feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ဘန်လေ vs ချယ်လ်ဆီး)

မနေ့ကဘန်လေအသင်း၏ Turf Moor ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဘန်လေအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ အဝေးကွင်းအနိုင်ပွဲနှင့် အသင်း၏ကစားပုံအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် တော့တင်ဟမ်အသင်း ကွင်းလယ်ကစားသမားဟောင်း တင်မ် ရှားဝုဒ် တို့က Premier League Productiom ရုပ်သံမှ တင်ဆက်သော သုံးသပ်ချက် စကားဝိုင်းတွင် ယခုလို သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။

ဂျူးလပ်စ် ဘရိချ် - ဟုတ်ကဲ့ပါရှင့်…၊ ပထမဆုံးအနေနဲ့ ဒီနေ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိရဲ့လား..? အထူးသဖြင့် ဒုတိယပိုင်းမှာ ကစားသွားခဲ့တဲ့ ခြေစွမ်းကိုပေါ့…

အိုဝင် ဟားဂရိဗ် - ပထမဆုံးအနေနဲ့ သူတို့အသင်းရဲ့ ခံစစ်ကစားပုံပေ့ါ..။ ဂိုးသမားနေရာမှာ မန်ဒီ ရယ်..၊ ဗဟိုနောက်ခံလူနေရာမှာ သီယာဂို ဆေးလ်ဗား တို့ ပါဝင်လာတာနဲ့ သူတို့အသင်းရဲ့ ခံစစ်ပိုင်းဟာ သိသိသာသာကြီးကို မာကျော၊ ကောင်းမွန်လာပါတယ်..။ နောက်ပြီးဒီနေ့ပွဲမှာဆိုရင် အန်ဂိုလေ ကန်တေး ဟာ ကွင်းလယ်ခံစစ် ကစားသမားအဖြစ် အကောင်းဆုံးထိန်းချုပ် ကစားသွားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်..။ တိုက်စစ်ပိုင်းနဲ့ ပတ်သက်လို့ကတော့ သူတို့အသင်းမှာ ပင်ကိုယ်အရည်အချင်း အရမ်းကိုကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာ သိထားပြီးသားပါ..။ အထူးသဖြင့် ဟာကင် ဇိုင်းယက်ချ် ပေါ့..။ အကောင်းဆုံးခြေစွမ်းမှာသာ ရှိနေမယ်ဆိုရင် သူဟာခံစစ် ကစားသမားတိုင်းရဲ့ အိပ်မက်ဆိုးပါပဲ..။ နောက်ပြီး တီမို ဗာနာ၊ မေဆန် မောင့် တို့လည်း ရှိနေပါသေးတယ်..။



ဒီနေ့ပွဲမှာဆိုရင် ဟာကင် ဇိုင်းယက်ချ် ဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံးပုံဖော် ထိန်းကျောင်းသွားနိုင်ခဲ့ပါတယ်..။ ပထမပိုင်း (၂၆) မိနစ်မှာ တန်မီ အေဘရာဟမ် ရဲ့ ပါးနပ်တဲ့ ဖန်တီးပေးမှုကနေ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို တီမို ဗာနာ ရဲ့ တတိယဂိုးကိုလည်း လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဇိုင်းယက်ချ် မပါဝင်တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲက ဘန်လေအသင်း အဆင့်ပဲရှိတယ်လို့ ပြောချင်ပါတယ်.။

တင်မ် ရှားဝုဒ် - ဟုတ်ပါတယ်..။ သူဟာသိပ်ကိုထူးချွန်တဲ့ တိုက်စစ်ကစားသမား တစ်ယောက်ပါ..။ ဒါပေမယ့် ဒီနေ့ပွဲရဲ့ အဆုံးအဖြတ်ဟာ ကတ် ဇူးမား သွင်းယူပေးခဲ့တဲ့ ဒုတိယဂိုး ဖြစ်ပါလိမ့်မယ်..။ အဲဒီဂိုးဝင်သွားတဲ့အချိန်မှာ ဘန်လေအသင်းတွက် ပြန်လာနိုင်မယ့် အခွင့်အလမ်း မရှိသလောက် ဖြစ်သွားခဲ့ပါတယ်..။ အဲဒီဒုတိယဂိုးမှာ မေဆန် မောင့် ရဲ့ ပေးပို့မှု၊ တိကျကောင်းမွန်ခဲ့သလို ဇူးမား ဟာ သူ့ကိုကပ်ထားတဲ့ ကစားသမားကို ရှောင်ထွက်ပြီး နေရာလွတ်မှာ အတိအကျ ယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ခုန်အား၊ ခေါင်းတိုက်တဲ့အရှိန် သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။



ဂျူးလက်စ် ဘရိချ် - ဘန်လေအသင်းဟာ ချယ်လ်ဆီးအသင်းခံစစ်ကြောင်းရဲ့ အားအနည်းဆုံး နေရာဖြစ်တဲ့ ကတ် ဇူးမား ကို ဦးတည်ပြိး ထိုးဖောက်ခဲ့တယ်လို့ ပထမပိုင်းအပြီးတုန်းက ကျွန်မတို့ ပြောခဲ့ကြပါသေးတယ်..။ ဒါပေမယ့် သူကဂိုးတောင် သွင်းပေးနိုင်ခဲ့သေးတယ်နော်..

တင်မ် ရှားဝုဒ် - ခံစစ်ကာကွယ်မှုအပိုင်းမှာတော့ ဇူးမား ဟာ လိုအပ်ချက်တွေ ရှိနေပါတယ်..။ ဒါပေမယ့် အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းအတွက် သုံးဂိုးတောင် သွင်းပေးခဲ့ပြီးပါပြီ..။ ဒါ့ကြောင့်သူဟာ တနည်းနည်းနဲ့ အသင်းကိုအကျိုးပြုနိုင်တယ်ဆိုတာ ပြသခဲ့တာပါပဲ..။

တတိယဂိုးကတော့ ဘန်လေအသင်းရဲ့ ထောင့်ဖြတ်ပေးပို့မှုကို ပါးပါးနပ်နပ်နဲ့ ဖြတ်တောက်နိုင်ခဲ့တဲ့ ရိစ် ဂျိမ်းစ် ရဲ့ ပေးပို့မှုကနေ စတင်ခဲ့တယ်လို့ ပြောရမှာပါ..။ ရိစ် ဂျိမ်းစ် ဟာ ဒီနေ့ပွဲမှာ ပွဲစပွဲဆုံး အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီတတိယဂိုးမှာတော့ တီမို ဗာနာ ရဲ့ ဘောလုံးထိန်းသိမ်းပုံနဲ့ အဆုံးသတ်အပိုင်း သပ်ရပ်မှုကို ကျွန်တော်ချီးကျူးချင်ပါတယ်..။

ဇိုင်းယက်ချ် က သူ့ရဲ့ပြေးလမ်းထဲကို ချပေးလိုက်တဲ့အချိန် သူ့ဆီကိုဘောလုံးရောက်တာနဲ့ ဂိုးဝင်ပြီဆိုတဲ့အသိကို ကျွန်တော်တစ်ခါတည်း ရခဲ့တယ်ဗျ..။ ဘယ်ခြေနဲ့တစ်ချက်ထိန်းရင်း ကန်မယ့်အနေအထားအတွက် တစ်ခါတည်းအသင့်ပြင်ထားတယ်..၊ ကန်သွင်းတယ်..၊ တကယ့်ကိုထောင့်ထဲ အတိအကျပဲ…။ ဘယ်လိုမှမလွဲနိုင်ပါဘူး.။



အိုဝင် ဟားဂရိဗ် - တကယ်တော့ ဗာနာ အတွက် အဆုံးသတ်ရတာ သိပ်မခက်ပါဘူး.။ ဇိုင်းယက်ချ် ပေးပို့တဲ့နေရာမှာ ခင်းပေးလိုက်တဲ့ ဘောလုံးရဲ့အနေအထားနဲ့ ပေးပို့လိုက်တဲ့အရှိန်က ပိုပြီးအရေးကြီးပါတယ်..။ ခုနက ခင်ဗျားပြောသလိုပါပဲ.. တီမို ကတော့ သူဘာဆက်လုပ်ရမယ်ဆိုတာ အတိအကျ သိထားပါတယ်..။ ဒါ့ကြောင့်ရာသီအစပိုင်းမှာ အဝေဖန်ခံနေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ သုံးပွဲဆက် clean sheet..၊ အဝေးကွင်းနိုင်ပွဲနဲ့အတူ ရုန်းကြွလာမှုကတော့ ချီးကျူးဖို့ကောင်းပါတယ်..။

ဂျူးလက်စ် ဘရိချ် - တင်မ် ရေ.. အခုပွဲမစခင်တုန်းက ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်မယ့်အသင်း သုံးသင်းပဲရှိလိမ့်မယ်လို့ ရှင်ပြောခဲ့ပါတယ်..။ အခုဒီပွဲပြီးတဲ့အချိန်မှာ ရှင့်ရဲ့အမြင် ပြောင်းလဲသွားလား..? ဒါမှမဟုတ် ပိုပြီးခိုင်မာလာလား..?

တင်မ် ရှားဝုဒ် - ဒီနေ့ပွဲစဉ်တွေအပြီးမှာတော့ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ သုံးသင်းထဲကပဲ ဗိုလ်စွဲလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက် ပိုပြီးခိုင်မာလာပါတယ်..။ ကျွန်တော့်အမြင်အရဆိုရင် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် ကစားသမား အင်အားကို ပိုင်ဆိုင်ထားပါတယ်..။ ခံစစ်ပိုင်းအားနည်းတာ မှန်ပေမယ့် အဲဒီအားနည်းချက်ကို ကာမိနိုင်ဖို့ လုံလောက်တဲ့ တိုက်စစ်အင်အားစုတွေ ရှိနေပါတယ်..။ ဒါ့ကြောင့်အခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အရမ်းကိုအကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်..။

လီဗာပူးလ်အသင်းဟာ ခံစစ်ပိုင်းပြသနာ ရှိနေပါတယ်..။ သူတို့ရဲ့ အကောင်းဆုံး နောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ခ် ကာလရှည်ကြာ အနားယူနေရတာဟာ သူတို့အတွက် ရေရှည်မှာ ပြသနာရှိနိုင်ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းရဲ့ နောက်တန်းဟာ ချန်ပီယံဆု ဆွတ်ခူးနိုင်တဲ့ အဆင့်မှာရှိမနေပါဘူး..။ ဒါ့အပြင် သူတို့ရဲ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်တဲ့ ဆာဂျီယို အဂွဲရိုး ဟာ ဒီထက်ပိုပြီး ကြံ့ခိုင်မှုကောင်းမွန်ဖို့ လိုအပ်နေပါသေးတယ်..။ တိုက်စစ်ပိုင်းမှာလည်း အခုထက်ပို ထိရောက်ပြီး သွင်းဂိုးတွေ ပိုပြီးရနိုင်ဖို့ လိုအပ်နေပါတယ်..။ အခုအချိန်ထိတော့ ဖလားရနိုင်မယ့်အသင်းကို အခုသုံးသင်းထက်ပိုပြီး မမြင်မိသေးပါဘူး..။



ဂျူးလက်စ် ဘရိချ် - ချယ်လ်ဆီးအသင်းဟာ အခုနောက်ပိုင်းမှာ တိုက်စစ်နဲ့ခံစစ်ပိုင်း ဟန်ချက် (balance) ပိုပြီးကောင်းမွန်လာပါတယ်..။ အထူးသဖြင့် ခံစစ်ပိုင်းမှာ တိုးတက်လာပြီး နောက်ထပ် clean sheet ရခဲ့တာဟာ ကျေနပ်စရာပါ..။ ဒါဟာရေရှည်မှာ ဖရန့် လမ်းပတ် အတွက် အရေးကြီတးယ်လို့ ပြောနိုင်တယ်မလား..?

အိုဝင် ဟားဂရိဗ် - ဂိုးသမားနေရာမှာ မန်ဒီ၊ ဗဟိုခံစစ်မှာ သီယာဂို ဆေးလ်ဗား တို့နှစ်ယောက် ပါလာခဲ့တာနဲ့ သူတို့အသင်းဟာ တကယ့်ကိုခြားနားတဲ့ အသင်းတစ်သင်း ဖြစ်သွားတယ်ဆိုတာ အစောကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ..။ ဒါ့အပြင် ရိစ် ဂျိမ်းစ် နဲ့ ကန်တေး တို့ကလည်း ခံစစ်ပိုင်းမှာ အကောင်းဆုံး ပံ့ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်..။ ချီးဝဲလ် ကလည်း ခြေစွမ်းတည်ငြိမ်တယ်ဗျ..။

အခုဆိုရင် ကွင်းလယ်ဟန်ချက် (midfield balance) မှာ ကန်တေး ကွင်းလယ်အဖျက် ကစားသမားနေရာ ထားရှိပြီး မေဆန် မောင့်၊ ဟာဗာ့ဇ် တို့နဲ့ ထိန်းညှိထားပါတယ်..။ သူတို့အားလုံးဟာ သိပ်ကောင်းတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် သူတို့ရဲ့ခံစစ်ပိုင်း၊ တိုက်စစ်ပိုင်း ပံ့ပိုးမှုတွေ အထူးကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် သူတို့အသင်းမှာ လူငယ်တွေများနေတာဆိုတော့ အရေးကြုံလာတဲ့အခါ အသင်းကိုခေါင်းဆောင်နိုင်မှု အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြင်မိပါတယ်..။ အခုလောလောဆယ်မှာတော့ ရလဒ်ကောင်းတွေနဲ့ ဆက်လက်ချီတက်နိုင်ပြီ ဖြစ်တာကြောင့် ခုနက တင်မ် ရဲ့ ခန့်မှန်းချက်အတိုင်း ဖြစ်ချင်လည်းဖြစ်သွားနိုင်ပါတယ်..။



ဂျူးလက်စ် ဘရိချ် - တင်မ် ရေ.. ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း အဆင့်ကိုရောက်ဖို့ဆိုရင် တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး ထိရောက်ဖို့များ လိုအပ်နေဦးမလားလို့ပါ.. ဘာဖြစ်လို့လည်းဆိုတော့ ဖရန့် ဟာ တိုက်စစ်ပိုင်းမှာ လူအပြောင်းအလဲတွေ အမြဲလိုလို ပြုလုပ်နေခဲ့တာကြောင့် ဒီထက်ပိုပြီး အချိတ်အဆက်မိမိ၊ နားလည်မှုကောင်းကောင်းနဲ့ ထိုးဖောက်နိုင်ဖို့ လိုအပ်နေလား.. ထင်မိတာကြောင့်ပါ…။ ဒါပေမယ့်ပွဲစဉ်တွေစိပ်လွန်းတဲ့အခါ အလှည့်ကျကစားဖို့ (rotation) မလွဲမသွေ ပြုလုပ်ရဖို့ လိုအပ်တာတော့ အမှန်ပါပဲ..။

တင်မ် ရှားဝုဒ် - သေချာတာပေါ့..။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိနေတာကြောင့် ဖရန့် အတွက် အတွဲအစပ်နဲ့ အကောင်းဆုံး လူစာရင်းရရှိဖို့ ခက်ခဲလိ်မ့်မယ်ဆိုတာ အသေအချာပါပဲ..။ ဒါ့အပြင်တိုက်စစ်ပိုင်းမှာ အားဖြည့်ခဲ့တဲ့ ကစားသမားသစ်တွေဟာ အခုမှပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကစားသမားသစ်တွေ ဖြစ်ကြပါတယ်..။ အထောင်တိုက်စစ်မှာတင် တီမို ဗာနာ၊ တန်မီ အေဘရာဟမ်…၊ အိုလီဗီယာ ဂျီရူးဒ်.. သုံးယောက်ရှိပါတယ်..။ ကျွန်တော်ဆိုရင် ဂျီရူးဒ် ကို ပိုပြီးသဘောကျပါတယ်..။
 ကွင်းလယ်မှာဆိုရင် ကိုင် ဟားဗာ့ဇ် ကို မေဆန် မောင့် နဲ့အတူ box to box အတက်အဆင်း ဖြည့်ပြီး ကစားခိုင်းတာကို ပိုပြီးနှစ်သက်မိပါတယ်..။

ကိုင် ဟာဗာ့ဇ် ဟာဘယ်လိုနေရာမှာ အကောင်းဆုံး ကစားနိုင်မလဲ ဆိုတာ မသေချာသေးတဲ့အပြင် ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ လိုအပ်နေတုန်းရှိပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ခေါ်ယူနိုင်ခဲ့တာဟာ အရမ်းကိုမှန်ကန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ယုံကြည်ပါတယ်..။ သူဟာဂျာမနီမှာတုန်းကတော့ အဆုံးသတ် ကောင်းမွန်ပြီး ခံစစ်ကစားသမားတွေကို အန္တရာယ်ကောင်းကောင်း ပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် သက်သေပြခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ ‘No.9’ လား..? ‘No.10’ လား.? ဆိုတာ ဂျာမန်ဘောလုံးလောကနဲ့ ပိုပြီးအကျွမ်းဝင်တဲ့ ခင်ဗျားကပိုသိမှာပေါ့… အိုဝင် ရေ..



အိုဝင် ဟားဂရိဗ် - ဟုတ်ကဲ့ပါ..။ လေဗာကူဆင်အသင်းမှာတုန်းကတော့ သူဟာ ‘False 9’ နေရာကနေ အများဆုံး ကစားခဲ့ပါတယ်..။ ဒါ့အပြင်အတွင်းကိုချိုးဝင်တတ်တဲ့ ညာတောင်ပံ ကစားသမားအဖြစ်နဲ့လည်း ကစားခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် က သူ့ကိုကွင်းလယ်ကစားသမားအဖြစ် ပိုပြီးအသုံးချချင်ပုံ ရပါတယ်..။

ဖရန့် အတွက် အဓိကပြသနာက သူတို့အားလုံးကို အတွဲဖက်ညီညီနဲ့ အကောင်းဆုံး ခြေစွမ်းတွေ ရရှိလာအောင် ဘယ်လိုကစားမလဲဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်..။ တကယ်တော့ ကိုင် ဟာဗာ့ဇ် ဟာ အေးဆေး တည်ငြိမ်ပြီး ဝါဝါကြွားကြွားမရှိဘူး..၊ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ ကစားသမားပါ..။ ဘယ်သူမဆို ပြောင်းရွှေ့ကြေးစတာလင်ပေါင်သန်း (၈၀) ကျော်နဲ့ ရောက်လာပြီဆိုကတည်းက အသင်းမှာ အများထက်ပိုပြီး ထင်ပေါ်ချင်တယ်..၊ နေရာရချင်တယ်..၊ အခွင့်အရေး ပိုလိုချင်ပါတယ်..။

ဒါပေမယ့် ကိုင် ကတော့ အဲဒီလို ကစားသမားမျိုး မဟုတ်ပါဘူး..။ သူဟာအနေအထိုင် အေးဆေးပြီး သိုသိုသိပ်သိပ် နေထိုင်တတ်တဲ့သူ ဖြစ်ပါတယ်..။ အခုလက်ရှိမှာ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းမရရှိသေးဘူး ဆိုပေမယ့် သူဟာထိပ်တန်းကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ မကြာခင်မှာ သက်သေပြနိုင်ပါလိမ့်မယ်..။ အဲဒီလို သက်သေပြနိုင်ဖို့ ကျန်တဲ့ကစားသမားတွေနဲ့ အတွဲအစပ်မိဖို့ အချိန်တစ်ခုပဲ လိုအပ်ပါတယ်..။