feature-image

ဘရိုက်တန်အသင်းနှင့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ထူးခြားသည့် အချက်အလက်များ

ဘရိုက်တန်အသင်း၏ Amex ကစားကွင်းတွင် အနိုင်ရလဒ်ဖြင့် စတင်နိုင်ခဲ့သော ဘရိုက်တန်အသင်းနှင့် ချယ်လ်ဆီးအသင်းပွဲစဉ်မှ ချယ်လ်ဆီးကစားသမားများနှင့် ပတ်သက်သည့် ထူးခြားသော အချက်အလက်အချို့ကို ချယ်လ်ဆီးအသင်း Official website က ယခုလို သုံးသပ်တင်ပြခဲ့ပါသည်..။

အပြာရောင်တို့ရဲ့ တိုက်စစ်ကို ဦးဆောင်မယ့် Turbo Timo

ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးမှာ ပထမဆုံး ပွဲဦးထွက် ပွဲစဉ်မှာပင် သူ၏ထူးခြားသော အရည်အချင်းတစ်ချို့ကို ပြသနိုင်ခဲ့သည်..။ အထူးသဖြင့် သူ၏တစ်ကွင်းလုံးအနှံ့ မနားတမ်းရွေ့လျား၊ လှုပ်ရှားနိုင်စွမ်းကို ယခုအောက်ပါ touch map တွင် တွေ့နိုင်ပါသည်..။ အထူးသဖြင့် ရှေ့တန်းတိုက်စစ်မှူးပီပီ သူ၏ပါးနပ်မှုနှင့် ပွဲ၏အခြေအနေအပေါ် နားလည်နိုင်စွမ်းကောင်းမှုကို အားလုံးက သတိထားမိခဲ့ကြသည်..။



အထက်ပါ touch map အရ တီမို ဗာနာ မှာ ဘယ်တောင်ပံတစ်လျှောက် အများဆုံးလှုပ်ရှားပြီး ညာတောင်ပံနှင့် ခံစစ်အထိ လိုက်နာတတ်သူဖြစ်ကြောင်း တွေ့နိုင်ပါသည်.။ ထို့ကြောင့်ဘရိုက်တန် နောက်ခံလူများမှာ တီမို ဗာနာ အား သုံးယောက်ထိ လူကပ်ကစားရန် ပြင်ဆင်ခဲ့သော်လည်း ထိထိရောက်ရောက် ပိတ်ဆို့နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရပါသည်..။ ထို့အပြင် တီမို ဗာနာ မှာ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားကစားနေခဲ့သော်လည်း ဘရိုက်တန်အသင်း ပင်နယ်တီဧရိယာအတွင်း ပင်နယ်တီရရှိခဲ့သည့် ထိချက် (touch) အပါအဝင် ထိချက် (၆) ကြိမ် ရရှိခဲ့ပြီး ပြိုင်ဘက်အသင်း၏ ဂိုးပေါက်ကိုအန္တရာယ် ပေးနိုင်ခဲ့သူဖြစ်ကြောင်း တွေ့ရပါသည်..။

ဗာနာ မှာ ဂိုးကန်သွင်းချက် (၅) ကြိမ်ရရှိခဲ့ပြီး ကန်ချက်သုံးကြိမ်အား တစ်ဘက်နောက်ခံလူများက ပိတ်ဆို့သွားခဲ့သည်..။ အထူးသဖြင့် သူ၏လျှင်မြန်မှုနှင့် ရွှေ့လျားမှုတို့က ဘရိုက်တန်ခံစစ် ကစားသမားများကို အခက်တွေ့စေခဲ့သည်..။ ထိုနေ့ကပွဲတွင် ဗာနာ နှင့် မေဆန် မောင့် တို့မှာ တစ်ဦးချင်း ကျော်ဖြတ်မှု (dribbling) နှစ်ကြိမ်စီ ပြုုလုပ်နိုင်ခဲ့ပါသည်..။ တစ်ပွဲလုံးကန်ချက်စုစုပေါင်းအနေဖြင့် ချယ်လ်ဆီးအသင်းမှာ ဂိုးကန်သွင်းချက် (shots on goals) (၁၀) ကြိမ် ပြုလုပ်ခဲ့ပြီး (၅) ကြိမ် ဂိုးပေါက်တည့် (shots on target) ခဲ့သည်..။ ဘရိုက်တန်အသင်းမှာ (၁၃) ကြိမ် ကန်သွင်းခဲ့ပြီး သုံးကြိမ်ဂိုးပေါက်တည့်ခဲ့ပါသည်..။

အပြာရောင်တို့၏ ကွင်းလယ်ကိုထိန်းချုပ်၊ မောင်းနှင်ခဲ့တဲ့ ဂျော်ဂင်ဟို

အသင်းခေါင်းဆောင် ဂျော်ဂင်ဟို မှာ ချယ်လ်ဆီးအသင်းအတွက် ယခုနှစ်ဘောလုံးရာသီ၏ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပင်နယ်တီကန်ချက် ကန်သွင်းရာတွင် ကောင်းမွန်လှသော သူ၏စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်..။ ထို့အပြင် အသင်း၏ကစားကွက်ဟန်ချက်ကို ထိန်းညှိပေးခဲ့သည့်အပြင် ခံစစ်မှတိုက်စစ်သို့ ပြောင်းလဲ (transition) ရာတွင် အဓိကတာဝန်ယူပေးခဲ့သည်..။ ဘရိုက်တန်အသင်းနှင့်ပွဲတွင် ဂျော်ဂင်ဟို မှာ တိကျသည့်ပေးပို့မှု (၄၅) ကြိမ် ပြုလုပ်ပေးခဲ့ပြီး မားကို့စ် အလွန်ဆို (၅၅) ကြိမ် ပြီးလျှင် ပေးပို့မှုအများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်..။ ထို့အပြင် ထိရောက်သည့်ပေးပို့မှု (key passes) နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။



အထက်ပါ ပူးတွဲပုံတွင် ပြသထားသော ဂျော်ဂင်ဟို ၏ ရွှေ့လျားမှုပြပုံ (heat map) တွင် ဂျော်ဂင်ဟို မှာ အလွန်ဆို နှင့် ဗာနာ တို့၏ ဘယ်တောင်ပံအခြမ်းတွင် အများဆုံးလှုပ်ရှားခဲ့ပြီး ထိုနေ့ကပွဲတွင် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ဆင်မှု အများစုမှာ ဘယ်တောင်ပံမှ (၅၀% ရာခိုင်နှုန်း) ပြုလုပ်ခဲ့သည်ကို တွေ့ခဲ့ရပါသည်..။

ဂျော်ဂင်ဟို မှာ တွဲဖက်ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး ၏ တစ်ကွင်းလုံးအနှံ့ လှုပ်ရှား၊ ရွှေ့လျားပေးနိုင်မှုကြောင့်လည်း ထိုနေ့ကပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်ပေသည်..။ ပြင်သစ်ကွင်းလယ် ကစားသမားမှာ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) (၆) ကြိမ်နှင့် ဘောလုံးဖျက်ထုတ်မှု (tackles) (၃) ကြိမ် ပြုလုပ်နိုင်ခဲ့သလို သူ၏ဘောလုံးပေးပို့မှု အောင်မြင်မှု ရာခိုင်နှုန်း (pass completion rate) မှာ (၉၂% ရာခိုင်နှုန်း) မှာ ရှိခဲ့ပြီး အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် (၉၄% ရာခိုင်နှုန်း) ပြီးလျှင် အများဆုံးဖြစ်ခဲ့သည်..။

မိမိအသင်းဂိုးပေါက်မှ စတင်ခဲ့သော ရိစ် ဂျိမ်းစ် ၏အနိုင်ဂိုး..

ဘရိုက်တန်အသင်းနှင့်ပွဲတွင် လီယန်ဒရို ထရိုဆာ့ဒ် မှ ချေပဂိုး သွင်းယူခဲ့ပြီး စက္ကန့် (၁၀၀) အတွင်း ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့သည့် ရိစ် ဂျိမ်းစ် ၏ ကန်ချက်မှာ အရေးပါခဲ့သော ပွဲ၏အလှည့်အပြောင်း ဖြစ်ခဲ့သည်..။ တကယ်တော့ ဘရိုက်တန်အသင်း၏ သွင်းဂိုးကြောင့် ကွင်းလယ်စက်ဝိုင်းတွင် ဘောလုံးတည်ပြီး ပြန်လည်စတင်ခဲ့ချိန်မှ ရိစ် ဂျိမ်းစ် ၏ လှပသောကန်ချက်မှာ မက်သယူး ရိုင်ယန် ၏ ဂိုးပိုက်နှင့်မိတ်ဆက်သွားချိန်အထိ ဘရိုက်တန်အသင်း ကစားသမား တစ်ဦးတစ်ယောက်နှင့်မျှ ဘောလုံးထိခဲ့ခြင်း မရှိခဲ့ပေ..။ ကွင်းလယ်စက်ဝိုင်းတွင် စတင်ခဲ့ချိန်မှ တစ်ဘက်အသင်းဂိုးပေါက်အထိ ဘောလုံးပေးပို့မှု (passes) (၁၉) ကြိမ် ရှိခဲ့ပြီး ရိစ် ဂျိမ်း ထံ ကန့်လန့်ဖြတ် ခင်းပေးလိုက်သည့် နောက်ဆုံးပေးပို့မှု (assist) အပါအဝင် ဂျော်ဂင်ဟို ၏ ပေးပို့မှု (၄) ကြိမ် ပါဝင်ခဲ့သည်..။



အခြားထင်ရှားသည့် အချက်အလက်များ..

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှု (ball possession) (၄၆.၇ % ရာခိုင်နှုန်း) ရှိခဲ့ပြီး မနှစ်ကဘောလုံးရာသီတစ်ခုလုံး ချယ်လ်ဆီးအသင်း၏ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှုမှာ (၅၈.၂ % ရာခိုင်နှုန်း) ရှိခဲ့သည်..။

တစ်သင်းလုံး၏ ပျမ်းမျှ ဘောလုံးပေးပို့မှု အောင်မြင်မှုနှုန်း (pass completion rate) မှာ (၈၃ % ရာခိုင်နှုန်း) ရှိခဲ့ပြီး မနှစ်ကဘောလုံးရာသီတစ်ခုလုံး ချယ်လ်ဆီးအသင်း၏ ပျမ်းမျှ pass completion rate မှာ (၈၅.၂ % ရာခိုင်နှုန်း) ရှိခဲ့သည်..။

ရိစ် ဂျိမ်းစ် မှာ အမြင့်ဘောဖျက်ထုတ်မှု (aerial duels) (၄) ကြိမ် အောင်မြင်ခဲ့ပြီး မေဆန် မောင့် မှာ ဖျက်ထုတ်မှု (tackles) (၄) ကြိမ် ပြုလုပ်နိုင်ခဲ့သည်.။ ယနေ့ပွဲတွင် အသင်းနှင့်စတင်ပွဲထွက်ခဲ့သည့် ကိုင် ဟားဗာ့ဇ် မှာ ဖျက်ထုတ်မှု (tackles) (၃) ကြိမ် ပြုလုပ်နိုင်ခဲ့သည်.။



ဘရိုက်တန်အသင်းနှင့်ပွဲတွင် မားကို့စ် အလွန်ဆို မှာ ဘောလုံးပေးပို့မှုအပိုင်းတွင် ကောင်းမွန်ခဲ့သလို ဖျက်ထုတ်မှု အချက်အလက်များအရ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) (၅) ကြိမ်နှင့် ဘောလုံးရှင်းထုတ်မှု (clearances) (၅) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။

ဘရိုက်တန်အသင်းနှင့်နိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် (၁၀၇၇) ပွဲတွင် ရမှတ် (၂၀၀၀) ပြည့်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတွင် အမှတ် (၂၀၀၀) ပြည့်မြောက်ခဲ့သည့် တတိယမြောက်အသင်း (မန်ချက်စတာ ယူနိုက်တက် ၂၂၃၄ နှင့် အာဆင်နယ် ၂၀၁၄ မှတ်) ဖြစ်ခဲ့သည်..။