feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ဝက်စ်ဘရွန်း Vs ချယ်လ်ဆီး)

စနေနေ့ညက ဝက်စ်ဘရွန်း အသင်း၏ The Hawthorns ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဘရွန်းအသင်းတို့ တစ်ဘက်သုံးဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ခံစစ်ပိုင်းအားနည်းချက်များနှင့် ရှေ့အလားအလာအပေါ် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် နှင့် မန်ချက်စတာ စီးတီးအသင်း ကွင်းလယ်ကစားသမားဟောင်း ဂါရတ် ဘယ်ရီ တို့က Sky Sports ရုပ်သံ အစီအစဉ် မှ တင်ဆက်သော ‘Saturday Night Football’ အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။

ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ အရှုံးရလဒ်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်..။ ယေဘူယျအားဖြင့် သုံးမှတ်ဆုံးမယ့်အနေအထားကနေ တစ်မှတ်ရခဲ့တယ်ဆိုတာ ကျေနပ်စရာလို့ ပြောရမှာ ဖြစ်သလို ဝက်စ်ဘရွန်းအတွက်ကလည်း ချယ်လ်ဆီးလို အသင်းဆီက တစ်မှတ်ရနိုင်ခဲ့အပေါ် ကျေနပ်သင့်တယ်လို့ ယူဆစရာ ရှိပါတယ်..။ ဒါပေမယ့် တကယ်က အဲဒီလိုမဟုတ်ခဲ့ပါဘူး.. ဟုတ်တယ်မလား… ဂါရတ် ရေ..

ဂါရတ် ဘယ်ရီ - ဝက်စ်ဘရွန်းအသင်းဘက်ကနေ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အနေအထားအရ ဒီပွဲမှာတစ်မှတ်ရခဲ့ရင်လည်း ကျေနပ်သင့်တယ်လို့ ပွဲစကတည်းက ပြောခဲ့ပါတယ်..။ အခုလို သုံးဂိုးအသာရနေတဲ့ အခြေအနေကနေ နှစ်မှတ်ပြန်ပြီး လက်လွှတ်ခဲ့ရတာကြောင့် သူတို့ဟာ ရှုံးပွဲတစ်ခုလို ခံစားရမှာဖြစ်ပြီး အဝတ်လဲခန်းထဲမှာလည်း အရမ်းကို တိတ်တိတ်ဆိပ်ဆိပ် ရှိနေပါလိမ့်မယ်..။ ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီး တစ်သင်းကို သုံးဂိုးအသာနဲ့ ဦးဆောင်နေနိုင်ခဲ့တာကို ပြန်တွေးကြည့်မယ်ဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ် အသင်းတွေနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခု ရလာနိုင်ပါတယ်..။

သူတို့အသင်းရဲ့ ဒုတိယပိုင်းကစားပုံကတော့ လက်နက်ချ အရှုံးပေးလိုက်တဲ့ပုံစံ ဖြစ်နေပြီး ဂိုးသမား ဆမ် ဂျွန်စတုံး ဟာ ကာကွယ်မှုတွေ အများကြီး ပြုလုပ်ခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းကလည်း ရတဲ့အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်..။



ကယ်လီ ကိတ် - ဂျေမီ ရေ… ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ကစားပုံ နည်းနည်းတော့ တိုးတက်လာတယ် မဟုတ်လားရှင့်..။ အထူးသဖြင့် မေဆန် မောင့် ရဲ့ ပထမဂိုးကို စောစောစီးစီး ရခဲ့တာဟာ အရေးပါခဲ့တယ်လို့ ထင်ပါတယ်..

ဂျေမီ ရက်ဒ်နပ် - သိပ်မှန်တာပေါ့..။ ဒီနေ့ပွဲရလဒ်အပေါ် တစ်ခွန်းတည်းနဲ့ ပြောရမယ်ဆိုရင် သူတို့ဟာ အပြောင်းအရွှေ့ရာသီမှာ ငွေကြေးအများကြီး သုံးစွဲထားပေမယ့် အကယ်ဒမီ ကစားသမား သုံးယောက်ကပဲ အသင်းကို ဒုက္ခတောနက်ထဲက ကယ်တင်လိုက်ရတဲ့ပုံစံ ဖြစ်နေခဲ့ပါတယ်..။ ဒါ့ကြောင့်တစ်ခါတစ်လေကျ မိုးထဲရေထဲမှာ အသင်းကို ဦးဆောင်ပေးနိုင်မယ့်သူ လိုအပ်တယ်လို့ ပြောချင်ပါတယ်..။ ဒုတိယပိုင်း (၅၅) မိနစ်လောက်မှာပဲ မေဆန် မောင့် ဟာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွဲတား ပေးပို့တဲ့ဘောလုံးကို တစ်ချက်ထုတ်ပြီး ဘယ်ဘက်ကိုဖြတ်ကန်လိုက်ပါတယ်..။

ဂိုးဝင်ဝင်ချင်းတုန်းက လူထိပြီးလမ်းကြောင်းပြောင်းသွားတယ်လို့ ထင်ခဲ့တာဗျ…။ ဒါပေမယ့် အနှေးပြကွက်မှာ သေချာပြန်ကြည့်တော့မှ မေဆန် ဟာ ဘောလုံးမငြိမ်ခင် ဖြတ်ကန်လိုက်တာကြောင့် ဘောလုံးဟာဝေ့ဝှိုက်ပြီး လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်..။ ဂိုးသမားတွေအတွက် ကာကွယ်နိုင်ဖို့ သိပ်ကိုခက်ခဲတဲ့ကန်ချက်ပါ..။ အဲဒီလိုပွဲကို ပွဲကိုအလှည့်အပြောင်း ပြုလုပ်ပေးနိုင်မယ့် ကစားသမား လိုအပ်တာပေါ့ဗျာ..။ ၃ဂိုး- ၁ဂိုး ဖြစ်နေချိန်မှာ ရလဒ်ကို ပြန်လှန်နိုင်မလား..? မျှော်လင့်ချက် ရှိလာခဲ့တယ်..၊ သိပ်မကြာခင်မှာပဲ ‘3 back system’ ကို ပြောင်းလဲလိုက်ပါတယ်..။ ဒါပေမယ့် သိပ်ပြီးမလုပ်မဖြစ်လှပါဘူး..။

အသင်းမှာရှိသင့်တဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့အချိန်ဆိုလို့ ဟတ်ဒ်ဆန် အိုဒွိုင်း ဒုတိယဂိုးသွင်းလိုက်တဲ့ အချိန်ခဏလေးမှာပဲ တွေ့လိုက်ရပါတယ်.။ တကယ့်ကို ကောင်းမွန်တဲ့ တွဲလုံးလေးတွေနဲ့ ရယူသွားနိုင်ခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။ ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ဘယ်တောင်ပံမှာ သူနဲ့သင့်တော်တယ်လို့ မထင်မိဘူးလား..? ဂါရတ် ရေ..



ဂါရတ် ဘယ်ရီ - ဟုတ်ပါတယ်..။ ဘောလုံးနဲ့အတူ ဂိုးဧရိယာထဲကို ထိုးဖောက်လာပြီး ဟာဗာ့ဇ် နဲ့ ဝမ်းတူးရိုက်ပြီး ထိုးဖောက်သွားခဲ့တဲ့ တွဲလုံးမျိုးကို တားဆီးနိုင်ဖို့ ခက်ပါတယ်..။ သူ့ရဲ့အဆုံးသတ်ကန်ချက်ကလည်း အတော်လေးကို လှပ၊ သေသပ်ပါတယ်..။

ကယ်လီ ကိတ် - ဖရန့် လမ်းပတ် ရဲ့ လူစားလဲမှုတွေကြောင့် အပြောင်းအလဲ ဖြစ်သွားတာလား..? ဒုတိယပိုင်းအစမှာ သူဟာကစားသမားနှစ်ယောက် ပြောင်းလဲခဲ့ပါတယ်..။ ပထမပိုင်းအပြီး ဘယ်သူ့ကိုမဆို သူလဲပစ်နိုင်တယ်လို့ ရှင်ပြောခဲ့သေးတယ်မလား..? ဂျေမီ..

ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..၊ ဒါပေမယ့် အဲဒီလူစားလဲမှုတွေကြောင့် ကစားပုံ ပြောင်းလဲသွားလား..? တိုးတက်လာလား..? ပြောရတာခက်ပါတယ်..။ အက်ဇ်ပီလီကွဲတား ကို ဘယ်နောက်ခံလူအဖြစ် လူစားလဲခဲ့တယ်ပေါ့..၊ ပြသနာက သူဟာညာသန်ကစားသမား ဖြစ်နေတော့ ဘေးစည်းတောင်ပံတစ်လျှောက် ဆွဲလာတိုင်း အတွင်းကိုပြန်ချိုးနေရပါတယ်..။ အဲဒါဟာ အမြဲတမ်းအတွက် အဆင်မပြေလှဘူးဗျ..။ နောက်တော့ ‘3 back system’ ပြောင်းလိုက်တဲ့အချိန် အက်ဇ်ပီလီကွဲတား ကို ဗဟိုခံစစ်ပြန်ပြောင်းပြီး ဟတ်ဒ်ဆန် အိုဒွိုင်း ကို ဘယ်တောင်ပံ တစ်လျှောက် အတက်အဆင်း ကစားစေခဲ့ပါတယ်..။ ဒါလည်းသိပ်ပြီး အလုပ်ဖြစ်လှတာ မဟုတ်ပါဘူး..။

သူ့ရဲ့လူစားဝင်လာတဲ့ ကစားသမားတိုင်းဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတွေပါ..။ ဒါပေမယ့် တစ်သင်းလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ညက်ညောတဲ့၊ ထိရောက်တဲ့ ကစားကွက်တစ်ခု မြင်နိုင်ဖို့ အချိန်ယူရဦးမယ့်ပုံစံပါပဲ..။ ဖရန့် အနေနဲ့ အသင်းသားတွေနဲ့ အဆင်ပြေဆုံးဖြစ်မယ့် ကစားကွက်ပုံစံတစ်ခု ရရှိအောင် ညှိနှိုင်းဖို့လိုနေတဲ့အထဲ ကစားသမားတွေက မူလတန်းကျောင်းသားတွေလို အမှားတွေ ကျူးလွန်နေဆဲ ဖြစ်ပါတယ်..။ သူတို့လို ကစားသမားတွေ အနေနဲ့ အဲဒီလိုလုပ်ကြလိမ့်မယ်လို့ ဘယ်သူမှက ထင်မိကြမှာ မဟုတ်ပါဘူး..။

ဒါပေမယ့် သူတို့ကံကောင်းပါတယ်..၊ အရမ်းကိုကံကောင်းတယ်ဗျ..။ တကယ်တမ်း သူတို့အသင်းရဲ့ ဒီနေ့ကစားပုံဟာ ရှိသင့်တဲ့အနေအထားတစ်ခုကို မရောက်ခဲ့ပါဘူး..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ နောက်ရက်အသင်းအစည်းအဝေးမှာ ‘ငါတို့တွေ ကံကောင်းလို့ တစ်မှတ်ရခဲ့တယ်..’ ဆိုတဲ့ စကားကို သေချာပေါက် ပြောဖြစ်မှာပါ..။ တစ်မှတ်ရခဲ့တာ တကယ့်ကို ကံကောင်းလို့ပါ..။



ကယ်လီ ကိတ် - ဟုတ်ပါတယ်..။ သူတို့ဟာ သရေတစ်မှတ်ကို တကယ့်ပွဲပြီးခါနီးအချိန်ကျမှ ရရှိခဲ့ပါတယ်..။ (၉၃) မိနစ်ရောက်မှ တန်မီ အေဘရာဟမ် သွင်းယူခဲ့တဲ့ဂိုးအပေါ် ပြန်လည်သုံးသပ်ပေးပါဦးလား… ဂါရတ် ရေ..

ဂါရတ် ဘယ်ရီ - ပွဲချိန်နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့တဲ့အတွက် ချယ်လ်ဆီးကစားသမားတွေနဲ့ ထိုက်တန်တယ်လို့ ပြောရမှာပါ...။ ညာတောင်ပံက ဟတ်ဒ်ဆန် အိုဒွိုင်း ခုတ်တင်ပေးတဲ့ ဘောလုံးဟာ လူတွေနဲ့ထိပြီး ပြန်ထွက်လာတယ်..၊ ဝက်စ်ဘရွန်းအသင်းက ရော့ဘ်ဆန် ကာနူး က ကောင်းကောင်းရှင်းမထုတ်ခဲ့တာလည်း ပါပါတယ်..။ ပြန်ထွက်လာတဲ့ ဘောလုံးကို မေဆန် မောင့် ရဲ့ ပိတ်သွင်းချက် ကောင်းမွန်ပါတယ်...။ ဂိုးသမား ဆမ် ဂျွန်စတုံး အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်လိုက်ပါလာတဲ့ တန်မီ အေဘရာဟမ် က ဂိုးသမားပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို အသာအယာ ပိတ်သွင်းခဲ့ပါတယ်..။

ကယ်လီ ကိတ် - ဟတ်ဒ်ဆန် အိုဒွိုင်း ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ကိုင် ဟားဗာ့ဇ် ခေါင်းတိုက်ဖို့ ကြိုးစားတဲ့နေရာမှာ လက်ထိဘော (hand ball) ဖြစ်ခဲ့သေးလားရှင့်..။ အခုပြောင်းလဲသွားတဲ့ စည်းမျဉ်းအရဆိုရင် တိုက်စစ်ကစားသမားတွေ မတော်မဆ လက်ထိဘော (accidental handball) ဖြစ်ခဲ့တယ် ဆိုပါက ဘောလုံးဟာ လက်နဲ့ထိမိပြီး ခပ်ဝေးဝေးကို ရောက်မသွားခဲ့ဘူး..(no significant movement)၊ နောက်ပြီးဂိုးမဝင်သွားခင်အထိ ကြားထဲမှာ ပေးပို့တွေအများကြီး (several passes) ဆက်ပြီးရှိမနေခဲ့ဘူးဆိုရင် ဂိုးအဖြစ်ခွင့်ပြုတာကို ပြန်လည်မပယ်ဖျက်ဘူးလို့ ဆိုပါတယ်ရှင့်…၊ အဲဒါကြောင့်များ ကိုင် ဟားဗာ့ဇ် လက်နဲ့ထိခဲ့ပေမယ့် ဂိုးကိုခွင့်ပြုပေးခဲ့ပေးတာလား…



ဂျေမီ ရက်ဒ်နပ် - အခုပြောင်းလဲလိုက်တဲ့ hand ball စည်းမျဉ်းသစ်ကို ကျွန်တော်မကြိုက်ပါဘူး..။ ဒီလောက်ပဲ ပြောပါဦးမယ်..။ ဝက်စ်ဘရွန်းအသင်း ပရိသတ်တွေအနေနဲ့ အခုဆုံးဖြတ်ချက်ကို ဘယ်လိုမှနားလည်ကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ပြန်ကျလာတဲ့ ဘောလုံးကို ရော့ဘ်ဆန် ကာနူး က ရှင်းပစ်ဖို့ အခွင့်အရေးရခဲ့ပါတယ်..။ ဟားဗာ့ဇ် ရဲ့ လက်နဲ့ထိခဲ့တာ မြင်ခဲ့တယ်ဆိုရင်တောင်မှ သူ့ရှေ့ကို ကျလာတဲ့ဘောလုံးကို ဘယ်ရောက်ရောက် အားကုန်ကန်ထုတ်လိုက်ရင် ရနေခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ရှင်းထုတ်ချက်က ကိုယ့်ဂိုးဧရိယာထဲပဲ ပြန်ရောက်တယ်..။ မေဆန် မောင့် ရဲ့ တုံ့ပြန်မှု အရမ်းကောင်းသလို တန်မီ အေဘရာဟမ် ကလည်း အသင့်ရှိနေပါတယ်..။ ဒါဟာတိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ လက္ခဏာလို့ ပြောနိုင်ပါတယ်..။ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းကို အကယ်ဒမီထွက် လူငယ်ကစားသမားတွေ ကယ်တင်သွားခဲ့တာပါ..။

ဂါရတ် ဘယ်ရီ - ကိုင် ဟားဗာ့ဇ် လက်နဲ့ထိခဲ့ပေမယ့် ဂိုးပေးခဲ့တဲ့အပေါ် ဝက်စ်ဘရွန်းအသင်း ပရိသတ်တွေ အတော်လေးစိတ်ပျက်ကြပါလိမ့်မယ်..။ နောက်တန်းလူတွေ လက်နဲ့ထိမိရင်တော့ ပင်နယ်တီ တန်းပြီးပေးတာကိုး..။ အပြန်အလှန်အနေနဲ့ တိုက်စစ်မှူးတွေ လက်ထိတော့ ဘာလို့ဂိုးပေးတာလဲလို့ မေးမယ်ဆိုရင် မေးစရာရှိပါတယ်..။ အတော်လေး နားလည်ရခက်တဲ့ စည်းမျဉ်းတစ်ခုလို့ ထင်တာပဲဗျ..။ နောက်ပိုင်းမှာလည်း ပြသနာတွေဆက်ပြီး တက်ပါလိမ့်ဦးမယ်..။ မနှစ်တုန်းကကျတော့ မတော်တဆ လက်ထိဘောတွေကို ဂိုးမပေးခဲ့လို့ စောဒကတွေ တက်ခဲ့ကြသေးတာ မှတ်မိလိုက်ပါသေးတယ်..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ.. ပွဲအပြီးသတင်းထောက်တွေနဲ့ ပြောတဲ့အချိန်မှာ ဖရန့် လမ်းပတ် ကလည်း အသင်းရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိတဲ့အကြောင်း ပြောသွားခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ကစားသမားတွေကို ကာကွယ်ပေးသွားခဲ့ပြီး ဝက်စ်ဘရွန်းအသင်းဟာ ဂိုးပေါက်ကန်သွင်းခွင့် သုံးကြိမ်ကနေ သုံးဂိုးရသွားတယ်လို့ ပြောသွားခဲ့ပါတယ်..။ သူ့အနေနဲ့ အမှားတွေကို သိရှိတယ်..၊ ပြင်ဆင်ရဦးမယ်ဆိုတာ လက်ခံသွားပါတယ်..။ ဒါ့ကြောင့်ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ.. သုံးသပ်ပေးနိုင်မလား.. ဂျေမီ ရေ..

ဂျေမီ ရက်ဒ်နပ် - သူကရိုးရိုးသားသားပဲ ပြောသွားတာပါ..။ မားကို့စ် အလွန်ဆို နဲ့ ပတ်သက်လို့ဆိုရင် ပထမဂိုးမှာ သူ့ရဲ့ခေါင်းတိုက်ပေးပို့ချက် အမှားကနေ ပေးလိုက်ရသလို တတိယဂိုးမှာလည်း တည်ကန်ဘောမှာ လူမကပ်ပဲ ရပ်ကြည့်နေခဲ့ပါတယ်..။ ဒါ့ကြောင့်ဖရန့် ဟာ သူ့ရဲ့လူတွေအကြောင်း အတော်လေးသိနေလောက်ပါပြီ..။ ဒီထက်ပိုပြီး တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြပြီး ဖြစ်မှာပါ..။ ဘယ်တောင်ပံ ခံစစ်မှာ ချီးဝဲလ် ပြန်လည်ကစားနိုင်တဲ့အချိန်ကျရင် ပထမဦးစားပေး နေရာရရှိပါလိမ့်မယ်..။ ဒါဟာရှင်းရှင်းလင်းလင်း မြင်နေရတဲ့ ဖြစ်လာနိုင်မယ့် အနာဂတ်ပါ..။ နောက်ပြီးအသင်းတစ်သင်းလုံး တိုက်စစ်ကို အလွန်အကျွံ လိုက်ပါခိုင်းနေတာကို ပြုပြင်လိမ့်မယ်လို့ ထင်ပါတယ်..။



ဆေးလ်ဗား.. ဒီနေ့ပွဲဟာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ပါ..။ သူဟာထူးချွန်တဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်နောက်ပိုင်းမှာ အသင်းအတွက် အများကြီးအကျိုးဖြစ်လာမယ့် ကစားသမားလို့ ကျွန်တော်ယုံကြည်ပါတယ်..။ ဂိုးသမား နေရာမှာလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်..။ အဲဒီအချက်တွေအပြင် အဆိုးဆုံးက သူ့ရဲ့ကစားသမားတွေဟာ အခြေခံအမှားတွေ..၊ အတော်လေးကို ဆိုးရွားတဲ့အမှားတွေကို အမြဲတမ်းလိုလို ကျူးလွန်နေကြတာပါပဲ..။ ဘောလုံးပေးပို့တဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ မရှိကြဘူးဗျ..။ အဲဒီအချက်တွေက သူတို့ကိုဒုက္ခပေးသွားတာပါ..

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ.. ဒီနေ့ပွဲမှာတော့ ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရဲ့အခုနှစ် ဘောလုံးရာသီအတွက် ပထမဆုံးတစ်မှတ်ကို ရရှိသွားပါပြီ..။ ဒါပေမယ့်နှစ်သင်းစလုံးဟာ တိုးတက်ဖို့ လိုအပ်နေသေးတဲ့အချက်တွေ များပြားနေခဲ့တာကြောင့် အခုရလဒ်အပေါ် ကျေနပ်ကြနေလိမ့်မယ်လို့ မထင်မိတဲ့အကြောင်း ပြောကြားရင်း နှုတ်ဆက်ပါတယ်..။ နောက်တစ်ပါတ်မှာ ပြန်ဆုံကြတာပေါ့..