Premier League Productions မှ စီစဉ်တင်ဆက်ခဲ့သည့် ယခုတစ်ပါတ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များအပေါ် ပြန်လည်သုံးသပ်ခဲ့သည့် ‘The Analysis Show’ စကားဝိုင်းအစီအစဉ်တွင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် အိုင်ယာလန်အသင်း လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း အန်ဒီ တောင်ဆန် တို့က ရာသီအဖွင့်ပွဲစဉ်များမှ ချယ်လ်ဆီးအသင်း၏ နောက်ခံအစွန်လူများနှင့် ခံစစ်ကြောင်းပြသနာများကို ယခုလိုသုံးသပ်ဆွေးနွေးသွားခဲ့ပါသည်..။
အန်ဒီ တောင်ဆန် - အိုဝင် ရေ…ပြီးခဲ့တဲ့အပါတ်က ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဘရွန်းအသင်းတို့ရဲ့ပွဲကလည်း အပြန်အလှန်သွင်းဂိုးတွေများခဲ့ပြီး ကြည့်လို့ကောင်းခဲ့ပါတယ်..။ အထူးသဖြင့် ပထမပိုင်းအပြီး ဝက်စ်ဘရွန်းအသင်းက ၃- ၀ နဲ့ ဦးဆောင်နေခဲ့တဲ့ အနေအထားဟာ အတော်လေးကို ထူးဆန်းတယ်လို့ ပြောရမှာပါ..။ ဝက်စ်ဘရွန်းအသင်းကို မလေးစားတာတော့ မဟုတ်ပါဘူး..၊ ဒါပေမယ့် ပွဲမကန်သေးပဲ လူစာရင်းချင်း ယှဉ်ကြည့်တာနဲ့တင် ဘယ်သူကိုမဆို ‘ချယ်လ်ဆီးအသင်း အနိုင်’ ဆိုတဲ့ ရလဒ်ကိုပဲ ပြောရမှာပဲလေ..၊ မဟုတ်ဘူးလားဗျ..?
အိုဝင် ဟားဂရိဗ် - သေချာတာပေါ့..။ အဲဒီနေ့ကပွဲမှာ ဝက်စ်ဘရွန်းအသင်း ညာတောင်ပံက မက်တီးယက်စ် ပါရဲယား နဲ့ ဘယ်တောင်ပံက ဂရေဒီ ဒီယန်ဂါနာ တို့ရဲ့ခြေစွမ်း အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ နှစ်ဂိုးသွင်းသွားခဲ့တဲ့ ကာလန် ရော်ဘင်ဆန် ဆိုရင် သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သွားနိုင်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းကို အများကြီးမျှော်လင့်ထားကြပါတယ်..။ ချယ်လ်ဆီးအသင်းဆိုတာနဲ့ ခေါင်းထဲမှာ မြင်ကြည့်စမ်းပါ..၊ ဖရန့် ရဲ့ team က ဘာလဲ..? ဂိုးသမား..? center backs မှာ ဘယ်သူတွေ ကစားမလဲ..? ကွင်းလယ်မှာ ဘယ်သူတွေ ပါလာမလဲ..? ကျွန်တော်မသိပါဘူး..။
အဲဒီနေ့ကပွဲမှာဆိုရင် ဂိုးသမား ကာဘာလာယို၊ အခုဆိုရင် ဂိုးသမားအသစ် တစ်ယောက်ပါ ခေါ်ယူထားပါတယ်..။ ဗဟိုခံစစ်မှာ သီယာဂို ဆေးလ်ဗား နဲ့ ခရစ်စစ်တီယန်ဆန် တို့က ဒီပွဲကျမှ ပထမဆုံး တွဲဖူးတာပါ..။ ဘယ်တောင်ပံမှာ မားကို့စ် အလွန်ဆို.. ဒါလည်း ဖရန့် သိပ်ပြီးအားထားတဲ့ ကစားသမား မဟုတ်ပါဘူး..။ ညာတောင်ပံမှာ ဂျိမ်းစ်..၊ ဒါ့ကြောင့်အဲဒီနေ့က ခံစစ်ကြောင်းမှာ သူပုံမှန်အားထားပြီး ယုံစားရတဲ့သူဆိုလို့ ဂျိမ်းစ် တစ်ယောက်ပဲ ရှိပါတယ်..။ နောက်ပြီးကွင်းလယ် ဟန်ချက်ကိုလည်း အခုထိရှာနေတုန်းပါပဲ..။
တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာဆိုရင် ပီတာ ချက်၊ တယ်ရီ၊ ကာဗယ်လ်ဟို၊ သူတို့ရဲ့ရှေ့မှာ မက်ခလီလီ၊ အက်ဆီယန်၊ ဖရန့်.. ပြီးရင်ရှေ့မှာ ဒရော့ဘာ ပေါ့ဗျာ..။ သူတို့ဟာ အသင်းရဲ့အဓိကကျောရိုးပါ..။ ဖရန့် ဟာ အခုအချိန်ထိ အသင်းရဲ့အမာခံကျောရိုး (core) ကို ရှာနေတုန်းပဲ ရှိပါသေးတယ်..။ ဒါကလည်း အခုလောောလာဆယ် ဖြစ်နေတဲ့ ပြသနာတွေရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်..။ သူဟာအခုအချိန်ထိ အသင်းရဲ့ အဓိကကျောရိုး၊ အမာခံ ကစားသမားတွေကို မရှာနိုင်သေးဘူး..၊ အသင်းကိုခေါင်းဆောင် ပေးနိုင်မယ့်သူမရှိသေးပါဘူး..။
ဒီနှစ်ဘောလုံးရာသီမှာ သူတို့ဟာ ကစားသမားကောင်းတွေကို ပိုက်ဆံအများကြီးပေးပြီး ခေါ်ယူထားခဲ့ပါတယ်..။ တီမို ဗာနာ၊ ကိုင် ဟားဗာ့ဇ် တို့ဟာ ကစားသမားကောင်းတွေ ဖြစ်ပေမယ့် သူတို့နဲ့တွဲပြီး ကစားမယ့် အမာခံကျောရိုး ကစားသမားတွေ ရှိမနေခဲ့ပါဘူး..။
အန်ဒီ တောင်ဆန် - အခုအပေါ်ကပုံ (ပူးတွဲပုံ -၁) မှာ ဝက်စ်ဘရွန်းပွဲက ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် အရန်ခုံမှာ ဂိုးသမား ကက်ပါ..၊ ဂျော်ဂင်ဟို၊ ရော့စ် ဘာကလေ၊ တိုမိုရီ၊ ဂျီရူးဒ်၊ ဟတ်ဒ်ဆန် အိုဒွိုင်း၊ အက်ဇ်ပီလီကွဲတား.. တို့လို ထိပ်တန်းကစားသမားတွေ ရှိနေပါတယ်..။ ပူလီဆစ်၊ ဟာကင် ဇိုင်းယက်ချ် တို့ ဒဏ်ရာရနေပါတယ်..။ ဘင် ချီးဝဲလ် တို့လည်း ရှိနေသေးတယ်..၊ လူစာရင်းက များလွန်းတယ်လို့ မထင်မိဘူးလား..? ဒါ့ကြောင့်လည်း ဖရန့် က ဟိုလူ့ကိုထည့်လိုက်၊ ဒီလူ့ကို ပြောင်းလိုက်လုပ်နေရတာလည်း ဖြစ်နိုင်ပါတယ်..။ ဝက်စ်ဘရွန်း က ဆလာဗန် ဘီလစ် ဆိုရင် ရှင်းတယ်လေ..၊ သူ့ဆီမှာ (၁၅) ယောက်လောက်ပဲရှိတာ..၊ အဲဒီတော့ ရှိတဲ့ (၁၁) ယောက်ကို ရအောင်ထုတ်ပြီး ကစားပေါ့..၊ ဘာမှအပြောင်းအလဲ လုပ်စရာ မရှိပါဘူး..။
အိုဝင် ဟားဂရိဗ် - ခင်ဗျားကတော့ ဖရန့် ဘက်ကနေ မြင်ပေးပြီး ကာကွယ်ပေးတာပေါ့..။ ဟုတ်ပါပြီ.. ဒီနေ့ပွဲထွက်လူစာရင်းမှာပဲ တစ်ချို့နေရာတွေကို အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးလူစာရင်းကို ပွဲထုတ်မယ်ဗျာ..၊ ဆိုပါတော့ ဘင် ချီးဝဲလ်..၊ ရူဒီဂါ ကို သီယာဂို ဆေးလ်ဗား နဲ့တွဲမယ်..၊ ကန်တေး ထည့်မယ်..၊ ပူလီဆစ်၊ ဟာကင် ဇိုင်းယက်ချ် တို့ပါ ထည့်လိုက်မယ်ဆိုရင် အသင်းက အတော်လေးကို တောင့်တင်းတဲ့အသင်း ဖြစ်လာမှာပါ..။ ဒါပေမယ့် အဲဒီအသင်းဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး တို့ကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာမှာလား..? ‘No..’ မရသေးပါဘူး.။ ဘယ်လိုပဲ အကောင်းဆုံး လူစာရင်းကို ကြိုးစားကြည့်ပါစေ… ခံစစ်ပိုင်းပြသနာတွေ ရှိနေဦးမှာပဲဗျ..။
အန်ဒီ တောင်ဆန် - ဖရန့် လမ်းပတ် ဟာ ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်ပွဲ (၄၀) မှာ မတူညီတဲ့ ဗဟိုခံစစ်အတွဲ (၂၀) ကျော် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်..။ သိပ်ကိုများလွန်းတယ်လို့ ထင်ပါတယ်..။ ကမ္ဘာပေါ်က ဘယ်ချန်ပီယံအသင်းမဆို သူတို့အသင်းရဲ့ ပွဲထွက်လူစာရင်း (၁၁) ယောက်ကို တန်းပြီးခန့်မှန်းလို့ရပါတယ်..။ အများဆုံးလွဲလှ တစ်ယောက်၊ နှစ်ယောက်ပေါ့..။
အိုဝင် ဟားဂရိဗ် - ဟုတ်ပါတယ်..။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပရိသတ် ဘယ်သူမဆို လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်း (၁၁) ယောက်ကို အသာလေး ပြောနိုင်ပါလိမ့်မယ်..၊ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေကို မေးကြည့်ပါလား.. သူတို့ရဲ့အကောင်းဆုံး (၁၁) ယောက်ကို ဘယ်သူကမှ သေသေချာချာ ပြောနိုင်မှာ မဟုတ်ပါဘူး..။ အခုဆိုရင် သုံးပွဲပြီးသွားပါပြီ..၊ သူတို့ဟာ အပြောင်းအရွှေ့ ရာသီမှာ ငွေကြေးအများကြီး သုံးစွဲထားတယ်..၊ ကမ္ဘာ့အဆင့် ကစားသမားတစ်ချို့ ရှိနေတာလည်း မှန်ပါတယ်..၊ ဒါပေမယ့် အခုအချိန်မှာ ဘယ်သူတွေကို အခြေခံပြီး ကစားမယ်ဆိုတဲ့ အုတ်မြစ် (base) ကို ချမှတ်နိုင်ဖို့ လိုအပ်နေပါပြီ..။ ဖရန့် ဟာ သူ့အသင်းက ကစားသမား အတော်များများကို အယုံအကြည်ရှိပုံ မရပါဘူး..။ ဒါ့ကြောင့်လည်း အခုလိုပြသနာတွေ ထပ်ခါထပ်ခါ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်..။
အန်ဒီ တောင်ဆန် - အထူးသဖြင့် သူတို့အသင်းဟာ တောင်ပံခံစစ်မှူးတွေ (full backs) နဲ့ ပြသနာတက်နေပါတယ်.။ ဘာဖြစ်လို့ဆိုတော့ တချို့ full backs တွေက ‘ငါးယောက်တန်း ခံစစ်ကြောင်း (back 5)’ နဲ့မှ အရမ်းကိုအဆင်ပြေတယ်..၊ တချို့ကျတော့လည်း သူတို့ကို ‘လေးယောက်တန်း ခံစစ်ကြောင်း (back 4)’ နဲ့ ကစားခိုင်းလိုက်ရင် အဆင်မပြေတော့ပြန်ဘူးဗျ..။ ဒီနှစ်မှာ သူတို့အသင်းရဲ့ နောက်ခံအစွန်လူတွေနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ရအောင်..
အခုအပေါ်ကပုံ (ပူးတွဲပုံ - ၂) မှာ လီဗာပူးလ်အသင်းကို အဖွင့်ဂိုး ခွင့်ပြုလိုက်ရတဲ့ ထိုးဖောက်မှုကို တွေ့ရမှာပါ..။ သူတို့အသင်းရဲ့ ဘယ်တောင်ပံကနေ ထိုးဖောက်လာတဲ့အချိန် ကွင်းလယ်အဖျက်နေရာမှာ ကစားနေတဲ့ ဂျော်ဂင်ဟို က ဗဟိုခံစစ်မှူးနှစ်ယောက်ကြားမှာ နေရာယူနေတယ်..။ ဒါ့ကြောင့် ‘back 4’ ပုံစံပေါ့ဗျာ..။ အဲဒီပုံစံမှာ back 4 ရဲ့ ဘယ်တောင်ပံက မားကို့စ် အလွန်ဆို ဟာ ဘယ်အချိန်မှာ ရှေ့တက်ဖျက်ရမယ်..၊ ဘယ်အချိန်မှာ နောက်ပြန်ဆင်းရမယ်ဆိုတာ ကောင်းကောင်းသိထားတဲ့ပုံ မပေါ်ဘူးဗျ..။ ဖာမီနို က ညာတောင်ပံကနေ ဝမ်းတူးရိုက်ပြီး ထွက်လာတယ်..၊ ကန်တင်ပါတော့မယ်..၊ မားကို့စ် အလွန်ဆို က ကျန်နေခဲ့ပါပြီ..၊ အဲဒီအချိန်မှာ ညာဘက်အစွန်ဆုံးက ရိစ် ဂျိမ်းစ် ရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်…။ သူအနေနဲ့ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကောင်းကောင်းနားလည်နေရပါမယ်..။
အိုဝင် ဟားဂရိဗ် - ကျွန်တော်ဟာ ကွင်းလယ်ကစားသမား ဆိုပေမယ့် full back နေရာမှာလည်း မကြာခဏ ကစားခဲ့ရပါတယ်..။ အခုလိုကိုယ့်ရဲ့ဆန်ကျင်ဘက် တောင်ပံကနေ ထိုးဖောက်လာပြီဆိုရင် full back တစ်ယောက်အနေနဲ့ နံပါတ်တစ်- ခံစစ်ကြောင်း ရွှေ့လျားမှုကိုကြည့်ပြီး လူကျွံဘော ဖမ်းရမလား..? နံပါတ်နှစ်- ကိုယ့်နားမှာရှိနေတဲ့ တစ်ဘက်အသင်း တိုက်စစ်မှူးကို စောင့်ကြည့်နေရမှာလား..? နံပါတ်သုံး- ဘောလုံးရောက်လာမှပဲ ကြည့်ပြီးဖျက်ထုတ်ဖို့ ကြိုးစားမလား..? ဆိုပြီး ရွေးစရာသုံးခုထဲကနေ တစ်ခုခုကို အမြန်ဆုံးရွေးချယ်မယ်..၊ လျှပ်တစ်ပြက်အတွင်း အမြန်ဆုံးဆုံးဖြတ်ရပါမယ်..။ အခုအောက်ကပုံ (ပူးတွဲပုံ - ၃) မှာဆိုရင် ရိစ် ဂျိမ်းစ် ဟာ နည်းနည်းလေး နောက်ကျသွားပါတယ်..။ မဆိုစလောက်လေးပါပဲ.။
အန်ဒီ တောင်ဆန် - ဒါဆိုရင် ဖာမီနို က အလွန်ဆို ကို ကျော်သွားပြီပေါ့..၊ အဲဒီအချိန်မှာ သူ့အနေနဲ့ ဘာလုပ်သင့်လဲဗျ..?
အိုဝင် ဟားဂရိဗ် - တကယ်ဂိုးသွင်းမှာက နေရာလွတ် (space) မဟုတ်ဘူး..၊ လူ (man) ဖြစ်ပါတယ်.။ သူကအခုပြထားတဲ့ အောက်ကပုံ (ပူးတွဲပုံ- ၄) မှာ ပြထားတဲ့အတိုင်း ခံစစ်ကြောင်းနဲ့ဂိုးသမားကြားကို ဖြတ်တင်လာမှာ..၊ တစ်ယောက်ယောက်က အသာလေး အနီးကပ်ပိတ်သွင်းသွားမှာကို စိုးရိမ်တာပါ..။
ဒါပေမယ့် ဖာမီနို က တကယ်ဖြတ်တင်လာတဲ့အချိန် သူတို့မျှော်မှန်းထားသလို သူတို့ရဲ့ရှေ့ကို မျောထိုးမပေးလိုက်ပဲ အနောက်ကိုခုတ်တင်လိုက်တော့ အငိုက်မိသွားခဲ့ပါတယ်..။ တကယ်တော့ ဖာမီနို လွတ်သွားပြီဆိုတာနဲ့ သူဟာကိုယ့်အနားက လူကိုပဲ ကပ်ထားရပါတော့မယ်..။ အဲဒီလိုသာ မာနေး ကို သူလူကပ်ထားမယ်ဆိုရင် ဟိုကဖြတ်တင်လာမယ့် ဘောလုံးကိုကြိုပြီး ရှင်းထုတ်နိုင်မှာပါ..။ ရိစ် ဂျိမ်းစ် ဟာ အဲဒီအခိုက်အတန့်မှာ လူကိုမကြည့်ပဲ ဘောလုံးကို အာရုံစိုက်နေတာကြောင့် မာနေး နောက်မှာကျန်ခဲ့ပြီး နေရာယူလိုက်တာကို မသိလိုက်တာဗျ..။
တကယ်တော့ အဲဒီသွင်းဂိုးမှာ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမားတွေရဲ့ အချင်းချင်းနားလည်မှု ကောင်းမွန်ခဲ့တာကို အသိအမှတ်ပြု ချီးကျူးရမှာပါ..။ မာနေး ကလည်း အချိန်၊ နေရာ.. အများကြီးရခဲ့တာ မဟုတ်ပါဘူး..။ (၂) ပေ၊ (၃) ပေလောက်လေး ရတဲ့ space လေးကို မိမိရရ အသုံးချနိုင်ခဲ့တာပါ..။ တကယ့်ကို နည်းနည်းလေး လိုသွားခဲ့တာပါ.. ဆိုပေမယ့် ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အဲဒီလိုအမှားသေးသေးလေးကလည်း အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်..။
အန်ဒီ တောင်ဆန် - လီဗာပူးလ်အသင်းနဲ့ပွဲက ဂိုးကတော့ ခဏထားလိုက်ပါဦး..၊ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်း ခွင့်ပြုလိုက်ရတဲ့ပထမဂိုးကို ပြန်ကြည့်ရအောင်ဗျာ..။ အခုအောက်ကပုံ (ပူးတွဲပုံ -၅) မှာဆိုရင် အဲဒီဂိုးမပေးလိုက်ရခင်လေးမှာ ကစားသမားတွေရဲ့ နေရာယူထားပုံတွေကို တွေ့ရမှာပါ..။ ဘယ်တောင်ပံမှာ မားကို့စ် အလွန်ဆို ရှိတယ်..၊ သီယာဂို ဆေးလ်ဗား နဲ့ ခရစ်စ်တီယန်ဆန် တို့က အလယ်မှာ နေရာယူထားပါတယ်..။ ရိစ် ဂျိမ်းစ် က ဟိုးး… ညာဘက်မှာပါ..။
အဲဒီပုံမှာဆိုရင် ဘောလုံးရဲ့တည်နေရာနဲ့ ချိန်ကြည့်မယ်ဆိုရင် တောင်ပံခံစစ်မှူး နှစ်ယောက်ဟာ ရှေ့ကိုရောက်လွန်းတယ်လို့ မထင်မိဘူးလားဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်တန်းမှာ မထင်မှတ်တဲ့ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် တောင်ပံခံစစ်မှူးတွေ ဆင်းပြီးကူဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပါပဲ..။ အခုခေတ် ‘မော်ဒန် full backs’ တွေဟာ လေးယောက်တန်း ခံစစ်ကြောင်းအတွက် သိပ်ပြီးမသင့်တော်လှသလိုပဲဗျ..
အိုဝင် ဟားဂရိဗ် - ဟေး… ဟေး.. အန်ဒီ ရေ.. ခင်ဗျားရဲ့ပုံမှာ ရိစ် ဂျိမ်းစ် ရဲ့ ညာဘက်ခြမ်းက နောက်ဆက်တွဲ ပြသနာတွေဟာ မားကို့စ် အလွန်ဆို သာ တစ်လွဲမလုပ်ခဲ့ဘူးဆိုရင် ဆက်ပြီးဖြစ်လာမှာတောင် မဟုတ်တော့ပါဘူး..။ နောက်ခံအစွန်လူ တစ်ယောက်အနေနဲ့ ခေါင်းတိုက်ရှင်းထုတ်ပြီဆိုရင် ကိုယ့်ရဲ့ရှေ့ကိုပဲ ခေါင်းတိုက်ဖျက်ထုတ်ရမယ်ဆိုတာ နောက်ခံအစွန်လူ တစ်ယောက်ရဲ့ အခြေခံအချက်တစ်ခုပါပဲ..၊ ကိုယ့်ရဲ့အတွင်းဘက် ကွင်းလယ်ဘက်ကို ကန့်လန့်ဖြတ် ပြန်ချပေးတယ်ဆိုတာ တကယ့်အခြေခံအမှားတစ်ခုကို ကျူးလွန်ခဲ့တာပါ..။ မက်တီးယက်စ် ပါရဲယား ဘောလုံးကို ဆွဲလာတာနဲ့ ရိစ် ဂျိမ်းစ် ဟာ ကျွံထွက်နေပြီဆိုတာ သူ့ကိုယ်သူ သိလိုက်ပါတယ်..။ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်း ပေးလိုက်ရတဲ့ ပထမနှစ်ဂိုးမှာ အလွန်ဆို က အမှားတစ်ခု၊ နောက်ထပ်အမှားတစ်ခုကို ထပ်ပြီးကျူးလွန်ခဲ့တဲ့သူက သမ္ဘာအရင့်ဆုံး နောက်ခံလူဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ပေါ့ဗျာ..။
အန်ဒီ တောင်ဆန် - အစောပိုင်းမှာ ကျွန်တော်တို့ဝေဖန် သုံးသပ်ခဲ့ကြတာက open play တွေကနေ ခွင့်ပြုလိုက်ရတဲ့ဂိုးတွေပေါ့ဗျာ..။ သီယာဂို ဆေးလ်ဗား ရဲ့ အမှားမျိုးဆိုတာ တကယ့်ကို ရှားရှားပါးပါးပါ..။ နောက်လည်းအဲဒီလိုမျိုး ထပ်တွေ့ရဖို့ သိပ်ပြီးလွယ်လှတာ မဟုတ်ပါဘူး..။ ဒါပေမယ့် တည်ကန်ဘော (set pieces) တွေဆိုတာ ဘောလုံးအသေ (dead balls) တွေ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ပရီးမီးယားလိဂ် ပြိုင်ပွဲလိုအဆင့်မှာ အသင်းတိုင်းဟာ ပွဲမကန်ခင်ကတည်းက ဘယ်သူက ဘယ်သူ့ကိုကပ်ရမယ်..၊ ဘယ်သူက ဘယ်နေရာမှာ နေရာယူရမယ်ဆိုတာ အကြိမ်ကြိမ် ဇာတ်တိုက်ထားပြီး မဟုတ်ဘူးလားဗျ..
ထောင့်ကန်ဘော ကန်တင်လိုက်တဲ့အချိန်မှာ မားကို့စ် အလွန်ဆို ဟာ သူတို့ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း (ဂိုးသွင်းသွားခဲ့တဲ့) ကိုင်းလ် ဘာတ်လေ ကို လူကပ်ထားပါတယ်..။ ဒါပေမယ့် ဂိုးဧရိယာထိပ်မှာ နေရာယူနေတဲ့ ဒါနယ်လ် ဖာလောင်း ဆီကို ဘောလုံးရောက်လာမယ့်အချိန် အခု ပူးတွဲပုံ (ပုံ- ၆) မှာ မြင်ရတဲ့အတိုင်း လူမကပ်တော့ပဲ ဘယ်လိုတွေဖြစ်ကုန်တာတုန်းဗျ..
အိုဝင် ဟားဂရိဗ် - အဲဒါဘောလုံးနောက်ပဲ ဝိုင်းပြီးလိုက်နေကြလို့ပေါ့ဗျ..။ အဲဒီနေရာမှာ ကျွန်တော်ကတော့ ဝက်စ်ဘရွန်းနည်းပြ ဆလာဗန် ဘီလစ် ကို ချီးကျူးပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ set piece ကာကွယ်တဲ့ပုံကို သေသေချာချာ လေ့လာထားပြီး နောက်တန်းလူတွေ စောင့်နေတဲ့နေရာကို မတင်ပေးပဲ ဒုတိယဘောလုံး (second ball) ကနေ သွင်းယူဖို့ ဆင်ပြီးဇာတ်တိုက်ထားခဲ့တာဗျ..။ အဲဒီဂိုးဟာ လေ့ကျင့်ကွင်းက အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ အကွက်တွေကနေ လာခဲ့တာပါ..။
အန်ဒီ တောင်ဆန် - ကျွန်တော်အောက်ကပုံ (ပူးတွဲပုံ- ၇) မှာ မန်ချက်စတာ စီးတီးနဲ့ လက်စ်တာအသင်းနဲ့ပွဲက မန်ချက်စတာ စီးတီးအသင်းသားတွေရဲ့ ပထမပိုင်းအတွင်း တစ်ဦးချင်းစီ အများဆုံးနေရာယူ ကစားသွားတဲ့ နေရာပြပုံနဲ့ ဝက်စ်ဘရွန်းနဲ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ ပထမပိုင်း နေရာယူပုံကို ယှဉ်ပြထားပါတယ်..။ မန်ချက်စတာ စီးတီး အသင်းမှာလည်း မန်ဒီ နဲ့ ကိုင်လ် ဝေါ့ကာ တို့ရဲ့နေရာယူပုံကြောင့် တန်ပြန်တိုက်စစ် ပြန်ဆင်ခံရရင် ဒုက္ခရောက်ရတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်..။ အဲဒီပုံမှာဆိုရင် ချယ်လ်ဆီးအသင်းက ရိစ် ဂျိမ်းစ် ဟာ အရမ်းကြီး ရှေ့ကိုတက်လွန်းနေတာမှ နောက်ခံအစွန်လူ ဆိုပေမယ့် တောင်ပံကစားသမားလိုတောင် ဖြစ်နေတယ်ဗျ..။
ဒီပွဲမှာဆိုရင် သီယာဂို ဆေးလ်ဗား ဟာ အခုမှစပြီး ပါဝင်ရတာပါ..။ သူဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ပီအက်စ်ဂျီအသင်းနဲ့ ပါဝင်ခဲ့ရတဲ့ပွဲတိုင်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းအတွက် အခုမှပထမဆုံး ကစားခဲ့တာပါ..။ ဒါ့ကြောင့်တခြားနောက်ခံလူတွေအနေနဲ့ ဒီနေ့ပွဲမှာတော့ သီယာဂို ဆေးလ်ဗားကို အကာအကွယ် ပေးနိုင်ဖို့ တိုက်စစ်လိုက်ပါတဲ့ နေရာမှာ ဂရုစိုက်ဖို့ လိုလိမ့်မယ်လို့ တွေးထားကြပုံ မရပါဘူး..။ သူတို့အနေနဲ့ တိုက်စစ်ကိုပဲ အရမ်းအာရုံစိုက်လွန်းပြီး ဘယ်အသင်းကိုမဆို တိုက်စစ်ဆင်ဖို့..၊ ဂိုးတွေသွင်းဖို့ကိုပဲ စဉ်းစားနေကြလား မသိပါဘူး..။ ခံစစ်ပိုင်းပြင်ဆင်မှု အတော်လေး အားနည်းပါတယ်..။
အိုဝင် ဟားဂရိဗ် - ဒါပေါ့.. သီယာဂို ဆေးလ်ဗား အနေနဲ့လည်း နောက်အစွန်လူတွေဆီက ကူညီမှုကို လိုချင်နေမှာ အမှန်ပါပဲ..။ ခင်ဗျားရဲ့ပုံမှာ ချယ်လ်ဆီးအသင်းရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင် အစွန်မှာဘယ်သူမှမရှိပဲ ကွင်းလယ်မှာပဲ လူတွေစုပြုံနေတယ်ဗျ..။ တခြားအသင်းတွေဆိုရင် တောင်ပံမှာဖြန့်ပြီး နေရာယူထားတာဆိုတော့ ဘောလုံးကိုဖြန့်နိုင်၊ ထိန်းထားနိုင်ပါတယ်..။ အခုချယ်လ်ဆီးအသင်းရဲ့ နေရာယူထားပုံကို ခင်ဗျားသေချာကြည့်မယ်ဆိုရင် ဘယ်တောင်ပံ၊ ညာတောင်ပံ တစ်ခုလုံးကို မားကို့ အလွန်ဆို နဲ့ ရိစ် ဂျိမ်းစ် တို့နှစ်ယောက်ကပဲ လုံးဝတာဝန်ယူထားရတဲ့ပုံ ရှိနေပါတယ်.။ ဒါ့ကြောင့်လည်း အရေးအကြောင်းဆို သူတို့တွေနောက်ကို အချိန်မှီ ပြန်မဆင်းနိုင် (out of position) ဖြစ်နေရတာပါ..။
အန်ဒီ တောင်ဆန် - ချယ်လ်ဆီးအသင်း နည်းပြတွေအနေနဲ့ ကျွန်တော်တို့ သုံးသပ်ခဲ့တဲ့ အဲဒီအချက်တွေကို ပြန်ပြီးကြည့်ဖြစ်လိမ့်မယ်လို့ မထင်ဘူးလားဗျ..
အိုဝင် ဟားဂရိဗ် - မထင်မိပါဘူး..။ ခင်ဗျားတို့၊ ကျွန်တော်တို့လည်း ကစားသမားဘဝကို ဖြတ်သန်းဖူးတာပါပဲ..၊ အရမ်းကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ..၊ ဆိုးဆိုးရွားရွား အမှားတွေလုပ်မိတဲ့ပွဲတွေဆိုတာ ပြန်မစဥ်းစားချင်ခဲ့တဲ့ တကယ့်အိပ်မက်ဆိုးတွေပါပဲ…