feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs ခရစ်စ်တယ် ပဲလေ့စ်)

ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် တို့က BT Sports ရုပ်သံအစီအစဉ် သုံးသပ်ချက် စကားဝိုင်းတွင် ယခုလိုဆွေးနွေးသွားခဲ့ပါသည်..။

ဂျိုတ်ခ် ဟမ်းဖရေး - ဟေး… ဂျိုး ရေ.. ဒီနေ့ပွဲမစခင်က ပေးဂိုးမရှိပဲ clean sheet ရခဲ့ရင် ကျေနပ်ပါပြီလို့ ခင်ဗျားပြောခဲ့တာ… အခုတော့ အဲဒီထက်ကို အများကြီးပိုသွားခဲ့ပါလားဗျ..

ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ သိပ်ကောင်းခဲ့ပါတယ်..။ အထူးသဖြင့် နောက်တန်းလေးယောက်နဲ့ ဂိုးသမားတို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ သူတို့ဟာ ပဲလေ့စ်အသင်း လုံးဝထိုးဖောက်ခွင့်မရအောင် တားဆီးနိုင်ခဲ့ပါတယ်..။ ဂျော်ဂင်ဟို ဆိုရင် တစ်ပွဲလုံး ဘာမှအပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ..၊ ပင်နယ်တီသွင်းဂိုးတွေတင် မကပါဘူး..၊ မာကျော ကျစ်လျစ်ပြီး သူ့ရဲ့နောက်က သီယာဂို ဆေးလ်ဗား နဲ့ နားလည်မှု သိပ်ကောင်းခဲ့ပါတယ်..။ တစ်သင်းလုံးရဲ့ခြေစွမ်း အထူးကောင်းမွန်ခဲ့သလို အထူးသဖြင့် ဒုတိယပိုင်းမှာ ဘောလုံးပေးပို့ပုံ မြန်ဆန်တယ်..၊ ရွှေ့လျားမှုတွေလည်း ကောင်းမွန်ခဲ့သလို ကျွန်တော်တို့မြင်တွေ့ချင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ပုံစံလို့ ပြောလို့ရပါတယ်..။ ဒါ့ကြောင့် အမှတ်ပေးဇယား ဆိုရင်လည်း မနက်တုန်းကနဲ့ မတူတော့ပါဘူး..၊ အတော်လေး ကြည့်လို့ကောင်းလာပါပြီ..။



ဂျိုတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ခရစ်စ်တယ် ပဲလေ့စ်အသင်းကလည်း ဒီကိုလာခဲ့တာ ကစားကွက်ချင်းပြိုင်ဖို့ (expansive football) မဟုတ်ဘူးပေါ့..။ ဒါပေမယ့်ဒီနေ့ပွဲမှာဆိုရင် ဝီးလ်ဖရက်ဒ် ဇာဟာ ဟာ ချယ်လ်ဆီးဂိုးသမားလောက်တောင် ဘောလုံးမထိခဲ့ရပါဘူး..။ ဒီနေ့ပွဲမှာ ပဲလေ့စ်အသင်း အခက်အခဲတွေ့လိမ့်မယ်လို့တော့ ကြိုပြီးမျှော်လင့်ခဲ့ကြပါတယ်..။ ကျွန်တော့်ကို အခုခေါ်ယူထားတဲ့ ကစားသမားသစ်တွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ရှေ့အလားအလာအပေါ် ခန့်မှန်းပေးပါလား.. ရီယို ရေ..

ရီယို ဖာဒီနန် - ဖရန့် ဆီမှာ သူဘယ်လိုကစားချင်တယ်ဆိုတဲ့ စီမံချက်ရှိပါတယ်..။ ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားပုံမျိုးကို သွတ်သွင်းချင်သလို တစ်ဖက်က အသင်းရဲ့ဟန်ချက် (balance) ကောင်းဖို့လည်း လိုအပ်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ကျေနပ်မိတာက သူတို့ရဲ့ခံစစ်ပိုင်း အရမ်းကိုလုံခြုံခဲ့တယ်..၊ ပဲလေ့စ်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းအားလုံးကို လုံးဝဖြတ်တောက် ပိတ်ဆို့နိုင်ခဲ့တာကြောင့် တစ်ပွဲလုံးမှာ တန်ပြန်တိုက်စစ်ဆင်ခွင့် လုံးဝကိုမရခဲ့ပါဘူး..။ အဲဒီလို ပြိုင်ဘက်အသင်းကို ဘာမှလုပ်လို့မရနိုင်အောင် တစ်ပွဲလုံးထိန်းချုပ် ကစားသွားနိုင်ခဲ့တဲ့အပေါ် ဖရန့် အနေနဲ့ ဂုဏ်ယူသင့်ပါတယ်..။ ဒါ့အပြင်လေးဂိုးသွင်းပေး နိုင်ခဲ့တယ်ဆိုတော့ တိုက်စစ်ကဏ္ဍမှာလည်း လုံလောက်ကြောင်း ပြသနိုင်ခဲ့ပါတယ်..။

ဂျိုတ်ခ် ဟမ်းဖရေး - ဂျိုး ရေ.. ပထမပိုင်းမှာ ခင်ဗျားတို့အသင်းရဲ့ တိုက်စစ်ပိုင်း ထိုးဖောက်မှုတွေမှာ လိုအပ်ချက်တွေ များခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် ရဲ့ မှာကြားချက်တွေကြောင့် ဒုတိယပိုင်းမှာ ကစားပုံ လုံးဝပြောင်းလဲသွားခဲ့တာဟာ တကယ့်ကို ကျေနပ်စရာပဲဗျ.. ဟုတ်တယ်မလား..?

ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ သူတို့အသင်းဟာ အရှိန်ကိုထပ်မြှင့်ပြီး (tempo) ကစားခဲ့တာပါ..။ ခရစ်စ်တယ် ပဲလေ့စ် အသင်းဟာ ပိတ်ဆို့ပြီး ခံစစ်ထိုင်ကစားဖို့ ပြင်ဆင်လာခဲ့တာပါ..။ ဒါပေမယ့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ အစွမ်းကုန်တိုက်စစ်မြှင့်ခဲ့ပြီး ဂိုးရလိုစိတ်တွေများတယ်..၊ ထိုးဖောက်မှု၊ ပေးပို့မှုနဲ့ အဆုံးသတ်ပိုင်းတွေလည်း ကောင်းမွန်ခဲ့ပါတယ်..။



ဂျိုတ်ခ် ဟမ်းဖရေး - ပွဲအပြီးမှာ ဘင် ချီးဝဲလ် ကတော့ ပြုံးရွှင်နေတာပဲဗျ..။ ဒီနေ့ပွဲမှာဆိုရင် သူဟာသွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ရရှိခဲ့ပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ရီယို ရေ.. အခုလိုအသင်းသစ်နဲ့ ပထမဆုံး ပွဲထွက်ရတဲ့ပွဲတွေမှာ အခုလိုခြေစွမ်းနဲ့ပံ့ပိုးမှုမျိုး ပေးစွမ်းနိုင်ခဲ့တာဟာ သူ့အတွက် ဘယ်လောက်တောင် ကောင်းမွန်လိမ့်မလဲ ပြောပြပေးမလား..

ရီယို ဖာဒီနန် - အဲဒီထက်ပိုပြီး အရေးကြီးတာက ‘clean sheet’ ပေ့ါဗျာ..။ ဘင် ချီးဝဲလ် ဟာ ဒီနေ့ပွဲမှာ ပွဲစကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်..။ ဒုတိယပိုင်းမှာတော့ ခုနက ဂျိုး ပြောခဲ့သလိုပါပဲ.. သူတို့ဟာ tempo တင်ပြီး ကစားတယ်…၊ အဲဒီမှာ ဂိုးတွေရခဲ့တာပါပဲ..။

ဂျိုး ကိုးလ် - သူ့ရဲ့ဘယ်ခြေကန်ချက် တိကျမှုဟာ အလွန်ဆို အတိုင်းပဲဗျ..။ ဒါပေမယ့် ခံစစ်ပိုင်းမှာ သူကပိုပြီးကောင်းပါတယ်..။ ဒါ့ကြောင့်ဘင် ချီးဝဲလ် ဟာ ချယ်လ်ဆီးအသင်း ဘယ်တောင်ပံ ခံစစ်ကြောင်းအတွက် တကယ့်ကို မှန်ကန်တဲ့ အားဖြည့်မှုပါပဲ..။ ဒါ့အပြင် သူ့ရဲ့ကစားပုံဟာ ပွဲစကနေ ပွဲဆုံးအထိ လုံးဝကို ပြည့်စုံ၊ ကောင်းမွန်ခဲ့ပါတယ်..။

ရီယို ဖာဒီနန် - ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးမှာ ဆိုရင်လည်း ထောင့်ကန်ဘောကနေ နောက်တစ်ကြိမ်ပြန်ပြီး တိုက်စစ်ပြန်ဆင်တဲ့အချိန် သူ့ရဲ့ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှု အတော်လေးကို ကောင်းပါတယ်..။ သူ့အတွက် အသင်းသစ် အိမ်ကွင်းပွဲဦးထွက်မှာ သွင်းဂိုးရော၊ assist ပါ ရရှိခဲ့တာဟာ တကယ့်ကို ထူးရှယ်ပေါ့ဗျာ..။ အဲဒီဂိုးမှာ ဇူးမား ကြီးရဲ့ ခုန်အားနဲ့ ခေါင်းတိုက်ချက်ကိုလည်း ချီးကျူးတဲ့နေရာမှာ ချန်ထားခဲ့လို့ မရပါဘူး..။ ဇူးမား ဟာလည်း ဒီနေ့ပွဲမှာ ကစားပုံ အရမ်းကို မာကျော၊ ကျစ်လျစ်ပါတယ်..။



ဂျိုး ကိုးလ် - အင်းဗျ.. အဲဒါလည်း သီယာဂို ဆေးလ်ဗား နဲ့ ဆိုင်ပါလိမ့်မယ်..။ သူဟာအနီးနားက ခံစစ်ကစားသမားတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်..။ ဇူးမား ဆိုရင် ဒီနေ့ပွဲမှာ ပိုပြီးကောင်းလာတဲ့အပြင် ကစားပုံကလည်း ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာ ရှိနေပါတယ်..။

ဂျိုတ်ခ် ဟမ်းဖရေး - တတိယဂိုးပေါ့ဗျာ..၊ ပဲလေ့စ်အသင်း ပရိသတ်တစ်ယောက်ဆိုရင် အဲဒီပင်နယ်တီဟာ မထိုက်တန်ဘူးလို့ ပြောမှာပဲ.. ဟုတ်တယ်မလား..?

ဂျိုး ကိုးလ် - ဒါဟာအခုခေတ် ဘောလုံးလောကရဲ့ အခြေအနေပဲဗျ..။ အခုခေတ်မှာက ထိပြီဆိုတာနဲ့ ဘာမှငြင်းမနေနဲ့.. ပင်နယ်တီပဲ..။ အခုအောက်ကပုံမှာဆိုရင် တိုင်းရစ်ခ် မီချယ်လ် ရဲ့ ဖျက်ထုတ်မှုဟာ သူနဲ့ဒူးကာနဲ့ တန်မီ ရဲ့ ညှိုသကျီးကို ထိခဲ့ပါတယ်..။ မှန်ပါတယ်.. ပဲလေ့စ်အတွက် အခုဆုံးဖြတ်ချက်က ပြင်းထန်လွန်းပါတယ်..။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဆိုရင် ဒီလောက်နဲ့က ပင်နယ်တီ ရမှာမဟုတ်ပါဘူး..။ အခုခေတ်မှာ နောက်ခံလူတွေလည်း သနားဖို့ကောင်းပါတယ်..။



ဂျော်ဂင်ဟို ရဲ့ ပင်နယ်တီကန်ချက်ကလည်း သပ်ရပ်တယ်ဗျ..။ သူအဲဒီလို ‘ခုန်.. ခုန်’ ပြီး ကန်နေတာ.. ဘယ်လိုများလေ့ကျင့်ပြီး ကန်နေသလဲ.. ဆိုပြီး သူ့ရဲ့ကန်ချက်တိုင်း တွေးနေမိတာဗျ..။ အဲဒီဂိုးက ချယ်လ်ဆီးရဲ့ အနိုင်ရလဒ်ကို သေချာစေခဲ့ပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - ချယ်လ်ဆီးရဲ့ စတုတ္ထဂိုး ပင်နယ်တီကန်ချက်ကို ဖြစ်စေခဲ့တဲ့ ဖျက်ထုတ်မှုကိုရော… ခင်ဗျားအနေနဲ့ ဘယ်လိုထင်မိလဲ… ရီယို..

ရီယို ဖာဒီနန် - ဟာဗာ့ဇ် ရဲ့ ခြေနှုတ်ခြေသိမ်း လျှင်မြန်မှုနဲ့ ပါးနပ်မှုကို ချီးကျူးပါတယ်..။ ဒီနေ့ပွဲသူ့ရဲ့ကစားပုံဟာ တကယ့်ကို လှပညက်ညောနေတာပဲ…။ အဲဒီဖျက်ထုတ်မှုဟာ သေချာပေါက် ပင်နယ်တီပေးရမယ့် ဖျက်ထုတ်မှုပါ..။ အဲဒီပင်နယ်တီ ကန်ရမယ့်အချိန် ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးတွေဖြစ်တဲ့ တီမို ဗာနာ၊ တန်မီ အေဘရာဟမ် တို့ရဲ့စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်..။ တိုက်စစ်မှူးတွေအနေနဲ့ ဒီနေ့ပွဲမှာ သွင်းဂိုးတွေရချင်စိတ် ပြင်းပြနေခဲ့ပါတယ်..။ ကျွန်တော်တို့ ဝက်စ်ဟမ်းမှာ ရှိနေစဉ်တုန်းကလည်း ဖရန့် ကိုယ်တိုင် ပေါ်လို ဒီကာနီယို ကန်မယ့် ပင်နယ်တီကို သွားလုခဲ့ပါသေးတယ်..။



အဲဒီအချိန်မှာ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ရောက်လာပါတယ်.။ ‘တန်မီ.. မင်းနားထောင်.. ပင်နယ်တီကန်ဖို့ သတ်မှတ်ထားတဲ့သူပဲ ကန်ရမယ်..၊ အဲဒါစည်းကမ်းပဲ..’ လို့ပြောတယ်..။ ဘောလုံးကိုပြန်ယူပြီး ပင်နယ်တီကန်ရမယ့် ဂျော်ဂင်ဟို ကို ပေးလိုက်ပါတယ်..။ တန်မီ က အရမ်းကိုကန်ချင်နေတဲ့အတွက် စိတ်ပျက်သွားခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပြသနာ အဝတ်လဲခန်းထဲမှာ ဘာမှကြီးကျယ်သွားစရာ မရှိပါဘူး..။

ဂျိုး ကိုးလ် - ဒီနေရာမှာ လိုအပ်တဲ့အချန် အတိအကျ ကြားဝင်ဖြေရှင်းပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ကို ကျွန်တော်ချီးကျူးပါတယ်..။ ဘယ်သူမှတော့ ကိုယ့်အသင်းက တိုက်စစ်မှူးနှစ်ယောက် ပင်နယ်တီကန်ဖို့ အငြင်းအခုန်ဖြစ်နေတာကို မြင်ချင်မှာမဟုတ်ပါဘူး..။ ဂျော်ဂင်ဟို ကတော့ သူ့ရဲ့တာဝန်ကို ကျေပွန်အောင် အတိအကျ ထမ်းဆောင်သွားခဲ့ပါတယ်..။

မှန်ပါတယ်.. ရီယို ပြောခဲ့သလို တီမို နဲ့ တန်မီ တို့ဟာ ဂိုးရချင်စိတ် အရမ်းကိုပြင်းပြနေခဲ့ကြပါတယ်..။ ဒါပေမယ့်အခုဖြစ်ရပ်ကြောင့် တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားစရာ အကြောင်းလည်းမရှိပါဘူး..။ တစ်ယောက်ချင်းစီ ရှုထောင့်က ကြည့်မယ်ဆိုရင် သူတို့အားလုံး ကိုယ်စီကိုယ်စီ မှန်နေကြတာပါပဲ..၊ ချယ်လ်ဆီးအသင်းလည်း ဂိုးရသွားတယ်..၊ အဲဒါပဲပေါ့ဗျာ..။ ဒီနေ့ပွဲဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ နေသာခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာပေါ့..



ရီယို ဖာဒီနန် - ကျွန်တော်လည်း ဆီဇာ အက်ဇ်ပီလီကွဲတား ကို ချီးကျူးပါတယ်..။ သူဟာဒီပြသနာကို ချုပ်ငြိမ်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ တကယ်လို့ သူသာမဖြေရှင်းတတ်ရင် ဒီပြသနာ ဘာမှမဟုတ်ပဲနဲ့ မီးလောင်သွားနိုင်ပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဖရန့် က ပထမအပြီး အဝတ်လဲခန်းထဲမှာ ဒုတိယပိုင်းကျရင် တိုက်စစ်ဇုန်မှာ ချီးဝဲလ် ကို ပိုပြီးတွဲကစားကြဖို့ မှာကြားခဲ့တယ်လို့ ပြောပါတယ်..။ ကစားသမားတွေကလည်း သူ့ရဲ့စကားကို လိုက်နာခဲ့ကြပါတယ်..

ဂျိုး ကိုးလ် - မှန်ပါတယ်..။ ပထမပိုင်းမှာ ချီးဝဲလ် ဟာ တိုက်စစ်ပိုင်းမှာ သူရှိရမယ့်နေရာကို အတိအကျ ရောက်လာခဲ့ပေမယ့် ဘယ်တောင်ပံ တိုက်စစ်ကစားသမားတွေဟာ သူ့ရဲ့ overlap တွေကို အကျိုးရှိအောင် အသုံးမချနိုင်ခဲ့ပါဘူး..။ သူဟာအတက်အဆင်း လျှင်မြန်တယ်..၊ ကစားအား ကောင်းမွန်သလို အနီး၊ အဝေး ပေးပို့မှုတွေကလည်း တကယ့်ကိုကောင်းမွန်လှပါတယ်..။ သူဟာချယ်လ်ဆီးအသင်းမှာ တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။



ရီယို ဖာဒီနန် - ဒီနေ့ပွဲမှာ ချီးဝဲလ် ရဲ့ ဘယ်တောင်ပံနဲ့ အက်ဇ်ပီလီကွဲတား ရဲ့ ညာတောင်ပံ ခံစစ်မှူးတွေရဲ့ ကစားပုံခြားနားချက် ပြောရမယ်ဆိုရင် ချီးဝဲလ် ရဲ့ ဘယ်တောင်ပံကို တိုက်စစ်လမ်းကြောင်း တစ်ခုအနေနဲ့ ပုံဖော်ကစားခဲ့ပါတယ်..။ အက်ဇ်ပီလီကွဲတား ကတော့ တိုက်စစ်ကို သိပ်ပြီးမလိုက်ပါပဲ ခံစစ်ကိုပိုမို အားပြုခဲ့တယ်ဗျ..။ တကယ်တော့ ချီးဝဲလ် ဟာ ဒီနေ့ခေတ် ဘောလုံးလောကရဲ့ ‘modern day full back’ စစ်စစ် တစ်ယောက်ဖြစ်လာဖို့ မွေးဖွားလာခဲ့တဲ့သူပါ..။ သူဟာအသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို ပုံဖော်တယ်..၊ ကွင်းလယ်နဲ့တွဲဖက်ပြီး ဘောလုံးဖြန့်ဝေပေးတယ်..၊ ဂိုးဧရိယာထဲကို တိကျတဲ့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်ပါတယ်..။ တိုက်စစ်အားသန် ခေတ်သစ် full back တစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ ကစားဟန်ကို ပြပါဆိုရင် ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ ချီးဝဲလ် ရဲ့ကစားပုံကို နမူနာပေးရမှာပါ..။

ဂျိတ်ခ် ဟမ်းဖရေး - ပဲလေ့စ်အသင်းမန်နေဂျာ ရွိုင်း ဟော့ဒ်ဆန် ကတော့ သူ့အသင်းရဲ့ ခံစစ်ပိုင်းအမှားတွေကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့သလို တစ်ချို့ကစားသမားတွေကို အပြစ်တင်သွားခဲ့ပါတယ်..။ ဒါပေမယ့်အချက်အလက်တွေအရ ဒီနေ့မှာ ပဲလေ့စ်အသင်းဟာ တစ်ပွဲလုံးပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု (ball possession) (၃၀% ရာခိုင်နှုန်း) တောင် မရှိခဲ့သလို ဂိုးပေါက်တည့်ကန်ချက် (shots on target) တစ်ကြိမ်မှ မရခဲ့ပါဘူး.။ အတော်ဆိုးဆိုးရွားရွား မဟုတ်ဘူးလား..?

ဂျိုး ကိုးလ် - သူတို့ရဲ့ကစားပုံ ကြည့်မကောင်းခဲ့ပေမယ့် ရွိုင်း နဲ့ ခရစ်စ်တယ် ပဲလေ့စ်အသင်းကို ကျွန်တော်လေးစားပါတယ်..။ သူတို့ဟာ အိမ်ရှင်အသင်းကို တန်ပြန်တိုက်စစ်နဲ့ ဒုက္ခပေးနိုင်ဖို့ ကြံရွယ်ခဲ့ပေမယ့် ဝီးလ်ဖရက်ဒ် ဇာဟာ ဆိုရင် လိုချင်တဲ့ဘောလုံးမျိုး တစ်ပွဲလုံး မရခဲ့တဲ့အပေါ် စိတ်ပျက်မိမှာပါ..။ ချယ်လ်ဆီးအသင်းက သူတို့ကိုအဲဒီလို တန်ပြန်တိုက်စစ်တွေ ဆင်လို့မရအောင် လုံးဝကို ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်..။ ကျွန်တော်လည်း ဇာဟာ လို နေရာမှာ ကစားခဲ့တဲ့သူဆိုရင် ကိုယ့်ဆီကို ဘောလုံးမရောက်လာတဲ့ဒုက္ခ ဘယ်လောက်ကြီးမားတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ဇာဟာ ဟာ တစ်ပွဲလုံးမှာ ဘောလုံးထိချက် (touches) (၂၈) ကြိမ်ပဲ ရရှိခဲ့ပါတယ်..။

ခရစ်စ်တယ် ပဲလေ့စ် မှာ ဇာဟာ၊ တောင်ဆန် တို့လို ကစားသမားတွေ ရှိနေတာကြောင့် အခုထက်ပိုပြီး တိုက်စစ်ကို အားပြုကစားသင့်တာပေါ့လို့ ငြင်းစရာရှိနိုင်ပါတယ်..။ ဒါပေမယ့် သူတို့အသင်းရဲ့ ကစားပုံဟာ အဲဒီလိုခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ထိထိရောက်ရောက်ထိုးဖို့ ပြင်ထားတဲ့ ကစားနည်းစနစ် ဖြစ်နေလေတော့ သူတို့အသင်းရဲ့ ပွဲကိုချဉ်းကပ်ပုံနဲ့ ဆုံးဖြတ်ချက်ကို လေးစာရမှာပါ..။



ရီယို ဖာဒီနန် - ဒီနေ့ပွဲမှာတော့ ဇာဟာ တင်မဟုတ်ပါဘူး..၊ ပဲလေ့စ်အသင်းက တိုက်စစ်ကစားသမားတိုင်း အခက်တွေ့ခဲ့တာပါ..။ ခုနက ဇာဟာ ရဲ့ ထိချက် (၂၈) ကြိမ်ထဲမှာ ဂိုးဧရိယာအတွင်း ဘောလုံးထိခဲ့တာ ဘယ်နှစ်ကြိမ်များ ပါခဲ့လို့လဲ..? သူ့အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ full backs တွေကို ဘယ်နှစ်ကြိမ်များ ကျော်ဖြတ်ပြေးနိုင်ခဲ့လို့လဲ..? ဒီနေ့မှာတော့ ပဲလေ့စ်တစ်သင်းလုံးဟာ ခံစစ်ဇုန်ထဲက မထွက်နိုင်ပဲ ဖြစ်နေတော့ တိုက်စစ်ကစားသမားတွေအနေနဲ့ ဘောလုံးရပြီဆိုရင် ကိုက် (၅၀) လောက်သယ်ပြီး ဆွဲပြေးရမယ့်ပုံ ဖြစ်နေပါတယ်..။ ဒါ့ကြောင့်အရမ်းကို ခက်ခဲပါလိမ့်မယ်..။

ဒါပေမယ့် ရွိုင်း ဟော့ဒ်ဆန် ဟာ သူ့အသင်းကို အဲဒီလိုခံစစ်အားပြုတဲ့ ပုံစံနဲ့ပဲဆင်ထားတာပါ..။ ဒါပေမယ့် ကျွန်တော်တို့လည်း အခုလိုတစ်ပွဲလုံး ခံစစ်ဇုန်ထဲကနေ လုံးဝရုန်းမထွက် နိုင်ခဲ့လိမ့်မယ်လို့ မထင်ခဲ့ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့နှစ်ပါတ်.. အိုးလ် ထရက်ဖို့ဒ်ကွင်းမှာတုန်းက အဲဒီလိုခံစစ်ထိုင်ကစားနေရင်း တန်ပြန်တိုက်စစ်နဲ့ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်တယ်..၊ ဒုက္ခပေးနိုင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ..။ ဒ့ါကြောင့်ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းကို ချီးကျူးသင့်တယ်လို့ ကျွန်တော်ပြောတာပါ.။ အဲဒီလိုပဲလေ့စ်အသင်း တန်ပြန်တိုက်စစ်ဆင်လာမယ့် လမ်းကြောင်းတွေကို လုံးဝပိတ်ဆို့နိုင်ခဲ့တာဟာ ဒီနေ့အနိုင်ပွဲမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။

ပဲလေ့စ်အသင်းဟာ စုစည်းမှုကောင်းမွန်ပြီး တကယ့်ကိုမာကျောတဲ့ အသင်းပါ..။ သူတို့ဟာ ခံစစ်မလုံခြုံတဲ့ ထိပ်တန်းအသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အိုးလ် ထရက်ဖို့ဒ် ပွဲစဉ်မှာ ပြသခဲ့ပြီးပါတယ်..။ ဒီနေ့မှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက အဲဒီလို မဟုတ်ခဲ့ပါဘူး..။



ဂျိုတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ…။ ဘာပဲပြောပြော ဒီနေ့အနိုင်ပွဲကြောင့် ကျွန်တော်တို့တွေ့လိုက်ရတဲ့ ဖရန့် ရဲ့ မျက်နှာပေါ်က အပြုံးပန်းတွေဟာ နောက်တစ်ပါတ်မှာ လက်ရွေးစင် အသင်းတွေရဲ့ International break အပြီးထိ ဆက်ပြီးဝေဆာနေဦးတော့မှာပေါ့.. ဟားဟား..။

ဂျိုး ကိုးလ် - ပွဲမစခင်က ရီယို ကို ကျွန်တော်ပြောခဲ့ပါသေးတယ်..။ အခုလို break မပေးခင် ကန်ရတဲ့ပွဲတွေမှာ ရှုံးနိမ့်ခဲ့တယ်ဆိုရင် တကယ့်ကိုငရဲပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ထပ်နှစ်ပါတ်လုံး  စိတ်ထဲမှာတနှုံ့နှုံ့နဲ့ ဆူးစူးနေတော့မှာကိုးဗျ..။ အခုဆိုရင် သူ့ရဲ့ရှားပါးလှတဲ့ အနားရက်လေးကို စိတ်ကြည်နူး ချမ်းသာစွာနဲ့ ကျော်ဖြတ်နိုင်တော့မှာပါ..။