မနေ့ညပိုင်းက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ရန်းန်အသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု ( E ) ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ခြေစွမ်းနှင့် ပွဲစဉ်အတွင်း အရေးပါခဲ့သည့် အဖြစ်အပျက်များအပေါ် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် တို့က BT Sports ရုပ်သံဌာနမှ တင်ဆက်သည့် သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂယ်ရီ လိုင်နီကာ - ဒီနေ့ပွဲရဲ့ နောက်ဆုံးရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် သိပ်ကိုကောင်းမွန်ခဲ့တဲ့ မင်္ဂလာညချမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်..။ အခုလို ၃ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ရလဒ်နဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် ပွဲစကတည်းက ချယ်လ်ဆီးအသင်းဟာ ရန်းန် အသင်းကို အနိုင်ရမယ်ဆိုတာ သံသယမဖြစ်ခဲ့ဘူးမလား…? ရီယို ရေ..
ရီယို ဖာဒီနန် - သေချာတာပေါ့ဗျာ..။ အထူးသဖြင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်တွေက ပွဲရဲ့အနေအထားကို သက်ရောက်မှု ကြီးမားခဲ့တဲ့နောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ အနိုင်ပွဲဟာ ပိုပြီးသေချာခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ဒိုင်လူကြီးဟာ ပွဲကိုဖျက်စီးခဲ့ပါတယ်..။ ပထမ ပင်နယ်တီကတော့ (၁၀၀%) ရာခိုင်နှုန်းပြည့် မှန်ကန်ပါတယ်..။ ဒါပေမယ့် ဒုတိယ ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ရယ်.၊ အနီကတ်ဒ်ပါ အဆစ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်က အတော်လေးကို ဆိုးရွားလွန်းပါတယ်..။ အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘောကို ပေးလိုက်တဲ့အချိန် ကျွန်တော်အရမ်းကို အံ့အားသင့်မိတယ်ဗျ…။ အနီကတ်ဒ်ပါ ဆက်ပြီးအပြခံလိုက်ရတော့ ပိုဆိုးတာပေါ့..။
ဒါပေမယ့် အဲဒီဆုံးဖြတ်တွေ မပါခဲ့ဘူးဆိုရင်တောင်မှ ချယ်လ်ဆီးအသင်းဟာ အရမ်းကိုကျစ်လျစ်ပြီး ပွဲချိန်အတော်များများကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်..။ တစ်ယောက်အသာနဲ့ ကစားရလို့ပါဆိုပြီး အကြောင်းပြနိုင်မှာ ဖြစ်ပေမယ့် တခါတလေမှာ (၁၀) ယောက်နဲ့ ကစားတဲ့ အချိန်မျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန် ကိုယ့်အသင်းက အသာစီးရထားတဲ့အရှိန်ကို ဆက်ပြီးထိန်းချုပ်နိုင်ဖို့ ပိုပြီးခက်ခဲတတ်တာမျိုးတောင် ရှိတတ်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပွဲစပွဲဆုံး အသာစီးရယူပြီး ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်..။
ဂျိုး ကိုးလ် - ချန်ပီယံလိဂ် ပြိုင်ပွဲအဆင့်မျိုး၊ ရန်းန်အသင်းလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန် ကိုယ့်ရဲ့ပြိုင်ဘက်အသင်းကို ပွဲစပွဲဆုံး သက်တောင့်သက်သာ အနိုင်ရဖို့ဆိုရင် စိတ်ဓါတ်ပိုင်း၊ ခံယူချက်ပိုင်းနဲ့ ယုံကြည်မှုပိုင်းတွေမှာ အစစအရာရာ မြင့်မားနေဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် အနိုင်ရချင်တဲ့ စိတ်ဆန္ဒ အထူးပြင်းပြနေဖို့လည်း လိုအပ်ပါတယ်...။ နောက်ပြီး ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဒိုင်လူကြီးရဲ့ ဖေးမမှု ရရှိခဲ့သလို ဒုတိယ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ ဖြစ်တယ်..၊ အနီကတ်ဒ်ဟာ ပွဲရဲ့ချိန်ခွင်လျှာကို လုံးဝပြောင်းလဲစေခဲ့ပါတယ်..။
ဒုတိယဂိုးနောက်ပိုင်း သူတို့ဟာပွဲကို လိုအပ်သလို ထိန်းကျောင်း၊ ကစားနိုင်ခဲ့သလို တတိယဂိုး ရပြီးချိန်မှာတော့ ကန်တေး၊ သီယာဂို ဆေးလ်ဗား တို့ကို လူစားလဲတယ်..၊ လာမယ့်စနေနေ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ပွဲအတွက်ပါ ပြင်ဆင်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ည ချယ်လ်ဆီးအသင်းရဲ့ ကစားပုံအပေါ် သုံးသပ်ရမယ်ဆိုရင် ကျေနပ်ဖို့ကောင်းခဲ့တယ်လို့ပဲ ပြောကြားချင်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲမှာ ဒိုင်လူကြီး ဖဲလစ်စ် ဇွဲယား ဟာ ချယ်လ်ဆီးအသင်းဘက်ကို ပင်နယ်တီနှစ်ကြိမ် ပေးခဲ့ပါတယ်..။ အဲဒီနှစ်ကြိမ်ထဲမှာ ပထမအကြိမ်အဖြစ် ပေးခဲ့တဲ့ တီမို ဗာနာ ကို ရန်းန်အသင်းက ဘယ်နောက်ခံလူ ဒါးလ်ဘတ် ရဲ့ ဖျက်ထုတ်မှုဟာ ပင်နယ်တီ ထိုက်တန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ အငြင်းပွားစရာမရှိပါဘူး..။ ကျွန်တော်တို့ အသံဖမ်းတဲ့ မိုက်ခ်ထဲမှာတောင် ဗာနာ ရဲ့ ခြေထောက်ကို ချိတ်မိလိုက်တဲ့အသံ အတိုင်းသား ကြားနေရတာမလားဗျ..
ရီယို ဖာဒီနန် - ဟုတ်ပါတယ်..။ ဒီနေ့ပွဲဟာ ဒါးလ်ဘတ် အတွက် အတော်လေးကို ဆိုးရွားတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့မှာပါ..။ အဲဒီဖျက်ထုတ်မှုမှာ သူ့ရဲ့ဆန္ဒစောမှုလည်း ပါသလို တီမို ဗာနာ ရဲ့ခြေနှုပ်ခြေသိမ်း လျှင်မြန်မှု၊ ပါးနပ်မှုကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်..။ ဒါးလ်ဘတ် ဟာ အဲဒီအချိန်မှာ အဝါကတ်ဒ်ပြပြီး သတိပေးခံခဲ့ရပါတယ်..။ အဲဒီပင်နယ်တီ ကန်သွင်းမယ့်အချိန်မှာ ဂျော်ဂင်ဟို က ဘောလုံးကိုယူပြီး တီမို ဗာနာ ကို သွားပေးပြီး တာဝန်လွဲပေးလိုက်တယ်ဆိုတဲ့ သဘောကို ပြသခဲ့ပါတယ်..။
ဂယ်ရီ လိုင်နီကာ - တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အသင်းမှာ ပင်နယ်တီကန်သွင်းမယ့် တာဝန်ကို စောစောစီးစီး ထမ်းရွက်ခွင့်ရခဲ့တဲ့ တီမို ဗာနာ ကို ချီးကျူးရမှာပါ..။ ကျွန်တော်ဆိုရင် အသက် (၂၉) နှစ်အရွယ်.. တော့တင်ဟမ်အသင်းကို ရောက်တော့မှ အသင်းရဲ့ ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းမယ့်သူအဖြစ် တာဝန်ယူခွင့် ရခဲ့တာပါ..။ ကျွန်တော့်ရဲ့လေးသင်းမြောက်ပေါ့ဗျာ..။ အဲဒီအချက်ဟာ အရေးကြီးပါတယ်.။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအခုမှ ချယ်လ်ဆီးအသင်းကိုရောက်တာ သုံးပွဲ၊ လေးပွဲပဲ ရှိသေးတယ်..၊ ဒီလိုတာဝန်ကြီးကို အပ်နှင်းခံခဲ့ရတယ်ဆိုတာဟာ ရှေ့ဆက်ပြီးကောင်းမွန်တဲ့ အလားအလာလို့ ဆိုရမှာပါ..။
ဂျိုး ကိုးလ် - အခုလို တီမို ဗာနာ ကို အသင်းရဲ့ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းမယ့်သူအဖြစ် သတ်မှတ်ခဲ့တာဟာ ဖရန့် လမ်းပတ် ရဲ့ ပြောင်မြောက်တဲ့အရွေ့တစ်ခုလို့ ပြောချင်ပါတယ်..။ ဗာနာ ဟာ လိုက်ပ်ဇစ်အသင်းမှာကတည်းက အသင်းရဲ့ ပင်နယ်တီတွေကို ဒိုင်ခံပြီးကန်သွင်းနေရတဲ့သူ ဖြစ်ပါတယ်..။ နောက်ပြီးအခုဆိုရင် သူဟာဂျော်ဂင်ဟို ထက်ပိုပြီး ပွဲထွက်ခွင့်ရဖို့ သေချာနေပါတယ်..။ ဒါ့ကြောင့်အခုနောက်ပိုင်းမှာ သူဟာပွဲစဉ်အများစုမှာ ပါဝင်နေမယ်..၊ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေမှာ အခုလိုပင်နယ်တီတွေကနေ ဂိုးတွေရရှိခဲ့မယ်ဆိုရင် သူ့အတွက် ယုံကြည်မှု ပိုပြီးကောင်းမှာပါ…။ ဒါ့အပြင်သူ့ရဲ့ ဂိုးဆာလောင်စိတ်နဲ့ အဆုံးသတ်ဂိုးသွင်းတဲ့ နေရာမှာ သပ်ရပ်၊ ကောင်းမွန်မှုတွေကြောင့် အခုလိုတာဝန်ပေးလိုက်တာဟာ သူ့အတွက် ဘာမှပြသနာမရှိပါဘူး..။
ဂယ်ရီ လိုင်နီကာ - ကဲ… ကျွန်တော်တို့အများကြီး ငြင်းခုန်ခဲ့ကြရတဲ့ ဒုတိယပင်နယ်တီ ပေါ့ဗျာ..။ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ပီတာ ဝေါလ်တန် ကတော့ အခုလိုလက်ထိဘောမျိုးကို ဥရောပပွဲတွေမှာ ဘာကြောင့်ပင်နယ်တီ ပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ပေးလေ့မရှိဘူးဆိုတာ ရှင်းပြခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ရှင်းပြချက်ကို ခင်ဗျားသဘောမတွေ့ခဲ့ဘူး… ဟုတ်တယ်မလား..? ရီယို ရေ..
ရီယို ဖာဒီနန် - ဟုတ်ပါ့ဗျာ..။ အတော်လေးကို ကျွန်တော်စိတ်ပျက်မိပါတယ်..။ တကယ်တော့ အဲဒီအဖြစ်အပျက်တစ်ခုလုံးဟာ အရမ်းကိုဝေခွဲရခက်တဲ့အရာ (grey area) ပါပဲ..။ ဒီနေ့ပွဲမှာ ကံဆိုးခဲ့ရှာတဲ့ ဒါးလ်ဘတ် ဟာ တန်မီ အေဘရာဟမ် ရဲ့ ကန်ချက်ကို ရည်ရွယ်ချက်ရှိရှိ လက်နဲ့တားခဲ့တာ မဟုတ်ပါဘူး..။ တန်မီ ရဲ့ အနိမ့်ကန်ချက်ဟာ သူ့ရဲ့ခြေထောက်နဲ့ထိပြီး လမ်းကြောင်းသွားလို့ လက်ကိုလာမှန်ခဲ့တာဗျ..။ တကယ်တော့ သူ့ခမျာ လက်နဲ့တားမယ်ဆိုပြီး စဉ်းစားဖို့အချိန်တောင် ရလိုက်မှာ မဟုတ်ပါဘူး…။ ဒါပေမယ့် ဒိုင်လူကြီးကတော့ VAR မှာ သေသေချာချာ ပြန်ကြည့်တယ်..၊ ရည်ရွယ်ချက်ရှိရှိ တားဆီးခဲ့တာပါဆိုပြီး ပင်နယ်တီ ပေးခဲ့တာပါ..။ အဲဒီနောက်ပိုင်းမှာ ပွဲစဉ်ဟာ အကြိတ်အနယ်ဖြစ်ဖို့ အခွင့်အလမ်းမရှိသလောက် ဖြစ်သွားခဲ့တာပေါ့...။
ဂယ်ရီ လိုင်နီကာ - ဒိုင်လူကြီးတွေက ဘယ်လိုပြစ်ဒဏ်တွေကို ပင်နယ်တီ ပေးမယ်ဆိုပြီး ဆုံးဖြတ်တဲ့နေရာမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ အယူအဆမတူဘူးဗျ..။ တကယ်လို့ အဲဒီဖြစ်ရပ်သာ ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင် ခန္ဓာကိုယ်ကို ပိုပြီးကြီးလာအောင် မလုပ်ခဲ့တဲ့အတွက် ပင်နယ်တီပေးမှာ မဟုတ်ပါဘူး..။
ဂျိုး ကိုးလ် - အဲဒါဆိုရင် နောက်ခံလူတွေအနေနဲ့ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ကာကွယ်မယ်ဆိုရင် လက်ကိုဘယ်လိုပုံစံထားဖို့ အကြံပေးရင် ကောင်းမလဲ..? ရီယို ရေ.. တကယ်တော့ ဒါးလ်ဘတ် ဟာ အဲဒီဘောလုံးကို ရည်ရွယ်ချက်ရှိရှိ လက်နဲ့တားခဲ့တာ မဟုတ်ပါဘူး..။ ဒီလိုဖြစ်ရပ်တွေကို ကစားသမားတွေ ပြန်ပြီးကြည့်မယ်ဆိုရင် အနည်းနဲ့အများ စိတ်ပျက်ကြမှာပါပဲ..
ဂယ်ရီ လိုင်နီကာ - ကျွန်တော်ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့ဟာ ပြောင်းလဲသွားတဲ့ ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကို ပြန်ပြီးသုံးသပ် ကြည့်သင့်တယ်လို့ ထင်ပါတယ်..။ တကယ်တော့ အခုလိုဆုံးဖြတ်ချက်တွေကို ဒိုင်လူကြီးတွေက အကောက်အယူ အမျိုးမျိုးနဲ့ ဆုံးဖြတ်နေကြတာပါ..။ ဒါ့ကြောင့်ကျွန်တော်တို့ ကစားသမားတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါ အများစုက မကြာခဏ ပြောင်းလဲနေတဲ့ ဥပဒေတွေကို စိတ်ပျက်နေကြပါတယ်..။ ဒါ့ကြောင့်ဘောလုံးကစားနည်း၊ ဒါမှမဟုတ် ဘောလုံးပွဲတွေရဲ့ အနှစ်သာရကို ထိခိုက်နေပြီလား..? ဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်..။
ရီယို ဖာဒီနန် - ကျွန်တော်လည်း ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ဖူးပါတယ်..။ ပင်နယ်တီ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲနေတဲ့ ဥပဒေသစ်တွေကို သေသေချာချာ နားလည်ကြရဲ့လား..? လို့ သူတို့တွေကို မေးကြည့်တဲ့အခါ ‘အဆင်ပြေပါတယ်..၊’ ‘အခုနည်းဥပဒေသစ်တွေဟာ ပိုပြီးတော့ ဆီလျော်မှုရှိပါတယ်..’ လို့ ဖြေကြတဲ့ ကစားသမား တစ်ယောက်မှ မတွေ့ရသေးပါဘူး..။ သူတို့အားလုံး ဝေေ၀ဝါးဝါးပဲ ရှိနေကြပါတယ်..။ အထူးသဖြင့် လက်ထိဘောနဲ့ ပတ်သက်ရင် ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မသိကြဘူးဗျ..။ ဒါ့ကြောင့်ဒိုင်လူကြီးက ဝီစီမှုတ်ပြီ ဆိုတာနဲ့ ဘယ်လိုလုပ်ပြီး ဥပဒေချိုးဖောက်မိပြီလဲ မသိဘူး.. ဆိုပြီး အကုန်လုံး ကြောက်.. လန့် ကုန်ကြတာပဲ..။
အဲဒီလို မသေချာ၊ မရာရာတာတွေ သိပ်များနေတာဟာ ကစားပွဲတွေရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အလားအလာ မဟုတ်ပါဘူး…။ နောက်ပြီးသူတို့ဟာ နည်းဥပဒေတွေကို တစ်နှစ်လာတစ်မျိုး အမြဲတမ်း ပြောင်းလဲနေကြပါတယ်..။ အဲဒီလို နည်းဥပဒေသစ်တွေ အသစ်အဆန်း မထွင်ခင်အထိ ကစားပွဲတွေဟာ အကုန်လုံး အဆင်ပြေနေတာပဲလေဗျာ..။ ဒါ့ကြောင့်ကောင်းနေတဲ့ အရာတွေကို ဘာဖြစ်လို့ ခဏခဏ ပြောင်းလဲချင်နေတာမှန်း ကျွန်တော်နားမလည်တော့ပါဘူး..။
ဂျိုး ကိုးလ် - ရီယို ပြောတာ ကျွန်တော်လုံးဝကို သဘောတူပါတယ်..။ FIFA.. UEFA တို့ကို ကြည့်ရတာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာနဲ့တောင် တူနေပါသေးတယ်..။ တကယ်တော့ ဘောလုံးကစားနည်းဆိုတာ တစ်ကမ္ဘာလုံးက နှစ်သက်ကြတဲ့ ကစားနည်းပါ..၊ အဲဒီလိုပြိုင်ပွဲတွေထဲမှာ အငြင်းပွားစရာတွေရှိမယ်..၊ အငြင်းအခုန်တွေရှိမယ်..၊ အဲဒီအပေါ် အားလုံးက တသသ ဖြစ်ခဲ့ကြတယ်..၊ မက်မောခဲ့ကြပါတယ်..။ ဟော… ဥပဒေသစ်တွေ တစ်ခုပြီးတစ်ခု ဝင်လာပါတယ်..။ မှန်ပါတယ်..၊ သူတို့ဟာ ဘောလုံးပွဲတွေကို ပိုပြီးကောင်းသထက်ကောင်းမွန်လာအောင် ပြုပြင်၊ တီထွင်ကြတာပါ..၊ ဒါပေမယ့် တစ်ချို့အရာတွေကျတော့ နဂိုကောင်းပြီးသား အရာတွေကို ထပ်ပြီးအဆန်းထွင်ဖို့ မလိုအပ်ဘူးလို့ ထင်တာပဲဗျ..။ အဲဒီထဲမှာ ဘောလုံးကစားနည်းလည်း ပါဝင်ပါတယ်..။
နောက်ပြီးကျွန်တော်သဘောမကျတဲ့ တစ်ချက်ကို ထပ်ပြောပါဦးမယ်..။ ဥပမာ- အဲဒီအဖြစ်အပျက် မှာဆိုရင် ပင်နယ်တီပေးလိုက်မှန်း ကျွန်တော်တို့တောင် မသိပါဘူး..။ TV screen မှာ ပြန်ကြည့်တော့မှ ‘Aww.. ပင်နယ်တီ ပေးလိုက်တာပါလား..’ ဆိုပြီး သိရတာဗျ..။ ကျွန်တော်တို့ဆို ကစားသမားဟောင်းတွေပါ..၊ ဒါပေမယ့် ဖြစ်ဖြစ်ချင်းမှာ ဘာမှားသွားတာလဲ..? ဘာတွေဖြစ်တာလဲ..? ဆိုတာ မသိကြတော့ပါဘူး..။ အားလုံးအတူတူ ဖြစ်ကုန်ပါတယ်..။ ဒါ့ကြောင့်သူတို့အနေနဲ့ ဘောလုံးလောကမှာ ကျင်လည်ခဲ့ဖူးတဲ့ လူတွေအားလုံးကို သေသေချာချာ ပြန်မေးပြီး သုံးသပ်တာမျိုးပဲဖြစ်ဖြစ်..၊ တစ်ချို့အရာတွေကို ထပ်ပြီးပြောင်းလဲမနေတော့ပဲ နဂိုအတိုင်း ထားတာကပဲ ပိုကောင်းမလားလို့ပါ…
ဂယ်ရီ လိုင်နီကာ - သူတို့တွေကတော့ ခင်ဗျားရဲ့အကြံပေးချက် နှစ်ခုစလုံးကို လုပ်မှာမဟုတ်ပါဘူး..။ အဲဒါတော့ သေချာပါတယ်..။ ကဲပါ.. ဒီအသင်းမှာ တန်မီ အေဘရာဟမ် ရဲ့ အရေးပါမှု၊ သူ့ရဲ့အခန်းကဏ္ဍကိုလည်း ဆက်ပြီးဆွေးနွေးကြတာပေါ့ဗျာ..။ ဂျိုး ရေ.. သူဟာအသင်းမှာ အထောင်တိုက်စစ်မှူးအနေနဲ့ အသင်းမှာ ပုံမှန်နေရာရနေသလို ဂိုးတွေလည်းသွင်းနိုင်နေတယ်နော..
ဂျိုး ကိုးလ် - တကယ်လို့ သူသာဒီနေ့ခြေစွမ်းမျိုးကို ပုံမှန်ထိန်းသွားနိုင်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ အထောင်တိုက်စစ်မှူးနေရာအတွက် နောက်ထပ်စတာလင်ပေါင်သန်း (၅၀) လောက် ထပ်ပြီးသုံးစွဲဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး..။ ဒီနေ့ပွဲပထမပိုင်းမှာ သူဟာသိပ်ပြီး ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရိစ် ဂျိမ်းစ် ရဲ့ ညာတောင်ပံက ဖန်တီးပေးမှုကို ပါးပါးနပ်နပ်နဲ့ အဆုံးသတ် ပိတ်သွင်းနိုင်ခဲ့ပါတယ်..။ အဲဒီဂိုးမှာဆိုရင် ရိစ် ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောကို အသင့်ပိတ်သွင်းနိုင်အောင် နေရာယူတယ်..၊ ခန္ဓာကိုယ်ကို တခါတည်းပြင်ပြီး သူ့ရဲ့ရှေ့မှာ မြေထောက်တာနဲ့ မနားတမ်း ပိတ်သွင်းနိုင်ခဲ့ပါတယ်.။
အခုဆိုရင် သူကလည်း ဖရန့် လမ်းပတ် အတွက် ပြသနာကြီးတစ်ခု ဖန်တီးပေးလိုက်ပြန်ပါပြီ..။ အခုလောလောဆယ်မှာ ဖရန့် အတွက် ပြသနာကြီးကတော့ ရှေ့တန်းကစားသမားတိုင်း ဂိုးတွေသွင်းပေးနေကြတာပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ သူ့ရဲ့ပွဲထွက်လူစာရင်းကို ရွေးချယ်ဖို့ အတော်လေး ခေါင်းစားနေလောက်ပါပြီ..။
ဂယ်ရီ လိုင်နီကာ - အင်းဗျ.. သူ့ရဲ့နေရာမှာ ကစားနိုင်တဲ့ အိုလီဗီယာ ဂျီရူးဒ် လည်း ရှိနေတယ်..၊ ဗာနာ ဟာ ဘယ်တောင်ပံကို ပိုပြီးနှစ်သက်ပေမယ့် အထောင်တိုက်စစ်နေရာမှာလည်း ကစားနိုင်တဲ့သူ ဖြစ်ပါတယ်.။
ရီယို ဖာဒီနန် - ကျွန်တော်ကတော့ ဗာနာ ရဲ့ တိုက်စစ်ဇုန် ရွှေ့လျားမှုတွေကို အရမ်းသဘောကျပါတယ်..။ သူဟာတစ်ချိန်လုံး ရွှေ့လျားလှုုပ်ရှားနေတဲ့သူ ဖြစ်တာကြောင့် နောက်တန်းလူတွေအနေနဲ့ သတ်သတ်မှတ်မှတ် လူကပ်ကစားဖို့ ခက်ခဲပါတယ်..။ တန်မီ အေဘရာဟမ် နဲ့ ဂျီရူးဒ် တို့က သူနဲ့ပုံစံမတူပါဘူး..။ တန်မီ တို့ အိုလီဗီယာ တို့ကတော့ အထောင် တိုက်စစ်မှူး (target man) တွေ ဖြစ်ကြပါတယ်..။ နောက်ခံလူတွေနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်ကြမယ်ပေါ့ဗျာ..။ ဒါပေမယ့် တီမို ကျတော့ သူတို့တွေနဲ့ ကစားပုံမတူပါဘူး..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ အဲဒီလို ကွဲပြားခြားနားတဲ့ တိုက်စစ်မှူးတွေမျိုးစုံ ရှိနေတာဟာ ကောင်းမွန်တဲ့အချက်လို့ ကျွန်တော်ယူဆပါတယ်..။ အခုဆိုရင် အသင်းရဲ့ ခံစစ်နဲ့တိုက်စစ် ဟန်ချက် (balance) ကောင်းမွန်လာသလို မတူညီတဲ့ ကစားသမားမျိုးစုံ ရှိနေတာဟာလည်း အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ပါတယ်..။ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဖရန့် အနေနဲ့ အရမ်းကို ပျော်ရွှင်နေသလို အခုလက်ရှိမှာ အသင်းရဲ့ တိုးတက်လာတဲ့ အနေအထားအပေါ် သူ့အနေနဲ့ ကျေနပ်အားရမယ်ဆိုလည်း အားရသင့်ပါတယ်..။ မဟုတ်ဘူးလား.. ရီယို ရေ..
ရီယို ဖာဒီနန် - ဟုတ်ပါတယ်..။ သူတို့အသင်းဟာ ဒီနေ့ပွဲမှာ ရင့်ကျက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဖက်အသင်းဟာ (၁၀) ယောက်ပဲ ရှိတယ်ဆိုပြီး ပေါ့လျော့လို့၊ အာရုံစူးစိုက်မှု လျော့နည်းသွားလို့ မရပါဘူး..။ ဒါပေမယ့် အဲဒီလိုပွဲတစ်ပွဲရဲ့ မိနစ်တိုင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ အမှားအယွင်းနည်းနည်းနဲ့ ကစားသွားနိုင်ခဲ့တာကို ကျွန်တော်ချီးကျူးပါတယ်..
ဂယ်ရီ လိုင်နီကာ - တစ်သင်းလုံးဆိုတဲ့အထဲမှာ ဒီနေ့ပွဲမှာ အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့ကိုလည်း သီးခြား ချီးကျူးသင့်တယ်လို့ မထင်မိဘူးလား.? ဂျိုး ရေ..
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာ သူတို့နှစ်ယောက်စလုံးရဲ့ ကစားပုံ အထူးကောင်းမွန်ခဲ့သလို တိုက်စစ်ပိုင်းမှာ သူတို့ရဲ့ ဘယ်တောင်ပံ၊ ညာတောင်ပံတွေက ပံ့ပိုးမှုတွေဟာ အရမ်းကို ထိရောက်ခဲ့ပါတယ်..။ အဲဒါကြောင့် ဗာနာ၊ ဇိုင်းယက်ချ်၊ မောင့် နဲ့ ဟာဗာ့ဇ် တို့ဟာ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေကို အာရုံစိုက်၊ ရှာဖွေ ထိုးဖောက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်..။ သူတို့ဟာ တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဗာနာ၊ ဇိုင်းယက်ချ် တို့နဲ့လည်း အတက်အဆင်း ညီခဲ့သလို ထိရောက်ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေကို ပေးပို့နိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ဂျိမ်းစ် ဟာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့သလို ချီးဝဲလ် ကတော့ အသင်းရဲ့ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်..။
ရီယို ဖာဒီနန် - ဂျိုး ရေ.. ခင်ဗျားဆိုရင် ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကစားခဲ့တဲ့သူဆိုတော့ ကိုယ့်အတွက် ဘောလုံးလမ်းကြောင်း အမြဲတမ်းဖွင့်ပေးနိုင်တဲ့ အဲဒီလို full backs တွေနဲ့ တွဲကစားရဖို့ စိတ်ကူးမယဉ်ချင်ဘူးလားဗျ..။ အထူးသဖြင့် ကွင်းလယ်လူတွေအတွက် ဘယ်ကိုမှ ဘောလုံးပေးဖို့ လမ်းကြောင်းမရှိပဲ ပိတ်ခံထားရတဲ့အချိန်မျိုးတွေမှာ သူတို့တွေရဲ့ အတက်အဆင်း မှန်ကန်တဲ့ ရွှေ့လျားမှုတွေဟာ အရမ်းကို အထောက်အကူ ဖြစ်မှာဗျ..။ သူတို့နှစ်ယောက်ဟာ ဘယ်၊ ညာတောင်ပံတွေကနေ အသင်းရဲ့ ကစားကွက်ကို ထိန်းချုပ်သွားကြတယ်လို့ ပြောနိုင်ပါတယ်..။
ဂျိုး ကိုးလ် - ကျွန်တော်ဟာ ရိစ် ဂျိမ်းစ် ရဲ့ ပင်ကိုယ်ပါရမီ ကောင်းမွန်ပုံနဲ့ သူ့ရဲ့အရည်အချင်းကို ကောင်းကောင်းသိပြီးသားပါ..။ မနှစ်ကဘောလုံးရာသီမှာ သူဟာအသင်းကြီးထဲကို ရောက်ရှိလာတာဟာ ဘဲကလေးတွေကို ရေထဲချလိုက်တဲ့အတိုင်း တကယ့်ကို လျောလျောရှူရှူ ချောချောမွေ့မွေ့ပါပဲ..။ အထူးသဖြင့် သူ့ရဲ့နည်းစနစ်ပိုင်း ထူးချွန်မှုနဲ့ ဘယ်နေရာကနေဖြစ်ဖြစ် ဂိုးပေါက်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ ဖြတ်တင်ဘော အကောင်းစားတွေ ပေးပို့နိုင်တဲ့ အရည်အချင်းဟာ တကယ့်ကို ချီးကျူးဖို့ကောင်းပါတယ်..။ ဒါ့အပြင် သူဟာညာတောင်ပံ နောက်ခံလူအပြင် နောက်ထပ်နှစ်နေရာ၊ သုံးနေရာလောက် ကောင်းကောင်းကစားနိုင်ပါသေးတယ်.။
ဂယ်ရီ လိုင်နီကာ - အင်းဗျ… အခုလက်ရှိ အင်္ဂလန်အသင်းမှာဆိုရင် ညာနောက်ခံလူနေရာမှာ သူရယ်..၊ ထရန့် အလက်ဇန်းဒါး အာနိုးလ်၊ ကိုင်လီ ဝေါ့ကာ တို့လို အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ဒါ့အပြင် သူတို့အားလုံးဟာ နေရာစုံ ကစားနိုင်တဲ့သူတွေလည်း ဖြစ်ကြတာကြောင့် ဂျိမ်းစ် ဖြစ်ဖြစ်၊ ထရန့် ဖြစ်ဖြစ် တစ်ယောက်ယောက်ကို ကွင်းလယ်မှာ ကစားစေမယ်ဆိုလည်း ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နေရာတစ်နေရာထဲမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေတယ်ဆိုရင် သူတို့ကိုအဆင်ပြေအောင် ကစားနိုင်ဖို့လည်း လိုသေးတာကိုးဗျ..
ရီယို ဖာဒီနန် - အခုအချိန်မှာဆိုရင် ကျွန်တော်တို့ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားသမားကောင်းတွေ အများကြီးရှိနေသလို လူငယ်သွေးသစ်တွေလည်း အပြိုင်အဆိုင် ပေါ်ထွက်နေပါတယ်..။ ဒါ့ကြောင့် ဂါးရတ် ဆောက်ဂိတ် အနေနဲ့ အကောင်းဆုံး ကစားသမားတွေကို အဆင်ပြေပြေ အသုံးပြုနိုင်မယ့် ကစားနည်းစနစ်ပုံစံ ချမှတ်နိုင်ဖို့ပဲ လိုအပ်တာပါ.။ အခုလိုအခြေအနေမျိုးမှာ ဆောက်ဂိတ် ရဲ့နေရာကို ဘယ်သူမဆို အားကျနေမှာ အသေအချာပဲဗျ..
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. အခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အခြေအနေအကြောင်းကို ပြန်လှည့်လိုက်မယ်ဆိုရင် ခင်ဗျားအတော်လေး စိတ်ညစ်သွားလိမ့်မယ် ထင်တာပဲ.. ရီယို ရေ… ဟားဟား.. ကဲပါ.. ရီယို… ဂျိုး တို့ရေ.. အခုလိုဆွေးနွေးပေးခဲ့ကြတဲ့အပေါ် အထူးကျေးဇူးတင်ရှိပါတယ်..။ နောက်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့…