feature-image

ချယ်လ်ဆီး vs လီဗာပူးလ် ပွဲစဉ်အတွက် နည်းစနစ်ပိုင်းဆိုင်ရာ မေးခွန်းများ..

ချယ်လ်ဆီးအသင်းမှာ ၂၀၂၀/ ၂၁ ဘောလုံးရာသီအတွက် စတန်းဖို့ဒ် ဘရစ်ချ် ကွင်း ပထမဆုံးပွဲစဉ်ကို လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းအား ဧည့်ခံပြီး ဖွင့်လှစ်တော့မည်ဖြစ်သည်..။ မနှစ်ကဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းနှင့် ဆုံတွေ့ခဲ့သည့် လေးကြိမ်အတွင်း တစ်ကြိမ်သာ အနိုင်ရခဲ့သည့် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ခေါ်ယူခဲ့သော ကစားသမားများက ရလဒ်ကောင်းတစ်ခုကို ဆောင်ယူနိုင်ရန် ကူညီပေးနိုင်မလား ဆိုသည့် မျှော်လင့်ချက် ကြီးမားလျှက်ရှိသည်..။

စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတစ်သင်းဖြစ်သည့် လီဗာပူးလ်အသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ၅ဂိုး- ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း အပြန်အလှန်သွင်းဂိုးများ မြိုင်ဆိုင်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံဆုံတွေ့ရာတွင်လည်း အလားတူ စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တစ်ပွဲ ဖြစ်လာမလား..? ဆိုသည့် မျှော်လင့်ချက်နှင့် ပွဲစဉ်အလှည့်အပြောင်းအတွက် အရေးပါနိုင်သည့် နည်းစနစ်ပိုင်းဆိုင်ရာ မေးခွန်းများကို စုစည်းတင်ဆက်လိုက်ပါသည်...။



(၁) ကက်ပါ အရီဇာဘာလာဂါ vs လီဗာပူးလ်အသင်း၏ တိုက်စစ်..

ချယ်လ်ဆီးအသင်း ပရိသတ်များမှာ ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သော ဖရန့် လမ်းပတ် ၏ လီဗာပူးလ်အသင်းနှင့်ပွဲကြို သတင်းစာရှင်းလင်းပွဲ မတိုင်မီအထိ မကြာသေးမီက ခေါ်ယူထားခဲ့သော သီယာဂို ဆေးလ်ဗား နှင့် ဘင် ချီးဝဲလ် တို့ ပါဝင်လာနိုင်မလား.. မျှော်လင့်ခဲ့သေးသည်..။ သို့သော်အသင်း၏ ခံစစ်ကြောင်းမှာ ဘရိုက်တန်အသင်းနှင့်ပွဲစဉ်က ခံစစ်ကြောင်းနှင့် ထူးထူးခြားခြား ပြောင်းလဲဖွယ်မရှိပဲ ကတ် ဇူးမား၊ ခရစ်စ်တီယန်ဆန် တို့၏ ဗဟိုခံစစ်ကြောင်းနှင့် အပြာရောင်တို့၏ ခံစစ်ကြောင်း၊ နောက်ဆုံးတံခါးပေါက်က ‘ကက်ပါ အရီဇာဘာလာဂါ’..

မနှစ်ကဘောလုံးရာသီတွင် လီဗာပူးလ်အသင်း၏ တြိဂံတိုက်စစ်အတွဲဖြစ်သော မိုဟာမက် ဆာလာ၊ ဆာဒီယို မာနေး နှင့် ရော်ဘတ်တို ဖာမီနို တို့ သုံးဦးမှာ (၅၇) ဂိုး သွင်းယူပေးနိုင်ခဲ့သလို ယခုနှစ်ဘောလုံးရာသီတွင်လည်း အဆိုပါခြေစွမ်းကို ဆက်လက်သယ်ဆောင်ဆဲဖြစ်ပြီး အီဂျစ်တောင်ပံ ကစားသမား မိုဟာမက် ဆာလာ မှာ လိဒ် ယူနိုက်တက်အသင်းနှင့် အဖွင့်ပွဲစဉ်တွင် သုံးဂိုးသွင်းပြီး hattrick ရယူပေးနိုင်ခဲ့သည်..။ ထို့အပြင် အဆိုပါပွဲစဉ်တွင် လီဗာပူးလ်အသင်းမှာ ဂိုးကန်သွင်းခွင့် (၂၂) ကြိမ်၊ မို ဆာလာ တစ်ဦးတည်း ဂိုးကန်သွင်းခွင့် (၉) ကြိမ် ရရှိခဲ့ပြီး တိုက်စစ်ထက်မြက်နေဆဲဖြစ်ကြောင်း ပြခဲ့သည်..။

ထို့ကြောင့်မနှစ်ကဘောလုံးရာသီတွင် ဂိုးပေါက်တည့်ကန်ချက် ကာကွယ်နိုင်မှုနှုန်း (save percentage) (၅၄% ရာခိုင်နှုန်း) သာ ရှိခဲ့သည့် ကက်ပါ အရီဇာဘာလာဂါ အနေဖြင့် လက်ရှိပြသနေသည့် လက်စွမ်းထက် ပိုမိုကောင်းမွန်လာခြင်းမရှိပါက မကြာသေးခင် ဇူလိုင်လက ငါးဂိုးသွင်းခံလိုက်ရသည့် အိပ်မက်ဆိုးကို ပြန်လည်မြင်မက်ခွင့် ရသွားနိုင်ပေသည်..။

(၂) တီမို ဗာနာ၊ ကိုင် ဟားဗာ့ဇ် တို့နှင့် အပြန်အလှန် ထိုးဖောက်ကြမည့် end to end game ဖြစ်လာမလား..?

ယခင်အပါတ်က လိဒ် ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် လီဗာပူးလ်အသင်း၏ ကွင်းလယ်အထိ တက်ရောက်ဖိအားပေးခဲ့သည့် high defense line မှာ လိဒ် ယူနိုက်တက်အသင်း၏ မြန်ဆန်သော တိုက်စစ်ကို မထိန်းနိုင်ခဲ့ပေ..။ မာဆယ်လ်လို ဘီယယ်လ်ဆာ မှာ တိုက်စစ်ကစားသမား လေးယောက်၊ ငါးယောက်ဖြင့် လီဗာပူးလ်အသင်း၏ ဗဟိုခံစစ်မှူးများ၏နောက်ကို ပြေးထွက်ခိုင်းပြီး ထိုးဖောက်စေခဲ့သဖြင့် ပွဲမှာအပြန်အလှန် ထိုးဖောက်မှုများဖြင့် မြန်ဆန်ပြီး ကြည့်ကောင်းခဲ့သည်..။



ထို့ကြောင့်မကြာသေးခင်က နောက်ဆုံးတွေ့ဆုံခဲ့သည့် ဇူလိုင်လက ပွဲစဉ်အတိုင်း အပြန်အလှန်ထိုးဖောက်မှုုများဖြင့် သွင်းဂိုးများမည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်မည်ကိုလည်း ထည့်သွင်းစဉ်းစားထားရပေမည်..။ ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင် ကိုင် ဟားဗာ့ဇ် နှင့် တီမို ဗာနာ တို့မှာ ကွင်းလယ်မှ အဝေးဘော ပေးပို့မှုများမှတဆင့် ပါးနပ်သည့် ချိန်ကိုက်ပြေးထွက်မှုများဖြင့် ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ကြောင်း ပြသနိုင်ခဲ့သည်..။ သို့သော်မိမိအသင်း တောင်ပံများမှ ဖိအားပေး ထိုးဖောက်ချိန်တွင် လီဗာပူးလ်အသင်း၏ အားကောင်းသော တောင်ပံခံစစ်ကစားသမားများဖြစ်သည့် ထရန့် အလက်ဇန်းဒါး အာနိုးလ် နှင့် အင်ဒရူး ရော်ဘတ်ဆန် တို့၏ လျှင်မြန်သော တန်ပြန်တိုက်စစ်များကို ခွင့်ပြုနိုင်ရချေလည်း ရှိသောကြောင့် လျှင်မြန်ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ထိုးဖောက်ကြမည့် end to end game ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပေသည်..။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက စတန်းဖို့်ဒ် ဘရစ်ချ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် လီဗာပူးလ်အသင်းမှာ ချယ်လ်ဆီးအသင်း၏ တည်ကန်ဘောများကို ကာကွယ်ရာတွင် အားနည်းချက်ရှိနေခြင်းအား အမိအရ အသုံးချပြီး ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်..။ သို့သော်တစ်ပွဲလုံးအနေဖြင့် ချယ်လ်ဆီးအသင်းမှာ ဂိုးကန်သွင်းချက် (၁၃) ကြိမ် ရရှိခဲ့ပြီး လီဗာပူးလ်အသင်းမှာ (၆) ကြိမ်သာ ရရှိခဲ့သည်..။ ထိုပွဲတွင် ချယ်လ်ဆီးအသင်း၏ လျှင်မြန်သော တိုက်စစ်များကို အဓိကဦးဆောင် ထိုးဖောက်ခဲ့သူမှာ အန်ဂိုလို ကန်တေး နှင့် ဝီလီယံ တို့ဖြစ်ပြီး ဝီလီယံ ၏ တောင်ပံတစ်လျှောက် ဆွဲပြေးထိုးဖောက်မှုများမှာ ကွင်းလယ်တွင် အကျပ်ဆော့ပြီး ပိတ်ဆိုရန် ကြိုးစားခဲ့သည့် လီဗာပူးလ်အသင်းအတွက် အခက်တွေ့စေခဲ့သည်...။

သို့သော် ဘရာဇီးလ် တောင်ပံကစားသမားမှာ အသင်းပြောင်းရွှေ့သွားပြီဖြစ်သလို တောင်ပံတစ်လျှောက် တိုက်ရိုက်ထိုးဖောက်ရာတွင် ကောင်းမွန်သော ခရစ်စ်တီယန် ပူလီဆစ် မပါဝင်နိုင်ချိန်တွင် ဖရန့် လမ်းပတ် အနေဖြင့် သူ၏တိုက်စစ်ကစားကွက်ကို မည်သို့ပုံဖော်မည်နည်း..? ဆိုသည့်အချက်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းပါသည်..။ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထိုးဖောက်မည့် end to end game ဖြစ်လာမည်ဟု မျှော်လင့်ရသော်လည်း ဖရန့် လမ်းပတ် မှာ deep defensive line ဖြင့် ကွင်းလယ်တွင် အကျပ်ဆော့ပြီး မာမာထန်ထန် တုံ့ပြန်သွားမလား..? ဆိုသည့်အချက်မှာလည်း စဉ်းစားဖွယ်ဖြစ်သည်..။



(၃) အဆုံးအဖြတ် ပေးသွားနိုင်ဖွယ်ရှိသည့် ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ခံစစ်အထိုင်..

ချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်အသင်းနှင့် ရာသီအဖွင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့သော်လည်း တစ်ဖက်အသင်းမှ တိုက်စစ်များကို အဆင့်ဆင့်ထိန်းချုပ်နိုင်ရန်အတွက် တိုက်စစ်မှခံစစ်သို့ ပြောင်းလဲခြင်း (defensive transition) များတွင် ပြသနာရှိနေဆဲဖြစ်သည်..။ ဖရန့် လမ်းပတ် မှာ သူ၏ကစားသမားများကို တိုက်စစ်တွင် လွတ်လွတ်လပ်လပ် လိုက်ပါစေခြင်းကြောင့် တစ်ဖက်အသင်းမှ တန်ပြန်တိုက်စစ်ဆင်လာချိန်တွင် ဖိအားပေး ကစားနိုင်မှု မရှိခြင်း (pressing the ball) ကွင်းလယ်နှင့် ခံစစ်ကြောင်းကြားမှ ကွက်လပ်ကြီးများကို ပိတ်ဆို့နိုင်မှု (compress space between the line) မရှိခြင်းတို့ကို တွေ့ရှိနေရဆဲဖြစ်သည်..။

ပြီးခဲ့သည့် ဇူလိုင်လပွဲစဉ်တွင် လီဗာပူးလ်အသင်းမှာ ဒဏ်ရာအနာတရများနေသည့် ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ကို အကောင်းဆုံးစိုးမိုးနိုင်ခဲ့သော်ငြား ယနေ့ညပွဲစဉ်တွင် အန်ဂိုလို ကန်တေး ပြန်လည်ပါဝင်နိုင်ပြီ ဖြစ်သလို ချယ်လ်ဆီးအသင်း၏ မနှစ်ကဘောလုံးရာသီ အကောင်းဆုံးကစားသမားဆုရ ‘မက်တီယို ကိုဗာဆစ်’ လည်း ပြန်လည်ပါဝင်လာမည် ဖြစ်သောကြောင့် ကွင်းလယ်ပိုင်းနေရာယူမှု၊ ဖိအားပေးမှု၊ ပိတ်ဆို့နိုင်မှု အပိုင်းများတွင် တိုးတက်လာမည်ဟု မျှော်လင့်ရပါသည်..။ အထူးသဖြင့် လုပ်အားနှုန်းကောင်းမွန်ပြီး ကွင်းလယ်နှင့်ခံစစ်ကြောင်းကြား နေရာလွတ်များကို ထိုးဖောက်တတ်သော၊ အဝေးကန်ချက်များ ကောင်းမွန်သော နာဘီ ကီတာ နှင့် ချိန်ဘာလိန် တို့ကို ထိန်းချုပ်နိုင်ရန် လိုအပ်ပေလိမ့်မည်.။



(၄) ဖရန့် လမ်းပတ် က ‘3 back system’ ပြန်လည်အသုံးချလာနိုင်မလား..?

ပြီးခဲ့သည့် ဇူလိုင်လပွဲစဉ်တွင် ငါးဂိုးပေးလိုက်ရသော်လည်း ဖရန့် လမ်းပတ် မှာ ၃- ၄- ၃ ပုံစံ အခင်းအကျင်းကို ပြန်လည်အသုံးချလာနိုင်ဖွယ် ရှိပါသည်..။ အထူးသဖြင့် ဘရိုက်တန်အသင်းနှင့်ပွဲတွင် ဘယ်တောင်ပံမှ မေဆန် မောင့်၊ ညာတောင်ပံမှ ကိုင် ဟားဗာ့ဇ် တို့မှာ အတွင်းကိုပိုမိုထိုးဖောက်သည့် inside forwards များအဖြစ် ကစားသွားခဲ့သောကြောင့် အဆိုပါအခင်းအကျင်းအတိုင်း မေဆန် မောင့်- တီမို ဗာနာ- ကိုင် ဟားဗာ့ဇ် တို့ဖြင့် ပွဲထွက်လာဖွယ်ရှိပါသည်..။

အဆိုပါ ‘3 back system’ ကစားကွက်၏ အားသာချက်မှာ ချယ်လ်ဆီးအသင်း ဗဟိုခံစစ်မှူးသုံးဦးက လီဗာပူးလ်အသင်း တြိဂံတိုက်စစ်အတွဲကို တစ်ဦးချင်းရင်ဆိုင်၊ ထိန်းချုပ်နိုင်ခြင်းပဲဖြစ်သည်..။ ထို့အပြင် wing back များကလည်း အာနိုးလ် နှင့် ရော်ဘတ်ဆန် တို့ကို ထိန်းချုပ်နိုင်ပေမည်..။ အထူးသဖြင့် လီဗာပူးလ်အသင်း၏ တြိဂံတိုက်စစ်အတွဲမှာ အနီးကပ်ထိုးဖောက်တတ်သောကြောင့် ကွင်းလယ်ကစားသမား နှစ်ဦးနှင့်ပေါင်းစပ်ပါက ခံစစ်ဇုန်တွင် ငါးဦးအထိ အမြဲတမ်းရှိနေနိုင်ပေသည်..။ ထို့အပြင် မေဆန် မောင့် နှင့် ကိုင် ဟားဗာ့ဇ် မှာ ကွင်းလယ်သို့ဆင်းပြီး ကိုဗာဆစ်၊ ကန်တေး တို့နှင့် စတုရန်းပုံစံခင်းကျင်းပြီး လီဗာပူးလ်အသင်းကို ကွင်းလယ်တွင် 4 vs 3 အသာစီးရယူနိုင်စွမ်း ရှိပေလိမ့်မည်...။



(၅) အဆုံးအဖြတ် ဖြစ်လာနိုင်မည့် မိုဟာမက် ဆာလာ vs မားကို့စ် အလွန်ဆို

ရာသီအဖွင့် လိဒ် ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် hattrick ရခဲ့သည့် မိုဟာမက် ဆာလာ မှာ ချယ်လ်ဆီးအသင်း၏ အားအနည်းဆုံးနေရာတစ်ခုဖြစ်သည့် ဘယ်တောင်ပံ ခံစစ်ကြောင်းကို ဦးတည် ထိုးဖောက်ပေလိမ့်မည်..။ ထို့ကြောင့် မိုဟာမက် ဆာလာ နှင့် မားကို့စ် အလွန်ဆို ပွဲထွက်လာဖို့များသည့် ချယ်လ်ဆီးအသင်း ဘယ်တောင်ပံခံစစ် ကစားသမားတို့ တစ်ဦးချင်းရင်ဆိုင်မည့် ‘one to one battle’ မှာ မည်သည့်ကစားကွက်ဖြင့် ပွဲထွက်လာသည်ဖြစ်စေ.. ရှောင်လွဲှမရသည့် ရင်ဆိုင်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်..။

ချယ်လ်ဆီးအသင်းမှာ ၃- ၄- ၃ ကစားကွက်ဖြင့် ပွဲထွက်လာမည်ဆိုပါက အလွန်ဆို မှာ ထရန့် အလက်ဇန်းဒါး အာနိုးလ် ကို ရင်ဆိုင်ရလိမ့်မည်ဟု ယူဆနိုင်သော်ငြား အာနိုးလ် မှာ တောင်ပံသို့ လိုက်ပါလေ့မရှိပဲ ကွင်းလယ်ခံစစ်ဇုန်တွင်သာ နေရာနေယူနေမည်ဆိုပါက အဆိုပါ တောင်ပံမှ half space မှာ ညာတောင်ပံ တိုက်စစ်မှူး လှုပ်ရှားရမည့် တိုက်စစ်ဇုန် ဖြစ်လာနိုင်ပါသည်..။ ထို့ကြောင့်ချယ်လ်ဆီးပရိသတ်များအနေဖြင့် အလွန်ဆို vs ဆာလာ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲမှာ ဘယ်လိုမှ ရှောင်လွဲမရနိုင်မည့် အဆုံးအဖြတ် ရင်ဆိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ပါသည်..။

References
- ‘Chelsea v Liverpool: One big game, five big questions’ by Football 365
- ‘Chelsea three key clashes vs. Liverpool: The midfield war’, by Matthew Hancock-Bruce, The Pride of London