ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဆီဗီးလားအသင်းတို့ ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံအပေါ် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် တို့က BT Sports ရုပ်သံအစီအစဉ် သုံးသပ်ချက် စကားဝိုင်းတွင် ယခုလိုဆွေးနွေးသွားခဲ့ပါသည်..။
ဒါရင် ကာရေး - ဟုတ်ကဲ့ပါ..။ ဒီနေယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာတော့ နှစ်သင်းစလုံးဟာ တစ်မှတ်စီခွဲယူခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံးရလဒ်လို့ မပြောနိုင်ပေမယ့် အဝေဖန်ခံနေရတဲ့ ခံစစ်ကြောင်းဟာ မာကျော၊ ကောင်းမွန်ခဲ့ပြီး ပေးဂိုးမရှိ clean sheet ရယူနိုင်ခဲ့ပါတယ်.။ အခုဒီနေ့ပွဲမှာ ကျွန်တော်နဲ့အတူ ပွဲစဉ်သုံးသပ်ပေးမယ့်သူတွေအဖြစ် ဂျိုး ကိုးလ် နဲ့ မိုက်ကယ် အိုဝင် တို့က ပါဝင်ပေးကြမှာပါ..။ ဂျိုး ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲခြေစွမ်းအပေါ် ဖရန့် လမ်းပတ် တို့ ကျေနပ်ကြလိမ့်မယ်လို့ ခင်ဗျားထင်မိလား..?
ဂျိုး ကိုးလ် - သူတို့တွေ ကျေနပ်ကြပါလိမ့်မယ်..။ ဘာလို့လည်းဆိုတော့ ဒီနေ့ပွဲမတိုင်ခင် ချယ်လ်ဆီးအသင်းဟာ အနိုင်ရသင့်တဲ့ ပွဲစဉ်နှစ်ပွဲမှာ သုံးဂိုးစီ ခွင့်ပြုလိုက်ရတာ မှတ်မိကြဦးမှာပါ..။ ဒါ့အပြင်ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်း ထိုးဖောက်ပုံတွေ မြိုင်မြိုင်ဆိုင်ဆိုင် မရှိခဲ့သလို ခံစစ်ပိုင်းမှာ တစ်ဦးချင်းအမှားတွေ များလွန်းခဲ့ပါတယ်..၊ clean sheet ရနိုင်မယ့် ပုံစံမျိုးမရှိခဲ့ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူတို့တွေဟာ စိတ်ဓါတ်ပိုင်း မာကျောတယ်..၊ ကျစ်ကျစ်လစ်လစ် မာမာထန်ထန် တုံ့ပြန်နိုင်ခဲ့တယ်..၊ နည်းပြရဲ့ ပွဲအခြေအနေအပေါ် နည်းစနစ်ပိုင်း အပြောင်းအလဲတွေ မှန်ကန်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။
အထူးသဖြင့် ဂိုးသမား မန်ဒီ နဲ့ သီယာဂို ဆေးလ်ဗား တို့ဟာ အသင်းသားတွေကို စိတ်အေးလက်အေး ဖြစ်စေခဲ့ပုံရပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ဟာ အသင်းသားတွေရဲ့ ဒီနေ့ကစားပုံအပေါ် ကျေနပ်ခဲ့ပါလိမ့်မယ်..။ အခုရလဒ်အပေါ် အခြေတည်ပြီး ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားရဦးမှာပါ..။
မိုက်ကယ် အိုဝင် - ဒီနေ့ပွဲရလဒ်ဟာ သူတို့အတွက် အရေးကြီးပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ clean sheet က ပိုပြီးအရေးကြီးနေတဲ့သဘော ဖြစ်နေတယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းသားတွေရဲ့ကြားထဲမှာ ယုံကြည်မှု၊ အနိုင်ရရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ ပြန်လည်ရရှိလာဖို့ကလည်း လိုအပ်ပါသေးတာကိုး..။ အခုလက်ရှိအနေအထားအရ ဒီနေ့ပွဲက ခံစစ်အခင်းအကျင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ခံစစ်အထိုင် အတွဲအစပ်.. ဖြစ်နိုင်ပါတယ်..။ အဲ.. ဂိုးသမားလည်း ပါတာပေါ့ဗျာ.။ ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ အတော်လေးကို စိတ်သက်သာရခဲ့ပါလိမ့်မယ်..။ အခုလို တောင့်တင်းတဲ့ ခံစစ်ကြောင်း ရလာပြီဆိုရင် ရှေ့ကတိုက်စစ်ပိုင်းက ဂိုးတွေသွင်းနိုင်လာအောင် ဆက်လက်တည်ဆောက်သွားလို့ ရတာပေ့ါ..။
ဒါရင် ကာရေး - ဆီဗီးလားအသင်းကလည်း အတော်လေးကို တောင့်တင်းတဲ့ အသင်းပဲဗျ..။ ဒီနေ့အုပ်စု ( E ) ရဲ့ အခြားပွဲစဉ်အဖြစ် ပြင်သစ်မှာ ကျင်းပတဲ့ပွဲမှာ ရန်းန်အသင်းက ခရစ်စ်နိုဒါ အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီပွဲရလဒ်ဟာ ချယ်လ်ဆီးနဲ့ ဆီဗီးလား တို့အတွက် ကျေနပ်စေမယ့် ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်..။ ခုနကပွဲစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်တဲ့အချိန်မှာ ခင်ဗျားတို့နှစ်ယောက်စလုံးက ချယ်လ်ဆီးအသင်း clean sheet ရသွားတဲ့အပေါ်ကိုပဲ အဓိကဇောင်းပေး ပြောသွားခဲ့ကြပါတယ်..။ အထူးသဖြင့် ဒီနေ့ပွဲမှာ ဘယ်တောင်ပံက ဘင် ချီးဝဲလ် ဟာ အထူးခြေစွမ်းပြနိုင်ခဲ့သလို အသင်းရဲ့ထိချက်အများဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ဂျိုး ရေ.. ပထမဆုံးအနေနဲ့ ဒီနေ့ပွဲမှာ ခင်ဗျားတို့အသင်းရဲ့ ခံစစ်ကစားသွားတဲ့အပေါ် အသေးစိတ်ရှင်းပြပေးနိုင်မလား..?
ဂျိုုး ကိုးလ် - ဒီနေ့ပွဲမှာ အသင်းရဲ့ခံစစ်ပိုင်းစုစည်းမှု (organization) အတော်လေးကို ကောင်းမွန်သလို အရင်ထက်ပိုပြီး မာကျောလာပါတယ်..။ အခုလိုပေးဂိုးတွေများနေတဲ့ အသင်းတစ်သင်းအနေနဲ့ အဲဒီလိုခံစစ်ပိုင်း အခြေခံလိုအပ်ချက်တွေကို ပြင်ဆင်ရမှာ အမှန်ပါပဲ..။ အခုအောက်ကပုံမှာဆိုရင် ဇူးမား ရဲ့ အမှားကနေ ဆီဗီးလားအသင်းက ထိုးဖောက်လာတာကို တွေ့ရမှာပါ..။ အဲဒီအချိန်မှာ ဘင် ချီးဝဲလ် ဟာ 2 vs 1 ရင်ဆိုင်ရတဲ့ပုံစံ ဖြစ်သွားတယ်ဗျ.(ပုံ- ၁)။
ဒါပေမယ့် သူဟာအေးအေးဆေးဆေးပဲ နောက်ကိုတစ်ဆင့်ချင်းထိန်းပြီး ဆင်းခံခဲ့ပါတယ်..။ အဲဒီလိုအချိန်ဆွဲပေးခဲ့တာကြောင့် အခုအောက်ကပုံ (ပုံ- ၂) မှာ မြင်ရတဲ့အတိုင်း ခံစစ်ကြောင်းဟာ နောက်တန်းလေးယောက်၊ ကွင်းလယ်မှာ holding midfielder နှစ်ယောက်နဲ့ ကန်တေး ရယ်.. နှစ်ထပ်ခံစစ်ကြောင်းနဲ့ ပုံစံမပျက်အောင် ချက်ချင်းပြင်ဆင်နိုင်ခဲ့ပါတယ်..။ ဟိုညာဘက်အပေါ်ဆုံးမှာ ရှိနေတဲ့ ဇိုင်းယက်ချ် ကလည်း ပြန်လျံထွက်လာမယ့် ဘောလုံးတွေကို အသင့်လက်ခံယူမယ့် အနေအထားမှာ ရှိနေခဲ့ပါတယ်..။
ဆီဗီးလားအသင်းက ညာတောင်ပံကနေ ခုတ်တင်လိုက်တဲ့အချိန်မှာ ကျွန်တော်အဓိကပြောချင်တာ သီယာဂို ဆေးလ်ဗား ရဲ့ နေရာယူပုံ ဖြစ်ပါတယ်..။ သူ့ဆီမှာ ဘောလုံးကို ညှို့ပြီးဆွဲယူနိုင်တဲ့ သံလိုက်များ ပါနေလားမသိဘူးဗျ..။ ဟိုဘက်က ကန်တင်သမျှ ဘောလုံးတွေဟာ သူ့ရဲ့ခေါင်းနဲ့ လွတ်တယ်လို့ကို မရှိပါဘူး..။ ဒါ့ကြောင့်ဒီနေ့မှာ ကျွန်တော်တို့ဟာ တိုက်စစ်ကစားပုံကို အားမရဘူးဆိုပေမယ့် အနိုင်ရဖို့ဆိုရင် clean sheet တွေအပေါ်မှာ မူတည်ပြီး တည်ဆောက်သွားရမှာပါ..။ အထူးသဖြင့် ချီးဝဲလ်၊ ဆေးလ်ဗား နဲ့ မန်ဒီ တို့ သုံးယောက် အားဖြည့်လိုက်တာဟာ အသင်းရဲ့ခံစစ်ကစားပုံကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်..။
နောက်ထပ်တစ်ပုံ ကျွန်တော်ပြပါဦးမယ်..။ အတွေ့အကြုံရင့် ဗဟိုခံစစ်မှူးတစ်ယောက်ဟာ ဘယ်လောက်တောင် အရေးပါလည်းဆိုတာ ပြချင်လို့ပါ..။ အခုအောက်ကပုံ (ပုံ- ၃) မှာဆိုရင် ညာဘက်ကနေ ခုတ်တင်ပါတယ်..။ အဲဒီအချိန်မှာ ဆီဗီးလားအသင်းရဲ့ တိုက်စစ်ကစားသမားတွေထဲက ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေတဲ့ အယ်လ် နာဆီရီ ဟာ အခုပြထားတဲ့ နေရာလွတ်ဆီကို ကျလာမယ့်ဘောလုံးကို အတိအကျ ပြေးဝင်နိုင်ဖို့ အသင့်စောင့်နေပါတယ်..။
အဲဒီနေရာမှာ ဗဟိုခံစစ်မှူးတွေရဲ့ အတွေ့အကြုံဆိုတာ အရေးကြီးပါတယ်..။ တော်ရုံလူငယ်နောက်ခံလူ တစ်ယောက်သာ သူ့ရဲ့နေရာမှာဆိုရင် အတွင်းမှာရှိနေတဲ့ တိုက်စစ်မှူးကိုပဲ အာရုံစိုက်ပြီး နောက်ကျကလူကို လွတ်ထွက်သွားနိုင်ပါတယ်..(ပုံ- ၄)။
ဒါပေမယ့် ဆေးလ်ဗား က အဲလိုမဟုတ်ဘူးဗျ..။ သူကနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ဘောလုံးရောက်လာတဲ့အချိန်ကျမှ timing ကိုက် ခုန်အားအမြင့်ဆုံးရအောင် ချိန်ဆပြီး ရှင်းထုတ်နိုင်ခဲ့ပါတယ်..။ ဇိုင်းယက်ချ် က သူရှင်းထုတ်လိုက်တဲ့ ဘောလုံးကိုရယူဖို့ အသင့်စောင့်နေပါတယ်..။ တစ်သင်းလုံးဟာ ခံစစ်ပိုင်းရဲ့ အစိတ်အပိုင်း တစ်ခုစီအဖြစ် တာဝန်ကိုယ်စီ ပါဝင်နေအောင် ပြင်ဆင်ခဲ့တာကိုတော့ ချီးကျူးရမှာပါ..။
ဒီနေ့ပွဲမှာ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်ကတော့ သိပ်ပြီးကြိုက်လှမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဖရန့် လမ်းပတ် တို့ဟာ အသင်းမှာဖြစ်နေတဲ့ ပြသနာတွေကို သိရှိတယ်..၊ ပြင်ဆင်နိုင်ဖို့ အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်..။ ဒါ့ကြောင့် ဂိုးပေါက်မှာ မန်ဒီ၊ ချီးဝဲလ်..၊ ဆေးလ်ဗား တို့နဲ့ဆိုရင် နောက်ပိုင်းပွဲစဉ်တွေမှာ clean sheets တွေ ပိုပြီးရရှိလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။
မိုက်ကယ် အိုဝင် - ဟုတ်တယ်ဗျ..။ သူ့ရဲ့ဘေးမှာရှိနေတဲ့ ကတ် ဇူးမား ကစားတာကို ကြည့်နေရတာ တကယ့်ကို စိုးရိမ်စရာပါပဲ..။ ဒါပေမယ့် ဆေးလ်ဗား ဆီကို ဘောလုံးရောက်သွားတာနဲ့ ကျွန်တော်တို့မှာ စိတ်သက်သာရာ ရပါတယ်..။ အဲဒီခံစားမှုဟာ ကျွန်တော်တင်မကပဲ တစ်သင်းလုံးဆီမှာ ရှိနေတယ်လို့ ထင်တာပဲဗျ..။ ဒ့ါကြောင့်သူဆီမှာ ဘောလုံးရှိနေတဲ့ အချိန်ပဲဖြစ်ဖြစ်၊ အသင်းရဲ့ ခံစစ်ကြောင်းမှာ သူရှိနေတယ် ဆိုတဲ့အသိကြောင့်ပဲဖြစ်ဖြစ် အရင်ထက်ပိုပြီး စိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုဟာ လူတိုင်းဆီမှာ ရှိနေပါတယ်..။
ဒါ့အပြင် ဒီနေ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက ကစားသမားတိုင်းဟာ ခံစစ်ပိုင်းကာကွယ်မှုမှာ ပါဝင်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်..။ ပထမပိုင်း မိနစ် (၂၀) လောက်မှာ ဆီဗီလားအသင်းက နီမန်ဂျာ ဂူဒယ်ဂျ် ဟာ ဆူဆို ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကနေ ခေါင်းတိုက်ဂိုးသွင်းခွင့် ရခဲ့ပါတယ်..။ အဲဒီဘောလုံးကို မန်ဒီ ကာကွယ်ရာမှာ သူ့ရဲ့ပုတ်ထုတ် ကာကွယ်ခဲ့တဲ့ပုံစံကို သဘောကျမိတယ်ဗျ..။ ကြုံသလို ကာကွယ်တာကတော့ ဂိုးသမားတိုင်း တတ်တာပေါ့..၊ ဒါပေမယ့် မန်ဒီ ဟာ သူ့ရဲ့အနီးမှာ အသင့်ပိတ်သွင်းဖို့ စောင့်နေတဲ့ တိုက်စစ်မှူး ရှိနေတာကြောင့် အဲဒီအခိုက်အတန့်လေးမှာကို ဘယ်နေရာကို ပုတ်ထုတ်လိုက်ရင် သူ့အတွက်ပိုပြီး ဘေးကင်းတယ်ဆိုပြီး တဒင်္ဂအတွင်း ဆုံးဖြတ်နိုင်ခဲ့တဲ့အပေါ် သဘောကျမိတာပါ..။
အဲဒီခေါင်းတိုက်ချက်အပြင် တစ်ပွဲလုံးမှာ ဂိုးရနိုင်မယ့် အခွင့်အရေး နည်းနည်းပဲရှိခဲ့ပါတယ်..။ အဲဒီအခွင့်အရေးတွေကို ကျွန်တော်တို့ များများစားစား သုံးသပ်စရာမရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ဂိုးရနိုင်မယ့် အခွင့်အရေးလို့သာ ပြောရတာ… half chance လောက်တောင် မရှိပဲ ဂိုးရခြေနည်းပါးလွန်းတဲ့ few chance လောက်ပဲ သတ်မှတ်ရမလိုပါပဲ..။ ဒုတိယပိုင်းမှာ ထောင့်ကန်ဘောကနေ မြေမကျ ကန်သွင်းလိုက်တဲ့ ဂျုံး ဂျော်ဒန် ရဲ့ ကန်ချက်ဆိုရင် အခါတစ်သန်းလောက်ကန်မှ တစ်ကြိမ်လောက်ဝင်နိုင်မယ့် အခွင့်အရေးပါ..။
အခုကျွန်တော်တို့ ပြန်ကြည့်တဲ့အခါ နှစ်သင်းစလုံးပေါင်းမှ တစ်ပွဲလုံးမှာ ဂိုးရနိုင်ဖို့ နီးစပ်ခဲ့တာ လေးကြိမ်လောက်ပဲ ရှိပါလိမ့်မယ်..။ တကယ်လို့ အဲဒီလေးကြိမ်ထဲက တစ်ဂိုးလောက်သာ ရခဲ့မယ်ဆိုရင် တကယ့်ကို မယုံနိုင်လောက်တဲ့ အဆုံးသတ်ဂိုးသွင်းမှုပဲ ပြောရမလား..? အရမ်းကို ကံကောင်းလွန်းတယ်လို့ပဲ ပြောရမလား..? တစ်ခုခုပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ကိုယ့်ဘက်က တိုက်စစ်ဆင်နိုင်မှု နည်းပါခဲ့ပေမယ့် ဆီဗီလား အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေ၊ ဖြတ်တင်ဘောတွေကို အကောင်းဆုံး ပိတ်ဆို့နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်..။ ဖရန့် ကလည်း အဲဒီလို ကျစ်လျစ်သိပ်သည်းတဲ့ ကစားဟန်မျိုးကို လိုချင်နေတယ်လို့ ယူဆမိတာပဲဗျ..။
ဒါရင် ကာရေး - ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာ ကစားပုံအတော်လေး ကောင်းမွန်လာခဲ့သလို အခွင့်အရေးတစ်ချို့ ရခဲ့ပါသေးတယ်နော်..။
မိုက်ကယ် အိုဝင် - ဟုတ်တယ်ဗျ..။ ဒုတိယပိုင်းပြန်စတဲ့အချိန် သူတို့ရဲ့ကစားပုံကိုကြည့်ပြီး ဖရန့် လမ်းပတ် ကတော့ နည်းစနစ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီဟ.. လို့ ကျွန်တော်တို့ တွေးမိခဲ့ပါသေးတယ်..။ တောင်ပံကစားသမားတွေကို ပြောင်းလဲကစားခဲ့သလို တိုက်စစ်မှာလည်း ပိုပြီးပါဝင်လာခဲ့ပါတယ်..။ တီမို ဗာနာ ဟာ ဂိုးဧရိယာအပြင်ကနေ တစ်ကြိမ်ကန်သွင်းခဲ့ပေမယ့် ကန်ချက်ပျော့သွားပါတယ်..။ ဂိုးသမားရှေ့ထောက်သွားတာဆိုတော့ ပြန်များလျံကျလာမလား.. ဆိုပြီး စောင့်နေမိသေးတယ်..။ နောက်ပြီး ဇူးမား၊ ဘင် ချီးဝဲလ် တို့ရဲ့ ခေါင်းတိုက်ချက်ပေါ့ဗျာ..။ အဲဒီအခွင့်အရေးတွေကလည်း half chance လို့ပဲ ပြောရမှာပါ..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ဂိုးမရှိသရေဆိုတဲ့ ရလဒ်ဟာ မျှတပါတယ်..။
ဒါရင် ကာရေး - ဂျိုး ရေ.. ဖရန့် ဟာ ဒုတိယပိုင်းအစမှာ ရိစ် ဂျိမ်းစ် ကို ညာတောင်ပံကနေ တိုက်စစ်ကို ပိုမိုလိုက်ပါခိုင်းခဲ့တာကြောင့် အခုလို ဘင် ချီးဝဲလ် ခေါင်းတိုက်ချက် အခွင့်အရေးမျိုး ရခဲ့တာ မဟုတ်ဘူးလားဗျ..?
ဂျိုး ကိုးလ် - အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲလို အဆင့်မျိုးမှာ ရရှိခဲ့တဲ့ အခွင့်အရေးသေးသေးလေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့က အရေးကြီးတယ်လို့ ဖရန့် လည်း ပြောခဲ့ပါတယ်..။ အဲဒီလို ကိုယ့်ဘက်က စီးနေတယ်ဆိုတဲ့ အချိန်ဟာ (၁၀) မိနစ်လောက်တောင် ကြာချင်မှ ကြာပါလိမ့်မယ်..။ ကျန်တဲ့အချိန်တွေမှာတော့ ပွဲချိန်ပြည့် အာရုံစူးစိုက်မှုအပြည့် ရှိနေရမယ်..၊ ကစားပုံ ကျစ်လျစ်နေရမယ်..၊ အမှားအယွင်းတွေ လုံးဝခွင့်ပြုလို့ မရပါဘူး..။ ဒီနေ့မှာ သူတို့ရဲ့ပြိုင်ဘက် ဆီဗီးလား အသင်းဟာ အသင်းကောင်းတစ်သင်းပါ..။ အထူးသဖြင့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ အသင်းတွေ ကစဉ့်ကလျား ဖြစ်နေတဲ့အချိန် လာလီဂါမှာ အထူးသတိထားရမယ့် အသင်းတစ်သင်းလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အဲဒီလို အသင်းကို ပေးဂိုးမရှိအောင် ကာကွယ်ပိတ်ဆို့ နိုင်ခဲ့တယ်ဆိုတာ ချယ်လ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုလို့ ပြောနိုင်ပါတယ်..။
လွန်ခဲ့တဲ့ သုံးပါတ်လောက်ကဆိုရင် သူတို့အတွက် clean sheet ဆိုတာ ဘယ်နားကနေ သွားရှာရမလဲ.. စဉ်းစားလို့တောင် ရခဲ့တာ မဟုတ်ပါဘူး..။ အခုဆိုရင် မန်ဒီ၊ ဆေးလ်ဗား နဲ့ ချီးဝဲလ် တို့ ပြန်ပြီးပါဝင်လာနိုင်ခဲ့တာနဲ့ အခုဆိုရင် လက်ရှိခံစစ်ကြောင်းအပေါ် အခြေတည်ပြီး အသင်းကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင်တော့မှာပါ..။
ဒါရင် ကာရေး - ဟုတ်ကဲ့ပါ..။ ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါ လိဂ်ဖလား ဗိုလ်လုပွဲမှာတောင် မန် ယူနိုက်တက်အသင်းဟာ ဆီဗီးလာအသင်းရဲ့ တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့ဘူးနော… မိုက်ကယ် ရေ..
မိုက်ကယ် အိုဝင် - ဆီဗီးလား ဟာ အရမ်းကိုတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်သလို နှစ်စဉ်နှစ်တိုင်း ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ခွင့်ရနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို မကျော်သေးဖူးဆိုပေမယ့် မနှစ်ကယူရိုပါ လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့တဲ့ မှတ်တမ်းကို လေးစားရမှာပါ..။ ဒါနဲ့တစ်ဆက်တည်း ပြောရမယ်ဆိုရင် ဒီနေ့မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ကျွန်တော်တို့ အားမရကြဘူး ဆိုပေမယ့် သူတို့ဟာ ဥရောပအသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနိုင်မယ့် ခြေစွမ်းမျိုး ရှိပါတယ်..။ နောက်ပြီးအဲဒီထိပ်တန်း အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက်အဆင့်ပွဲစဉ်တွေဟာ အခုချက်ချင်း ယှဉ်ပြိုင်ရဦးမှာ မဟုတ်သေးပါဘူး..။
ဒ့ါကြောင့်အဲဒီကြားထဲ ၃ လ၊ ၄ လောက် လိုသေးတာဆိုတော့ အရင်ဆုံးအုပ်စုကနေ တက်အောင် ကြိုးစားရပါဦးမယ်..။ ဒါ့အပြင်အဲဒီကြားကာလအတွင်း အသင်းကို ဒီထက်ပိုပြီး တိုးတက်လာမယ့် အနေအထားတွေလည်း ရှိနေပါတယ်..။ အခုသုံးလ၊ လေးလ ဆိုတဲ့ ကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်ပါသေးတယ်..။ အခုဒီနှစ်ရာသီ ချယ်လ်ဆီးအသင်းဟာ အသင်းကောင်းတစ်သင်းပါ..။