feature-image

‘Match of the Day’ သုံးသပ်ချက် (ချယ်လ်ဆီး vs ဆောက်ပ်သမ်တန်)

စနေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဆောက်ပ်သမ်တန်အသင်းတို့၏ ပွဲစဉ်အပေါ် အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်းများဖြစ်သည့် ဂယ်ရီ လိုင်နီကာ၊ အလန် ရှီးယားရား နှင့် အီယန် ရိုက် တို့က BBC Match of the Day အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

ဂယ်ရီ လိုင်နီကာ - ပထမဆုံးအနေနဲ့ အရှုံးရလဒ်ကနေ ပြန်လှန်နိုင်ခဲ့တဲ့ ဆောက်ပ်သမ်တန်အသင်းရဲ့ ကြိုးစားမှုနဲ့ စိတ်ဓါတ်ကို ကျွန်တော်တို့ ချီးကျူးရမှာပါ..။ အခုဒီပွဲမှာ တီမို ဗာနာ ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး စတင်ရရှိခဲ့ပါတယ်..။ အခုဒီနေ့ပွဲက သွင်းဂိုးတွေဟာ နောက်ပိုင်းကျရင် ရရှိတော့မယ့် သွင်းဂိုးများစွာရဲ့အစလို့ မျှော်လင့်မိတာပဲ.. အီယန် ရေ..

အီယန် ရိုက် - ကျွန်တော်လည်း အဲဒီလိုပဲ ယူဆပါတယ်..။ သူ့ရဲ့ကစားပုံကို ကြည့်မယ်ဆိုရင် ဒီပွဲမတိုင်ခင်အထိ သွင်းဂိုးမရသေးဘူး.. ဆိုတဲ့ အချက်အပေါ် သူ့အနေနဲ့ ခေါင်းထဲမှာသိပ်ပြီး ထည့်ထားပုံမရပါဘူး..။ တီမို နဲ့ ပတ်သက်ပြီး ပထမဆုံးပြောချင်တာက သူ့ရဲ့နေရာယူပုံနဲ့ ချိန်သားကိုက် ပြေးထွက်ပုံအပေါ် ဖြစ်ပါတယ်..။ သူရယ်..၊ မေဆန် မောင့် နဲ့ ကိုင် ဟားဗာ့ဇ် တို့ အတွဲအစပ်မိလာတဲ့အချိန်ကို စောင့်ကြည့်ရလိမ့်မယ်ဗျ..။ တစ်ချိန်ချိန်ကျရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲ ဖြစ်လာပါလိမ့်မယ်..။



အခုအပေါ်က ပုံ (၁) မှာ ပြထားတဲ့ ခေါင်းတိုက်သွင်းဂိုးမှာဆိုရင် ဘင် ချီးဝဲလ် ဖြတ်တင်ပေးမယ့်အချိန်မှာ တီမို ဟာ နည်းနည်းလေးဆန္ဒ စောသွားပုံ ရပါတယ်..။ နောက်တန်းလူတွေရဲ့ အနေအထားကို ခဏစောင့်လိုက်မယ်ဆိုရင် သိပ်ကိုလှပတဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုး ဖြစ်သွားမှာပါ..။

အခုအောက်ကပုံ (၂) မှာတော့ ချီးဝဲလ် ပေးပို့လိုက်တဲ့ ဘောလုံးကို အနီးနားမှာရှိနေတဲ့ ဆောက်ပ်သမ်တန် နောက်ခံလူ ယန်း ဘက်ဒ်နနာရက်ခ် ရဲ့နေရာယူပုံကို တစ်ချက်လှမ်းကြည့်လိုက်တာကို တွေ့ရမှာပါ..။ နောက်တော့အသာလေးခွပြီး လှည့်ထွက်သွားတဲ့ သူ့ရဲ့ပါးနပ်မှု၊ ဆုံးဖြတ်ချက် ကောင်းမွန်မှုနဲ့ လျှင်မြန်မှုတို့က တကယ့်ကို ချီးကျူးဖို့ကောင်းပါတယ်..။



နောက်တော့ဂိုးဧရိယာထဲကိုရောက်လာပါတယ်..။ နောက်ခံလူတွေပြုံလာပေမယ့် တစ်ပေ၊ နှစ်ပေလောက် နေရာလွတ်ကို မရမကရှာဖွေပြီး အတိအကျ ကန်သွင်းလိုက်နိုင်တာဟာ တကယ့်ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ရဲ့ သွင်းဂိုးပါပဲ..။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းအရှိန်ကို ဆက်ထိန်းထားနိုင်ပြီး ကွင်းလယ်ကစားသမားတွေနဲ့ တွဲလုံးတွေ ကောင်းမွန်လာမယ့်အချိန်ကို စောင့်ကြည့်ရမယ်ထင်ပါတယ်..။

ဘာဖြစ်လို့လည်းဆိုတော့ အောက်ကပုံ (၃) မှာ ပြထားတဲ့ဒုတိယဂိုးမှာဆိုရင် ဂျော်ဂင်ဟို ဟာ တီမို ဗာနာ ပြေးထွက်မယ့်အနေအထားကို လှမ်းကြည့်ပြီး ခုတ်တင်ပေးလိုက်တာဟာ လေ့ကျင့်ကွင်းမှာ အထပ်အထပ် လေ့ကျင့်ထားတဲ့ ပုံစံမျိုးပဲဗျ..။



ဒါပေမယ့် အဲဒီဒုတိယဂိုးမှာ တီမို နည်းနည်းတော့ ကံကောင်းသွားပါတယ်.။ ဘာဖြစ်လို့လည်းဆိုရင် အခုအောက်ကပုံ (၄) မှာမြင်ရတဲ့အတိုင်း တခြားဘက် ကင်မရာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်နဲ့ထိန်းလိုက်တဲ့ပုံ တွေ့နေရတယ်ဗျ..။ ဘာကြောင့် VAR ပြန်ပြီး မကြည့်သလဲ ကျွန်တော်အံ့သြမိပါတယ်..။ လက်ထိဘော အရှင်းကြီးတော့ မဟုတ်ပါဘူး..၊ လက်မောင်းတစ်ဝက်၊ ပခုံးတစ်ဝက်လိုလိုပဲဗျ..။ ကျွန်တော်လည်း သေချာမပြောတတ်ဘူး..။ ဒါပေမယ့် ဂိုးသမားအပေါ် အသာလေးကျော်ပြီး ‘မ’ သွားတဲ့ပုံစံရယ်..၊ အဆုံးသတ် ဂိုးသွင်းသွားပုံကတော့ အရမ်းကိုသွေးအေးပြီး သေချာလွန်းပါတယ်..။



ဒါ့ကြောင့်အစောက ကျွန်တော်ပြောခဲ့သလိုပါပဲ..၊ သူ့လိုတိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးရမယ့်အချိန်ကို လုံးဝစိတ်ပူစရာ မရှိပါဘူး..၊ အနှေးနဲ့အမြန်ပဲပေါ့ဗျာ..။ ဒါ့အပြင်အသင်းက ရသွားတဲ့ တတိယဂိုးမှာဆိုရင်လည်း သူဟာ အသင်းဖော် ကိုင် ဟားဗာ့ဇ် အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီဂိုးမှာ ပူလီဆစ် က သူ့ရဲ့ပြေးလမ်းထဲကို ခင်းပေးလိုက်တာ သိပ်ကိုတိကျသေသပ်ပါတယ်..။ ဒါ့ကြောင့်ခုနက ကျွန်တော်ပြောခဲ့သလိုပါပဲ..၊ ချယ်လ်ဆီးအသင်းက တိုက်စစ်ကစားသမားတွေ အတွဲအဖက်မိသွားတဲ့အချိန်ကျရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲအစပ် ဖြစ်လာမှာပါ..။ ဒါပေမယ့် မကြာခဏ အပေးအယူမှားတာတွေ၊ နားလည်မှုလွဲတာလေးတွေကိုတော့ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါသေးတယ်..။

ဂယ်ရီ လိုင်နီကာ- ဟုတ်ပါတယ်..။ သူတို့ရဲ့တိုက်စစ်ပိုင်း ထိုးဖောက်မှုတွေဟာ အားရစရာ ဖြစ်သလို နောက်ပိုင်းပွဲတွေမှာလည်း စောင့်ကြည့်ရဦးမှာပါ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ဘယ်နေရာမှာ အားနည်းနေတယ်ဆိုတာကျတော့လည်း အရမ်းကိုထင်ရှားနေပြန်ရောဗျ..။ အခုအချိန်ထိ ဖရန့် လမ်းပတ် ချယ်လ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၄၃) ပွဲမှာ (၆၃) ဂိုး ခွင့်ပြုခဲ့ရပါတယ်..။ ဘာကြောင့်လဲဗျ..?

အလန် ရှီးယားရား - တစ်ယောက်ချင်းအမှားတွေ (individual errors) အရမ်းများလွန်းပါတယ်..။ ပထမချေပဂိုးရလိုက်တဲ့အချိန်မှာ ဆောက်ပ်သမ်တန်အသင်းအနေနဲ့ ယုံကြည်မှုပြန်ပြီး တက်လာပါတယ်..။ ဒါ့ကြောင့်အဲဒီဂိုးဟာ ပွဲရဲ့အလှည့်အပြောင်းအတွက် အရေးပါခဲ့တဲ့ဂိုး ဖြစ်ခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ဆောက်ပ်သမ်တန်အသင်းက ချယ်လ်ဆီးအသင်းခံစစ်ဇုန်ထဲအထိ အတင်းတက်ဖိပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားနေတဲ့ ညာတောင်ပံက ဟာဗာ့ဇ် ကို ဖိအားပေး (press) ပါတယ်..(ပုံ- ၅)။



first press မှာ မရဘူး..၊ လွတ်သွားတယ်..၊ second press..၊ third press မှာ (ပုံ- ၆) ဘောလုံးရပါတယ်..။ ဒယ်နီ အင့် ပြေးထွက်မယ့်အချိန် ချာ အဒမ် ရဲ့ ထိုးပေးလိုက်တာ တကယ့်ကို အတိအကျပါပဲ..။ သပ်ရပ်၊ လှပတဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောရမှာပါ..။



ဒုတိယဂိုးကျတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းက highline နဲ့ ကွင်းလယ်စည်းရဲ့နောက် (၁၀) ကိုက်လောက်မှာ ရှိနေပါတယ်..။ ဆောက်ပ်သမ်တန်အသင်းက ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကတ် ဇူးမား က ဦးပါတယ်..။ ဒါပေမယ့်ပီပီပြင်ပြင် ရှင်းမထုတ်ခဲ့တာ ပထမအမှားပေ့ါ..၊ နောက်ပြီးဂိုးသမားက ထပ်ပြီးမှားပြန်ပါတယ်..။ ဖရန့် ကတော့ သူ့ရဲ့ဂိုးဧရိယာဘက်ကို ဘောလုံးတွေရောက်လာတိုင်း ရင်တုန်နေလောက်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ခံစစ်ကြောင်းက ဆောက်ပ်သမ်တန်အသင်း ထိုးဖောက်သမျှကို ကိုးရိုးကားယား ဖျက်ထုတ်နေရတာကိုးဗျ..။

နောက်တော့သူဟာ ဇိုင်းယက်ချ် ကို လူစားသွင်းပါတယ်..။ နောက်တန်းက ရှင်းထုတ်လိုက်တဲ့ ဘောလုံးဟာ သူ့ဆီကို ရောက်လာတယ်..၊ ထပ်ပြီးမှားပြန်တယ်..။ အမှန်ကပွဲပြီးဖို့ (၁၅) မိနစ်၊ မိနစ် (၂၀) လောက် ကျန်သေးတာဆိုတော့ ဘောလုံးကိုတတ်နိုင်သမျှ ခြေထဲမှာထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီလောက် လွယ်လွယ်ကူကူ ဘောလုံးဆုံးရှုံးသွားလို့ မဖြစ်ပါဘူး..။ အဲဒီဘောလုံးကနေတဆင့် ဆောက်ပ်သမ်တန်အသင်းက တိုက်စစ်ဆင်လာရာမှာ ပြစ်ဒဏ်ဘော ရပါတယ်..။

အဲဒီပြစ်ဒဏ်ဘောကို ရှင်းထုတ်ရမှာ မပီပြင်တာကြောင့် ဂိုးဧရိယာထိပ်ကနေ သီယို ဝဲလ်ကော့တ် ကန်သွင်းခွင့်ရခဲ့တာ ဖြစ်ပါတယ်..။ ဆောက်ပ်သမ်တန်အသင်းရဲ့ ချေပဂိုးဟာ ထိုက်တန်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယပိုင်းမှာ သူတို့ရဲ့ကစားပုံဟာ အနိုင်ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ စိတ်အားထက်သန်မှုအပြည့် ရှိခဲ့ပါတယ်..။



ဂယ်ရီ လိုင်နီကာ - အင်းဗျ..။ ချယ်လ်ဆီးအသင်းဟာ set piece ကနေ နောက်ထပ်တစ်ဂိုး ထပ်ပေးရပြန်ပြီပေါ့..။ အခုအပေါ်ကပုံ (၇) မှာဆိုရင် မနှစ်ကဘောလုံးရာသီကစပြီး ချယ်လ်ဆီးအသင်းဟာ အဲဗာတန်၊ နောဝစ်ချ် တို့ပြီးရင် တည်ကန်ဘော (set pieces) တွေကနေ ပေးဂိုးတွေ အများဆုံးခွင့်ပြုနေရတဲ့ အသင်းဖြစ်နေတာ မြင်ကြရမှာပါ..။ ဖရန့် အနေနဲ့ အရင်ကတည်းက တောက်လျှောက်ရှိနေခဲ့တဲ့ ခံစစ်ကြောင်း အားနည်းချက်တွေကို မပြင်နိုင်သေးဘူးလို့ပဲ ပြောရမှာပါပဲဗျ..။