feature-image

၂၀၂၀/၂၁ ဘောလုံးရာသီ ချယ်လ်ဆီးအသင်း အလားအလာ နှင့် သောကြာနေ့ ဘောလုံးစကားဝိုင်း..

မနေ့က Sky Sports ရုပ်/သံမှ တင်ဆက်ခဲ့သော ‘သောကြာနေ့ဘောလုံးစကားဝိုင်း (Friday Night Football)’  အစီအစဉ်တွင် ယခုစနေနေ့မှ ပြန်လည်စတင်မည့် ၂၀၂၀/ ၂၁ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ချယ်လ်ဆီးအသင်း၏ အလားအလာနှင့် ဥရောပဘောလုံးရပ်ဝန်းတစ်ခွင် လှုပ်ခပ်စေခဲ့သည့် စတန်းဖို့ဒ် ဘရစ်ချ်အသင်း၏ ယခုနှစ်အပြောင်းအရွှေ့ရာသီ ကစားသမားသစ် ခေါ်ယူမှုများအကြောင်းကို အစီအစဉ် တင်ဆက်သူများဖြစ်သည့် ဂျေမီ ရက်ဒ်နပ်၊ ဂျေမီ ကာရေဂါ နှင့် ဂယ်ရီ နဗီးလ် တို့က ယခုလိုသုံးသပ်၊ ပြောကြားခဲ့ကြသည်..။

ကယ်လီ ကိတ် - ဒီတစ်ပါတ် ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ၂၀၂၀/ ၂၁ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ တနင်္လာနေ့ညမှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ပြီး စတင်ဖွင့်လှစ်မှာပါ..။ နည်းပြဖရန့် လမ်းပတ် ဟာ မနှစ်ကဘောလုံးရာသီမှာ လူငယ်အကယ်ဒမီ ကစားသမားအများစုနဲ့ အသင်းကိုချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုလာမယ့် ဘောလုံးရာသီမှာတော့ အခုဆိုရင် သူတို့ဟာ အပြောင်းအရွှေ့ဘောလုံးရာသီအတွင်း ကစားသမားသစ်ခေါ်ယူတဲ့နေရာမှာ စတာလင်ပေါင်သန်း (၂၀၀) ကျော်အထိ သုံးစွဲခဲ့ပြီးပါပြီ..။ ဒါ့ကြောင့် ဒီနှစ်မှာတော့ ဖရန့် လမ်းပတ် ဟာ မနှစ်ကနဲ့ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေ၊ ဖိအားတွေ ရင်ဆိုင်ရဖို့ ရှိပါတယ်..။

ပထမဆုံးအနေနဲ့ အဲဒီအကြောင်း ကျွန်မတို့မဆွေးနွေးခင် ကော့ဘ်ဟမ်လေ့ကျင့်ကွင်းမှာ ဖရန့် နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ လော်ရာ ဝုဒ်ကနေတဆင့် သူ့ရဲ့ထင်မြင်ချက်နဲ့ ပြောစကားတွေကို အရင်ဆုံးနားဆင်ကြရအောင်…


လော်ရာ ဝုဒ် - အခုဆိုရင် လူတိုင်းက ချယ်လ်ဆီးအသင်းအကြောင်း ပြောနေကြတာပေါ့..၊ အဲဒီအပေါ် ရှင့်အနေနဲ့ ကောင်းမွန်တဲ့အရာလို့ ယူဆမိပါလား..?

ဖရန့် လမ်းပတ် - ကျွန်တော်တို့အပေါ် အားလုံးရဲ့မျှော်လင့်ချက်တွေ မြင့်မားနေမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ ကောင်းမွန်တဲ့အရာလို့ မြင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ မနှစ်ကဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်..၊ transfer ban နဲ့ ရင်ဆိုင်ခဲ့ရတယ်..၊ အဲဒီလို စိန်ခေါ်မှုတွေကြားက ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်ဆိုတာ အောင်မြင်မှုတစ်ခုဆိုပြီး အားလုံးက တညီတညွတ်တည်း ပြောခဲ့ကြပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ ဒါတွေဟာ ပြီးဆုံးသွားပါပြီ..။ ဒါ့ကြောင့်ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီထက်ပိုပြီး တိုးတက်အောင် ဘယ်လိုလုပ်လို့ ရနိုင်မလဲ.. ဆိုတာ ဖြစ်ပါတယ်..။



ဒါ့ကြောင့်အခုလက်ရှိ ကျွန်တော်တို့ ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ အရည်အသွေးအပေါ် အားလုံးက စိတ်ဝင်စားကြတယ်..၊ မျှော်လင့်ချက်တွေ ကြီးမားကြပါတယ်..။ ကျွန်တော်တို့ ခေါ်ယူထားတဲ့ ကစားသမားတွေဟာ မနှစ်တုန်းက လိုအပ်ခဲ့တဲ့ နေရာတွေကို ဦးတည်ပြီး ခေါ်ယူထားတာဖြစ်တယ်..၊ ကစားသမား အများစုဟာ အသက်ငယ်ရွယ်သူတွေ ဖြစ်တာကြောင့် ရေရှည်အနာဂတ်အတွက် မျှော်မှန်းပြီး ခေါ်ယူထားတာဖြစ်တယ်..၊ ဒါတွေဟာ ကျေနပ်စရာလို့ ယေဘူယျ ပြောနိုင်ပါတယ်..။ ကစားသမားသစ် ခေါ်ယူတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ အလုပ်တစ်ခုပါပဲ..။ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး အသင်းတွေဆိုရင် ထိပ်တန်းနည်းပြ၊ ထိပ်တန်းကစားသမားတွေ ရှိနေပေမယ့်လည်း လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ နေရာအတွက် ထိပ်တန်းကစားသမားတွေကို အချိန်ကိုက် အားဖြည့်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တာဟာ ထင်ရှားတဲ့သက်သေတွေပါ…။ ဒါ့ကြောင့်အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ ခေါ်ယူအားဖြည့်မှုတွေဟာ မှန်ကန်ခဲ့ရဲ့လားဆိုတာ သက်သေပြရမယ့်အချိန် ဖြစ်လာပါပြီ..။

လော်ရာ ဝုဒ် - ဒါဆိုရင်အခုအချိန်ဟာ ချယ်လ်ဆီးအသင်းမှာ မန်နေဂျာလုပ်ဖို့ အကောင်းဆုံးအချိန်လို့ ရှင်ပြောချင်တာပေါ့…

ဖရန့် လမ်းပတ် - ကျွန်တော့်အတွက် ချယ်လ်ဆီးအသင်းမှာ မန်နေဂျာလုပ်ရမယ်ဆိုရင် ဘယ်အချိန်မဆို အကောင်းဆုံးအချိန်လို့ သတ်မှတ်လို့ရပါတယ်..။ ချယ်လ်ဆီးအသင်း မန်နေဂျာဖြစ်လာခဲ့လို့ ဖိအားတွေပိုပြီး များလာတယ်လို့ ဘယ်တုန်းကမှ မခံစားရဘူးဆိုတာ ပြီးခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲတုန်းကလည်း ကျွန်တော်ပြောခဲ့ပါတယ်..။ ဒါပေမယ့် မျှော်လင့်ချက်တွေ၊ စိန်ခေါ်မှုတွေ၊ ဖိအားတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲတတ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့က အကောင်းဆုံးဆက်လက်တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာပဲ အာရုံစိုက်ပါတယ်..။

ဒါပေမယ့် ကျွန်တော့်ရဲ့ရုံးခန်းမှာထိုင်သွားဖူးခဲ့တဲ့ မန်နေဂျာတွေကို ခင်ဗျားပြန်မေးကြည့်မယ်ဆိုရင်လည်း သူတို့တွေ ကြုံတွေ့ခဲ့ရတဲ့ ဖိအားတွေဟာ တူညီကြမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်မန်နေဂျာဖြစ်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ဖြစ်၊ အဆိုးဆုံးအချိန်ပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ အသင်းကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ပေးလို့ရလဲ ဆိုတာကိုပဲ အာရုံစိုက်တားပါတယ်..။



လော်ရာ ဝုဒ် - ဟုတ်ကဲ့ပါ.. အရင်နှစ်ကတော့ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးခဲ့တာ (nurturing) က အဓိကဖြစ်ခဲ့မှာပေါ့ရှင့်..၊ ဒါပေမယ့်ဒီနှစ်မှာကျ ရှင့်တို့အပေါ် ရင်းနှီးမြုပ်နှံမှုတွေ (investment) တွေ ရှိလာခဲ့ပြီလေ..၊ ဒါ့ကြောင့်ရှင့်အနေနဲ့ မနှစ်ကတာဝန်ယူခဲ့ရတဲ့ အနေအထားနဲ့ ဒီနှစ်မှာ ရှင်ကြုံတွေ့နိုင်မယ့် အနေအထားတို့ကြားမှာ ဘယ်လိုတွေ ခြားနားမှု ရှိလာနိုင်ပါလဲ..?

ဖရန့် လမ်းပတ် - ကျွန်တော်ကတော့ နှစ်မျိုးစလုံးကို နှစ်သက်ပါတယ်..။ မနှစ်ကကျွန်တော်တို့အသင်းကို ခင်ဗျားက ‘nuturing’ လို့ ပြောတယ်..၊ တကယ်တော့ မဟုတ်ဘူးဗျ..။ ကျွန်တော်ဟာ ကိုယ့်အသင်းကို ဘယ်တုန်းကမှ ‘အကယ်ဒမီ လူငယ်အသင်း’ အနေနဲ့ မမြင်ခဲ့ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်ကစားသမားတွေ မွေးထုတ်ပေးတယ်..၊ ကောင်းလိုက်တာ ဆိုတဲ့ ချီးကျူးစကား ငါးမိနစ်ထဲနဲ့ လေထဲမှာ ပျောက်သွားတာပါ..။ အားလုံးအဓိက အာရုံစိုက်တာက ‘ပွဲတွေကို ဘယ်လိုနိုင်အောင် ကန်မလဲ..?’ ဆိုတဲ့အပေါ်ပါပဲ..။

ဒါ့ကြောင့်အဲဒီလို နိုင်အောင်ကန်နိုင်ဖို့ လိုအပ်တဲ့ကစားသမားသစ်တွေ ကျွန်တော်တို့ရအောင် ခေါ်ယူခဲ့ပါတယ်..။ ကျွန်တော်တို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ခြေစွမ်နဲ့ခံယူချက်ပိုင်းမှာ ကောင်းမွန်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။ အသက်အရွယ်လည်း ငယ်သေးတာကြောင့် ရေရှည်အနာဂတ်အတွက် ခေါ်ယူခဲ့တယ်ဖြစ်တယ်..၊ ဒါပေမယ့် အသင်းတစ်သင်းမှာ အောင်မြင်မှုရရှိဖို့ဆိုတာ အသင်းသားတွေအချင်းချင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေမှ ရပါမယ်..။ ဒါမှလည်း လိုအပ်တဲ့ အဆင့်အတန်းတစ်ခုကို တည်ဆောက်နိုင်မှာပါ..။ အခုအချိန်မှာ ကစားသမားတွေရဲ့ စိတ်ထဲမှာ အဲဒီလိုပြင်းပြတဲ့ တိုက်ပွဲဝင်စိတ်၊ ပြင်းပြတဲ့ခံယူချက်တွေ ရှိနေပြီလို့ ခံစားမိနေပါတယ်..။ ကျွန်တော့်အနေနဲ့ သူတို့တွေရဲ့ အောင်ပွဲဆာလောင်စိတ်တွေကို အောင်မြင်မှုပန်းတိုင်တွေဆီ ဆက်လက်သယ်ဆောင် သွားနိုင်အောင် အကောင်းဆုံး ကြိုးစားပေးရမှာ ဖြစ်ပါတယ်..။


ကယ်လီ ကိတ် - ဖရန့် ကတော့ ဒီနှစ်မှာ သူ့အပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေဟာ မနှစ်ကနဲ့ မတူဘူးဆိုတာ သဘောတူခဲ့ပါတယ်..။ သူ့အနေနဲ့ ဖိအားတွေအပေါ် ထူးထူးခြားခြား မခံစားရဘူးလို့ ဆိုပေမယ့် စတာလင်ပေါင်သန်း (၂၀၀) ကျော် ရင်းနှီးမြုပ်နှံထားတဲ့ အသင်းတစ်သင်းမှာ ဖိအားတွေ များပြားမယ်ဆိုတာ အသေအချာပါပဲ..။ ဂျေမီ ရေ... ဖရန့် အနေနဲ့ သူ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ် အဲဒီလို စတာလင်ပေါင်သန်း (၂၀၀) ကျော်ဆိုတဲ့ ငွေထုပ်ကြီးကို ထမ်းပိုးထားရတဲ့ တာဝန်ကြီးကို ကျေကျေပွန်ပွန် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ရှင်ယုံကြည်ရဲ့လား..?



ဂျေမီ ရက်ဒ်နပ် - ဖရန့် ဟာ အဲဒီလိုဖိအားတွေကို နှစ်ခြိုက်တယ်ဆိုတာ ကျွန်တော်အသေအချာ ပြောနိုင်ပါတယ်. ကယ်လီ ရေ..။ ပထမဆုံးအနေနဲ့ အခုလိုကိုယ်လိုချင်တဲ့ ပုံစံအတွက် စတာလင်ပေါင်သန်း (၂၀၀) ကျော် ရင်းနှီးမြုပ်နှံပေးတယ်ဆိုတဲ့ အခြေအနေမျိုးကို လူတိုင်းလိုချင်ကြမှာပါ..။ ဘင် ချီးဝဲလ်..၊ ဂျာမနီရဲ့ အကောင်းဆုံးလူငယ် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟားဗာ့ဇ်၊ သီယာဂို ဆေးလ်ဗား..၊ ရှေ့တန်းမှာဆိုရင် တီမို ဗာနာ… အဲဒီကစားသမားတွေဟာ သူတို့အသင်းမှာ အမှန်တကယ် လိုအပ်နေခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဂိုးသမားအသစ်လည်း မကြာခင် ရောက်လာပါဦးမယ်..။ အဲဒီလိုကစားသမားတွေကိ မလိုချင်ဘူးဆိုတဲ့သူ မရှိလောက်ပါဘူး..။ အဲဒီလို ကစားသမားတွေနဲ့ မနှစ်က ခြေစွမ်းပြနိုင်ခဲ့တဲ့ ခရစ်စ်တီယန် ပူလီဆစ် တို့လို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ရပါတော့မယ်..။ အဲဒီအတွက် ဖရန့် မှာ ဖိအားတွေ ရှိပါတယ်..။

ဖရန့် ဟာ ကစားသမားဘ၀ တစ်လျှောက်လုံးမှာလည်း ဖိအားတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ညီဟာ အသက် (၁၂) နှစ်အရွယ် ကတည်းက ဘောလုံးသမားတစ်ယောက် ဖြစ်လာအောင် ဖိအားတွေအများကြီးခဲ့ရပါတယ်..။ မနှစ်ကဆိုရင် ချယ်လ်ဆီးအသင်း မန်နေဂျာ ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ဖမ်းဆုတ်ပြီး ဖိအားတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်..။ အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီ ဖြစ်ခဲ့တယ်ဆိုပေမယ့် အခုဒီနှစ်မှာ ဘောလုံးသမားသစ်တွေ ခေါ်ယူပေးရုံနဲ့ ထိပ်ဆုံးအဆင် (၁)၊ (၂) အသင်းတွေ ဖြစ်နိုင်မှာလား..? ကျွန်တော်ကတော့ ‘နိုး’ ပါ..။ သူတို့ဟာ ထိပ်ဆုံးကနှစ်သင်းကိုမှီအောင် အများကြီးအားထုတ် ရပါဦးမယ်..။

ကယ်လီ ကိတ် - ခဏလေး… စတာလင်ပေါင်သန်း (၂၀၀) ကျော် ရင်းနှီးထားတာတောင်မှ ထိပ်ဆုံးနှစ်သင်းထဲ မဝင်ဘူးဆိုရင် ကောင်းတယ်လို့ ဆိုနိုင်ဦးမှာလား..?
ဂျေမီ ရက်ဒ်နပ် - Yes..၊ မှန်ပါတယ်..။ အခုဒီနှစ်မှာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးအသင်းတွေဟာ အားလျော့မသွားသေးပါဘူး..။ ဒါ့ကြောင့်သူတို့ဟာ အခုအချိန်မှာ အဲဒီနှစ်သင်းကို မကျော်နိုင်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်..။ ဒါပေမယ့်သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်..။ တကယ်တော့ ကျွနတော်တို့ဟာ ချယ်လ်ဆီးအသင်းမှာ မန်နေဂျာတစ်ယောက်ကို လေးနှစ်၊ ငါးနှစ်လောက် အချိန်ယူပြီး တည်ဆောက်သွားတာမျိုး မြင်ချင်ခဲ့တာပါ..။ ကျွန်တော့်ညီ မန်နေဂျာဖြစ်နေလို့ပြောတာ မဟုတ်ပါဘူး..။ သူတို့အသင်းဟာ တစ်နှစ်၊ နှစ်နှစ်နဲ့ လူတွေပြောင်းပြောင်း သွားတာမျိုး မဟုတ်ပဲ အသင်းနဲ့လည်း သင့်တော်မယ်..၊ ပရိသတ်ကလည်း လက်ခံနိုင်မယ့်သူ တစ်ယောက်ယောက်နဲ့ရေရှည်အတွက် လမ်းကြောင်းတစ်ခု ခိုင်ခိုင်မာမာ ချမှတ်သွားသင့်ပါတယ်.။

ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် သူတို့ဟာ မနှစ်ကဘောလုံးရာသီမှာ အသင်းရဲ့ ကစားပုံနဲ့ အနေအထားကို သဘောကျပုံ ရပါတယ်..။ ဒါ့ကြောင့်အဲဒီ အခြေအနေကောင်းတွေပေါ် မူတည်ပြီး ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်မယ်..၊ အသင်းကို တည်ဆောက်မယ်ဆိုတဲ့ ပုံစံလို့ ယူဆပါတယ်...။ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်..။ မန် ယူနိုက်တက်ဟာ ဒီနှစ်မှာ ပိုပြီးကောင်းမွန်လာတာ မှန်ပေမယ့် ချယ်လ်ဆီးအသင်းဟာ ကျွန်တော်တို့တွေအတွက် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ..။



လက်ရှိအချိန်မှာ သူတို့အသင်းဟာ ခံစစ်ပိုင်းအားနည်းနေတယ်..၊ ပေးဂိုးတွေ ခွင့်ပြုနေရဦးမယ် ဆိုပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ကစားသမားတွေရဲ့အင်အား၊ ပင်ကိုယ်အရည်အသွေး၊ ခြေစွမ်းဟာ အားရစရာပါ..။ အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ ဖရန့် ဟာ သူ့အသင်းရဲ့ဂိုးသမားပြသနာကို အမြန်ဆုံးရှင်းနိုင်ဖို့ လိုအပ်ပါတယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်...။ သူတို့အသင်းမှာ ဂိုးသမားနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေလည်း ကြားနေရတာဆိုတော့ အဲဒီပြသနာကို လောလောဆယ် မဆွေးနွေးပဲ ခဏချန်ထားရင် ကောင်းမယ်ထင်ပါတယ်နော်…။ ယေဘူယျအားဖြင့် သူတို့အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် ရှင့်အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ… ဂျေမီ ကာရေဂါ ရေ..

ဂျေမီ ကာရေဂါ - သူတို့အသင်းဟာ စတာလင်ပေါင်သန်း (၂၀၀) ကျော် သုံးစွဲထားတယ် ဆိုပေမယ့် အဓိကအားဖြင့် ဟာဇက်၊ မိုရာတာ တို့ကို ရောင်းချထားတဲ့ ပိုက်ဆံတွေကို ပြန်လည်သုံးစွဲခဲ့တာ ဖြစ်ပါတယ်..။ သူတို့ပြန်လည်ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ အနေအထားအရဆိုရင် သင့်တော်၊ မှန်ကန်တဲ့ ခေါ်ယူမှု၊ သုံးစွဲမှုတွေလို့ ပြောရမှာပါ..။ သူတို့အသင်းဟာ ပီဒရို၊ ဝီလီယံ တို့လို ကစားသမားကြီးတွေကို ဆုံးရှုံးလိုက်ရတာ ဖြစ်တဲ့အတွက် တိုက်စစ်ကစားသမားတွေကို ဦးစားပေးခေါ်ယူရမှာပါ..။ အခုခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ကြည့်မယ်ဆိုရင် ပေးလိုက်ရတဲ့ဈေးဟာလည်း သင့်တော်ပါတယ်..။ ဒါပေမယ့် သူတို့အသင်းမှာ စိတ်ချရတဲ့ဂိုးသမားတစ်ယောက် မရှိပဲနဲ့ ထိပ်ဆုံးကနှစ်သင်းကို စိန်ခေါ်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်..။

အခုအချိန်မှာ သူတို့ဟာ ဂိုးသမားတစ်ယောက် ထပ်မံအားဖြည့်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေပါတယ်...။ ဒါပေမယ့် အဲဒီဂိုးသမားသစ်ဟာ ကက်ပါ ကို ကောင်းကောင်းစိန်ခေါ်နိုင်ပါ့မလား..? ဆိုတာ စောင့်ကြည့်ရပါဦးမယ်..။ အခုအချိန်မှာ ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာ ချက် ကလည်း အသင်းရဲ့အပြောင်းအရွှေ့ လှုပ်ရှားမှုတွေမှာ အဓိကပါဝင်နေတယ်ဆိုတော့ ဘယ်လိုကစားသမားမျိုး ခေါ်ယူသင့်လဲ..? ဘယ်သူကဖြင့် အသင်းနဲ့ကိုက်ညီမလဲ သူကောင်းကောင်းသိပါလိမ့်မယ်..။



မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ပွဲမပြီးမချင်း သူတို့အသင်းရဲ့ရလဒ် ဘယ်လိုဖြစ်လာမလဲ ခန့်မှန်းလို့မှ မရတာကိုးဗျ..။ ဒါပေမယ့် ကိုယ်ကလည်း ဂိုးတွေသွင်းနိုင်သလို ဂိုးတွေလည်း ဒလဟော ပေးနေရတယ် ဆိုကတည်းက ဂိုးသမားနဲ့ ဗဟိုခံစစ်မှူးနေရာတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ အသေအချာပေါ့ဗျာ..။ ဗဟိုခံစစ်မှူးနေရာအတွက် သီယာဂို ဆေးလ်ဗား ကို ခေါ်ယူခဲ့တာဟာ ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ပြောနိုင်ပါတယ်..။

ဒါပေမယ့် အသက် (၃၅) နှစ်ကျမှ ပရီးမီးယားလိဂ်ကို လာခဲ့တယ်ဆိုတာ အချိန်အခါကောင်းလို့တော့ ပြောလို့မရပါဘူး..။ ဥပမာအနေနဲ့ တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်ခဲ့တဲ့ လောရင့် ဘလန့် ဟာ မန် ယူနိုက်တက်ကို ရောက်လာတဲ့အချိန် (၃၆) နှစ်မှာပါ..။ သူလည်းကမ္ဘာ့ချန်ပီယံအနေနဲ့ ရောက်လာခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတာ ထင်ရှားတဲ့ သာဓကပါ..။ ဂယ်ရီ ရေ.. ခင်ဗျားပိုသိပါတယ်နော်.. ခင်ဗျားနဲ့အတူ တွဲကစားဖူးခဲ့တာပဲ...
ဂယ်ရီ နဗီးလ် - ဘလန့် ဟာ ပရီးမီးယားလိဂ် ဖလားတော့ ရခဲ့ပါတယ်ဗျ..



ကယ်လီ ကိတ် - ကဲပါ.. ရပါပြီ.. စကားမချော်သွားပါနဲ့ဦး..။ ကျွန်မတို့က ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် သုံးသပ်နေတာပါ.. ဂယ်ရီ ရေ.. ဘေးထွက်မသွားပါနဲ့ဦးရှင့်...

ဂယ်ရီ နဗီးလ် - ဖရန့် လမ်းပတ် အတွက် ဒီနှစ်မှာ ဆုဖလားရယူ ပေးရမယ်ဆိုတဲ့ ဖိအားမရှိဘူးဆိုတာ ကျွန်တော်သဘောတူပါတယ်..။ ဒါပေမယ့် သူဟာထိပ်ဆုံးလေးသင်းထဲ ဝင်ကိုဝင်ရမယ်..၊ ထိပ်ဆုံးကနှစ်သင်းနဲ့ကြားက ခြားနားချက်ကို နည်းပါးသွားအောင် ပြုလုပ်ပေးနိုင်ရမယ်ဆိုတဲ့ တောင်းဆိုချက်တော့ ရှိနိုင်ပါတယ်..။ သူ့အနေနဲ့ အဲဒီနှစ်ချက်ကိုတော့ ဖြည့်ဆည်းပေးနိုင်မှ ရပါလိမ့်မယ်..။

အခုဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်း ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအပေါ် အားလုံးက စိတ်လှုပ်ရှားနေကြတယ်ဆိုပေမယ့် သီယာဂို ဆေးလ်ဗား ဟာ သူတို့ကိုဘယ်လောက် ပံံ့ပိုးပေးနိုင်မလဲ..? ဆိုတဲ့အချက်ဟာ အဓိကကျလိမ့်မယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ခုနက ဂျေမီ ကာရေဂါ ပြောခဲ့သလိုပါပဲ… သူတို့အသင်းဟာ ဂိုးသမားနဲ့ ဗဟိုခံစစ်မှူးနေရာတွေကို မပြုပြင်နိုင်ပဲ ရင်းနှီးမြုပ်နှံခဲ့သမျှတွေရဲ့အကျိုးကို ချက်ချင်းပြန်ပြီး မြင်ရနိုင်ဖို့ မလွယ်ပါဘူး..။

ချယ်လ်ဆီးအသင်းဟာ ဖျော်ဖြေမှုအပြည့်ပေးနိုင်သလို စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်..။ ဒါ့ကြောင့်လည်း အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ဖရန့် လမ်းပတ် ကို ပိုက်ဆံအများကြီးထုတ်ပေးခဲ့တာပေါ့ဗျာ..။ မစ္စတာ ရိုမန် ဟာ သူ့ရဲ့အသင်းမှာ စိတ်လှုပ်ရှားဖို့ကောင်းပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ တိုက်စစ်ဦးစားပေး ကစားဟန်မျိုးကို မြင်ချင်ခဲ့တာပါ..။ သူတို့ဟာ တိုက်စစ်အားသန်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မာကျောမှုနဲ့ အောင်မြင်မှုတွေကို အရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းပုံစံကိုပဲ နောက်ပြန်လန်ကျ သွားခဲ့ပါတယ်..။ အခုအချိန်မှာတော့ အသင်းက လူငယ်အကယ်ဒမီ ကစားသမားတွေကို အခြေခံပြီး လူငယ်အများစုနဲ့ အသင်းကို တည်ဆောက်လို့ရတယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိနေခဲ့ပုံရပါတယ်..။ ဒါပေမယ့်အဲဒီမျှော်လင့်ချက်၊ အိပ်မက်လှလှတွေဟာ ဂိုးသမားနဲ့ ခံစစ်မှူးတွေကြောင့် လန့်နိုးမသွားစေဖို့လည်း လိုအပ်ပါတယ်..။



ဂျေမီ ရက်ဒ်နပ် - ခုနက ဂယ်ရီ ပြောတာကို ထပ်ဖြည့်ရမယ်ဆိုရင် ဖရန့် ဟာ အသင်းရဲ့ဟန်ချက် (balance) ကို ဘယ်လိုတည်ဆောက်မလဲ..? ဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ..။ တိုက်စစ်နေရာမှာဆိုရင် ဇိုင်းယက်ချ်၊ မောင့်၊ ပူလီဆစ်၊ ဟားဗာ့ဇ်၊ ဗာနာ၊ ဟတ်ဒ်ဆန် အိုဒွိုင်း… အများကြီးပဲဗျ..။ ဗာနာ ဟာ တစ်နေရာမက ကစားနိုင်တယ်..၊ ဟားဗာ့ဇ် ကိုတော့ ကျွန်တော်အရမ်းကို စိတ်ဝင်စားနေမိပါတယ်..။ ဖရန့် အနေနဲ့ ဘယ်လိုအခက်ခဲတွေ တွေ့နိုင်မလဲ ဆိုရင် မေဆန် မောင့် ပေါ့ဗျာ.။ သူဟာမနှစ်က ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြပြီး အသင်းရဲ့အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ မောင့် ကို အသင်းမှာဆက်ပြီး နေရာပေးချင်မှာပဲ..၊ မောင့် ဟာ အခုလိုကစားသမားကောင်းတွေနဲ့ တွဲဖက်ပြီး ပိုပြီးထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။ ဒါပေမယ့် သူဟာအသင်းက ကစားသမားတွေကို ထိုက်သင့်တဲ့ ကစားခွင့်ရအောင်ဖန်တီးပေးပြီး အသင်းမှာပျော်ရွှင်အောင် ပြုလုပ်ပေးရပါတော့မယ်..။

ဝီလီယံ၊ ပီဒရို တို့ အသင်းကနေ ထွက်ခွာသွားတာ မှန်ပေမယ့် ဖရန့် အနေနဲ့ အသင်းက ခြေစွမ်းကောင်းမွန်ပြီး တိုက်စစ်ကစားသမားတွေကို အသင်းရဲ့ကစားကွက်နဲ့ ဟန်ချက်ညီအောင် တည်ဆောက်ပေးနိုင်ရပါမယ်..။ သူ့အနေနဲ့ တိုက်စစ်သုံးယောက်ကို ဘယ်သူတွေသုံးမှာလည်း ကွင်းလယ်ကစားကွက် ဘယ်လိုခင်းကျင်းမှာလဲ.. စသဖြင့်ပေါ့ဗျာ..။ အဲဒီလိုအသင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ကစားကွက်ကိုရဖို့ အချိန်ယူရဦးမယ်ထင်ပါတယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..၊ အခုဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ဒီနှစ်ရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် ကျေနပ်မှု ဘယ်လောက်ရှိလဲ..? ဆိုပြီး ကျွန်မတို့ Sky Sports က online ကနေ မဲပေးရွေးချယ်စေခဲ့တာ ပြီးဆုံးသွားပါပြီ..။ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ဆန္ဒအရ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ရာသီ အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် ကျေနပ်အားရမှုဟာ အမှတ် ကြယ်ငါးပွင့် (five stars)အမြင့်ဆုံးမှာ (၃.၈) အထိ ရခဲ့ပါတယ်ရှင့်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုကို ဒီလောက်နဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး..။  ဒ့ါကြောင့်သူတို့အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှု အတိုင်းအတာဟာ ပိုပြီးများပြားလာဖို့တောင် ရှိနိုင်ပါတယ်လို့ တင်ဆက်ရင်း ချယ်လ်ဆီးသအသင်းနဲ့ ပတ်သက်တဲ့ သုံးသပ်မှုကို အဆုံးသတ်ပါရစေလားရှင့်…