feature-image

‘ကိုင် ဟားဗာ့ဇ်’ နှင့် တနင်္ဂနွေနေ့ ဘောလုံးစကားဝိုင်း

မနေ့က စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဥ်အပြီး ဖရန့် လမ်းပတ် ၏ ကစားကွက်အခင်းအကျင်း၊ ယခုနှစ်ရာသီတွင် ခေါ်ယူခဲ့သော ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟားဗာ့ဇ် တို့အပေါ် ချယ်လ်ဆီးအသင်း ဂန္တ၀င်ဘယ်နောက်ခံလူဟောင်း အက်ရှ်လေ ကိုးလ်၊ လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ်နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့ဟာ Sky Sports ရုပ်သံမှ တင်ဆက်သည့် Super Sunday အစီအစဥ်မှတဆင့် ယခုလို ပြောကြားခဲ့သည်..။

ဒေးဗစ် ဂျုံးစ် - ဖရန့် လမ်းပတ် ဟာ ဒီနေ့ပွဲအပြီးမှာ သူ့ကိုအချိန်ပေးဖို့ လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်..။ အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျားတို့အမြင်လေး ပြောပြနိုင်မလား..?

အက်ရှ်လေ ကိုးလ် - မှန်တာပေ့ါဗျာ..။ သူပြောသွားတဲ့အတိုင်းပါပဲ.. ကစားသမားသစ်တွေ ရောက်လာတယ်..၊ အသင်းနဲ့အံ၀င်ဖို့ အခြေအနေ အတိုင်းအတာ (process) တစ်ခုကို ဖြတ်သန်းရပါမယ်..။ ကိုင် ဟားဗာ့ဇ် ဆိုရင် အသင်းနဲ့အတူ လေ့ကျင့်ခဲ့တာ လေးရက်၊ ငါးရက်ပဲ ရှိပါသေးတယ်..၊ အသင်းဟာ ရာသီကြိုပြင်ဆင်မှုလည်း ကောင်းကောင်းမလုပ်ခဲ့ရပါဘူး..။ ဘင် ချီး၀ဲလ် ပြန်လာဦးမယ်..၊ သီယာဂို ဆေးလ်ဗား လည်း မကြာခင်မှာ အသင်းနဲ့ပူးပေါင်းနိုင်ပါလိမ့်မယ်..။

ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် နောက်ထပ်နှစ်ပါတ်၊ သုံးပါတ်လောက်နေရင် ဒီအသင်းဟာ အကောင်းဆုံးအနေအထားကို ရောက်လာလိမ့်မယ်..၊ နိုင်ပွဲတွေအတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုအခြေအနေ၊ ယုံကြည်မှုအပြည့်နဲ့ လူစုံတက်စုံ ရွက်လွှင့်နိုင်လိမ့်မယ်လို့ သေချာပေါက် ယုံကြည်ထားပါတယ်..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ.. ရေရှည်မျှော်လင့်ချက်ကတော့ ဟုတ်ပါပြီ..၊ ဒီနေ့ပွဲကိုပဲ ပြောမယ်ဆိုရင် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး တိုးတက်မှုတွေရော မြင်ရဲ့လားဗျ..

အက်ရှ်လေ ကိုးလ် - ဒီနေရာ၊ ဒီထိုင်ခုံမှာထိုင်ပြီး ပြောခွင့်ရနေသရွေ့ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းဘက်က ရှိနေမယ်ဆိုတာ ခင်ဗျားတို့လည်း သိထားတာပဲဗျာ..။ တိုးတက်မှုတွေကို ပြောရမယ်ဆိုရင် ရိစ် ဂျိမ်းစ် ဟာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးခြေစွမ်း ပြသွားနိုင်ပါတယ်..၊ ကတ် ဇူးမား ဆိုရင် ဖရန့် လမ်းပတ် က သေသေချာချာ ချီးမွမ်းသွားပါတယ်..။ ဒါပေမယ့် ဖရန့် နဲ့ သူ့အသင်းကို အချိန်ပေးဖို့ လိုအပ်ပါတယ်..။

ကလော့ပ် ဆိုရင်လည်း သူ့ရဲ့အသင်းကို ပုံစံတကျဖြစ်ဖို့ ဘောလုံးရာသီနှစ်ခုလောက် စောင့်ခဲ့ရတာပဲလေ..၊ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ပုံစံ၊ ကစားဟန်ကို အသင်းသားတွေ ကောင်းကောင်းနားလည်လာအောင် အချိန်ပေးရတာပါပဲ..၊ အခုနှစ်ပိုင်းကျမှ ဆုဖလားတွေ ရရှိလာတာပါ..။ ဒ့ါကြောင့်ဖရန့် တို့အနေနဲ့ ခရီးရှည်တစ်ခုကို ဖြတ်သန်းရမယ်..၊ ခက်ခဲတဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့ရပါလိမ့်မယ်..၊ နောက်ဆုံးမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်မှာပါ...။ အချိန်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်ထပ်ပြီး ပြောချင်ပါတယ်..။



ဂျေမီ ကာရေဂါ - ဖရန့် နဲ့ ပတ်သက်တဲ့ ပြသနာတစ်ခုက သူကထိပ်တန်းမန်နေဂျာတွေရဲ့ ကြိုး၀ိုင်းမှာ လူသစ်တစ်ယောက် ဖြစ်နေတာပါ..။ မနှစ်ကဘောလုံးမှာ ချယ်လ်ဆီးအသင်းကို ဒါဘီကနေ ရောက်လာပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ်…။ ဒါပေမယ့် ဒီနှစ်က မနှစ်ကနဲ့ မတူတော့ပါဘူး..။ ပြောင်းလဲသွားပါပြီ..၊ တကယ်တော့ အဲဒီလို လျှင်မြန်တဲ့ ပြောင်းလဲမှုတွေကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ခက်ခဲပါတယ်..။ ကစားသမားတွေ အများကြီးရောက်လာတယ်..၊ အဲဒီကစားသမားတွေ အားလုံးနဲ့အဆင်ပြေမယ့် ကစားကွက်၊ ကစားဟန်တစ်ခုကို ရှာဖွေရပါဦးမယ်..။ ဒ့ါကြောင့်လည်း ဒီနေ့ပွဲပထမပိုင်းမှာ ခံစစ်ကိုအသားပေးပြီး ထိန်းကစားသွားခဲ့တာ ဖြစ်ပါလိမ့်မယ်..။ လီဗာပူးလ်အသင်းဟာ ခြေစွမ်းအသာစီးရတယ်ဆိုပေမယ့် ပထမပိုင်းတစ်ပိုင်းလုံး ထိရောက်တဲ့အခွင့်အရေး မရခဲ့ပါဘူး..။ ဒါဟာ တိုးတက်လာတဲ့အချက်လို့ ပြောရမှာပါ..။

ဖရန့် ဟာ မနှစ်က ဘောလုံးရာသီမှာ ၄- ၃- ၃ ကို အများဆုံးကစားခဲ့ပေမယ့် ဟိုဆေး မော်ရင်ဟို၊ ပက်ပ် ဂွာဒီယိုလာ တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာ ‘3 at the back’ ကစားဟန်ကို ပြောင်းလဲကစားခဲ့ပါတယ်..၊ အနိုင်လည်းရခဲ့ပါတယ်..။ ဒါဟာနည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေပါ..။ ဒါပေမယ့် တစ်ခုရှိတာက ‘ကိုင် ဟားဗာ့ဇ်’ နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဖရန့် ဟာ ဘရိုက်တန် အသင်းနဲ့ပွဲမှာ ၄- ၂- ၃- ၁ ကစားကွက်နဲ့ ခင်းကျင်းတယ်..၊ ဟားဗာ့ဇ် ကို ညာတောင်ပံမှာ ကစားစေခဲ့ပါတယ်..။ ဒီနေ့ပွဲမှာတော့ ဟားဗာ့ဇ် ဟာ ‘False 9’ ကစားခဲ့ပါတယ်..။ ဟားဗာ့ဇ် ဟာ ပင်ကိုယ်အရည်အသွေး ထူးချွန်တဲ့ ကစားသမားဆိုတာ သံသယရှိစရာ မလိုပါဘူး..။ ဒါပေမယ့် ဖရန့် အနေနဲ့ ဟားဗာ့ဇ် တို့လို ကစားသမားတွေကို သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းရရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာ သေသေချာချာ စဥ်းစားဖို့ လိုအပ်နေပါပြီ..။ ဘယ်နေရာဟာ သူနဲ့အသင့်တော်ဆုံး ဖြစ်မလဲ..? အထူးသဖြင့် သူနဲ့လည်းကိုက်ညီမှု ရှိရမှာဖြစ်သလို အသင်းရဲ့ကစားပုံနဲ့လည်း ကိုက်ညီမှုရှိဖို့ လိုအပ်ပါလိမ့်မယ်..



ဂျေမီ ရက်ဒ်နပ် - အချိန်ပေးရမှာပေ့ါဗျာ..။ သူဟာအခုမှ အင်္ဂလန်ကို ရောက်လာတဲ့ လူငယ်လေးတစ်ယောက်ပါ..။ အသင်းနဲ့ကောင်းကောင်း လေ့ကျင့်ရတာမှ ငါးရက်လောက်ပဲ ရှိပါသေးတယ်..။ ဘရိုက်တန်နဲ့ပွဲမှာ ချက်ချင်း၀င်ပြီး ကစားရတယ်..၊ ဒီနေ့ပွဲမှာလည်း ပထမပိုင်းမှာ ကစားရခဲ့ပါတယ်..။ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ မှန်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ပုံစံက အထောင်တိုက်စစ်မှူး (striker) အနေနဲ့ သင့်တော်လိမ့်မယ်လို့ ကျွန်တော်မထင်မိဘူးဗျ..။ ဘယ်နေရာဟာ သူနဲ့အသင့်တော်ဆုံးဖြစ်မလဲ သိရဖို့ အချိန်ပေးရပါလိမ့်မယ်.။ ဒ့ါကြောင့်ကျွန်တော်တို့အနေနဲ့ ကစားသမားတစ်ယောက်ကို အကဲဖြတ်တဲ့နေရာမှာ အရမ်းကိုဂရုစိုက်ဖို့ လိုပါလိမ့်မယ်..

ဂျေမီ ကာရေဂါ - ဒါဆိုခင်ဗျားဆိုရင် သူ့ကိုဘယ်နေရာမှာထားပြီး ကစားမလဲ..?
ဂျေမီ ရက်ဒ်နပ် - အချိန်ပေးရမယ်လေဗျာ.. ဘာဖြစ်လို့လည်းဆိုတော့ မကြာခင်မှာ ဇိုင်းယက်ခ်ျ လည်း ပြန်လာမယ်..၊ ပူလီဆစ် လည်း ပြန်လာတော့မယ်..၊ ဒါဆိုရင် သူဟာ ‘No. 10’ နေရာကို မေဆန် မောင့် နဲ့အတူ ယှဥ်ပြိုင်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့အခင်းအကျင်းမှာ ကွင်းလယ်သုံးယောက်စလုံးက အကြမ်းထည် (craft) ပုံစံပေါက်နေတယ်ဗျ..။ တိုက်စစ်၊ ခံစစ်တွေနဲ့ လိုက်ဖက်ညီအောင် ချိတ်ဆက်ပေးတဲ့အပိုင်းမှာ အားနည်းပါတယ်..။ သုံးယောက်စလုံးဟာ ကစားပုံ တူညီနေသလို ဖြစ်နေပြီး တိုက်စစ်ကိုအများဆုံး လိုက်ပါတဲ့ကစားသမားက ‘ကန်တေး’ ဖြစ်နေပါတယ်..။ တကယ်တော့ အဲဒါဟာ ကန်တေး ရဲ့ အလုပ်မဟုတ်ဘူးဗျ..။ ကန်တေး ဆိုတာ ပြိုင်ဘက်အသင်းရဲ့ ကစားကွက်ကို ဖျက်တောက်ဖို့၊ ကစားကွက်ဖန်တီးတာ ပေးပို့တာကို တခြားကစားသမားတွေ ပြုလုပ်နိုင်အောင် ကူညီပေးမယ့်သူပဲ ဖြစ်သင့်တာပါ..။

ဟားဗာ့ဇ် အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် သူဟာ ‘No.10’ နေရာအတွက် ကြေးကြီးပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်အသင်းနဲ့ နှစ်မိနစ်လောက်ပဲ ပူးပေါင်းရသေးတဲ့ ကစားသမားတစ်ယောက်ကို ‘ကောင်း၏၊ မကောင်း၏’ သုံးသပ်ရမယ့်အချိန် မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်..။



ဂျေမီ ကာရေဂါ - မဟုတ်ပါဘူး..၊ ကျွန်တော်ပြောချင်တာကလည်း ဖရန့် ဟာ ကစားသမားသစ်တွေကို အသင်းက လူဟောင်းတွေနဲ့ နေသားတကျ ဖြစ်လာအောင် ကြိုးစားရဦးမယ် ဆိုတာရယ်..၊ ဟားဗာ့ဇ် ဆိုရင် နှစ်ပွဲမှာ နှစ်နေရာ ကစားခဲ့ရတာကို ပြောချင်တာပါ..၊ သူ့ရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး ပြောစရာအကြောင်း မရှိသေးပါဘူး..။ ဒါပေမယ့် ဖရန့် အနေနဲ့ အသင်းကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာ သူ့ရဲ့ပုံသေ ကစားကွက် တစ်ခုတည်းမှာ ကိုက်ညီအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ စဥ်းစားရပါတော့မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပါတ်လာရင် ကစားကွက်အခင်းအကျင်း၊ လူစာရင်းတစ်ခုနဲ့ တစ်ပွဲကိုတစ်မျိုး ပွဲထွက်နေလို့ မရဘူးလေ..။

ခုနက ဂျေမီ ပြောတာလည်း ဖြစ်နိုင်ပါတယ်..။ ဖရန့် ဟာ ဒီနှစ်မှာ ၄- ၂- ၃- ၁ ပုံစံအခင်းအကျင်းကို အများဆုံးသုံးစွဲမှာမလို့ ဟားဗာ့ဇ် ကို ‘No.10’ နေရာအတွက် ခေါ်ယူခဲ့တာလည်း ဖြစ်နိုင်မှာပါ..။ ဒါပေမယ့် ပြီးသွားတဲ့အခုနှစ်ပွဲစလုံးမှာ ဖရန့် ရဲ့ ကစားကွက်၊ နည်းဗျူဟာ အခင်းအကျင်းဟာ မနှစ်ကနဲ့ မတူဘူးဗျ…။ အမြဲတမ်း အသစ်ကနေ ပြန်စသလိုပဲ လုပ်နေတော့မှာလား..? မေးစရာရှိပါတယ်..။ အခုလို ကစားသမားတွေကလည်း အများကြီး၊ ကစားကွက်နည်းဗျူဟာ အခင်းအကျင်းကလည်း အများကြီးဆိုရင် ရေရှည်မှာ မလွယ်နိုင်ဘူးလို့ ပြောချင်တာပါ..။



ဂျေမီ ရက်ဒ်နပ် - ဖရန့် ဟာ ဟားဗာ့ဇ် ကို ‘No.10’ နေရာ အများဆုံးကစားသွားမှာပါ..။ ဒါပေမယ့်ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အကြီးမားဆုံး အမြတ်ထွက်သွားတာက ‘တီမို ဗာနာ’ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နှစ်ပွဲက သူ့ရဲ့ခြေစွမ်းဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။

ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် ဟားဗာ့ဇ် ကရော.. ဗာနာ လို အနေအထားကို ဘယ်အချိန်မှာ ဖြစ်လာနိုင်မလဲ..?

အက်ရှ်လေ ကိုးလ် - ပြီးခဲ့တဲ့ငါးမိနစ်လောက်က ပြောခဲ့တဲ့စကားကိုပဲ ပြန်ပြောရမှာပါပဲ..။ သူဟာ အင်္ဂလန်ကိုရောက်တာ ငါးရက်၊ ခြောက်ရက်ပဲ ရှိပါသေးတယ်..၊ ကျွန်တော်တို့က သူ့ကိုလေဗာကူဆင် အသင်းကခြေစွမ်းမျိုးကို ချက်ချင်းမြင်တွေ့ချင်ကြပါတယ်..။ ကျွန်တော်ကတော့ အဲဒီလိုမဖြစ်နိုင်ဘူးလို့ မြင်တာပဲဗျ..။ သူ့အနေနဲ့ အသင်းသစ်မှာ အံ၀င်ဂွင်ကျဖြစ်အောင် အချိန်ယူရမယ်..၊ အသင်းသားသစ်တွေနဲ့ သဟာဇာတဖြစ်အောင် အချိန်ပေးရဦးမယ်..၊ ဖရန့် လမ်းပတ် ရဲ့ ကစားကွက် အယူအဆ (philosophy) တွေနဲ့ အသားကျအောင် အချိန်ပေးဖို့ လိုကောင်းလိုအပ်ပါလိမ့်မယ်..။ ဒါပေမယ့် မကြာခင်မှာ သူဟာချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်..။



ဒါပေမယ့် ဘယ်နေရာဟာ သူနဲ့အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဖရန့် တို့အနေနဲ့ အမြန်ဆုံးရှာဖွေရမယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်..။ မနှစ်ကလည်း အခုအချိန်လောက်တုန်းက ပူလီဆစ် ကို ဘယ်လိုအသုံးချသင့်တယ်..၊ ဘယ်လိုနေရာဟာ သူနဲ့သင့်တော်မလဲ.. စသဖြင့် ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာပါပဲ..။ ဒ့ါကြောင့် ဟားဗာ့ဇ် ကို ‘No.10’ နေရာမှာ ကစားမယ်ဆိုရင် တခြားတစ်ယောက်ယောက်ကို ဖယ်ရမလား..? ဒါလည်းစဥ်းစားသင့်တာပါပဲ..။ ကိုဗာဆစ်..၊ ဂျော်ဂင်ဟို… ဒါမှမဟုတ် ကန်တေး. ဖြစ်ဖြစ်ပေါ့ဗျာ…

ဒေးဗစ် ဂျုံးစ် - အသင်းကနေပါ ဖယ်ဖြစ်ရမှာလား…?
အက်ရှ်လေ ကိုးလ် - ဒါတော့မပြောတတ်ဘူးလေဗျာ..။ ကိုင် ဟားဗာ့ဇ် ကို ‘No.10’ နေရာမှာထားပြီး ကစားမယ်ဆိုရင် ဒီနေ့ပွဲမှာ ကွင်းလယ်သုံးယောက်ထဲက တစ်ယောက်ယောက်က ဖယ်ပေးရမှာပဲ..။ အသင်းကနေ အပြီးထွက်ပေးရမလား..? ဘယ်လိုပုံစံ ဖယ်ပေးရမလဲ.. အဲဒါတော့ မစဥ်းစားတတ်တော့ဘူး… ဟားဟား..