မနေ့ကရုရှနိုင်ငံ၊ ခရက်စ်နိုဒါးမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော ခရက်စ်နိုးဒါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု ( E ) ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ အဝေးကွင်းအနိုင်ပွဲနှင့် အသင်း၏ကစားပုံအပေါ် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် တော့တင်ဟမ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် တို့က BT Sports ရုပ်သံမှ တင်ဆက်သော သုံးသပ်ချက် စကားဝိုင်းတွင် ယခုလို သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်…၊ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ ဝေးကွာလှတဲ့ ရုရှနိုင်ငံခရီးစဉ်ကိုလာရောက်ခဲ့ပြီး အိမ်ရှင်ခရက်စ်နိုးဒါး အသင်းကို ဂိုးပြတ်အနိုင်ပွဲနဲ့အတူ ရလဒ်ကောင်းတစ်ခုကို ဆောင်ယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် သုံးပွဲဆက် ပေးဂိုးမရှိ clean sheet ရခဲ့တာကလည်း အသင်းရဲ့အနိုင်ပွဲကို ပိုပြီးပြည့်စုံစေခဲ့ပါတယ်..။ ဂျိုး ရေ.. ရှင့်အနေနဲ့ ဒီနေ့အနိုင်ပွဲကို ကျေနပ်ခဲ့ရဲ့လား..?
ဂျိုး ကိုးလ် - ‘impressive..’ သိပ်ကိုကျေနပ်တာပေါ့ဗျာ..။ အဝေးကွင်းမှာ လေးဂိုးနဲ့ဂိုးပြတ် အနိုင်ရရှိခဲ့တယ်..၊ ရှေ့တန်းတိုက်စစ် ကစားသမားတွေအားလုံး သွင်းဂိုးတွေ ရရှိခဲ့တယ်..၊ နောက်ထပ် clean sheet ထပ်ပြီးရရှိခဲ့ပါတယ်..။ ကစားခွင့်မရတာ ကြာပြီဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ကို ကတ် ဇူးမား နဲ့အတူ ဗဟိုခံစစ်နေရာမှာ တွဲဖက်စမ်းသပ်ခဲ့ရာမှာ ပွဲချိန်ကြာလာတဲ့အမျှ တည်ငြိမ်မှုတွေ ပိုပြီးရလာခဲ့ပါတယ်..။ မန်ဒီ ကလည်း အရေးပါခဲ့တဲ့ ကာကွယ်မှုတစ်ချို့ကို ထပ်ပြီးပြုလုပ်ခဲ့ပြန်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲဟာ ချန်ပီယံလိဂ် ပြိုင်ပွဲအဆင့်မှာဆိုရင် ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ပွဲလို့ ပြောရမှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ချယ်လ်ဆီးအသင်းက လူငယ်တောင်ပံ ကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပထမပိုင်း (၃၇) မိနစ်မှာ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးရရှိခဲ့ပါတယ်..။ အဲဒီသွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ လှုပ်ရှားပေးပို့မှုလေးတွေ ကြည့်လို့ကောင်းခဲ့တယ်နော်.. ဂျာမိန်း ရေ..
ဂျာမိန်း ဂျီးနပ်စ် - ဟုတ်ပါတယ်..။ အထူးသဖြင့် ခရက်စ်နိုးဒါး ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်ဆီကို ဘောလုံးဆင်းယူပြီး ဘယ်ခြမ်းမှာ လွတ်နေတဲ့ အိုဒွိုင်း ကို အကွက်မြင်မြင်နဲ့ ခင်းပေးခဲ့တဲ့ ကိုင် ဟားဗာ့ဇ် ရဲ့ လှုပ်ရှားမှုနဲ့ပေးပို့မှု အထူးကောင်းမွန်ခဲ့ပါတယ်..။ သူဟာသွေးအေးပြီး ပွဲအခြေအနေကို အမြဲတမ်းသုံးသပ်နေတယ်..၊ အကွက်မြင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ အရမ်းကိုလှပ ညက်ညောခဲ့တာ မဟုတ်ပါဘူး.။ ဒါပေမယ့် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ခရက်စ်နိုးဒါးအသင်း ဂိုးသမား မက်တ်ဗေ ဆာဖာနော့ဗ် ရဲ့ အမှားကြောင့် ကံကောင်းခဲ့တယ်လို့ ပြောရမှာပါပဲ..။ အဲဒီသွင်းဂိုးကြောင့် သူဟာကျေနပ်မှုရခဲ့မှာ ဖြစ်ပေမယ့် သူ့ရဲ့ကစားပုံဟာ ပရိသတ်မြင်တွေ့ချင်နေတဲ့ ခြေစွမ်းမျိုး မပြနိုင်ဘူးလို့ ဆိုရမှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါ့ကြောင့်လည်း ပထမပိုင်းပြီးခါနီးမှာ ဖရန့် က ရှေ့ကိုဘောလုံး ရောက်အောင်ပေးဖို့..၊ မြန်မြန်ပေးဖို့ အော်ဟစ်နေခဲ့တာ မဟုတ်ဘူးလားရှင့်..
ဂျိုး ကိုးလ် - ပထမပိုင်းမှာ ဗဟိုခံစစ်မှူးနှစ်ယောက်ဖြစ်တဲ့ ဇူးမား နဲ့ ရူဒီဂါ တို့ဆီမှာ ဘောလုံးတွေ ရောက်လွန်းနေခဲ့ပါတယ်..။ ဘောလုံးပွဲကြေငြာနေတဲ့ ဂလင်း ဟော်ဒယ်လ် ကလည်း သူတို့တွေဟာ ရှေ့ကိုဘောလုံးလုံးဝမပို့ပဲ ဘာတွေလုပ်နေကြမှန်း မသိဘူးလို့တောင် ပြောခဲ့သေးတာကိုးဗျ.။ ချီးဝဲလ် ကလည်း ရပ်ပြီးကစားနေခဲ့သလို ဘောလုံးကို စောင့်လွန်း (passive) နေခဲ့တယ်ဗျ..။ နောက်ပိုင်းမှာ သူတို့ဘောလုံးကိုမြန်မြန်ပေးပို့ပြီး အရှိန်တင်ကစားလာတဲ့အခါ ကာလန် နဲ့ ဇိုင်းယက်ချ် တို့ဆီကို ဘောလုံးတွေပိုပြီး ရောက်လာခဲ့ပါတယ်...။ အဲဒီအချိန်ကျမှ ထိရောက်တဲ့ ထိုးဖောက်မှုတွေ စပြီးမြင်လာခဲ့ရတာပါ..။ ဒါပေမယ့်တကယ်လို့ အိုဒွိုင်း၊ ဒါမှမဟုတ် ဇိုင်းယက်ချ် နေရာမှာ ကျွန်တော်သာ ကစားခဲ့ရမယ်ဆိုရင် အနည်းဆုံးနောက်ထပ်တစ်ဂိုး၊ နှစ်ဂိုးလောက် ထပ်ရခဲ့ရမှာ အသေအချာပဲ..
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း အတွက်ကတော့ ကျေနပ်ဖို့ကောင်းတဲ့ ညတစ်ညလို့ ပြောရမှာပါပဲ..။ အဲဒီအဖွင့်ဂိုးမတိုင်ခင် ချယ်လ်ဆီးအသင်းက ဂျော်ဂင်ဟို က ပင်နယ်တီကန်ချက် ထပ်ပြီးလွဲခဲ့ပြန်ပြီနော်..။ ဒါပေမယ့် အဲဒီပင်နယ်တီ ရရှိစေခဲ့တဲ့ တီမို ဗာနာ ကို ခရက်စ်နိုးဒါး နောက်ခံလူ ကိုင်အို ရဲ့ ဖျက်ထုတ်မှုဟာ ပင်နယ်တီပြစ်ဒဏ် ပေးသင့်ရဲ့လား..
ဂျိုး ကိုးလ် - (၁၀၀%) ရာခိုင်နှုန်းပြည့် ပေးရမှာပါ..။ အခုပြထားတဲ့ အပေါ်ကပုံမှာဆိုရင် ကိုင်အို ရဲ့ ဖျက်ထုတ်မှုဟာ တီမို ဗာနာ ကို ထိခဲ့ပါတယ်..။ အခုလို ဖျက်ထုတ်မှုမျိုးဟာ နောက်တန်းလူတစ်ယောက်ရဲ့ သွေးရူးသွေးတန်း ဖျက်ထုတ်မှုပဲဗျ..။ သူ့အနေနဲ့ အဲဒီလိုဖျက်ထုတ်စရာ လိုအပ်တဲ့အနေအထားမှာ ရှိမနေပါဘူး..။ တကယ်တော့ သူတို့အသင်းဟာ အဲဒီအအချိန် မတိုင်ခင်အထိ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ကောင်းကောင်းကာကွယ် နေနိုင်ခဲ့တာဗျ..။ မှားယွင်းမှုတစ်ခုကနေ ပေးလိုက်ရတာပါ..။
ဂျော်ဂင်ဟို ရဲ့ ပင်နယ်တီကန်ချက်တိုင်းကို ကျွန်တော်လေ့လာကြည့်ပါတယ်..။ ဂိုးသမားရဲ့ဆန့်ကျင်ဘက်ကို ဘယ်လိုရွေးချယ်ခဲ့လဲ ကျွန်တော်လုံး၀ မသိခဲ့ပါဘူး.။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ကန်မယ့်ဘက်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့တာကြောင့် တိုင်ထိထွက်ခဲ့ရပါတယ်…။ ဂိုးသမားကတော့ အဲဒီကာကွယ်နိုင်ခဲ့မှုအပေါ် ကျေနပ်နေမှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျော်ဂင်ဟို ဟာ ဒီနှစ်ဘောလုံးရာသီမှာ သူ့အတွက် ဒုတိယအကြိမ် ပင်နယ်တီလွဲချော်ခဲ့တာပါ.။ ဒါ့ကြောင့်အခုအချိန်ဟာ ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်ပင်နယ်တီကန်မယ့်သူ အသစ်တစ်ယောက် ရွေးချယ်သင့်တဲ့အချိန် ရောက်ပြီလို့ ထင်မိလား..?
ဂျာမိန်း ဂျီးနပ်စ် - No.. ဂျော်ဂင်ဟို ဟာ တကယ့်ပွဲကြီး ပွဲကောင်းတွေမှာလည်း သွေးအေးအေးနဲ့ ကန်သွင်းပြီး ချယ်လ်ဆီးအသင်း ရရှိတဲ့ပင်နယ်တီ ကန်ချက်တွေကို တာဝန်ယူသင့်တဲ့သူ ဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ.။ တစ်ကြိမ်၊ နှစ်ကြိမ် လွဲချော်တယ်ဆိုတာ ရှိတတ်ပါတယ်..။ သူ့ရဲ့ပင်နယ်တီကန်သွင်းနည်းစနစ်ဟာ တခြားသူတွေ ပုံမှန်ကန်နေကျပုံစံ (orthodox) မဟုတ်ဘူး..၊ အခုဆိုရင် သူကန်သွင်းမယ့်ပုံစံကို ဂိုးသမားတွေ မှန်းဆနိုင်နေလောက်ပြီ ဆိုပေမယ့် သူဟာ ယုံကြည်ကိုးစားလို့ရတဲ့ ပင်နယ်တီကန်သွင်းသူ တစ်ယောက်ဆိုတာ ပြသနေတုန်းပါပဲ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ဒုတိယဂိုးဟာ ပင်နယ်တီကန်ချက်ကနေပဲ ရရှိခဲ့တာပါ..။ အဲဒီဂိုးဟာ လက်ထိဘောကြောင့် ပေးခဲ့ရတာဆိုတော့ ပေးလိုက်ရတဲ့အနေအထားဟာ ကိုယ့်အသင်းသာ ဖြစ်ခဲ့မယ်ဆိုရင် အတော်လေး စိတ်ဆိုးစရာကောင်းတယ်လို့ မထင်မိဘူးလားရှင့်..
ဂျိုး ကိုးလ် - ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ကိုယ့်အသင်းက ပင်နယ်တီပေးခဲ့ရပြီဆိုရင် စိတ်ဆိုးကြမှာပဲလေ..။ ဘယ်လိုပုံစံနဲ့ လက်ထိမိရင် ပင်နယ်တီပေးမယ်ဆိုတဲ့ စည်းမျဉ်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး.။ ဒါပေမယ့် ပူလီဆစ် ရဲ့ကန်ချက်ဟာ ဘယ်လိုပုံစံနဲ့ လက်ထိခဲ့တယ်ဆိုတာ VAR နဲ့ သေသေချာချာ ပြန်ကြည့်ခဲ့ပါသေးတယ်..။ အဲဒီဒုတိယဂိုး ရသွားတဲ့အချိန် မတိုင်ခင်တုန်းက ခရက်စ်နိုးဒါးအသင်းရဲ့ ကစားပုံအတော်လေး ကောင်းလာခဲ့ပါသေးတယ်..။
ဗာနာ ရဲ့ကန်ချက်ကတော့ သိပ်ကိုကောင်းမွန်ပါတယ်..။ သူ့ရဲ့ကန်ချက်ဟာ ထောင့်ကိုရောက်ခဲ့မယ်ဆိုရင် ပိုပြီးသပ်ရပ်လိမ့်မယ်လို့ ပြောကြပါတယ်..။ ဒါပေမယ့် အခုကန်ချက်ကလည်း အတော်လေးကို ကောင်းမွန်ပြီး ကာကွယ်နိုင်ဖို့ ခက်ခဲပါတယ်..။ ဒါ့ကြောင့်တီမို ဗာနာ ဟာ ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီကန်ချက်တွေကို တာဝန်ယူနိုင်တဲ့ နောက်ထပ်ကစားသမား တစ်ယောက်ဆိုတာ ပြသခဲ့ပါတယ်.။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါဆိုရင် ဂျော်ဂင်ဟို ရဲ့ ခုန်ပြီးကန်တဲ့ နည်းစနစ်နဲ့ တီမို ရဲ့ အခုလိုအဖြောင့် ကန်သွင်းတဲ့ နည်းစနစ်နှစ်ခုမှာ ဘယ်ဟာကို ပိုပြီးသဘောကျလဲရှင့်..
ဂျိုး ကိုးလ် - ဘယ်လိုနည်းနဲ့ကန်ကန်..၊ ချယ်လ်ဆီးအသင်း ဂိုးရမယ်ဆိုရင် ပြီးတာပါပဲ.. ဟားဟား..
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟားဟား..ဟုတ်ပါပြီရှင်..။ တတိယဂိုးကတော့ ဟာကင် ဇိုင်းယက်ချ် ရဲ့ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးသွင်းဂိုး ဖြစ်ပါတယ်..။ ဒါ့အပြင်အခုပွဲဟာ သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့တယ်ရှင့်...။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ သူူ့ရဲ့ခြေစွမ်းကို သုံးသပ်ပေးနိုင်မလား..?
ဂျာမိန်း ဂျီးနပ်စ် - ဇိုင်းယက်ချ် ဟာ ဒီနေ့ပွဲမှာ တစ်ချို့အလုံးတွေကို ပေးပို့တာ၊ ဖန်တီးပေးခဲ့တာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ သူနဲ့ပတ်သက်ပြီး ပြောရမယ့်အရေးအကြီးဆုံးအချက် ကြံ့ခိုင်မှုအခြေအနေပဲ ဖြစ်ပါလိမ့်မယ်.။ သူ့လိုကစားသမားမျိုးဟာ အမြဲတမ်းထက်မြက်နေမှ (sharpness) ဖြစ်မှာပါ…။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မြန်ဆန်တဲ့ ပေးပို့မှုတွေ၊ နေရာကျဉ်းကျဉ်းလေးထဲကနေ မရမက ထုတ်ပြီးကစားသွားခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကြံ့ခိုင်မှုကောင်းဖို့ အထူးကို အရေးတကြီး လိုအပ်တယ်ဆိုတာ သိသာပါတယ်..။ သူ့ရဲ့ကစားဟန်ဟာ ကြည့်လို့ကောင်းသလို သူဟာချယ်လ်ဆီးအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ… ပူလီဆစ် ကတော့ ကွင်းထဲကို ဝင်လာကတည်းက သူ့ရဲ့တိုက်စစ်လမ်းကြောင်း ရှာဖွေမှု၊ ထိုးဖောက်မှုတွေဟာ အရမ်းထိရောက်ခဲ့ပါတယ်..။ အဲဒီအတွက် ရှင်တော့ အထူးကျေနပ်လိမ့်မယ်ထင်တာပဲ.. ဟုတ်တယ်မလား..?
ဂျိုး ကိုးလ် - ခရစ်စ်တီယန် ပူလီဆစ် ဟာ တကယ့်ကို ပါရမီထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ရာသီအစပိုင်း ပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာဟာ ချယ်လ်ဆီးအသင်းအတွက် အထူးကိုနစ်နာစေခဲ့ပါတယ်..။ ပူလီဆစ် သွင်းယူပေးခဲ့တဲ့ စတုတ္ထဂိုးမှာဆိုရင် တန်မီ အေဘရာဟမ် ရဲ့ ဖန်တီးပေးပို့မှုလည်း သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။
တန်မီ အေဘရာဟမ် ဟာ ဂိုးရလိုစိတ် အရမ်းကိုဆာလောင်နေပြီး သူ့ရဲ့ရွှေ့လျားမှု၊ နေရာယူမှုနဲ့ လျှင်မြန်မှုတွေ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ အဲဒီစတုတ္ထဂိုးမှာလည်း ဂိုးသမား ဆာဖာနော့ဗ် ရဲ့ ကာကွယ်မှုကို မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်..။ ကျွန်တော်ကတော့ တန်မီ အေဘရာဟမ် ဟာလည်း ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့ပူလီဆစ် ဟာ ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်တယ်..၊ နေရာယူပုံ၊ အဆုံးသတ်ဂိုးသွင်းတဲ့ အပိုင်းတွေမှာလည်း ထက်မြက်ပါတယ်..။
ဒီပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်း ကစားသမားတိုင်းဟာ သူ့တို့ကျရာ အခန်းကဏ္ဍ အသီးသီးကနေ အသင်းကိုထိထိရောက်ရောက် ပံ့ပိုးနိုင်ခဲ့တယ်..၊ သူ့ရဲ့တိုက်စစ်ကစားသမားတိုင်း အသင်းအတွက် သွင်းဂိုးကိုယ်စီ ရရှိခဲ့ပြီးလည်း ဖြစ်တယ်ဆိုတော့ ဖရန့် အနေနဲ့ သူ့ရဲ့တိုက်စစ်ပိုင်း ဇာတ်ညွန်းကို ဘယ်လိုရေးရမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး..။ ဒါ့အပြင် ခံစစ်ပိုင်းမှာလည်း နောက်ထပ် clean sheet တစ်ပွဲထပ်ပြီး ရခဲ့ပြန်တယ်ဆိုတော့ ကျေနပ်ဖို့ကောင်းတဲ့ ညတစ်ညလို့ ဆိုရမှာပါပဲ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်… သီယာဂို ဆေးလ်ဗား မပါဝင်နိုင်ခဲ့ပဲ အခုလို clean sheet ရခဲ့တာဆိုတော့ ဖရန့် အတွက် ပိုပြီးကျေနပ်ဖို့ကောင်းခဲ့မယ်လို့ မထင်မိဘူးလားရှင့်..
ဂျာမိန်း ဂျီးနပ်စ် - တစ်ပွဲလုံးအနေနဲ့ ခြုံငုံပြီးကြည့်မယ်ဆိုရင် အသင်းရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ အရမ်းကြီးကျေနပ်ဖို့တော့ မကောင်းလှပါဘူး.။ သူတို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့တာ မှန်ပေမယ့် အာရုံစူးစိုက်မှု မကောင်းပဲ လျော့ရဲရဲဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိပါသေးတယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ အဲဒီအပိုင်းလေးတွေကို ထွင်းထုတ်ပြီး အသင်းသားတွေနဲ့ ပြန်ပြီးဆွေးနွေးရပါလိမ့်ဦးမယ်.။ ဒါပေမယ့် နောက်ဆုံးပွဲပြီးရလဒ်ကတော့ ၄- ၀ ပဲလေ..။ ဒါ့ကြောင့်အဲဒီရလဒ်နဲ့ clean sheet ဟာ အသင်းသားတွေရဲ့ ယုံကြည်မှုပိုပြီး မြင့်မားလာဖို့ အထောက်အကူ ဖြစ်ခဲ့မှာပါ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါ… ဂျိုး ရေ… ရှင်ကတော့ အရမ်းကိုကျေနပ်နေပြီဆိုတော့ အိမ်ပြန်ရရင်ကောင်းမလားဆိုပြီး စဉ်းစားနေပြီမလား.. ဟားဟား.. ကျွန်မတို့ဆက်ပြီး ဆွေးနွေးဖို့ နောက်ထပ်တစ်ပွဲ ကျန်သေးတယ်နော်..၊ ဒါပေမယ့်ဒီနေ့မှာ ရရှနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေရှင့်…