက်စစ်ကို အများဆုံးစတင်လေ့ ရှိသော်လည်း ရံဖန်ရံခါတွင် အမြင့်ဘောနှင့် တိုးအားကောင်းမွန်သော အထောင်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် (သို့မဟုတ်) တန်မီ အေဘရာဟမ် တို့ထံ အဝေးဘောများဖြင့် တိုက်ရိုက်ပေးပို့ပြီး (direct attack) တိုက်စစ်ဆင်လေ့ရှိသည်..(ပုံ- ၂)။ အကယ်၍ အာဆင်နယ်အသင်း၏ ဗဟိုခံစစ်ကြောင်းတွင် အရပ် (၅) ပေ၊ (၈) လက်မသာရှိသော ကီရန် တီယာနီ ပါဝင်လာပါက အရပ်အမောင်း မြင့်မားသည့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးများနှင့် အမြင့်ဘောများယှဉ်လုရာတွင် အခက်တွေ့ဖွယ်ရှိပါသည်..။ ကီရန် တီယာနီ ၏ အမြင့်ဘော ယှဉ်ပြိုင်လုနိုင်နှုန်း (aerial duels win percentage) မှာ (၃၈%) ရာခိုင်နှုန်းခန့်သာ ရှိပါသည်..။
ချယ်လ်ဆီးအသင်း၏ press နှင့် ကွင်းလယ်စိုးမိုးမှုရယူခြင်း
အာဆင်နယ်အသင်း၏ ခံစစ်ကြောင်းမှာ တည်ငြိမ်မှုအားနည်းသောကြောင့် ဖရန့် လမ်းပတ် အနေဖြင့် အာတီတာ ၏ အသင်းကို ဘောလုံးတည်မရအောင် aggressive press ဖြင့် ဖိအားပေး ကစားသွားဖွယ် ရှိပါသည်..။ မန် ယူနိုက်တက် အသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းမှာ ပြိုင်ဘက်ကစားသမား တစ်ဦးချင်းစီကို man to man press ဖိအားပေး ကစားသွားခဲ့ပြီး ကွင်းလယ်တွင် ကွင်းလယ်ကစားသမားချင်း၊ wing back vs wing back အချင်းချင်း ဖိအားပေး ရင်ဆိုင်စေခဲ့သည်..။ ယူနိုက်တက်အသင်းမှာ ကွင်းလယ်ဇုန်တွင် 5 vs 5 (သို့မဟုတ်) 7 vs 7 တစ်ယောက်ချင်း ပိတ်ဆို့နေခဲ့ခြင်းကြောင့် အဝေးဘောများဖြင့်သာ တိုက်စစ်မှူးများထံ ပေးပို့ခဲ့ရသည်..။ သို့သော် ချယ်လ်ဆီးအသင်း၏ ခံစစ်မှူးများမှာ လျှင်မြန်မှုကောင်းမွန်သလို အမြင့်ဘောများ ကာကွယ်ရာတွင် မန် ယူ တိုက်စစ်မှူးများထက် သာလွန်သောကြောင့် ပြန်ကျလာသည့် second ball များကိုလည်း ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားများကသာ အရယူနိုင်ခဲ့သည်..။ အာဆင်နယ်အသင်း၏ တိုက်စစ်ကို ဦးဆောင်မည့် အူဘာမီယန်း နှင့် လာကာဇက် တို့မှာ အမြင့်ဘောများဖြင့် ထိုးဖောက်ရာတွင် အားနည်းသူများ ဖြစ်ကြသည်..။
ချယ်လ်ဆီးအသင်း ကွင်းလယ်မှ မတ်တီယို ကိုဗာဆစ် မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်သည့် dribbling စွမ်းရည်အကောင်းဆုံး ကစားသမားများထဲတွင် ပါဝင်သောကြောင့် ကွင်းလယ်ချင်း 2 vs 2 ရင်ဆိုင်ရာတွင် တစ်ဦးချင်းစွမ်းရည်ဖြင့် ကွင်းလယ်စိုးမိုးမှု ရယူနိုင်မည့်သူလည်းဖြစ်သည်..။ အကယ်၍ ပွဲထွက်လူစာရင်းတွင် လက်ရှိခြေစွမ်းပြနေသော မေဆန် မောင့် ပါဝင်လာမည်ဆိုပါက လုပ်အားနှုန်း (work rate) ကောင်းမွန်သည့် အင်္ဂလန်လူငယ်ကစားသမား မှာ ကွင်းလယ်သို့ဆင်းပြီး ကိုဗာဆစ်၊ ဂျော်ဂင်ဟို တို့နှင့်အတူ တွဲဖက်၍ 3 vs 2 အခြေအနေဖြင့် ကွင်းလယ်အသားစီး (midfield overload) ရယူနိုင်စွမ်း ရှိပါသည်..(အောက်ပါ ပုံ- ၃)။
FA ဖလား၊ ဆီမီးဖိုင်နယ်ပွဲစဉ်၊ ဒုတိယပိုင်းတွင် မန် ယူအသင်းမှာ ဘရူနို ဖာနန်ဒက်စ် အား ကွင်းလယ်သို့ဆင်းစေပြီး ချယ်လ်ဆီးအသင်း၏ ကွင်းလယ်စိုးမိုးမှုကို တုံ့ပြန်ခဲ့သည်..။ လီဗာပူးလ်အသင်းမှ တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို မှာလည်း ချယ်လ်ဆိးအသင်းနှင့်ပွဲတွင် ကွင်းလယ်သို့ဆင်းပြီး အားဖြည့်ကစားစေသကဲ့သို့ အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး လာကာဇက် ကို ကွင်းလယ်သို့အားဖြည့်ပြီး ကွင်းလယ်တွင်သုံးယောက်စီ 3 vs 3 အင်အားညီစေရန် (အောက်ပါပုံ- ၄) တုံ့ပြန်သွားဖွယ်ရှိပါသည်..။
ထိုသို့ လာကာဇက် အား ကွင်းလယ်သို့ ဆင်းစေခြင်းဖြင့် ချယ်လ်ဆီးအသင်း ဗဟိုခံစစ်မှူးများကိုပါ ဆွဲထုတ်လာခဲ့ပြီး ဗဟိုခံစစ်မှူးများး၏နောက် နေရာလွတ်ဆီသိူ့ အူဘာမီယန်၊ ပေပေ တို့၏ အမြန်နှုန်းများဖြင့် လျှပ်တစ်ပြက် ထိုးဖောက်သွားဖွယ် ရှိနိုင်ပါသည်..(အောက်ပါပုံ- ၅)။
ချယ်လ်ဆီးအသင်း ညာတောင်ပံ vs အာဆင်နယ်အသင်း ဘယ်တောင်ပံ
မနက်ဖြန် ယှဉ်ပြိုင်မည့်ပွဲစဉ်တွင် အာဆင်နယ်အသင်းမှ အကောင်းဆုံးတိုက်စစ်မှူး အူဘာမီယန်း နကို ရင်ဆိုင်မည့် ချယ်လ်ဆီအသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ၏ ညာတောင်ပံမှာ ပွဲစဉ်အနိုင်အရှုံးအတွက် အရေးကြီးသော နည်းစနစ်ပိုင်း ယှဉ်ပြိုင်မှု ဖြစ်လာနိုင်ပါသည်..။ အက်ဇ်ပီလီကွဲတား မှာ သုံးယောက်တန်း ခံစစ်ကြောင်းသို့ ပြောင်းလဲကစားချိန်တွင် right center back အဖြစ် တာဝန်ယူပြီး မကြာခဏ တိုက်စစ်လိုက်ပါလေ့ရှိသည်..။ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘားမီယန် မှာ ခံစစ်ဆင်းကူလေ့ မရှိသောကြောင့် ညာတောင်ပံ wing back ရိစ် ဂျိမ်းစ် မှာ မေဆန် မောင့် (သို့မဟုတ်) ဝီလီယံ နှင့် တွဲဖက်ပြီး ဘယ်တောင်ပံ ခံစစ်ကို ထိုးဖောက်ရာတွင် ဆီဇာ အက်ဇ်ပီလီကွဲတား မှာ ညာအစွန်နောက်ခံလူအဖြစ် (အောက်ပါပုံ- ၆) တွင် ပြထားသည့်အတိုင်း 3 vs 2 အခြေအနေကို ဖန်တီးနိုင်ပေသည်..။
သို့သော်အက်ဖ်ပီလီကွဲတား တိုက်စစ်ကို လိုက်ပါသွားခဲ့ချိန်တွင် ကျန်ခဲ့သော နေရာလွတ်မှာ လျှင်မြန်မှုနှင့် နေရာယူ ကောင်းမွန်သော တိုက်စစ်မှူး အူဘားမီယန် ၏ လျှပ်တစ်ပြက် တန်ပြန်တိုက်စစ်အတွက် အန္တရာယ်များလှသော နေရာလွတ် ဖြစ်သွားနိုင်ပါသည်..(အောက်ပါပုံ- ၇)။ ထို့ကြောင့်ဖရန့် လမ်းပတ် နှင့် အက်ဇ်ပီလီကွဲတား တို့မှာ မည်သည့်အချိန်တွင် တိုက်စစ်ကိုလိုက်ပါမည်..၊ ကျန်ရစ်ခဲ့မည့် နေရာလွတ်ကို မည်ကဲ့သို့ ပိတ်ဆို့မည် ဆိုသည့် စီမံချက်မှာ မနက်ဖြန်ပွဲအဖြေ၏ ဆုံးအဖြတ် ဖြစ်သွားနိုင်ပါသည်..။
ချယ်လ်ဆီးအသင်း၏ set piece ကာကွယ်ပုံ
ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ တည်ကန်ဘောများ (set pieces) ကို ကာကွယ်ရာတွင် အားနည်းချက်များရှိပြီး (၁၆) ဂိုးအထိ ခွင့်ပြုခဲ့ရပြီးဖြစ်သည်..။ ယခုအချိန်တွင် ချယ်လ်ဆီးအသင်းမှာ တည်ကန်ဘောများကို ကာကွယ်ရာတွင် ဂိုးသမားနှင့် ဂိုးပေါက်တစ်ဝိုက်၌ zonal marking တာဝန်ယူမည့်သူ (၄) ယောက်၊ ပြိုင်ဘက်ကစားသမားများကို တစ်ဦးချင်းယှဉ်ပြိုင်ဖျက်ထုတ်ရန် man marking တာဝန်ယူမည့်သူ (၄) ယောက်ဖြင့် ခံစစ်ဆင်လေ့ရှိသည်..။ အဆိုပါအခင်းအကျင်းတွင် အားနည်းချက်မှာ အဝေးဂိုးတိုင်တွင် ပိတ်ဆို့မည့်သူမရှိခြင်းနှင့် ဂိုးဧရိယာထိပ်ဝန်းကျင်တွင် ပြန်ကျွံလာမည့်ဘောလုံးများကို တားဆီးရန် လူမရှိနေတတ်ခြင်းတို့ဖြစ်သည်..။
ထို့အပြင် ဂိုးသမားကက်ပါ မှာ ဖြတ်တင်ဘောများကို (crosses) ထွက်ဆွဲလေ့မရှိသလို ဝီလီ ကာဘာလာယို မှာလည်း ဖြတ်တင်ဘောများကို ဆွဲဖမ်းရာ (သို့မဟုတ်) ပုတ်ထုတ်ရာတွင် အမှားအယွင်းများ ကျူးလွန်လေ့ရှိပါသည်..။ အာဆင်နယ်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် set pieces များမှ ဂိုးများရလေ့ရှိပြီး အာတီတာ ၏ လက်ထောက်နည်းပြ အဲလ်ဘတ် စတူလ်ဗန်ဘတ်ခ် မှာ set pieces specialist နည်းပြတစ်ဦးဖြစ်သည်ဟု သိရသည်..။
သုံးသပ်ချက်
(၁) ချယ်လ်ဆီး၏ပွဲထွက်အခင်းအကျင်းမှာ မှန်းဆရခက်ခဲပြီး ယခုတွက်ဆမှုမှာ ကိုဗာဆစ်၊ ဂျော်ဂင်ဟို တို့၏ ကွင်းလယ်အထိုင်ဖြင့် ၃-၄- ၃ ကစားကွက်ကို အခြေခံ တွက်ဆထားခြင်းဖြစ်သည်..။ အကယ်၍ အန်ဂိုလို ကန်တေး၊ ဝီလီယံ တို့ ပါဝင်လာပါက ‘3 men midfield’ ကို အန်ဂိုလို ကန်တေး ကွင်းလယ်အထိုင်၊ ‘No. 8’ နှစ်ယောက် ဖြင့်လည်း ပွဲထုတ်လာနိုင်ဖွယ်ရှိသည်..။ မေဆန် မောင့် ၏ work rate နှင့် ကွင်းလယ်သို့ ဆင်းကူမည့် လှုပ်ရှားမှုများမှာ ချယ်လ်ဆီးအသင်း၏ ကွင်းလယ်စိုးမိုးမှု ရရှိနိုင်ရန် ကြိုးစားမှုတွင် အဓိကကျနိုင်ပါသည်..။
(၂) မတ်တီယို ကိုဗာဆစ် ၏ တစ်ဦးချင်း ဆွဲထုတ်မှုနှင့် လှုပ်ရှားမှုများမှာ အာဆင်နယ်အသင်း၏ ကွင်းလယ်ခံစစ်ကြောင်းကို အရှိန်မြှင့်ထိုးဖောက်ရာတွင် အရေးပါနိုင်ပါသည်..။ ထို့အပြင် ချယ်လ်ဆီးအသင်း၏ ဗဟိုခံစစ်အလယ်မှ တာတန်ယူနိုင်ဖွယ်ရှိသည့် ကတ် ဇူးမား မှာ ရှေ့သို့တက်လွန်းသည့် အလေ့အထရှိသဖြင့် လာကာဇက် ကွင်းလယ်သို့ ဆင်းကူချိန်တွင် ဇူးမား ၏နောက်မှ နေရာလွတ်မှာ လျှင်မြန်လှသည့် အာဆင်နယ် တောင်ပံကစားသမားများအကြိုက် ဖြစ်သွားနိုင်ဖွယ်ရှိပါသည်..။
(၃) အာဆင်နယ်အသင်း ညာအစွန်လူများဖြစ်သည့် ဟတ်တာ ဘယ်လာရင်၊ နတ်လန် မိုင်းလ် နှင့် ချယ်လ်ဆီးအသင်း ညာနောက်ခံလူ ရိစ် ဂျိမ်းစ် တို့မှာ inverted fullbacks များအဖြစ် အတွင်းသို့ဝင်ပြီး ကွင်းလယ်ခံစစ်တွင် ပါဝင်နိုင်သူများလည်း ဖြစ်သောကြောင့် ညာတောင်ပံ wing backs များ၏ နည်းစနစိပိုင်း တာဝန်ယူမှုများမှုာလည်း မနက်ဖြန်ပွဲစဉ် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မည့် အချက်တစ်ချက် ဖြစ်လာနိုင်ပါသည်..။
(၄) ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်နှစ်သင်းစလုံးမှာ ပြန်လည်တည်ဆောက်ဆဲ အသင်းများ ဖြစ်ကြသလို ခံစစ်ကြောင်းအမှားအယွင်းများကြသည့် အသင်းများလည်း ဖြစ်ပါသည်..။ ထို့ကြောင့်မနက်ဖြန်ပွဲစဉ်တွင် တစ်ဦးချင်းအမှားအယွင်းများ မကျူးလွန်မိစေရန်နှင့် ချယ်လ်ဆီးအသင်း၏ set pieces များကို ကာကွယ်နိုင်မှုတို့မှာ ပွဲစဉ်၏အနိုင်အရှုံးအတွက် အရေးကြီးသည့်အချက်တစ်ချက် ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ပါသည်..။
Reference
- ‘FA Cup Final Tactical Preview: Arsenal vs Chelsea | Lampard vs Arteta Potential Tactics’, by Football Made Simple, Youtube.com
- ‘Arsenal vs Chelsea – FA Cup Final Preview’, by Aidan Randall, youaremyarsenal.com
- Analyzing Chelsea's Set-Piece Issues | Tactical Analysis, by Nouman, Youtube.com