မနေ့ညက ယှဉ်ပြိုင်ခဲ့သော လိဒ် ယူနိုက်တက်အသင်းနှင့် ဝုလ်ဖ်အသင်းတို့၏ ပွဲစဉ်မတိုင်မီ ပွဲစဉ်တင်ဆက်သူ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က ဆောက်ပ်သမ်တန် အသင်းနှင့်ပွဲစဉ်မှ တီမို ဗာနာ ဦးဆောင်သော အသွင်သစ်တိုက်စစ်နှင့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံအခွင့်အရေးအပေါ် Sky Sports ရုပ်/သံမှ တင်ဆက်သော Monday Night Football သုံးသပ်ချက် စကားဝိုင်း အစီအစဉ်တွင် ယခုလိုသုံးသပ်ပြောကြားသွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - အစောပိုင်းက ကျွန်တော်တို့တွေဟာ သွင်းဂိုး၊ ပေးဂိုးတွေများပြားနေတဲ့ အခုနှစ်ပရီးမီးယားလိဂ် ပွဲစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်..။ အဲဒီထဲမှာ ဂျင်မီ ရေ.. ခင်ဗျားတို့စတန်းဖို့ဒ် ဘရစ်ချ် မှာ ဆောက်ပ်သမ်တန်အသင်းနဲ့ ပွဲစဉ်လည်း အပါအဝင်ပေါ့..။ ကဲ… ပထမဆုံးအနေနဲ့ အခုနှစ်ချယ်လ်ဆီးအသင်းမှာ တိုးတက်လာခဲ့တဲ့ အကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ဗျာ..။ တီမို ဗာနာ… သူဟာတကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ပြောနိုင်ပြီလားဗျ..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - Yes.. ကျွန်တော်သူ့ကို လုံးဝကြွေပါတယ်..။ သိပ်ကိုထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ..။ ဆောက်ပ်သမ်တန်အသင်းနဲ့ပွဲမှာ သွင်းယူပေးခဲ့တဲ့ ပထမဂိုးမှာဆိုရင် ဘင် ချီးဝဲလ် ပေးတဲ့ဘောလုံးကို အသာလေးခွပြီး center back ကို ကျော်ဖြတ်သွားခဲ့တာ အရမ်းကိုလျှင်မြန်ပါတယ်..။ ဂိုးဧရိယာထဲကို ရောက်လာတာနဲ့ သူ့ရဲ့ခေါင်းထဲမှာ ဂိုးပေါက်ကိုပဲ မျက်နှာမူထားတယ်..၊ ကန်သွင်းမယ်ဆိုတဲ့စိတ် တစ်ခုပဲရှိတယ်..။ ဂိုးပေါက်ရဲ့တည်နေရာကိုလည်း အာရုံရနေပါတယ်..။ တိုက်စစ်မှူးအမျိုးအစားထဲကဆိုရင် သူဟာဂိုးပေါက်ကို ကျောပေးပြီး (back to the goal) ကစားတတ်တဲ့သူ မဟုတ်ဘူးဗျ..။ သူဟာဂိုးပေါက်ကို မျက်နှာမူပြီး နောက်ခံလူတွေကို ဘေးချင်းယှဉ်၊ ကျောဖြတ်ပြေးချင်တဲ့ တိုက်စစ်မှူး အမျိုးအစား ဖြစ်ပါတယ်..။
ဒုတိယဂိုးကတော့ သူသွင်းယူနေကျ ဂိုးပုံစံ..၊ typical Werner’s goal ပါပဲ..။ ဂျော်ဂင်ဟို က သူ့ရဲ့ပြေးလမ်းကြောင်းထဲကို ခုတ်တင်ပေးလိုက်တဲ့အချိန်မှာ သူဟာနောက်ခံလူနဲ့ယှဉ်ပြေးရင် အရှိန်တင် ကျော်ဖြတ်တယ်..၊ အရင်ဦးဆောင် နေရာယူပြီး ဘောလုံးလက်ခံယူဖို့ ပြင်ဆင်ပါတယ်..။ ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းရာမှာလည်း သွင်းယူရမယ့်နေရာကို အတိအကျသိထားသလို သွေးအေးပြီး သပ်ရပ်ပါတယ်..။ ကျွန်တော်ကတော့ သူ့ကို center forward အနေနဲ့ အလယ်ဗဟိုကနေ ထိုးဖောက်တာကိုပဲ ပိုပြီးကြိုက်ပါတယ်..။ တကယ့်ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ပါပဲ..။
ဂျေမီ ကာရေဂါ - ဗာနာ ဟာ ဂိုးပေါက်ကိုကျောပေးပြီး back to the goal ကစားတာ မကြိုက်ဘူးလို့ ခင်ဗျားပြောခဲ့တယ်နော်..။ အဲဒါကြောင့် ဖရန့် အပြင် လိုက်ပ်ဇစ်အသင်းမှာတုန်းက မန်နေဂျာ နာဂယ်လ်မန်း လည်း သူ့ကိုဘယ်တောင်ပံမှာ ကစားစေခဲ့တာ မဟုတ်ဘူးလား..? ဘယ်တောင်ပံ ကစားရတယ်ဆိုတော့ သူဟာဂိုးပေါက်ကို ကျောပေးစရာမလိုပဲ တောင်ပံကနေ ဂိုးပေါက်ကို တူရှုဦးတည် ထိုးဖောက်ရုံပဲလေ..၊ မဟုတ်ဘူးလားဗျ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါပေမယ့် တောင်ပံမှာထွက်ပြီး ကစားနေရရင် တိုက်စစ်လမ်းကြောင်း ရှာတဲ့နေရာမှာ ဘယ်ဘက်က တစ်ပေါက်ထဲလိုလို ဖြစ်နေပါတယ်..။ နောက်ပြီးသူဟာ ညာနောက်ခံလူ၊ ညာဘက်ဗဟိုနောက်ခံလူတွေကိုလည်း ကျော်ဖြတ်ရဦးမယ်ဆိုတော့ သူ့ကိုကန့်သတ်ထားသလို ဖြစ်နေပါတယ်..။ သူဟာလွတ်လွတ်လပ်လပ် ကစားရတာကို ပိုပြီးနှစ်ခြိုက်တဲ့သူ တစ်ယောက်ပါ..။ သူ့ကိုနောက်ခံလူတွေ ကပ်လာပြီဆိုရင် ဘယ်ဘက်ကို ရွှေ့လျားပြီး နေရာလွတ်ရအောင် ဖန်တီးတယ်..၊ ပြီးရင်နည်းနည်းလေး ခွာသွားပြီဆိုတာနဲ့ ကျော်ဖြတ်ပြေးတော့တာပဲဗျ..။
သူ့ရဲ့ကစားပုံဟာ ဂိုးပေါက်ကို ကျောပေးပြီး ကစားလေ့မရှိဘူး.. ကျွန်တော်နဲ့ဆင်တူပါတယ်..။ ကျွန်တော်ဆိုရင် back to the goal ကစားတဲ့နေရာမှာ ကလွိုင်ဗက်၊ ဗင် ဘက်စတန် တို့လောက် မထူးချွန်ပါဘူး..။ သူလည်းကျွန်တော့်လိုပါပဲ..၊ သူ့ရဲ့အားသာချက်ကိုသိတယ်..၊ center backs တွေကို အငြိမ်မနေရပဲ ပြေးလွှားနေရအောင် ဖန်တီးပြီး သူ့ရဲ့လျှင်မြန်မှုကိုအသုံးချ၊ ကျော်ဖြတ်ပြေးဖို့ ဖြစ်ပါတယ်..။ သူဟာဂျာမနီတုန်းကလည်း အဲဒီလိုပဲဗျ..။ ဂိုးသွင်းဖို့တစ်ခုတည်းကိုပဲ အာရုံထားပါတယ်..။ ဘယ်လိုနည်းနည်းဂိုးဂိုး.. ဂိုးရရင် ပြီးတာပဲဆိုတဲ့ ပြင်းထန်တဲ့စိတ် ရှိပါတယ်..။
ဂျေမီ ကာရေဂါ - တီမို ဟာ အခုမှချယ်လ်ဆီးကိုရောက်တာ ခဏလေးပဲ ရှိပါသေးတယ်..။ ဒါနဲ့တောင် ခင်ဗျားကသူ့ကို ကောင်းမွန်တဲ့ ခေါ်ယူမှု (real deal) ဆိုပြီး ပြောနေပြီပေါ့..။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူးအစဉ်အဆက် အားလုံးဟာ ခင်ဗျားအပါအဝင်ပေါ့ဗျာ.. real deals တွေပါပဲ..။ ကဲပါ.. အခုအောက်ကပုံမှာဆိုရင် သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်..။
ခင်ဗျားဆိုရင် ခရစ်စ် ဆပ်တန် ရဲ့နေရာကို အစားထိုးရပါတယ်..။ အဲဒီမှာ ခင်ဗျားတွေ့တဲ့အတိုင်း.. အကုန်လုံး နာမည်ကျော် တိုက်စစ်မှူးတွေကြီးပဲဗျ..။ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေလည်း အများကြီးပါခဲ့ပါတယ်..။ ဒါပေမယ့် အများစုဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျရှုံးခဲ့ကြပါတယ်..။ အပေါ်ကပြထားတဲ့ပုံအရ ကြည့်မယ်ဆိုရင် ခင်ဗျားရယ်..၊ ဒီဒီယာ ဒရော့ဘာ ရယ်..၊ ဒီယေဂို ကော်စတာ ရယ်…၊ ထားပါတော့ အခုရောက်နေတဲ့ တီမို ဗာနာ…၊ သူကအခုမှရောက်စဆိုတော့ စောင့်ကြည့်ရပါဦးမယ်..။ အဲဒါဟာ ဘာဖြစ်လို့လည်းဗျ..။ ခင်ဗျားလည်းချယ်လ်ဆီးမှာ ရောက်ဖူးခဲ့တဲ့သူဆိုတော့ ချယ်လ်ဆီးအသင်းကပဲ တစ်ခုခုဖြစ်နေတာလား..? ဘာတွေမှားနေခဲ့တာလဲ..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အသင်းက ဘာမှမဖြစ်ပါဘူး..။ ဒါပေမယ့် မျှော်လင့်ချက်တွေ (expectations) အရမ်းကြီးမားခဲ့တာကြောင့် အခုလိုဖြစ်နေတာ ဖြစ်ပါလိမ့်မယ်..။ ခင်ဗျားပြောခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် ကာလအတွင်းမှာ အသင်းနဲ့၊ ကစားသမားတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အရမ်းကိုမြင့်မားခဲ့ပါတယ်..။ အသင်းပိုင်ရှင်တွေဘက်က မျှော်လင့်ချက်တွေ၊ တောင်းဆိုချက်တွေ မြင့်မားတာက တစ်ပိုင်းပါ..။
ဒါပေမယ့် ကျွန်တော်တို့မရောက်လာခင် ချယ်လ်ဆီးအသင်းဟာ ရုဒ် ဂူးလစ်၊ ဂီယန်ဖရန်ကို ဇိုလာ တို့နဲ့အတူ ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားဟန်နဲ့ အင်္ဂလန်ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်..။ အဲဒီလိုပြောင်းလဲမှုနဲ့အတူ တွဲပါလာတာက ‘မျှော်လင့်ချက် (expectation)’ ပါ..။ ခရစ်စ် ဆပ်တန် ဆိုရင် ချယ်လ်ဆီးအသင်းကို တကယ့်ကို စံချိန်တင်ပြောင်းရွှေကြေး တစ်ခုနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်..။ အဲဒီပြောင်းရွှေ့ကြေးနဲ့အတူ expectations တွေလည်း တွဲပြီးပါလာတာပါပဲ..။
ခင်ဗျားက နာမည်ကြီးတိုက်စစ်မှူးတွေ (big names) လို့ပဲ ပြောတာကိုး..။ တကယ်က အဲဒီ အမည်နာမတွေရဲ့နောက်မှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နာမည်ကျော်ကြားခဲ့ရခြင်း အကြောင်းတရား၊ သူတို့ရဲ့ကိုယ်ပိုင်ပုံစံတွေ ရှိပါတယ်..။ ဥပမာ- ‘ဒီယေဂို ကော်စတာ’ ..။ သူ့ကိုကြည့်မယ်ဆိုရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့၊ ဘာမထီစိတ်ဓါတ် ရှိတဲ့သူ ဖြစ်ပါတယ်..။ ဒရော့ဘာ လည်း အဲဒီပုံစံပါပဲ..။ ကျွန်တော်ဆိုရင် တစ်ကြောင်းစွဲ စိတ်ထားမျိုး (single minded) ရှိခဲ့တဲ့သူပါ..။
ကွင်းထဲရောက်တာနဲ့ ကျွန်တော်ဟာ ဂိုးသွင်းမယ်ဆိုတဲ့ စိတ်တစ်ခုကလွဲပြီး ကျန်တာဘာမှ ဂရုမစိုက်တော့ပါဘူး..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းမှာ အောင်မြင်ဖို့ဆိုရင် အဲဒီလို တခြားအနှောင့်အယှက်၊ စိတ်ထွေပြားစရာတွေကို ဂရုမထားတတ်တဲ့ စိတ်ဓါတ်မျိုး ထားရှိနိင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်..။ ဗာနာ ကို ကြည့်ရတာ ကျွန်တော်တို့ ပုံစံမျိုးပါပဲ..။ အထူးသဖြင့် အဲဒီဆောက်ပ်သမ်တန် အသင်းနဲ့ပွဲမှာဆိုရင် သူဟာအဲဒီလို ဂိုးရအောင်သွင်းမယ်ဆိုတဲ့ single minded စိတ်ထားကြောင့် အဲဒီလိုဂိုးတွေ ရရှိခဲ့တာပါ..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းဟာ ပထမချေပဂိုး မပေးရခင်အချိန်ထိ တကယ့်ကို လှလှပပနဲ့ ကစားပုံ အရမ်းကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် ချေပဂိုးခွင့်ပြုလိုက်ရတာနဲ့ မြင်တွေ့နေကျပုံစံ ပြန်ဖြစ်သွားပြီး နောက်ထပ်နှစ်ဂိုးနဲ့ သုံးဂိုးပြန်ပေးလိုက်ရပါတယ်..။ အဲဒီလိုအမှားအယွင်းတွေဟာ အသင်းရဲ့တိုးတက်မှုကို ဘယ်လောက်တောင် ထိခိုက်စေခဲ့လဲဗျ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ပထမချေပဂိုးမှာဆိုရင် ကစားသမားသစ် ဟာဗာ့ဇ် ဟာ အမှားအယွင်း ကျူးလွန်ခဲ့ပါတယ်..။ ဘောလုံးကိုနောက်ပြန်ဆွဲပြီး ကိုယ့်ရဲ့ခံစစ်ဇုန်ထဲမှာ ဘောလုံးဆုံးရှုံးလို့ မရပါဘူး..။ ဒါပေမယ့်သူ့ရဲ့နောက်မှာ ဗဟိုခံစစ်မှူးတွေ ရှိနေတာပဲ..၊ သူတို့တွေ ဘာလုပ်နေကြတာလဲ..? ကိုယ့်ကစားသမားတွေ အချိန်မရွေး ဘောလုံးဆုံးရှုံးနိုင်တာကြောင့် အဲဒီအချိန်မှာ ဘာလုပ်ရမလဲ အမြဲတမ်းအသင့် ရှိနေရပါမယ်..။ ဒုတိယဂိုးကတော့ အတော်လေးကို ဆိုးဆိုးရွားရွားပါ..။ တကယ်လို့ ကက်ပါ ရဲ့ နေရာမှာ အဲလစ်ဆန်၊ အီဒါဆင်..၊ ရှမိုက်ကယ်လ် တို့သာဆိုရင် အဲဒီဘောလုံးရော၊ လူရော သိမ်းကြုံးကန်ထည့်လိုက်လို့ ဆောက်ပ်သမ်တန် ကကောင်ဆိုတာ ပွဲကြည့်စင်ပေါ် ရောက်သွားပါလိမ့်မယ်..။
တတိယဂိုး ပေးလိုက်ရတဲ့ပုံစံကလည်း ဆိုးတာပါပဲ..။ ချယ်လ်ဆီးလို အသင်းမျိုးအတွက် အခုထက်ပိုပြီး တိုးတက်ချင်တယ်ဆိုရင် အခုလိုပွဲတွေကို clean sheet ရသင့်တာပေါ့..။ အဲဒီလိုမှ မဟုတ်ရင်တောင် နှစ်ဂိုးအသာရပြီးရင် အနည်းဆုံးအနေနဲ့ အနိုင်ရသင့်ပါတယ်..။ အခုလိုဖြစ်နေတာ မကြာခဏလိုပဲဗျ..။ ကျွန်တော်ထင်တာက သူတို့နောက်တန်းလူတွေဟာ ကက်ပါ ကို အယုံအကြည်ရှိကြပုံ မရဘူးဗျ..။
ဒေးဗစ် ဂျုံးစ် - အင်းဗျ… ဂိုးသမားသစ် မန်ဒီ ဟာ ဒီတစ်ပါတ်ချန်ပီယံလိဂ်ပွဲကို လွဲချော်ဦးမယ်လို့ သတင်းတွေ ထွက်နေတာပဲ..။ လမ်းပတ် တို့တတွေ ကံမကောင်းဘူး ပြောရမယ်ထင်ပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် တို့အသင်းဟာ ပွဲပြီးခါနီးမှာ ဂိုးတွေမကြာခဏ ပေးနေရပါတယ်..။ အခုအောက်ကပုံမှာဆိုရင် မနှစ်ကဘောလုံးရာသီကစပြီး ချယ်လ်ဆီးအသင်းဟာ ပွဲပြီးခါနီး ပေးလိုက်ရတဲ့ဂိုး (၁၄) ဂိုးအထိ ရှိနေတာကို တွေ့ရမှာပါ..။ အဲဒီအချက်အလက် အပိုင်းကျတော့ သူ့ထက်ဆိုးတဲ့ အသင်းဆိုလို့ အက်စ်တွန် ဗီလာနဲ့ နယူးကာဆယ်ပဲ ရှိပါတယ်..။
ဒါ့အပြင် မနှစ်ကဘောလုံးရာသီကစပြီး တွက်ချက်မယ်ဆိုရင် ပွဲပြီးခါနီး (၁၀) မိနစ်အလို နောက်ပိုင်းမှာဆုံးရှုံးသွားတဲ့ အမှတ်ပေါင်းက (၉) မှတ်တောင် ရှိတယ်ဗျ..။ အဲဒီဇယားမှာပြထားတဲ့ အချက်အလက်တွေအရ ပွဲပြီးခါနီးမှာ ပိတ်ဆို့ကစားတာ အကောင်းဆုံးအသင်းတွေကတော့ လီဗာပူးလ်၊ ရှက်ဖီးလ် ယူနိုက်တက်နဲ့ ဘန်လေအသင်းတွေပဲ ဖြစ်ကြပါတယ်..။ အဲဒီအချက်ကို ခေါင်းထဲထည့်ထားမယ်ဆိုရင် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းထဲ ထည့်ထားလို့ ရနိုင်မလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - No… မရပါဘူး...။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ပေးဂိုးတွေ အရမ်းများနေသလို ခံစစ်ပိုင်း ပျော့လွန်းပါတယ်..။ တိုက်စစ်ပိုင်းမှာတော့ မေဆန် မောင့်၊ တီမို ဗာနာ တို့လို အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေနဲ့အတူ အရမ်းကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်..။ ဒါပေမယ့် ခံစစ်ကာကွယ်မှုအပိုင်းမှာ စိုးရိမ်ဖို့ကောင်းပါတယ်..။တကယ်လို့ သူတို့သာ လက်ရှိကြုံတွေ့နေရတဲ့ ဗဟိုခံစစ်မှူး ပြသနာနဲ့ ဂိုးသမား ပြသနာကို မရှင်းနိုင်ဘူးဆိုရင် ဘာရုပ်မှထွက်လာမှာ မဟုတ်ပါဘူး..။ ဥပမာ- အဲလစ်ဆန် ပေ့ါဗျာ… တကယ့်အရေးကြီးနေတဲ့ အချိန်တွေမှာ သူဟာခံစစ်ကြောင်းကို ကယ်တင်ပေးခဲ့တာ အကြိမ်ကြိမ် အခါခါပါ..။
ကက်ပါ က သူ့ရဲ့နောက်တန်းကို ကာကွယ်ပေးခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ..။ အဲဒါကြောင့် လမ်းပတ် တို့အနေနဲ့ ကစားသမားသစ်တွေကိစ္စ အသာထားလို့ လက်ရှိအသင်းမှာရှိနေတဲ့ ကစားသမားတွေကို တိုးတက်အောင် အရင်ဆုံးလုပ်ဆောင်ရမှာပါ..။ အခုထိတော့ သူတို့ရဲ့အနေအထားဟာ အားရစရာ မရှိပါဘူး..။