မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ အိုးလ် ထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ဘယ်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ တို့က Sky Sports ရုပ်သံမှ တင်ဆက်သော ‘Saturday Night Football’ သုံးသပ်ချက် စကားဝိုင်းတွင် ယခုလို သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
ကယ်လီ ကိတ် - အခုဒီနေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်အပြီးမှာ ကျွန်မတို့ Sky Sports က သတင်းထောက်နဲ့ တွေ့ဆုံတဲ့နေရာမှာ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား က ဟယ်ရီ မက်ဂွိုင်းယား ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဟာ ပင်နယ်တီရသင့်ကြောင်း ပြင်းပြင်းထန်ထန် ပြောသွားခဲ့ပါတယ်..။ အဲဒီအကြာင်း မဆွေးနွေးခင် ဒီနေ့ပွဲမှာ အသင်းရဲ့ကစားပုံနဲ့ ပတ်သက်ပြီး တစ်ခုခုလိုနေတဲ့ပုံ၊ အလိုမကျတဲ့ပုံစံမျိုး ပြောသွားခဲ့ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ရှင့်ရဲ့ထင်မြင်ချက်ကို အရင်ပြောပြနိုင်မလား.. ဂျင်မီ ရေ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒီနေ့ပွဲမှာ အသင်းနှစ်သင်းစလုံးက ကစားသမားတိုင်းဟာ အသင်းရဲ့ကစားပုံကို မကျေနပ်ဘူးလို့ ပြောကြမှာပါ…။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်သင်းစလုံးဟာ ‘ဂိုးမပေးရရေး..၊ ဒို့အရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးတည်လာခဲ့ကြတာကိုး..။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ transition တွေကနေ ဂိုးမပေးရအောင် ရည်ရွယ်ပြီး အသင်းရဲ့ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုခံစစ်ပိုင်း လုံခြုံရာကနေ တိုက်စစ်ပိုင်းမှာ ပိုပြီးအားကောင်းအောင် လုပ်ရပါမယ်..။
အဲဒီနေရာမှာ နည်းနည်းပြသနာရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဖရန့် ဟာ အခုအချိန်ထိ အသင်းရဲ့ဟန်ချက် (balance) ကို ရှာမတွေ့သေးဘူးဗျ..။ အခုဆိုရင် နှစ်ပွဲဆက်တိုက် clean sheet ရခဲ့ပါပြီ..၊ ဒါပေမယ့် ဂိုးသွင်းပေးဖို့ လိုပါသေးတယ်..။ အခုထိကြည့်ရသမျှ ပွဲချိန်တော်တော်များများမှာ ဂိုးရမယ်ဆိုတဲ့ ခံစားချက်မျိုး မရခဲ့ပါဘူး..။ ပုံမှန်အားဖြင့် ဖရန့် ရဲ့အသင်းဟာ ဂိုးသွင်းခွင့်တွေ အများကြီးဖန်တီး၊ ဂိုးတွေအများကြီး သွင်းနေတဲ့အသင်းဆိုတော့ အဲဒီအပိုင်းမှာ အများစုက စိတ်ပျက်ကြပါလိမ့်မယ်…။
ပက်ထရစ် အီဗရာ - ဟုတ်ပါတယ်..။ ဒီနေ့ပွဲဟာ ခင်ဗျားပြောသလိုပဲ.. နှစ်သင်းစလုံးဟာ မရှုံးရအောင် ဦးတည်ကစားနေကြပါတယ်..။ အဲဒါကိုကျွန်တော်နားလည်ပါတယ်..။ ဒါပေမယ့် တစ်ပွဲလုံးမှာ နှစ်သင်းစလုံးဟာ တွဲလုံးကောင်းကောင်းနဲ့ လှလှပပ ကစားနိုင်တာကို မတွေ့ခဲ့ရသလောက်ပဲဗျ..။ အဲဒါကို စိတ်ပျက်ပါတယ်..။ ကြည့်မကောင်းတဲ့ ပွဲတစ်ပွဲ၊ ပျင်းစရာကောင်းတဲ့ပွဲ (boring game) ဖြစ်ခဲ့သလို ကစားသမားတွေအားလုံးကလည်း ရေမနစ်အောင် အသက်ကယ်အင်္ကျီ ဝတ်ထားသလား အောက်မေ့ရအောင် လေးတိလေးကန် ထိန်းပြီးကစားနေကြပါတယ်..။
တခါတလေမှာ ရလဒ်ကိုဦးတည်ကစားတာကို လက်ခံပေးနိုင်ပေမယ့် ကျွန်တော်ကတော့ အကြောက်အလန့်မရှိ အင်ပြည့်အားပြည့် ဖွင့်တိုက် ကစားတာကို (playing without fear) သဘောကျတယ်ဗျ..။ အဲဒါကြောင့် ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသွားတဲ့သူတွေကို ရွေးမယ်ဆိုရင် ချယ်လ်ဆီးဘက်က ‘သီယာဂို ဆေးလ်ဗား’..၊ မန်ချက်စတာ ဘက်ကဆိုရင် ‘ဗစ်တာ လင်းဒ်လော့ဖ်’ တို့ ဖြစ်နေခဲ့တာ အံ့သြစရာ မရှိပါဘူး..။ ဒါ့ကြောင့်ယေဘူယျအားဖြင့် ရလဒ်အပေါ် ကျေနပ်ကြတယ်ဆိုပေမယ့် ရေရှည်အတွက်ဆို ဒီလောက်နဲ့ မလုံလောက်ပါဘူး...။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲကြည့်နေတဲ့ ပရိသတ်က ဒါကိုနားလည်ကြမှာ မဟုတ်ဘူးဗျ...။ တကယ်လို့ဒီနေ့ပွဲသာ ခါတိုင်းလို ကွင်းလုံးပြည့်ပရိသတ်နဲ့ ကစားရမယ်ဆိုရင် သူတို့တွေအခုလို ကစားကြပါ့မလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အဲဒါတော့ မပြောတတ်ဘူးဗျ..။ ဒါပေမယ့် အခုလိုပုံစံ ဖြစ်လာလိမ့်မယ်တော့ မထင်မိပါဘူး..။ ကျွန်တော်လည်း ဂိုးတွေသွင်းတာ မြင်ချင်တယ်..၊ နှစ်ဘက်အသင်း အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်တာ မြင်ချင်ကြပါတယ်..။ ဒါပေမယ့် တစ်ခုရှိတာက ချယ်လ်ဆီးအသင်းဟာ အခုလိုအဝေးကွင်းမှာ အသင်းကောင်းတစ်သင်းနဲ့ ရဲရဲဝံ့ဝံ့ ထိုးဖောက်တိုက်စစ်ဆင်ရတဲ့ အခြေအနေရှိမနေသေးပါဘူး..။ သူတို့ဟာ တိုးတက်အောင် လုပ်ဆောင်နေဆဲ အသင်းတစ်သင်း ဖြစ်ပါတယ်..။ ဝက်စ်ဘရွန်းနဲ့ သုံးဂိုးပေးရတယ်..၊ ဆောက်ပ်သမ်တန် အသင်းကိုသုံးဂိုး ပေးထားရတယ်ဆိုတဲ့ အခြေအနေဟာ အသင်းသားရဲ့ ယုံကြည်မှုပိုင်းကို ထိခိုက်စေတာ အသေအချာပဲဗျ..။
ဒါ့ကြောင့်အခုဆိုရင် နှစ်ပွဲဆက်တိုက် clean sheet ရခဲ့တာကြောင့် သူတို့ဟာ ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုကောင်းကောင်း ရသင့်ပါပြီ..။ အခုအချိန်ကစပြီး တိုက်စစ်ပိုင်းကလည်း ဂိုးတွေသွင်းနိုင်မယ်..၊ ခံစစ်ပိုင်းတောင့်တင်းမယ်ဆိုတဲ့ ဟန်ချက်မျိုးကို တည်ဆောက်နိုင်ရတော့မှာပါ..။ တကယ်လို့ ချယ်လ်ဆီးဟာ လာမယ့်ပွဲကနေစပြီး ငါးပွဲဆက်တိုက် အနိုင်ရခဲ့မယ်ဆိုရင် သူတို့အသင်းဟာ အခုဒီပွဲကနေ ပြန်လည်နိုးထခဲ့တယ်လို့ ပြောနိုင်ပါလိမ့်မယ်..။ အဲဒီအချက်ဟာ ချယ်လ်ဆီးအသင်းအတွက် ဒီနေ့ပွဲနောက်ကွယ်က အရေးကြီးတဲ့အချက် ဖြစ်ပါလိမ့်မယ်..။
ပက်ထရစ် အီဗရာ - ဒါဆိုရင် ခင်ဗျားဟာ သရေရလဒ်ကို ကျေနပ်တာပေါ့..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ‘No.’ ကျွန်တော်က နိုင်ချင်တာပေါ့..။ ချယ်လ်ဆီးအသင်းကို နိုင်စေချင်တာပေါ့..
ပက်ထရစ် အီဗရာ - အဲဒါကို ကျွန်တော်ပြောတာ..၊ ပရိသတ်အနေနဲ့ဆိုရင် မရှုံးရအောင် ဦးတည်ကစားနေပြီဆိုကတည်းက အသင်းကြီးဆိုတဲ့ အမည်နာမနဲ့ မထိုက်တန်ဘူးလို့တောင် ပြောရမလို…
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - နေပါဦး.. ကျွန်တော်ပြောတာ ဒီကနေစရမယ်..၊ တိုးတက်ရမယ်လို့ ပြောတာလေဗျာ..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ချယ်လ်ဆီးအသင်းအနေနဲ့ ဘာကြောင့်သရေရလဒ်ကို ဦးတည်ခဲ့လဲဆိုတာ.. နားလည်ပေးနိုင်တယ်ဆိုတဲ့အကြောင်း ပြောတာပါ..။ ကျွန်တော်က ကိုယ့်ရဲ့အသင်းကို အမြဲတမ်းအနိုင်ရတာပဲ မြင်ချင်ပါတယ်ဗျာ..၊ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော့်အသင်းဟာ ပင်နယ်တီ ရခဲ့ရင်တောင်မှ အနိုင်ရသင့်တယ်လို့ ဟောဒီပါးစပ်ကနေ ပြောထွက်ဖို့ မထိုက်တန်ခဲ့ပါဘူး.။ ဒီနေ့ပွဲမှာ သူတို့အမြတ်ထွက်ခဲ့တာ ‘clean sheet’ ပါပဲ..။
ပက်ထရစ် အီဗရာ - Aww.. နောက်ဆုံးတော့ ချယ်လ်ဆီးပရိသတ်တွေဟာ ဂိုးမပေးရရေးပါလား… clean sheet ရခဲ့ရင်ကို ကျေနပ်နေပြီဆိုတာ ကျွန်တော်နားလည်ခဲ့ပြီလေ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဟေး.. ဟေး.. ချယ်လ်ဆီးပရိသတ်က အနိုင်ရတာကိုပဲ မြင်ချင်တာပါဗျာ..
ပက်ထရစ် အီဗရာ - ကျွန်တော်ပြောနေတဲ့အထဲမှာ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက်လည်း ပါပါတယ်..။ ဟယ်ရီ မက်ဂွိုင်းယား..၊ လင်းဒလော့ဖ်.. တို့ဟာ အဝေဖန်ခံနေရပေမယ့် ဒီနေ့ပွဲမှာ သူတို့ကစားတာ ဘယ်လောက်တောင် ကောင်းခဲ့လဲ..? ဒါပေမယ့် ဒီနေ့ပွဲကို တစ်ပွဲလုံး ခြုငုံကြည့်မယ်ဆို အတော်လေးကို ပျင်းစရာကောင်းတဲ့ပွဲပါ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါကတော့ များလွန်းမနေဘူးလား..? နိုင်လည်းနိုင်ရမယ်..၊ ကစားပုံလည်း ကောင်းရမယ်..၊ ဖျော်ဖြေမှုလည်း ပေးနိုင်ရမယ်ဆိုတော့… ခင်ဗျားဟာ ညတွင်းချင်းပဲ အားလုံးကို ‘ဟတ်ချလောင်း’ ဆိုပြီး ဖြစ်ချင်နေသလိုပဲ…
ပက်ထရစ် အီဗရာ - ကျွန်တော်ပြောတာ လွန်၊ မလွန်.. ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့..၊ ဒီပွဲဟာ ရာသီအစ ပထမဆုံးပွဲမလို့ အခုလို ထစ်အ ထစ်အ ကစားနေကြတယ်ဆိုရင် ကျွန်တော်နားလည်ပေးနိုင်ပါတယ်..။ အခုဆို တစ်လတောင် ကျော်လာပြီလေ.။ ကျွန်တော်ကတော့ ရှုံးရှုံးနိုင်နိုင်ဗျာ… အစွမ်းကုန် တိုက်ပွဲဝင်ပြီး ဖျော်ဖြေမှုအပြည့် ပေးစေချင်တယ်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်းပါ… အဲလိုကစားလို့ပဲ.. ၁ဂိုး- ၆ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးပြီးပြီလေ..။
ပက်ထရစ် အီဗရာ - ဟေး.. နယူးကာဆယ်နဲ့ ပီအက်စ်ဂျီ အသင်းတွေကို ပြန်နိုင်တယ်လေ..။ ခင်ဗျားဆိုလိုချင်တာက အခုဆိုရင် ယူနိုက်တက် သူတို့အိမ်ကွင်းမှာ ကစားရတာ ကြောက်နေပြီပေါ့…။ အဲဒီလို ပြောချင်တာလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါပေမယ့် သူတို့ဆီမှာ စိုးရိမ်စိတ် နည်းနည်းတော့ရှိနေပါတယ်..။ အဲဒါတော့ အသေအချာပဲ..။
ပက်ထရစ် အီဗရာ - ဒါဆိုရင် ခင်ဗျားပြောတာ ပြန်ပြီးချုပ်ပေးမယ်..၊ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးက ကစားသမားတွေဟ အကြောက်တရား (fear) နဲ့ ကစားသွားကြပါတယ်ပေါ့..။ ဟုတ်တယ်မလား..? ဒါဟာနှစ်သင်းစလုံးမှာ ခေါင်းဆောင်မှု၊ တိုက်ပွဲဝင်စိတ်တွေ ပျောက်ဆုံးနေတာပဲ..။ ခင်ဗျားပြောခဲ့သလို အိမ်ကွင်းမှာ ကောင်းကောင်းနှိပ်ကွပ် ခံခဲ့ရတယ်ဆိုပေမယ့် ကြားထဲမှာ နယူးကာဆယ်၊ ပီအက်စ်ဂျီ အသင်းတွေကို အနိုင်ရခဲ့တာဆိုတော့ ဒီနေ့ပွဲကိုလည်း အကြောက်အလန့်မရှိ ရဲရဲတင်းတင်း ကစားစေချင်တာပါ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါဆိုရင် ခင်ဗျားက ဒီနေ့ပွဲမှာ အပြန်အလှန်သွင်းဂိုး (၆) ဂိုးလောက် မရခဲ့လို့ စိတ်ဆိုးနေတာပေါ့..။
ပက်ထရစ် အီဗရာ - ဟေး.. ဟေး.. ကျွန်တော်စိတ်မဆိုးပါဘူး..၊ နည်းနည်းတော့ စိတ်ပျက်ရပါတယ်..။ ကျွန်တော်လည်း (၆) ဂိုးပေးပြီး ရှုံးခဲ့တဲ့ပွဲတွေ ရှိခဲ့ဖူးတာပဲလေ..။ ကျွန်တော်ဆိုလိုချင်တာက ရလာခဲ့တဲ့ အနိုင်ပွဲအရှိန် (momentum) ကို ဆက်ပြီးသယ်သွားရမှာလေ.။ ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ရဲရဲဝံ့ဝံ့ တိုက်စစ်ဆင်ကစားတာကို ကြိုက်ကြတယ်..။ ဒါ့ကြောင့် ‘3 at the back’ ပုံစံ ကစားတာကို မကြိုက်ကြဘူးဗျ..၊ အနိုင်ရခဲ့ရင်တောင် ပရိသတ်တွေက အဲဒီပုံစံကို အမြဲတမ်း ဝေဖန်နေကြတာ..။ ဒါ့အပြင် အခုလောလောဆယ် ကျွန်တော်တို့အသင်းမှာ ‘play at back’ ကို ကောင်းကောင်းကစားနိုင်တဲ့ နောက်ခံလူ ရှိမနေပါဘူး..။ တကယ်လို့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးကသာ ဒီထက်ပိုပြီး ဖိတိုက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အတော်လေး အခက်တွေ့သွားနိုင်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဟုတ်ပါပြီ..၊ ကျွန်တော်ပြောနေတာက သူတို့တွေ ဘာကြောင့်အခုလို ကစားရတာကို ကျွန်တော် ‘နားလည်တယ်..’ လို့ ပြောတာနော်..၊ သူတို့ကစားတဲ့ပုံစံကို ‘သဘောတူတယ်..’ လို့ ပြောတာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လဲ.. ကျွန်တော်လည်း ဂိုးတွေမြင်ချင်တာပေါ့..။ အခုခင်ဗျားနဲ့ကျွန်တော် အခုဒီနေရာမှာထိုင်နေပြီး သွင်းဂိုးအကြောင်း ပြောချင်၊ သုံးသပ်ချင်တာပေါ့ဗျာ.။
ပက်ထရစ် အီဗရာ - ဂိုးတွေမရလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး..။ အခုပွဲမှာ ဒီကောင်တွေက ဘောလုံးပေးရမှာတောင် ကြောက်နေကြတာ (scared)..။ ဂိုးတွေမသွင်းနိုင်လို့ ပေါက်ကွဲနေတာလို့ မပြောပါနဲ့..၊ ယူနိုက်တက်က ၃- ဝ၊ ၄- ၀ မနိုင်လို့ စိတ်ဆိုးနေတယ်လို့ ကျွန်တော့်ကို မပြောပါနဲ့..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ‘ကြောက်နေကြတယ် (scared)’ ဆိုတာကျ မများလွန်းဘူးလားဗျ..။
ပက်ထရစ် အီဗရာ - မြင်တဲ့အတိုင်း ပြောတာပါဗျာ..။ ဂျင်မီ ရာ… အခုထက်ထိ ကျွန်တော့်ရဲ့ ညှို့သကျီးမှာ ခင်ဗျား ကန်ထားတဲ့ဒဏ်ရာ ရှိနေပါသေးတယ်..။ သေရာပါပဲ…၊ ကိုးချက်ချုပ်လိုက်ရတယ်..။ ၂၀၀၄ ခုနှစ်တုန်းကလေ.. မိုနာကိုနဲ့ ချယ်လ်ဆီးပွဲမှာ… ခင်ဗျားကလေ.. လူကိုကြည့်ရင်တော့ ပြုံးပြုံးလေးပဲ..၊ ဒါပေမယ့် ပွဲကန်တဲ့အချိန်ကျ တကယ့်ကို ကြမ်းတဲ့သူ.. ဟားဟား…။
ကယ်လီ ကိတ် - ရှင်တို့ပြောနေကြတာက ရေကုန်ရေခမ်း မကစားကြတာကို အားမရကြဘူးလို့ ကျွန်မနားလည်ပါတယ်..။ ခုနကဆိုရင် ဂျင်မီ က ရှင့်ကိုကန်လိုက်တယ်..၊ ရှင်က ကိုးချက်ချုပ်ရပေမယ့် ပွဲပြီးအောင် ကစားသွားခဲ့ပါတယ်..။ ဟုတ်တယ်နော်… အခုလက်ရှိ ကစားသမားတွေဆီမှာ ရှင်တို့ခေတ်တွေတုန်းကလို ပေးဆပ်ကစားမှုမျိုးကို မမြင်တွေ့ရဘူးလို့ ဆိုလိုချင်တာမလား..?
ပက်ထရစ် အီဗရာ - သေချာတာပေါ့..။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝကို ဖြတ်သန်းလာခဲ့တာဆိုတာ့ သူတို့ကို အရမ်းကြီးမပြောချင်ပါဘူး.။ ယူနိုက်တက်..၊ ချယ်လ်ဆီးလိုအသင်းမှာ ကစားပြီဆိုမှတော့ အခုလို အသက်ကယ်အင်္ကျီဝတ်ပြီး မရှုံးအောင် ဦးတည်ကစားနေတာမျိုး မဖြစ်သင့်ပါဘူး..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ပက်ထရစ်.. ဒါကအရှိတရားလေ… (reality)..။ အခုအချိန်မှာ ချယ်လ်ဆီးကသာ အဲဒီလို တိုက်စစ်ဖွင့်ကစားမယ်ဆိုရင် ရက်ရှ်ဖို့ဒ်၊ ဂျိမ်းစ် တို့က ကောင်းကောင်းဒုက္ခပေးသွားမှာပေါ့..။ မနှစ်တုန်းက တွေ့ခဲ့တဲ့ပွဲမှာ အဲဒီလိုဖွင့်ကစားခဲ့လို့ ၄- ၀ ဖြစ်သွားခဲ့လေ..၊ လမ်းပတ် အနေနဲ့ အဲဒီလိုထပ်ပြီး အဖြစ်ခံလို့ မရပါဘူး.။ ဒါပေမယ့် အခုအချိန်ကနေစပြီး သူတို့ဒီထက်ပိုပြီး တိုးတက်ရပါတော့မယ်..။ နောက်လာမယ့်ပွဲစဉ်တွေမှာ အခုအတိုင်း ထပ်ခါ.. ထပ်ခါ ဖြစ်နေဦးမယ်ဆိုရင် ပက်ထရစ် ရေ… ‘မင်းပြောခဲ့တာ အရမ်းကိုမှန်ပါတယ်..’ လို့ ပြောမှာပါ..။ ဒါ့ကြောင့် သူတို့တွေဟာ အခုကနေ စပြီးတည်ဆောက်ရပါမယ်..။ ဒီနေ့ပွဲရလဒ်ကို ခဏချန်ထားလိုက်ပါ..၊ နောက်ထပ်ငါးပွဲဆက်တိုက်သာ အနိုင်ရခဲ့မယ်ဆိုရင် ဒီနေ့ပွဲရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ရလဒ်လို့ ပြောရမှာပါ..။
ပက်ထရစ် အီဗရာ - အင်းပါ… ကျွန်တော်က ချယ်လ်ဆီးကို အပြစ်တင်နေတာ မဟုတ်ပါဘူး.။ ကြည့်လို့မကောင်းတဲ့ ပွဲတစ်ပွဲအကြောင်း အဓိကပြောနေတာပါ..။ ချယ်လ်ဆီးကလည်း ဒီနေ့ပွဲ အသင်းနှစ်သင်းထဲက တစ်သင်းဆိုတော့ တစိတ်တပိုင်းပါတာပေါ့..
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..၊ ပွဲကသာ အကြိတ်အနယ် မဖြစ်ခဲ့ပေမယ့် ရှင်တို့နှစ်ယောက် အငြင်းအခုန် ဖြစ်ခဲ့တာ အရမ်းကိုနားထောင်လို့ ကောင်းပါတယ်ရှင့်…။ အမှန်တော့ ‘ဒီနေ့ပွဲအပေါ် ဘယ်လိုမြင်လဲ..?’ ဆိုတဲ့ ကျွန်မရဲ့ မေးခွန်းလေးကနေ အခုလိုအကြိတ်အနယ် အငြင်းအခုန် ဖြစ်သွားခဲ့တာ..။ အခုဒီနေ့ပွဲမှာ အငြင်းပွားစရာ အကောင်းဆုံးဖြစ်ရပ်လို့ ပြောရမယ့် ဆီဇာ အက်ဖ်ပီလီကွဲတား ပင်နယ်တီရသင့်လား..? ဆိုတဲ့ ဖျက်ထုတ်မှုကို ပြန်လည်သုံးသပ်ပေးပါလား..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကျွန်တော်ကတော့ ပင်နယ်တီပေးရမယ့် ဖျက်ထုတ်မှုလို့ မြင်ပါတယ်..။ မက်ဂွိုင်းယား အနေနဲ့ အက်ဇ်ပီလီကွဲတား ရဲ့ လည်ပင်းကို လက်နဲ့သိုင်းပြီး ချုပ်ထားစရာ အကြောင်းမှမရှိတာ..။ နောက်ပြီးပခုံးပေါ်ကို ဖိပြီးတောင် ခေါင်းတိုက်လိုက်သေးတယ်..။ ဒါ့ကြောင့်အက်ဇ်ပီလီကွဲတား ကောင်းကောင်းခုန်လို့မရခဲ့တာပါ..။ အက်ဇ်ပီလီကွဲတား အနေနဲ့.. ဒီထက်ပိုပြီး ဒိုင်လူကြီးသိအောင် ပြောသင့်လား…? ဒါပေမယ့် ပင်နယ်တီ ပေးရမယ့် ပြစ်ဒဏ်ဆိုတာ သေချာပါတယ်..။
ပက်ထရစ် အီဗရာ - ပထမပိုင်းအပြီးတုန်းကလည်း ကျွန်တော်ပြောခဲ့ပါသေးတယ်..။ ကျွန်တော်ကြည့်နေကျ နပန်းပွဲ (wrestling) တွေကိုတောင် ပြန်ပြီးသတိရမိသေးတယ်..။ အဲဒီဖျက်ထုတ်မှုဟာ ပင်နယ်တီပေးရမယ့် ပြစ်ဒဏ်ပါ..။ အဲဒီဖြစ်ရပ် ပြီးပြီးချင်းမှာ ချယ်လ်ဆီးဘက်က အသင်းခေါင်းဆောင်က ဘာမှမပြောဘူးလား..? ဆိုပြီး စိတ်ထဲမှာတောင် ဖြစ်မိသေးတယ်..။ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ အဲဒီအကြောင်းကို ပြည့်ပြည့်စုံစုံ သူပြောသွားခဲ့ပါတယ်..။ VAR နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီးပြောခဲ့ကြပါတယ်..။ အဲဒီ VAR ဆုံးဖြတ်ချက် ပေးတဲ့နေရာမှာ ဘောလုံးကန်တတ်သူတွေ ဖြစ်ဖို့လိုပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဘောလုံးကန်တတ်တဲ့သူဆိုရင် ဒီလိုဖြစ်ရပ်မျိုးကို တစ်ချက်ကြည့်လိုက်တာနဲ့ ပင်နယ်တီ ပေးရမယ်ဆိုတာ ချက်ချင်းသိမှာပါ…။ ကျွန်တော်ဟာ ယူနိုက်တက်အသင်း ပရိသတ်ဆိုပေမယ့် ဒီလိုဖြစ်ရပ်မျိုးကို (၁၀၀%) ရာခိုင်နှုန်း ပင်နယ်တီ ပေးပါမယ်..။
ကယ်လီ ကိတ် - ဒိုင်လူကြီး မာတင် အက်ကင်ဆန် အနေနဲ့ ကွင်းဘေးက monitor ကို သွားပြီး ကြည့်သင့်တယ်လို့ ဆီဇာ အက်ဇ်ပီလီကွဲတား က ပြောခဲ့တယ်နော်..။ တကယ်လို့ ဒိုင်လူကြီးသာ အငြင်းပွားစရာ ဖြစ်ရပ်တိုင်းကို ကွင်းဘေးက မော်နီတာ သွားကြည့်မယ်ဆိုရင် အခုလိုဖြစ်ရပ်တွေကို ဖြေရှင်းနိုင်မယ်လို့ ထင်ရဲ့လားရှင့်..
ပက်ထရစ် အီဗရာ - အဲဒီဖြစ်ရပ်ပြီးပြီးချင်းမှာ ချယ်လ်ဆီးကစားသမားတွေ ဘာလုပ်နေကြလဲဗျ..။ ဝိုင်းအုံပြီး ဒိုင်လူကြီးကို ဖိအားပေးသင့်တာပေါ့..။ ဂျင်မီ ပြောသလို ကြောက်လိုက်တာမှ ဒိုင်လူကြီးကို အဲဒီလိုဝိုင်းပြောဖို့တောင် ကြောက်နေလား မသိပါဘူး..။ ကျွန်တော်က ဂျင်မီ ကို တိုက်ခိုက်တာ မဟုတ်ပါဘူး..၊ ဒါပေမယ့် အသင်းခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ကစားသမားတွေကပဲဖြစ်ဖြစ် မော်နီတာ ပြန်ကြည့်ဖို့ ဒိုင်လူကြီးကို ပြောသင့်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မရဘူးဗျ..။ သွားပြောရင် အဝါကတ်ဒ်ပဲ အပြခံရမှာပါ..။ ဒါ့အပြင် ကလော့ပ် လို နောက်ဆက်တွဲ ဒဏ်ငွေပြစ်ဒဏ်လည်း ထိဦးမယ်..။ ဒ့ါကြောင့်ဒိုင်လူကြီးက ငြင်းပြီးပြီဆိုရင် သွားပြောလို့မရတော့ဘူး..။ တကယ်တမ်းက ဒိုင်လူကြီးက အခြေအနေကို ဒီထက်ပိုနားလည်ပြီး သူ့ဟာသူ သွားကြည့်သင့်တာပေါ့..
ပက်ထရစ် အီဗရာ - ဟာဗျာ.. အဲဒါပြီးတော့ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့ ဖြစ်ရပ်တောင် မပြီးနိုင်မစီးနိုင် အကြိမ်ကြိမ်အခါခါ ကြည့်နေသေးတာ.. ဘာလို့မဖြစ်နိုင်ရမှာလဲဗျ..။ မေးကြည့်တာပါ…
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - Yes.. ခင်ဗျားပြောတာ မှန်ပါတယ်..။ VAR နဲ့ ပတ်သက်ပြီး ကျွန်တော်လည်း သေချာနားမလည်ဘူး..။
ကယ်လီ ကိတ် - ဒီနေ့ပွဲရဲ့ အရေးပါခဲ့တဲ့ အခိုက်အတန့်တွေထဲမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ကန်ချက်တွေကို အက်ဒိုးရပ်ဒ် မန်ဒီ ကာကွယ်ပေးခဲ့တဲ့ အခိုက်အတန့်တွေအကြောင်း ထည့်ပြောဖို့ လိုအပ်ပါလိမ့်မယ်..။
ပက်ထရစ် အီဗရာ - အဲဒီကန်ချက်တွေမှာ မန်ဒီ ကို ချီးကျူးသင့်ပါတယ်..။ သူ့ရဲ့ဂိုးပေါက်ကို ကာကွယ်တဲ့ပုံစံကို ကြည့်မယ်ဆိုရင် မားကပ်စ် ဆွဲထွက်လာတဲ့အချိန် သူ့အတွက် ကန်စရာနေရာ သိပ်မရခဲ့ပါဘူး.။ မားကပ်စ် ဟာ အဲဒီအလုံးကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ နောက်ပြီးပွဲပြီးခါနီး ထောင့်ကန်ဘောကနေ ပြန်လျံထွက်လာတဲ့ ဘောလုံးကို မားကပ်စ် ကန်သွင်းရာမှာလည်း သူ့ရဲ့တုံ့ပြန်မှု အရမ်းကိုလျှင်မြန်ခဲ့ပါတယ်..။
တကယ့်ကို အရေးပါခဲ့သလို ကောင်းမွန်လှတဲ့ ကာကွယ်မှုပါ…။ သူ့ရဲ့ရှေ့မှာ နောက်တန်းလူတွေ ကွယ်နေတာဆိုတော့ ဘောလုံးကိုမြင်တဲ့အချိန် အရမ်းကိုနောက်ကျခဲ့ပါတယ်..။ သူ့ရဲ့အရပ်အမြင့်ကြောင့်သာ အဲဒီဘောလုံးကို ကာကွယ်နိုင်ခဲ့တာ ဆိုပေမယ့် ဂိုးပေါက်ကိုဝင်လာတဲ့အချိန် သူ့ရဲ့တုံ့ပြန်မှု အရမ်းကိုလျှင်မြန် ကောင်းမွန်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ မန်ဒီ ရဲ့ စွမ်းဆောင်ရည် အရမ်းကိုကောင်းမွန် ခဲ့ပါတယ်..။
ကယ်လီ ကိတ် - ပွဲစဉ်နောက်ပိုင်းမှာ ယူနိုက်တက်အသင်းဟာ ကာဗာနီ၊ ပေါ့ဘ်ဘာ တို့လို ကစားသမားတွေ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ကစားကွက်အသာစီးရယူပြီး ဖိကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်က ကာဗာနီ ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ ခံစစ်ကြောင်းရဲ့ ကာကွယ်မှုက အမှားအယွင်းနည်းပါးခဲ့တယ်နော်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သေချာတာပေါ့.။ သီယာဂို ဆေးလ်ဗား ဟာ ကာဗာနီ ရဲ့ ထိုးဖောက်တဲ့ပုံစံကို ကောင်းကောင်းသိထားသလို ဒီနေ့ပွဲမှာ သူ့ရဲ့ကစားပုံ အထူးကောင်းမွန်ခဲ့ပါတယ်..။ သူဟာဘောလုံးတွေကို ဖျက်ထုတ်တဲ့နေရာမှာ အရမ်းကို သက်တောင့်သက်သာ ရှိသလို အမြင့်ဘောတွေဆိုလည်း အမြဲတမ်းဦးပါတယ်.၊ ခံစစ်ကြောင်းကို ဦးဆောင်နိုင်ပါတယ်..။ နေရာယူလည်း အရမ်းကောင်းတယ်ဗျ..။ အန္တရာယ်ရှိမယ့် နေရာဆိုရင် အမြဲတမ်းဦးအောင် ရောက်နေပါတယ်..။
တကယ်တော့ ချယ်လ်ဆီးအသင်းက သူတို့ရဲ့ခံစစ်ကြောင်းကို ဦးဆောင်နိုင်ဖို့ သူ့ကိုခေါ်ယူခဲ့တာပါ..။ အထူးသဖြင့် ကာဗာနီ ရဲ့ကန်ချက်ကို ပိတ်ဆို့လိုက်တဲ့ ဖျက်ထုတ်မှု၊ အန္တရာယ်ရှိနိုင်တဲ့ ပေးပို့မှုကို ကြိုတင် ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့မှုတွေဟာ သိပ်ကိုကောင်းခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ အသင်းဖော်တွေကို ယုံကြည်မှုု ပိုပြီးမြင့်မားစေခဲ့တာ အမှန်ပဲဗျ..။ သီယာဂို ဆေးလ်ဗား သာ ကြံံ့ခိုင်မှုကောင်းမွန်နေမယ်..၊ ဒဏ်ရာပြသနာကင်းနေမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ အရမ်းကြီးစိတ်ပူစရာ ရှိမနေပါဘူး.။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်… နည်းပြ ဖရန့် လမ်းပတ် ကလည်း ဒီနေ့ပွဲရလဒ်အပေါ် အခြေပြုပြီး ဒီထက်တိုးတက်အောင် ရှေ့ဆက်မယ်လို့ ပြောသွားပါတယ်.။ အခုဒီပွဲအပြီး ချယ်လ်ဆီးအသင်း ကစားရမယ့်ပွဲတွေကို အခုပူးတွဲပုံမှာ ပြထားပါတယ်..။ ခုနကလည်း ရှင် ပြောခဲ့သားပဲ.. ဂျင်မီ ရေ… ဒီနေ့ပွဲက ရခဲ့တဲ့တစ်မှတ်ဟာ တန်ဖိုးရှိတဲ့ တစ်မှတ်ဟုတ်၊ မဟုတ်ဆိုတာ အခုလာမယ့်ပွဲ ရလဒ်တွေကိုကြည့်ပြီး ပြောနိုင်မှာမဟုတ်လားရှင့်…
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဟုတ်ပါတယ်..။ နောက်လာမယ့်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရပါမယ်..။ အဲဒီပွဲပြီးရင် ဘန်လေ၊ ရန်းန်၊ ရှက်ဖီးလ် ယူနိုက်တက်၊ နယူးကာဆယ် တို့နဲ့ ကစားရပါမယ်..။ ဖရန့် တို့အနေနဲ့ ဝက်စ်ဘရွန်း၊ ဆောက်ပ်သမ်တန် တို့နဲ့ပွဲတွေမှာ ရသင့်တဲ့ လေးမှတ်ဆုံးရှုံးခဲ့ပြီဆိုတော့ အခုလာမယ့်ပွဲတွေမှာ အမှတ်ပြည့်ရဖို့ ပိုပြီးအရေးကြီးလာပါပြီ..။ ဒါ့ကြောင့်သူ့အနေနဲ့ အခုဒီပွဲနဲ့ဆီဗီးလားအသင်းနဲ့ပွဲက ရလဒ်တွေကို အခြေပြုပြီး အသင်းရဲ့တိုက်စစ်၊ ခံစစ်ပိုင်းဟန်ချက် ပိုပြီးတိုးတက်လာအောင် လုပ်ဆော်ရတော့မှာပေါ့..။ ကျွန်တော်ကတော့ အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ရှေ့ဆက်နေတယ်လို့ ယုံကြည်ပါတယ်..။