မနေ့ကတော့တင်ဟမ် အသင်း၏ Tottenham Hotspurs ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် တော့တင်ဟမ်အသင်းတို့၏ Carabao ဖလားပြိုင်ပွဲ၊ စတုတ္ထအဆင့် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ခံစစ်ပိုင်းအားနည်းချက်များနှင့် ပွဲစဉ်အတွင်းမှ အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် နှင့် တော့တင်ဟမ်အသင်းနှင့် ချာလ်ဆန်အသင်း တိုက်စစ်မှူးဟောင်း ဒါဘန် ဘန့် တို့က Sky Sports ရုပ်သံ အစီအစဉ်မှ တင်ဆက်မှုသည့် သုံးသပ်ချက်အစီအစဉ်တွင် ယခုလိုဆွေးနွေးသွားခဲ့သည်..။
ဟေလီ မက်ကွင်း - ဒီနေ့ပွဲမှာတော့ ကျွန်မတို့ဟာ တိကျတဲ့ ပင်နယ်တီကန်ချက် (၉) ကြိမ်ကို မြင့်တွေ့ခဲ့ရပြီး မေဆန် မောင့် ကန်သွင်းခဲ့တဲ့ နောက်ဆုံးပင်နယ်တီ ကန်ချက်ကပဲ ဂိုးတိုင်းအပြင်ဘက်နဲ့ ထိတွက်သွားခဲ့ပြီး လွဲချော်သွားခဲ့ပါတယ်..။ အဲဒီပင်နယ်တီလွဲချော်ခဲ့တာကြောင့် စပါးအသင်းဟာ အခုဆိုရင် Carabao ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ..။ အခုပထမဆုံး ပွဲစဉ်နဲ့ပတ်သက်တဲ့ အကြောင်းတွေ မပြောခင် ပင်နယ်တီကန်ချက်တွေနဲ့ စကြတာပေါ့… ဂျင်မီ ရေ… အခုပွဲမှာကန်သွားတဲ့ ပင်နယ်တီကန်ချက်တွေနဲ့ ပတ်သက်ပြီး ရှင့်အမြင်ကို ပြောပြပေးပါလား..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ပင်နယ်တီကန်ချက် (၁၀) လုံးစလုံးဟာ သိပ်ကိုကောင်းမွန်ခဲ့တဲ့ ကန်ချက်တွေ ဖြစ်ပါတယ်..။ ဂိုးသမားတွေအနေနဲ့ ပင်နယ်တီတွေ အများကြီးကန်သွင်းကြပြီဆိုရင် တစ်လုံးလုံးကတော့ သူတို့ကာကွယ်နိုင်တဲ့ ကန်ချက်တွေ ဖြစ်လာကြမယ်လို့ ယုံကြည်ထားကြပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကန်သွင်းသွားတဲ့သူတွေ အားလုံးဟာ ဂိုးသမားတွေအတွက် အခွင့်အရေးမပေးခဲ့ကြပါဘူး..။ ဟာရီ ကိန်း ရဲ့ကန်ချက်ပဲ နည်းနည်းပြောစရာ ရှိပါလိမ့်မယ်.. ဒီနေ့ပွဲမှာ သူဟာခါတိုင်းကန်နေကျ ဂိုးသမားရဲ့ ညာဘက်ကိုမကန်ပဲ တခြားဘက်ကို ပြောင်းလဲပြီး ကန်သွင်းခဲ့ပါတယ်..။ ဒါ့ကြောင့်ဂိုးသမား မန်ဒီ ဟာ ကိန်း ကန်နေကျ သူ့ရဲ့ညာဘက်ကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်..။ အဲဒီအတွက် ဟာရီ ကိန်း ကို ချီးကျူးပါတယ်..။
ဒါရန် ဘန့် - ပင်နယ်တီ ကန်သွင်းပြီဆိုရင် ဂိုးသမားမှန်းဆတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကိုပဲ ကန်သွင်းဖို့ ကြိုးစားကြတာ များပါတယ်..။ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းကြတဲ့နေရာမှာ ဂိုးသမားအများစုဟာ သူတို့ရဲ့ဘယ်ဘက်ကိုပဲ တောက်လျှောက် လဲချနေပြီး တစ်ယောက်ယောက်က အဲဒီဘက် ကန်လာမလား… မျှော်လင့်ခဲ့ကြလေ့ ရှိပါတယ်..။ ဒီနေ့ပွဲမှာ ကန်သွင်းခဲ့ကြတဲ့ ပင်နယ်တီကန်ချက်တွေ အကုန်လုံး ကောင်းမွန်ကြပါတယ်..။ မေဆန် မောင့် ရဲ့ ကန်ချက်တောင်မှ ဂိုးတိုင်အပြင်ဘက်ထိပြီး ထွက်သွားလို့ဗျ..၊ သူကန်တဲ့ပုံစံနဲ့ ထိချက်လည်း ကောင်းပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်းဗျ.. ခင်ဗျားပြောမှပဲ..၊ ဒီနေ့ကန်သွားတဲ့ ကန်ချက်တွေအားလုံး အရင်ကန်ချက်တွေမှာ ဂိုးမှဂိုးပါ့မလား.. ဆိုပြီး ကျွန်တော့်စိတ်ထဲ သံသယရှိနေခဲ့သေးတယ်..။ မေဆန် မောင့် ဘောလုံးတည်တယ်..၊ နေရာယူ.. ပြေးလာပြီး ကန်လိုက်တဲ့ပုံစံကိုကြည့်ပြီး သေချာပေါက်ဂိုးမှာပဲ ကျွန်တော် ခြွင်းချက်မရှိ ယုံကြည်ခဲ့သေးတာဗျ..။ ပြီးမှသာ လွဲချော်သွားတာ..
ဟေလီ မက်ကွင်း - ဒါဆိုရင် ဘယ်လိုဖြစ်သွားတာလဲရှင့်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အဲဒီလိုအချိန်တွေမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်..။ ဘယ်လိုမှ ကြိုတင်ပြီး မှန်းဆလို့မရပါဘူး..။ သေချာတာက သူဟာအဲဒီကန်ချက်ကို အာရုံစူးစိုက်မှု အပြည့်အဝနဲ့ ကန်သွင်းခဲ့တာပါ..။ ဂိုးတိုင်ရဲ့အပြင်ဘက်ကို ထိသွားခဲ့တာ… နည်းနည်းလေး မဆိုစလောက်လေးပဲ လွဲသွားခဲ့တာဗျ..။ ဒါမျိုးက ဖြစ်တတ်ပါတယ်..။ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အခုလိုအခိုက်အတန့်တွေကနေ သူအကောင်းဆုံး သင်ယူနိုင်ပါလိမ့်မယ်..။ တကယ့်ထိပ်တန်း ကစားသမားတွေအားလုံး ပင်နယ်တီကန်တာ လွဲဖူးကြတာပါပဲ..။ ဒါ့ကြောင့်သူ့အနေနဲ့ အခုဖြစ်ရပ်ကို ချန်ထားပြီး ဒီထက်ပို ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပါ.။
ဟေလီ မက်ကွင်း - အခုလိုပင်နယ်တီ အဆုံးအဖြတ်ကို ရောက်သွားရတဲ့ အဲရစ် လာမယ်လာ ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး..။ ဂျေမီ ရေ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အဲဒီချေပဂိုးက အတော်လေးကို ဆိုးရွားပါတယ်..။ အီမာဆန် ဟာ နောက်ပြန်ဆင်းပြီး ရက်ဂူလွန် ရဲ့ ဖြတ်တင်ဘောကို ရှင်းထုတ်ပေးနိုင်မယ့် အခွင့်အရေး ရခဲ့ပါတယ်.။ အခုအောက်က ပူးတွဲပုံ မှာဆိုရင် ရက်ဂူလွန် ဘယ်တောင်ပံက ဖြတ်တင်မယ့်အချိန် သူဟာ အဲရစ် လာမယ်လာ ရဲ့နောက်ကို ပြေးလိုက်ပြီး ကာကွယ်နိုင်ဖို့ အချိန်အများကြီးရခဲ့ပါတယ်..။ အန္တရာယ်ရှိနိုင်တာ ကြိုမြင်နိုင်တာပဲလေ..၊ အမြန်ဆုံးပြေးပြီး ရှေ့တန်းလူထက် အရင်ဦးနေအောင် ဆင်းလာရမှာပေါ့..။ ဇူးမား လည်း အဲဒီဘောလုံးကို ဖျက်နိုင်ခဲ့သင့်ပါတယ်..၊ ဒါပေမယ့် အီမာဆန် ရဲ့ ကာကွယ်ပုံ အတော်လေးကို အားနည်းပါတယ်..။
ချယ်လ်ဆီးအသင်းမှာ ပြသနာက အဲဒီလိုတစ်ဦးချင်းအမှားတွေ ပွဲတိုင်းလိုလို ထပ်ခါထပ်ခါ ကျူးလွန်နေကြတာ ဖြစ်ပါတယ်..။ တကယ်လို့ အဲဒီနေရာမှာ ချီးဝဲလ် ဆိုရင် သူဟာအမြန်ဆုံးပြေးဆင်းပြီး ကာကွယ်သွားနိုင်မှာပါ..။ သိပ်ကိုရိုးရှင်းမယ့် ဖျက်ထုတ်မှုပါဗျာ..။
ဟေလီ မက်ကွင်း - ချီးဝဲလ် ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း အခုအထိ ကစားခွင့် ကောင်းကောင်းမရရှိသေးပါဘူး..။ အခုလိုသူမပါနိုင်တဲ့ပွဲတိုင်း ဘယ်တောင်ပံ ခံစစ်အခြမ်းက အမှားတွေ ဒလဟော ဖြစ်နေတာ မထူးဆန်းနေဘူးလားရှင်..
ဒါရင် ဘန့် - ပြီးခဲ့တဲ့ပွဲစဉ်မှာပဲ အလွန်ဆို ဟာ အဲဒီဘယ်အခြမ်းမှာ ကစားခဲ့ပြီး အမှားနှစ်ကြိမ် ကျူးလွန်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာလည်း အဲဒီနေရာကပဲ နောက်တစ်ကြိမ် ထပ်မှားပြန်ပါတယ်..။ အရေးကြီးနေတဲ့အချိန်မှာ အီမာဆန် ဟာ ရှိသင့်တဲ့နေရာမှာ ရောက်မနေခဲ့ပါဘူး..။ အကျိုးဆက်က Carabao ဖလားပြိုင်ပွဲကနေ ထွက်ရတယ်ပေါ့ဗျာ..။ ဒါ့ကြောင့်ဒီနှစ်ဘောလုံးရာသီမှာ ချီးဝဲလ် ကို ခေါ်ယူခဲ့ခြင်းဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို တန်ဖိုးကြီးမားလှတဲ့ ခေါ်ယူမှုတစ်ခုလို့ ပြောရမှာပါပဲ..။ သူတို့အနေနဲ့ မဖြစ်မနေ ခေါ်ယူအားဖြည့်မှကိုရမယ့်သဘောပါ.။
ချီးဝဲလ် ဟာ လက်စ်တာအသင်းမှာလည်း တိုက်စစ်လိုက်ပါမှုကောင်းမွန်သလို ခံစစ်ပိုင်းနေရာယူမှု၊ ဖျက်ထုတ်မှုတွေ အထူးကောင်းမွန်ပါတယ်..။ ဒါ့ကြောင့် အခုထက်ပိုပြီး ကစားခွင့်ရလာတဲ့ အချိန်ကျရင် သူ့ရဲ့ပုံမှန်ခြေစွမ်းကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ..။ အသင်းအတွက် အလားအလာကောင်းတွေ ဖြစ်ပေမယ့် ဖရန့် အတွက်ကတော့ သူ့ရဲ့နောက်တန်းအမှားကနေ နောက်ထပ်တစ်ဂိုး ထပ်ပေးရတဲ့အပေါ် ဘယ်လိုမှ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အီမာဆန် အတွက် အချိန်အများကြီး ရခဲ့ပါတယ်ဗျာ..။ နောက်ခံလူတစ်ယောက်အနေနဲ့ အန္တရာယ်ကို ကြိုတင်မြင်နိုင်ရမယ်လေဗျာ..။ အခုဟာက ရုပ်ရှင်ကြည့်ဖို့ ရုံထဲဝင်သလို ရွရွလေး ပြေးနေပြီးတော့ အာရုံစူးစိုက်မှုလည်း ရှိပုံမရဘူး..၊ အန္တရာယ် ရှိနိုင်တယ်ဆိုတာလည်း ကြိုတင်မြင်ထားပုံ မရပါဘူး..။ ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာဟာ ဖရန့် လမ်းပတ် တို့အတွက် တကယ့်ကို စိုးရိမ်စရာပါ.။
ဟေလီ မက်ကွင်း - ဒါရင် ရေ.. ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးနဲ့ ပတ်သက်ပြီး တီမို ဗာနာ ကန်သွင်းမယ့်အချိန်မှာ အဲရစ် ဒိုင်ယာ ဟာ နယူးကာဆယ်အသင်းနဲ့ပွဲတုန်းကလို လက်ထိဘော (hand ball) ထပ်ပြီးဖြစ်မှာကြောက်လို့ နှစ်ဘက်စလုံး နောက်ပစ်ပြီး ဖွက်ထားတယ်လို့ ပထမပိုင်းအပြီးမှာ ရှင်ပြောခဲ့တယ်နော်..
ဒါရင် ဘန့် - အဲဒီဂိုးမပေးရခင်မှာ ရက်ဂူလွန် ဟာ အတွင်းဘက်ချိုးဝင် ဆွဲထွက်ဖို့ ကြိုးစားနေရင်း ဘောလုံးဆုံးပါတယ်..။ အဲဒီဘောလုံးကို ဟတ်ဒ်ဆန် အိုဒွိုင်း ရသွားပြီး ထိုးဖောက်တယ်..၊ ပြီးတော့ ညာဘက်ကို ပြန်ချပေးပါတယ်..။ အက်ဇ်ပီလီကွဲတား ဘောလုံးထိန်းလိုက်ချိန်မှာ ရက်ဂူလွန် က ခြေစုံပစ်ပြီး ဝင်လိုက်ပါတယ်..။ တကယ်တော့ သူကခုနကတုန်းက မှားခဲ့အမှားကို ပြန်ဆယ်ချင်လို့ ဖြစ်ပါတယ်..။ အက်ဇ်ပီလီကွဲတား ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ဂိုးဧရိယာထိပ်မှာ အသင့်စောင့်နေတဲ့ တီမို ဗာနာ ဆီကို ရောက်သွားပါတယ်..။ တီမို ဗာနာ ကန်သွင်းမယ့်အချိန် အဲရစ် ဒိုင်ယာဟာ ပြေးဝင်လှဲချပြီး ပိတ်ဆို့လိုက်ဖို့ ဖြစ်နိုင်ပေမယ့် အခုကျင့်သုံးနေတဲ့ hand ball စည်းမျဉ်းသစ်ကို ကြောက်တာကြောင့် စောင့်ကြည့်နေလိုက်ပါတယ်..။ တီမို ဗာနာ ရဲ့ ကန်ချက် တကယ့်ကို ကောင်းမွန်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အခုအပေါ်ကပုံကို ကြည့်လိုက်ဗျ..၊ ဒိုင်ယာ ဟာ လုံးဝခြေစုံပစ် ဝင်လိုက်တာမျိုး မရှိပဲ သူ့ရဲ့လက်နှစ်ဘက်ကို နောက်ပစ်ပြီး ကြည့်နေပါတယ်..။ ပုံမှန်အတိုင်းဆိုရင် သူဟာအတင်းပြေးဝင် လှဲချလိုက်ဖို့ ရှိနိုင်ပါလိမ့်မယ်..။ ဒါဟာခြားနားချက်ပါ..။ အခုဆိုရင် အဲဒီ hand ball စည်းမျဉ်းသစ်ကြောင့် နောက်တန်းကစားသမားတွေကို ခြေပစ်၊ လက်ပစ် ဒိုင်ဗင်ထိုးပြီး ဖျက်ထုတ်ဖို့ လုပ်ရဲတော့မယ့်ပုံ မပေါ်တော့ပါဘူး..။ ဗာနာ ရဲ့ကန်ချက်နဲ့ ပတ်သက်ပြီး သိပ်ပြောစရာ မရှိပါဘူး..။ ဗာနာ ဟာ သူ့ရဲ့ကန်ချက် ဘယ်နေရာကနေ ဂိုးပေါက်ထဲ ရောက်သွားမယ်ဆိုတာ အတိအကျ သိပြီးသားပါ..။ သိပ်ကိုကောင်းမွန်၊ လှပတဲ့ကန်ချက် ဖြစ်ပေမယ့် ပုံမှန်အတိုင်းဆိုရင် ရှေ့တည့်တည့်မှာ ရှိနေတဲ့ ဒိုင်ယာ ဟာ ဖြစ်နိုင်တဲ့နည်းနဲ့ တားဆီးဖို့ တစ်နည်းနည်းနဲ့ ကြိုးစားဖို့ ရှိပါလိမ့်မယ်..။
ဟေလီ မက်ကွင်း - ပွဲအပြီး ကျွန်မတို့ သတင်းထောက်နဲ့ တွေ့တဲ့အချိန် ဖရန့် လမ်းပတ် က အန်တိုနီယို ရူဒီဂါ ကို စပါးအသင်းနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာထူးခြားမှုမှ မရှိပါဘူးဆိုပြီး ငြင်းဆိုသွားပါတယ်..။ ကျွန်မသိချင်တာက လက်ရှိချယ်လ်ဆီးအသင်းမှာ အကောင်းဆုံး ဗဟိုခံစစ်မှူးက ဘယ်သူလဲရှင့်.. ဂျင်မီ ရေ..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သူတို့အသင်းက ခံစစ်မှူးတိုင်း အမှားမလုပ်တဲ့သူ မရှိသလောက်ပါပဲ..။ ဒါပေမယ့် ကျွန်တော်ကတော့ ‘အန်တိုနီယို ရူဒီဂါ’ ဟာ သူတို့အသင်းရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးလို့ ထင်ပါတယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီ အကုန်ပိုင်းလောက်မှာ သူဟာခြေပျက်ခဲ့တာကြောင့် အသင်းရဲ့လူစာရင်းမှာ ဖယ်ထားခံခဲ့ရပေမယ့် တစ်ရာသီလုံး ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် သူဟာအကောင်းဆုံး ဗဟိုနောက်ခံလူပါ..။ သူဟာအန္တရာယ်ကို ကြိုတင်မြင်တတ်သလို ဘောလုံးရှင်းထုတ်မှုတွေ၊ ဖျက်တောက်မှုတွေ ကောင်းပါတယ်.။ ကျွန်တော်ထင်တာက နည်းပြနဲ့သူ့ရဲ့ကြားမှာ ကျွန်တော်တို့ မသိထားတဲ့အရာတစ်ခုခု ဖြစ်ထားခဲ့ပုံ ရပါတယ်..။
ဒါပေမယ့် ဖရန့် ဟာ သူ့ရဲ့အကောင်းဆုံး ကစားသမားတွေကို ထုတ်ပြီးကစားမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး..။ ဒါ့ကြောင့်ရူဒီဂါ ဟာ အခုအချိန်ထိ လုံးဝကစားခွင့် မရခဲ့သေးဘူးဆိုတာ သူတို့ကြားမှာ တစ်ခုခု ဖြစ်နေခဲ့တာ အသေအချာပါ..။ စပါးအသင်းက ဒယ်လီ အာလီ လိုပဲပေါ့ဗျာ..။ သူလည်းရူဒီဂါ လို အခြေအနေမျိုးပါပဲ..။ သူဟာချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးပါ..။
ဒါရင် ဘန့် - အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူးတွေဟာ အမှားတွေတစ်ခုပြီးတစ်ခု ဆက်တိုက်ကျူးလွန်နေပေမယ့် အခုထိ ရူဒီဂါ ကို မမြင်ရသေးပါဘူး..။ တကယ်လို့ ရူဒီဂါ သာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် ပေးလိုက်ရတဲ့ တစ်ချို့ဂိုးတွေကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာလျှင်မြန်တယ်..၊ ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ ဒါပေမယ့် ဖရန့် ဟာ အခုထိ သူ့ကိုအသင်းရဲ့ လူစာရင်းမှာ လုံးဝမထည့်သေးပါဘူး..။ သူဟာဂျာမနီ လက်ရွေးစင်အသင်းနဲ့တောင် ကစားခဲ့ပါသေးတယ်..။ ဒါပေမယ့် အခုအချိန်ထိ သူဟာလုံးဝပါဝင်ခွင့် မရသေးသလို ဂိုးတွေလည်းဆက်ပြီး ခွင့်ပြုနေရဆဲပါပဲ...။
ဟေလီ မက်ကွင်း - သီယာဂို ကတော့ အရင်အပါတ်တုန်းက ဝင်ပြီးကစားသွားခဲ့ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ဘောလုံးရာသီမှာ ငွေကြေးတွေအများကြီး သုံးစွဲခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် အပြောင်းအရွှေ့ရာသီ မပိတ်ခင်အတွင်း နောက်ထပ်ကစားသမားသစ်တွေ ရောက်လာနိုင်ချေ ရှိသေးလားရှင့်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သူတို့ဟာ ဂိုးသမားသစ် မန်ဒီ ကို ဒီနေ့မှာ ပွဲထုတ်ခဲ့ပါတယ်..။ ဒါဟာအမှန်တကယ်ကို လိုအပ်နေတဲ့ နေရာတစ်ခုကို အားဖြည့်ခဲ့တာပါ..။ ချယ်လ်ဆီးအသင်း ပေးနေရတဲ့ ပေးဂိုးအများစုကို ကြည့်မယ်ဆိုရင် ဂိုးသမား အပြစ်တစ်ခုတည်း မဟုတ်ပါဘူး..။ ကွင်းလယ်၊ ဗဟိုခံစစ်မှူးတွေ.. စသဖြင့် အပြစ်တွေ၊ အမှားတွေ ကျူးလွန်ခဲ့တဲ့သူတွေ အများကြီးပါ..။ ဒါပေမယ့် သူတို့ဟာဒီထက်ပိုပြီး တိုးတက်ချင်တယ်..၊ ဆုဖလားတွေကို မျှော်မှန်းနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ချင်တယ်ဆိုရင် ဒီထက်ကောင်းတဲ့ ဂိုးသမားတစ်ယောက် လိုအပ်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ တကယ့်ပွဲကြီးပွဲကောင်းတွေ၊ အရေးကြီးတဲ့အချိန်တွေမှာ အသင်းကို ကယ်တင်ပေးမယ့် ဂိုးသမားကောင်း မရှိပါဘူး..။
ဟေလီ မက်ကွင်း - ဒါရင် ရေ.. ဒီနေ့ပွဲကြည့်နေရင်း မန်ဒီ ဟာ ဂိုးဧရိယာတွင်းကို ဝင်လာတဲ့ ဘောလုံးတွေကို ထွက်ဆွဲတယ်..၊ ပုတ်ထုတ်နိုင်တယ်..၊ ဂိုးဧရိယာကို လွှမ်းမိုးနိုင်တဲ့ ဂိုးသမားတစ်ယောက်ဆိုပြီး ရှင်ပြောသွားခဲ့တယ်နော်..။ အဲဒီအချက်ဟာ သူနဲ့ ကက်ပါ တို့ကြားက အဓိကခြားနားချက် ဖြစ်နိုင်လား..?
ဒါရင် ဘန့် - ကက်ပါ ရဲ့ ဂိုးပေါက်ကန်သွင်းချက် ကာကွယ်နှုန်းဟာ တကယ့်ကို ပြသနာပါ..။ သူဟာပရီးမီးယားလိဂ် ဂိုးသမားတွေထဲမှာ ဂိုးပေါက်တည့်ကန်ချက် ကာကွယ်နိုင်မှု အနည်းဆုံး ဂိုးသမားဆိုတဲ့ စံချိန်ကို အချိန်အတော်ကြာကြီး ရယူထားခဲ့တဲ့ ဂိုးသမားပါ..။ မန်ဒီ ကတော့ အရပ်အမောင်း (၆) ပေ၊ (၆) လက်မဆိုတော့ အရပ်မြင့်တဲ့ ဂိုးသမားတွေထဲမှာ ပါဝင်ပါတယ်..။ ဒါ့ကြောင့်သူဟာ အသင်းက ဗဟိုခံစစ်မှူးတွေကို ဖိအားလျော့ကျစေမှာ အမှန်ပါပဲ..။ ဗဟိုခံစစ်မှူးတွေကလည်း ကိုယ့်ရဲ့နောက်မှာ စိတ်ချရတဲ့ ဂိုးသမားတစ်ယောက် ရှိနေတယ်ဆိုတဲ့ အသိစိတ်ဟာ သူတို့တွေကို ပိုပြီးယုံကြည်မှု၊ လုံခြုံမှု ရှိစေမှာ အမှန်ပါပဲ..။
ဒီနေ့ပွဲဟာ မန်ဒီ အတွက် ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ခွင့်ရတဲ့ ပွဲစဉ်ပါ..။ သူ့အနေနဲ့ ဒီနေ့ပွဲက လက်စွမ်းအပေါ် ကျေနပ်ပါလိမ့်မယ်..။ နောက်ပိုင်းမှာ အခုထက်ပိုပြီး ကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ အထူးသဖြင့်
ဗဟိုခံစစ်မှူးကောင်းတွေနဲ့ တွဲဖက်ကစားရမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက် ဖြစ်လာမှာပါ..။
ဟေလီ မက်ကွင်း - ဂျင်မီ ရေ..မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုကစားသမားကောင်းတွေ အများကြီးခေါ်ယူခွင့်ရခဲ့တာဟာ အသင်းကိုပိုပြီး တိုးတက်ဖို့ ဖြစ်လာနိုင်တာ မှန်ပေမယ့် သူ့အပေါ်မှာ ပိုပြီးအာရုံစိုက်လာတယ်..၊ ဖိအားတွေ ပိုများလာရတယ်လို့ ပြောသွားပါတယ်..။ ဒါ့ကြောင့်ရှင့်အနေနဲ့ သူ့အပေါ်မှာ ဖိအားတွေ ဘယ်လောက်တောင် များနေပြီလို့ ထင်မိပါသလဲ..? ဘာဖြစ်လို့လည်းဆိုတော့ နောက်ပိုင်းမှာလည်း ဖိအားတွေက ထပ်ပြီး တိုးလို့၊ တိုးလို့ လာနေဦးမှာပဲလေ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ချယ်လ်ဆီးအသင်း မန်နေဂျာ ရာထူးကို ယူပြီဆိုကတည်းက ဖိအားတွေများပြီဆိုတာ အသေအချာပါပဲ..။ ဒါဟာပုံမှန် အနေအထားပါ..။ ထပ်ပြီးကစားသမားကောင်းတွေ အားဖြည့်ပေးတယ်ဆိုရင် နောက်ထပ်ဖိအားတွေ ပိုပြီးတိုးလာပြီပေါ့..။ ဒါပေမယ့် ဘယ်လိုတောင်းဆိုမှုတွေရှိပါစေ..၊ ဘယ်လိုဖိအားတွေ ရှိနေပါစေ.. ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်းအတွက် ဒီနှစ်မှာတော့ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ဖိအားမျိုး ရှိမှာမဟုတ်ပါဘူး.။ ဒါပေမယ့် သူတို့ဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးအသင်းတွေနဲ့ကြားက ကွာခြားချက်ကို နည်းပါးသွားအောင်တော့ လုပ်ပေးနိုင်ရပါမယ်..။ သူတို့ဟ ထိပ်ဆုံးလေးသင်း အဆင့်ထဲကနေ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ရပါလိမ့်မယ်..။ တကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နောက်ထပ်ဖလား တစ်ခုခုလောက် ဆွတ်ခူးပေးနိုင်မယ်ဆိုရင် သူ့အတွက် အောင်မြင်တဲ့ ဘောလုံးရာသီလို့ သတ်မှတ်နိုင်မှာပါ..။ ဒါပေမယ့် သူတို့နဲ့ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးအသင်းတို့ကြားက ကွာခြားချက်ကို နည်းပါးသွားအောင်တော့ လုပ်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ နောက်ပြီးခံစစ်ကို ဒီထက်ပိုပြီး လုံခြုံအောင် လုပ်ပေးနိုင်ရမှာပေါ့..
ဟေလီ မက်ကွင်း - ဟုတ်ကဲ့ပါ.. ဂျင်မီ..၊ ဒါရင် တို့ရေ အခုလိုကျွန်မတို့နဲ့တူ ပါဝင်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်..။ နောက်တစ်ပါတ်မှာ ပြန်ဆုံကြတာပေါ့..