feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (ဘရိုက်တန် Vs ချယ်လ်ဆီး)

ယခုတစ်ပါတ် တနင်္လာနေ့ညပိုင်း American Express ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ရာသီအဖွင့်နိုင်ပွဲအပေါ် လီဗာပူးလ်အသင်း ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္တဝင်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က Sky Sports ရုပ်သံ အစီအစဉ် မှ တင်ဆက်သော ‘Monday Night Football’ အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။

ဒေးဗစ် ဂျုံးစ် - ဒီနှစ်ဘောလုံးရာသီရဲ့ ပထမဆုံး တင်ဆက်မယ့် ‘တနင်္လာနေ့ ဘောလုံးစကားဝိုင်း’ အစီအစဉ်မှာ ဂယ်ရီ နဗီးလ် နဲ့ ဂျေမီ ကာရေဂါ တို့က ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့အနိုင်ပွဲနဲ့ ပတ်သက်ပြီး အခုဘောလုံးရာသီမှာ ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပြုလုပ်ထားတဲ့ စတန်းဖို့ဒ် ဘရစ်ချ်အသင်း ကစားသမားတွေရဲ့ ပွဲဦးထွက်ခြေစွမ်း အသင်းရဲ့ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်တဲ့အပြင် ရိစ် ဂျိမ်းစ် ရဲ့ လှပတဲ့ကန်ချက်အကြောင်းလည်း ပါဝင်တာပေါ့ဗျာ..။ ဂယ်ရီ ရေ.. ပထမဆုံးအနေနဲ့ ဂိုးပေါက်နဲ့ (၂၅) ကိုက် အကွာလောက်ကနေ အဲဒီလိုဂိုးမျိုး ကန်သွင်းရတဲ့အခါ ခံစားရတဲ့ ပီတိလေးကို ပြောပြနိုင်မလားဗျ..



ဂယ်ရီ နဗီးလ် - ဒီနေ့ဘောလုံးလောကမှာ နောက်ခံအစွန်လူတွေ (full backs) ရဲ့ အခန်းကဏ္ဍနဲ့ full back ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အသွေးတွေဟာ အရမ်းကိုမြင့်မားလာပါတယ်..။ သူတို့ဟာ ခံစစ်ပိုင်း တာဝန်တစ်ခုတည်းသာမက ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပေးရတယ်…၊ ဂိုးတွေပါ သွင်းပေးနိုင်ရမယ်..၊ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေကိုပါ ဖန်တီးပေးနိုင်ရမယ် ဆိုတဲ့အထိ ပါဝင်လာပါတယ်..။ အခုလက်ရှိ အင်္ဂလန်ဘောလုံးလောကမှာ ညာနောက်ခံလူ နေရာအတွက်ဆိုရင် ရိစ် ဂျိမ်းစ်၊ ကိုင်လီ ဝေါ်ကာ၊ ကီရင် ထရစ်စ်ပီယား၊ ထရင့် အလက်စ်ဇန်းဒါး အာနိုးလ်၊ ဝမ် ဘီဆာကား… အများကြီးပါပဲ… တစ်ချိန်တုန်းက ဂျေမီ ပြောဖူးတာတောင် ပြန်ပြီး သတိရမိသေးတယ်.. ဘာတဲ့.. ‘ဂယ်ရီ နဗီးလ် နေရာကို ဘယ်သူကမှ ကစားချင်တာ မဟုတ်ဘူး’ တဲ့.. ဟားဟား.. အခုကျ အများကြီးပါလားဗျ… ဟားဟား..

ဂျေမီ ကာရေဂါ - ဟုတ်ပါပြီဗျာ.. ဟားဟား.. အခုလောလောဆယ် အဲဒီဂိုးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဘရိုက်တန်အသင်းက ချေပဂိုးသွင်းပြီး စက္ကန့် (၁၀၀) အတွင်း တကယ့်ကို အရေးပါလှတဲ့ အချိန်မှာရရှိခဲ့တာဗျ..။ အဲဒီဂိုးကို နည်းနည်းပြန်ပြီး အသေးစိတ် သုံးသပ်ကြည့်ပါမယ်..။ ဘယ်တောင်ပံကနေ ဂျော်ဂင်ဟို ကန့်လန့်ဖြတ် ခင်းပေးလိုက်တဲ့အချိန် ရိစ် ဂျိမ်းစ် ရဲ့ နေရာယူထားပုံကို အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာ တွေ့နိုင်ပါတယ်..။ များသောအားဖြင့် နောက်ခံအစွန်လူတွေဟာ အခုကျွန်တော်ပြထားတဲ့ စက်ဝိုင်းနေရာမှာ နေရာယူကြတာ များတယ်ဗျ..။



ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ  ၄- ၂- ၃- ၁ ပုံစံခင်းကျင်းခဲ့တာဆိုတော့ အခုရိစ် ဂျိမ်းစ် ရှိနေတဲ့နေရာဟာ ကွင်းလယ်ကစားသမားတစ်ယောက် ရှိသင့်တဲ့နေရာပါ..။ အခုတော့ ကန်တေး ဟာ ဂိုးဧရိယာထိပ်မှာ တိုက်စစ်ကိုလိုက်ပါနေပြီး ရိစ် ဂျိမ်းစ် ရဲ့ရှေ့မှာ ကန်သွင်းဖို့ နေရာအကျယ်ကြီး ရခဲ့ပါတယ်..။ အခုလို နောက်ခံအစွန်လူတွေ အတွင်းကို ဝင်ကစားခြင်းအားဖြင့် တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးတဲ့နေရာမှာ အားသာချက်ရှိပြီး အခုလိုပုံစံမျိုးကို ပက်ပ် ဂွာဒီယိုလာ ရဲ့ အသင်းမှာလည်း တွေ့မိကြမှာပါ..။ နောက်တော့ တစ်ချက်ထုတ်ပြီး ကန်သွင်းပါတယ်..။ တကယ့်ကို လှပ၊ သပ်ရပ်တဲ့ ကန်ချက်ပါပဲ..။

ဒေးဗစ် ဂျုံးစ် - ရိစ် ဂျိမ်းစ် ဟာ ကွင်းလယ်အဖျက် ကစားသမားနေရာမှာလည်း ကစားနိုင်တဲ့သူ မဟုတ်ဘူးလားဗျ...
ဂျေမီ ကာရေဂါ - ဟုတ်ပါတယ်..။ ဝီဂန်အသင်းကို အဌားသွားရောက်စဉ်ကလည်း ကွင်းလယ်အဖျက်နေရာကနေ ပရိသတ်နှစ်ခြိုက်အောင် ကစားပြနိုင်ခဲ့ပါသေးတယ်..။ ဒီပွဲမှာဆိုရင် အက်ဇ်ပီလီကွဲတား ဝင်လာတဲ့အချိန်ကျ သူဟာကွင်းလယ်အဖျက် ကစားသမားနေရာကို ပြန်သွားခဲ့ပြီး နေရာစုံ ကစားနိုင်တယ် (versatility) ဆိုတာ ပြသခဲ့ပါတယ်..။



ဒေးဗစ် ဂျုံးစ် - အချက်အလက်တွေအရဆိုရင် တီမို ဗာနာ ဟာ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ ဂိုးကန်သွင်းချက် (attempts) (၁၀) ကြိမ်မှာ ငါးကြိမ်က သူနဲ့ပတ်သက်နေပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး ခေါ်ယူမှုတစ်ခုလို့ ပြောနိုင်ပြီလားဗျ..၊ နောက်ပြီးနောက်တစ်ပါတ် ချန်ပီယံ လီဗာပူးလ် အသင်းနဲ့ပွဲမှာရော သူပါဝင်နိုင်ပါ့လား..?

ဂျေမီ ကာရေဂါ - Yes.. နောက်တစ်ပါတ်မှာ သူပါဝင်လာမှာပါ..။ အခုဒီနေ့ပွဲမှာ ပြသသွားတဲ့ ခြေစွမ်းအရဆိုရင် သူ့အတွက် ချယ်လ်ဆီးအသင်း ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးဟာ သင့်တော်တယ်လို့ ပြောနိုင်ပါတယ်..။ သိပ်ကိုကောင်းမွန်ခဲ့တဲ့ ခေါ်ယူမှုတစ်ခုပါ..။ ဒီနေ့ပွဲမှာတော့ ဘရိုက်တန်အသင်းဟာ ခံစစ်ကိုဂိုးဧရိယာထိပ်ထိဆင်းပြီး ဒုနဲ့ခုခံတာကြောင့် သူ့အတွက် နေရာလွတ် သိပ်မရခဲ့ပါဘူး..။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ လိဒ် ယူနိုက်တက်အသင်းနဲ့ပွဲမှာ ခံစစ်ကြောင်းကို high line ကစားခဲ့ပြီး ကွင်းလယ်မှာ အကျပ်ဆော့ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းမှာလည်း လျှင်မြန်တဲ့ ကစားသမားတွေဖြစ်တဲ့ ဗာနာ၊ ဟားဗာ့ဇ်၊ မေဆန် မောင့်၊ ရော့စ် ဘာကလေ တို့ ရှိနေတာဆိုတော့ ဘယ်လိုပဲပိတ်နိုင်သည်ဖြစ်စေ.. အနည်းဆုံးနှစ်ကြိမ်၊ သုံးကြိမ်လောက် လွတ်သွားနိုင်ဖို့ ရှိပါတယ်..။ ဒါဟာလီဗာပူးလ်အသင်းအတွက် စဉ်းစားရမယ့် ပြသနာတစ်ခုပါပဲ..။

ဒေးဗစ် ဂျုံးစ် - ပွဲအပြီးမှာ ဖရန့် လမ်းပတ် က ဂိုးသမား ကက်ပါ ရဲ့ ဒီနေ့ပွဲစဉ် လက်စွမ်းအပေါ် ကျေနပ်တယ်လို့ ပြောသွားခဲ့တယ်ဗျ..။ ဟုတ်ရဲ့လား..?

ဂယ်ရီ နဗီးလ် - ကျွန်တော်တော့ မထင်ဘူးဗျ..။ နည်းပြတစ်ယောက်အနေနဲ့ ဖရန့် ဟာ ကိုယ့်အသင်းရဲ့ ကစားသမား၊ ကိုယ့်ရဲ့ဂိုးသမားကို အများရှေ့မှာ ကာကွယ်ရမှာပေါ့..။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီပေးဂိုးကို သီးသန့်ပြန်ပြီး သုံးသပ်ကြမှာပါ..။ ပေးလိုက်ရတဲ့ အခြေအနေဟာ အတော်လေး ဆိုးဆိုးရွားရွားပါပဲ.။ အထူးသဖြင့် ကက်ပါ အရီဇာဘာလာဂါ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဂိုးဧရိယာအပြင်က ကန်ချက်အတော်များများကို ခွင့်ပြုခဲ့ရတယ်ဗျ..။ ဒီနေ့နောက်တစ်ဂိုးပေါ့…။



အသင်းတစ်သင်းမှာ ထိပ်တန်းဂိုးသမားတစ်ယောက် မရှိပဲနဲ့ ဆုဖလားတွေ ဘယ်လိုမှမရရှိနိုင်ပါဘူး..။ အထူးသဖြင့် ပရီးမီးယားလိဂ် ရချင်တယ်ဆိုရင်ပေါ့ဗျာ..။ ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာအမှားတွေ များလွန်းပါတယ်..။ ဖရန့် ဟာဒီနှစ်မှာ အသင်းကို အားဖြည့်ထားတယ် ဆိုပေမယ့် ဂိုးသမားနေရာအတွက် ဘာမှထူးထူးခြားခြား ပြောင်းလဲထားတာ မရှိသေးပါဘူး..။ သတင်းတွေ ထွက်နေတာတော့ ရှိတာပေါ့ဗျာ..။ ဒါပေမယ့်ကျွန်တော်တို့ဟာ မနှစ်ကအတိုင်းပဲ ဆက်ပြီးမြင်နေရတုန်းပါပဲ…။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအနိုင်ရသွားတာဆိုတော့ ကက်ပါ ကို အရမ်းကြီးမဝေဖန်ချင်ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနှစ်မှာ စတာလင်ပေါင်သန်း (၂၀၀) ကျော် ရင်းနှီးမြုပ်နှံထားတယ်ဆိုတာ ပရီးမီးယားလိဂ်ကို ဆွတ်ခူးချင်လို့ ပြင်ဆင်တာပါပဲ..။ သူတို့အသင်းအနေနဲ့ ဒီနေ့ပွဲကလိုဂိုးတွေ ခွင့်ပြုနေရတယ်ဆိုရင် ဘယ်တော့မှ ချန်ပီယံဖြစ်လာမှာ မဟုတ်ပါဘူး..။

ဒီနေ့ပွဲမှာ သူတို့ကစားပုံဟာ နှေးကွေးပါတယ်..။ ဒီထက်ပိုပြီး ကစားပုံမြန်ဆန်၊ တိကျသင့်ပေမယ့် ဘရိုက်တန်အသင်းကို အနိုင်ရဖို့ လုံလောက်ပါတယ်..။ ခွင့်ပြုလိုက်ရတဲ့ ပေးဂိုးမှာဆိုရင် လီယန်ဒရို ထရော့ဆာ့ဒ် ရဲ့ ကန်ချက်ဟာ သိပ်အကောင်းကြီး မဟုတ်ဘူး..၊ ဂိုးသမားတစ်ယောက် လှမ်းမမှီနိုင်အောင် ထောင့်တဲ့ကို အတိအကျ ကန်သွင်းနိုင်ခဲ့တာလည်း မဟုတ်ဘူး..။ ကန်ချက်လည်း မပြင်းလှပါဘူး..။

ဒေးဗစ် ဂျုံးစ် - ရှေ့မှာထောက်သွားလို့လားဗျ..
ဂယ်ရီ နဗီးလ် - ဖူး.. သူ့ရှေ့မှာ ထောက်သွားတာ မှန်ပေမယ့် ဂိုးဧရိယာအပြင်က ကန်ချက်တွေထဲမှာ အတော်လေးကိုပျော့တဲ့ ကန်ချက်ပါ..။ ဒါပေမယ့် ကက်ပါ ဟာ ၂၀၁၈/ ၁၉ ဘောလုံးရာသီမှာလည်း ဂိုးဧရိယာအပြင်က ကန်ချက် (၁၉) ကြိမ် ဂိုးခွင့်ပြုခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ဂိုးဧရိယာအပြင်ကနေ ပေးဂိုးအများဆုံး ဂိုးသမားဖြစ်ခဲ့ပါတယ်..(ပူးတွဲပုံ - ၂)။ ဒါဟာ စတာလင်ပေါင်သန်း (၇၀) တန် ဂိုးသမား တစ်ယောက်အတွက် သိပ်ပြီးမနိပ်တဲ့ အချက်အလက်ပါပဲ..။



ဂျေမီ ကာရေဂါ  - ပြောရမယ်ဆိုရင်တော့ မနှစ်ကအကြောင်းတွေပဲ ပြန်ပြီးရောက်သွားမှာပါ..။ ဖရန့် အနေနဲ့ အဲဒီလိုကန်ချက်မျိုးကနေ ခွင့်ပြုလိုက်ရတာကို စိတ်ပျက်မိမှာပါပဲ..။ ဒါပေမယ့်ဒီနေ့ပွဲမှာ သူတို့တစ်တွေ အနိုင်ရခဲ့တယ်..၊ ရာသီရဲ့ပထမဆုံး ပွဲစဉ်လည်း ဖြစ်တယ်ဆိုလေတော့ ဖရန့် ဟာ ‘ဂိုးသမားတစ်ယောက် ကျွန်တော့်ကို ဝယ်ပေးပါ..’ ဆိုပြီး ဘုတ်အဖွဲ့ကို တံခါးသွားခေါက်စရာ အကြောင်းတော့ မရှိသေးဘူးပေါ့..။ ဒါပေမယ့် သူ့အနေနဲ့ ကက်ပါ နဲ့ ပတ်သက်ပြီး အလေးအနက် ပြန်စဉ်းစားဖို့ လိုနေပါပြီ..၊ ဘာဖြစ်လို့လည်းဆိုတော့ ရေရှည်မှာ အဲဒီလိုအမှားမျိုးတွေကနေ အမှတ်တွေ လျော့သွားဖို့ ရှိပါတယ်..။

ဒါ့ကြောင့်ရန်းန် အသင်းက ဂိုးသမားနဲ့ ညှိနှိုင်းနေတာကို အမြန်ဆုံး အပြီးသတ်နိုင်အောင် တိုက်တွန်းနေမလားပေါ့..။ တကယ်လည်း ဒီနေ့ပွဲမှာဆိုရင် လူးဝစ်စ် ဒန်ခ့် ရဲ့ အနီးကပ် ခေါင်းတိုက်ချက်သာ ဂိုးဝင်သွားခဲ့မယ်ဆိုရင် သူတို့ဟာ နှစ်မှတ်လျော့သွားနိုင်စရာ အကြောင်းတွေ ရှိခဲ့ပါတယ်..။ သေချာတာက သူဟာဘယ်တုန်းကမှ စတာလင်ပေါင်သန်း (၇၀) တန် ဂိုးသမားတစ်ယောက် မဟုတ်ခဲ့ပါဘူး..။ သူတို့ဟာ အဲလစ်ဆန် ကို မရခဲ့တာကြောင့် အပြောင်းအရွှေ့ရာသီ နောက်ဆုံးမိနစ်မှာ ဟိုဘက်ကတောင်းတဲ့ဈေးကို မဆစ်နိုင်တော့ပဲ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်..။

ဂယ်ရီ နဗီးလ် - လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်က လီဗာပူးလ်အသင်းဟာလည်း မစ်နိုလက်ဂ်၊ ကားရီးယက်စ် တို့နဲ့ အတော်လေးကို အဝေဖန်ခံခဲ့ရပြီး တစ်ရာသီပေးဂိုး (၅၀) လောက် ခွင့်ပြုခဲ့ရပါတယ်..။ အဲလစ်ဆန် ရောက်လာပြီးနောက်ပိုင်း အားလုံးအဆင်ပြေသွားပါတယ်..။ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေတဲ့အချိန်တုန်းကလည်း ပီတာ ရှမိုက်ကယ်လ် ထွက်သွားပြီး အက်ဒ်ဝင် ဗန်ဒါဆား မရောက်လာခင် ကြားကာလမှာ အတော်လေးကို ရုန်းကန်ခဲ့ရပါတယ်..။ ဗန်ဒါဆား ရောက်လာတယ်..၊ အားလုံးအဆင်ပြေသွားပါတယ်..။

မန်ချက်စတာ စီးတီးကို ပက်ပ် ဂွာဒီယိုလာ ရောက်လာစ.. ပထမဘောလုံးရာသီမှာ ဂိုးသမား ကလော်ဒီယို ဘရာဗို ကို ဘာစီလိုနာ ကို ခေါ်ယူခဲ့ပါတယ်..။ သူတို့ဂိုးပေါက်ကို ဘယ်လိုကန်ကန် ဂိုးတွေပေးနေရတာပဲ..၊ အီဒါဆန် ရောက်လာပြီးနောက်ပိုင်း ခံစစ်ပိုင်း လုံခြုံမှုဟာ အရမ်းကို သိသာလာပါတယ်..။ ဒါ့ကြောင့်ကိုယ့်အသင်းနဲ့ ကိုက်ညီမယ့် ဂိုးသမားကို မရှာနိုင်ဘူးဆိုရင် အကြီးအကျယ် ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်..။ သေချာတာက အခုလိုဂိုးဧရိယာ အပြင်ကကန်ချက်တွေကို လွယ်လွယ်နဲ့ ခွင့်ပြုနေမယ်..၊ အမြင့်ဘောတွေ ကာကွယ်တာ မကောင်းဘူး..၊ တည်ကန်ဘော (set pieces) တွေကနေ ဂိုးတွေပေးနေရမယ်ဆိုလို့က အမှတ်ပေး ချန်ပီယံဆုကို ဘယ်လိုမှ မရနိုင်ပါဘူး..။



ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် full backs တွေအကြောင်း ဆက်ပြောကြတာပေါ့ဗျာ.. ဒီနေ့ပွဲမှာ တာရစ်ခ် လမ်ပ်တေး ရဲ့ခြေစွမ်းကရော ဘယ်လိုရှိလဲဗျ..?

ဂယ်ရီ နဗီးလ် - သိပ်ကိုကောင်းပါတယ်..။ သူဟာဘရိုက်တန်အသင်းရဲ့ ညာတောင်ပံကနေ တစ်ပွဲလုံး မနားတမ်း အတက်အဆင်းလုပ်ပြီး အသင်းကိုအများကြီး အကူအညီပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် သူဟာတိုက်စစ်ကို လိုက်ပါတဲ့နေရာမှာ ပိုပြီးအားသန်တာကြောင့် ‘သုံးယောက်တန်း ခံစစ်ကြောင်း (3 at the back)’ ဆိုရင် ပိုပြီသင့်တော်ပါတယ်..။ တိုက်စစ်ဇုန်မှာ အကောင်းဆုံး ပံ့ပိုးနိုင်တယ်..၊ လိုအပ်ရင် ခံစစ်ကိုအမြန်ဆုံး ပြန်ဆင်းနိုင်ပါတယ်.။

ကျွန်တော်ကတော့ ကစားသမားတစ်လျှောက်မှာ wing back နေရာ ကစားရတာ အခက်ဆုံးလို့ ထင်တာပဲဗျ..။ တစ်ချိန်လုံးမနားတမ်း ပြေးလွှားနေရတယ်..၊ အသင်းက ကျန်တဲ့ကစားသမားတွေအတွက် အစွမ်းကုန် ပေးဆပ်ကြိုးစားပေးရပါတယ်..။ လမ်ပ်တေး ဟာ ဘောလုံးသယ်ယူတာ ကောင်းမွန်တယ်..၊ လျှင်မြန်ပါတယ်..။ သူဟာ wing back ကောင်းတစ်ကေ်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။

ဂျေမီ ကာရေဂါ - မနှစ်ကဘောလုံးရာသီ ပြီးခါနီးကတည်းက ကျွန်တော်သူ့ကိုသတိထားပြီး စောင့်ကြည့်နေဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင်လည်း သူဟာတစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီဧရိယာထဲထိ ကောင်းကောင်းထိုးဖောက်နိုင်ခဲ့သလို ဘယ်တောင်ပံက မားကို့ အလွန်ဆို ကိုလည်း အကြိမ်ကြိမ် ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် မနှစ်ကလီဗာပူးလ် အသင်းနဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲဒီကပြီး ကျွန်တော်သူ့ကို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်..။

မနှစ်က ချယ်လ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့တဲ့အချိန် သူများတွေနည်းတူ ကျွန်တော်လည်း အရမ်းကိုအံ့သြမိပါတယ်..။ သူ့လိုကစားသမားမျိုးကို ချယ်လ်ဆီးအသင်းက ဘာကြောင့်များ လက်လွှတ်ခံခဲ့လဲ..? စဉ်းစားမရခဲ့ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် ကို မြင်လိုက်တော့မှ ‘သြ.. ဒါ့ကြောင့်ချယ်လ်ဆီးအသင်းက သူ့ကိုလက်လွှတ်ခံခဲ့တာပဲ…’ ဆိုပြီး နားလည်လိုက်ပါတယ်..။ ချယ်လ်ဆီးအသင်းကနေ ရဲရဲထွက်ခွာခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်..။

လူငယ်ကစားသမားတွေအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်မျိုးကို အတုယူသင့်ပါတယ်..။ အသက် (၂၀) ကျော်လို့မှ အသင်းတစ်သင်းရဲ့ အသင်းကြီးကစားသမားအဆင့်ကို မရောက်လာခဲ့ဘူးဆိုရင် ကိုယ့်အတွက် အခွင့်အရေးရနိုင်မယ့် အသင်းတစ်သင်းကို ရှာဖွေသင့်ပါတယ်..။



ပြသနာက ဘရန်ဒန် ရော်ဂျားစ် ချယ်လ်ဆီးအသင်း လူငယ်အသင်းနည်းပြ လုပ်နေတဲ့အချိန်က သူပြောဖူးတဲ့စကား ရှိတယ်.. ‘ကျွန်တော်တို့ဟာ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှာကို မကြောက်ပါဘူး.. (we paid to fail)’ လို့ ပြောပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီး လူငယ်အသင်းတွေဟာ လက်ရှိအင်္ဂလန်မှာ အကောင်းဆုံးလူငယ် အသင်းတွေ ဖြစ်ပါတယ်.၊ ဒါ့ကြောင့်သူတို့ဟာ လူငယ်ကစားသမားကောင်းတွေကို အသင်းမှာထိန်းထားနိုင်အောင် မြင့်မားတဲ့လစာတွေနဲ့ ဆွဲဆောင်ထားတယ်..၊ ကစားသမားတွေကလည်း အဲဒါကို မက်မောကြပါတယ်..။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဖြစ်လာကြပါတယ်..။ တဖြည်းဖြည်းနဲ့ အသင်းကြီးကိုရောက်အောင် ကြိုးစားရမယ်ဆိုတဲ့ ဆာလောင်စိတ်တွေ ပျောက်ဆုံးကုန်ကြပါတယ်..။

အခုဆို လော့ဖ်တပ်စ် ချိခ် ကို ကြည့်လေဗျာ..။ အသက် (၂၅) နှစ် ရှိပြီဆိုပေမယ့် အခုအချိန်ထိ သူဟာချယ်လ်ဆီးအသင်းမှာ ကလေးတစ်ယောက်လို ပြုမူနေတုန်းပါပဲ..။ ဒီနေ့ပွဲမှာ သူပွဲထွက်ခွင့်ရလာတော့ ကျွန်တော်အံ့သြမိပါတယ်..။ တကယ်တမ်းဆိုရင် သူဟာတစ်သင်းသင်းမှာ ပွဲထွက်ကစားသမား ဖြစ်နေသင့်တဲ့ ကစားသမားတစ်ယောက်ပါ..။ လူးဝစ် ဘေကာ ဆိုလည်း (၂၅) နှစ်ရှိပါပြီ..၊ အခုထိ ချယ်လ်ဆီးအသင်းမှာ ရှိနေတုန်းပါပဲ..။ သူဆိုရင် မော်ရင်ဟို လက်ထက်ကတည်းက ချယ်လ်ဆီးကို ရောက်နေခဲ့တာပါ..၊ ဘာဖြစ်လို့ ဒီမှာဆက်ပြီး ရှိနေလဲ..? လစာတွေအများကြီး ရနေခဲ့လို့ပေါ့…။ ဒါပေမယ့် တစ်ခုခုလိုချင်ရင် တစ်ခုခုတော့ ဆုံးရှုံးရမှာပါပဲ..။

ဂယ်ရီ နဗီးလ် - လော့ဖ်တပ်စ် ချိခ် နဲ့ပတ်သက်ပြီး ကျွန်တော်စဉ်းစားနေတာဗျ..။ ချယ်လ်ဆီးက အခုအချိန် သူ့ကိုရောင်းမယ်ဆိုရင် စတာလင်ပေါင်သန်း (၂၀) ကနေ (၂၅) ကြား ပြန်ရနိုင်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် ရင်းနှီးမြုပ်နှံခဲ့သမျှတွေ ပြန်ကျေနိုင်ပါတယ်..။ တကယ်တော့ သူဟာအခွင့်အရေး ရခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်မှာ လူငယ်ကြယ်ပွင့် ကစားသမားတွေ အများအပြား ခေါ်ယူခဲ့တာတောင်မှ ဒီနေ့ပွဲမှာဆိုရင် သူဟာအသင်းရဲ့ ‘No. 10’ နေရာကနေ ကစားခွင့်ရခဲ့တယ်..၊ ရာသီအဖွင့် ပထမဆုံး ပွဲစဉ်လည်း ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်းဟာ တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်..။

ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် လူငယ်ကစားသမားတွေအနေနဲ့ တာရစ်ခ် လမ်ပ်တေး ရဲ့ လမ်းကြောင်းကို ရွေးသင့်တယ်လို့ ဆိုလိုချင်တာလား..? ဘာဖြစ်လို့လည်းဆိုတော့ အသင်းကြီးတွေဟာ အရည်အသွေးမြင့် လူငယ်ကစားသမားကောင်းတွေကို ကြိုက်ကြေးပေးပြီး ခေါ်ယူ၊ ဖြုန်းတီးနေတာလို့ စွပ်စွဲခံနေခဲ့ရတာကိုးဗျ..



ဂယ်ရီ နဗီးလ် - အတော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပဲဗျ..။ အသင်းက သူတို့ကို လစာတွေအများကြီး ပေးပြီးစာချုုပ်ချုပ်ထားတယ်ဆိုတာ သူတို့ကို ယုံကြည်တယ်ဆိုတဲ့ သဘောဖြစ်တဲ့အပြင် သူတို့ဟာ အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောလိုက်ခြင်းပါပဲ..။ ဒါ့ကြောင့်သူတို့အတွက် အသင်းမှာလည်း လမ်းကြောင်းတစ်ခု ရှိနေပါတယ်..။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာက ရူဘင် လေ့ာဖပ်စ် ချိခ် အနေနဲ့ ချယ်လ်ဆီးအသင်းက သူ့ကိုအခွင့်အရေး မပေးခဲ့တာ မဟုတ်ပါဘူး..။

သူဟာခရစ်စ်တယ် ပဲလေ့စ်အသင်းကို အဌားထွက်တယ်..၊ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ နောက်တော့ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာတယ်..၊ အင်္ဂလန်လက်ရွေးစင်အဖြစ် အရွေးခံခဲ့ရတယ်.၊ ချယ်လ်ဆ်ီးအသင်းမှာ အထိုက်အလျောက် နေရာရလာပါတယ်..။ ကျွန်တော်ကတော့ သူဟာအသင်းမှာ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် အခုအချိန်ထိ အဲဒီအခွင့်အရေးတွေကို မိမိရရ ဖမ်းဆုတ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ မြင်ပါတယ်..။ ရော့စ် ဘာကလေ ဟာ ဒီပွဲမှာ သူ့ရဲ့အစား လူစားဝင်ခွင့်ရခဲ့ပါတယ်..။ ရော့စ် ဟာ ရတဲ့အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်လာမယ့် တနင်္ဂနွေနေ့ပွဲမှာ မန်နေဂျာက သူ့ကိုထည့်မကစားခဲ့ရင် ဖရန့် ရဲ့အပြစ် မဟုတ်ပါဘူး..

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ.. ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီကို အဝေးကွင်းနိုင်ပွဲနဲ့အတူ စတင်ဖွင့်လှစ်နိုင်ခဲ့ပါပြီ..။ ဒါ့ကြောင့်ဒီနေ့ပွဲစဉ်မှာ ဖရန့် လမ်းပတ် ကိုယ်တိုင်က အသင်းရဲ့ကစားပုံအပေါ် စိတ်တိုင်းကျ မဖြစ်ခဲ့ပေမယ့် အနိုင်သုံးမှတ်နဲ့အတူ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါကြောင်း ပြောကြားရင်း ကျွန်တော်တို့ရဲ့ တင်ဆက်မှုကို အဆုံးသတ်လိုက်ပါတယ်..။ နောက်တစ်ပါတ်မှာ ပြန်ဆုံကြတာပေါ့.