ယခုတစ်ပါတ်အတွက် Premier League Production ရုပ်/သံမှ ထုတ်လွှင့်ခဲ့သည့် ‘The Analysis Show’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်းမန်နေဂျာ ဂလင်း ဟော်ဒယ်လ် နှင့် ချာလ်တန်အသင်း ကွင်းလယ်ကစားသမားဟောင်း မတ် ဟော်လန် တို့က ချယ်လ်ဆီးအသင်း၏ ပြောင်းလဲလာသည့် ကစားပုံနှင့် ရှေ့အလားအလာများအပေါ် ယခုလိုသုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
မတ် ဟော်လန် - ဂလင်း ရေ… ချယ်လ်ဆီးအသင်း မန်နေဂျာဟောင်း တစ်ယောက်အနေနဲ့ အရင်တစ်ပါတ်က ဘန်လေအသင်းကို အနိုင်ရသွားခဲ့တဲ့ ကစားပုံကို ခင်ဗျားကျေနပ်မိမှာပဲလို့ ကျွန်တော် ဟောကိန်းထုတ်ချင်ပါတယ်..။ ဟုတ်တယ်မလားဗျ..
ဂလင်း ဟော်ဒယ်လ် - very much.. အရမ်းသဘောကျခဲ့ပါတယ်..။ အထူးသဖြင့် အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ဘောလုံးခြေထဲရှိနေချိန် (on the ball) ကစားပုံ သိပ်ကောင်းခဲ့ပါတယ်..။ နောက်ပြီး clean sheet ထပ်ပြီး ရခဲ့တယ်ပေါ့ဗျာ...။ သူတို့အသင်းဟာ ပေးဂိုးတွေအများကြီး ခွင့်ပြုနေရတဲ့ အနေအထားကနေ အခုလိုခံစစ်ပိုင်း တောင့်တင်းလာပြီး ပေးဂိုးတွေ ခွင့်မပြုရတော့ဘူးဆိုတာ သိပ်ကိုအရေးကြီးပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ သွင်းဂိုးတွေအတွက် စိတ်မပူရတဲ့ အသင်းတစ်သင်းပါ..။ ဒါ့ကြောင့်အခုလိုတိုးတက်လာတဲ့ အနေအထားကို ဖရန့် တစ်ယောက် ကျေနပ်မိမှာပါ..
မတ် ဟော်လန် - ကျွန်တော်ကတော့ ဂိုးသမားနေရာမှာ မန်ဒီ နဲ့ နောက်တန်းမှာ သီယာဂို ဆေးလ်ဗား တို့ကို ခေါ်ယူနိုင်ခဲ့တာဟာ အသင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့မယ်လို့ ယူဆပါတယ်..။
ဂလင်း ဟော်ဒယ်လ် - သေချာတာပေါ့ဗျာ..။ တကယ်တော့ သီယာဂို ဆေးလ်ဗား ဟာ ဝက်စ်ဘရွန်းအသင်းနဲ့ သူ့ရဲ့ပထမဆုံးပွဲမှာ ကြီးမားတဲ့ အမှားတစ်ခု ကျူးလွန်ခဲ့သလို ခြေစွမ်းလည်း မပြနိုင်ခဲ့တာကြောင့် အားလုံးက ဝိုင်းပြီးဝေဖန်ခဲ့ကြပါတယ်..။ ဒါပေမယ့် သူဟာအတွေ့အကြုံ အများကြီးရှိခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်တာကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် သူ့ရဲ့ဘောလုံးပေးပို့ပုံ၊ ကစားပုံကို ကျွန်တော်အရမ်း သဘောကျပါတယ်..။ ဒါပေမယ့် အဲဒီလိုဘောလုံးစွမ်းရည်နဲ့ နည်းစနစ်ပိုင်နိုင်မှုတွေ မပါပဲနဲ့ ခံစစ်ပိုင်း ကာကွယ်မှုတွေအရကို သူဟာတကယ့် ပထမတန်း ကစားသမားပါ..။ ဒါဟာခံစစ်ပိုင်းအားဖြည့်ဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းအတွက် သိပ်ကိုအရေးကြီးတဲ့ အားဖြည့်မှုု ဖြစ်ခဲ့ပါတယ်..။
မတ် ဟော်လန် - အင်းဗျ.. ဒီတစ်ပါတ်မှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းခဲ့တာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမား ခြောက်ယောက်စလုံး ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်..။ ဖရန့် ဟာ တီမို ဗာနာ ကို ပွဲထုတ်ဖို့ မရှိပေမယ့် ခရစ်စ်တီယန် ပူလီဆစ် ဒဏ်ရာရခဲ့တာကြောင့် သူဝင်စားခဲ့ရတာပါ..။
ဂလင်း ဟော်ဒယ်လ် - ကစားသမားအသစ် ခြောက်ယောက်ပါတယ် ဆိုပေမယ့် ခုနကပြောခဲ့တာနဲ့ ပြန်ပြီးဆက်ရမယ်ဆိုရင် သူတို့ဟာ on the ball လှုုပ်ရှားမှုတွေသာမကပဲ ဘောလုံးဆုံးရှုံးချိန် (off the ball) လှုပ်ရှားမှုတွေမှာလည်း ကောင်းမွန်ခဲ့တယ်..၊ ကစားသမား တစ်ယောက်ယောက်ရဲ့ လှုပ်ရှားမှုကြောင့် လွတ်သွားတဲ့နေရာကို ကျန်တဲ့ကစားသမားတွေက ဖြည့်ဆည်းပေးဖို့ အမြဲတမ်း အသင့်ဖြစ်နေတယ်..၊ အသင်းလိုက် ရွှေ့လျားမှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်..။ ဒါဟာအသင်းကောင်းတစ်သင်းရဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်..။
မတ် ဟော်လန် - အဲဒီကစားသမားသစ်တွေထဲမှာ ကျွန်တော်နှစ်သက်မိတာက ‘ဟာကင် ဇိုင်းယက်ချ်’ ဖြစ်ပါတယ်..။ သူဟာညာတောင်ပံမှာ နေရာယူခဲ့ပေမယ့် တောင်ပံကစားသမား တစ်ယောက်ပုံစံမျိုး မဟုတ်ပဲ များသောအားဖြင့် အတွင်းကိုဝင်ပြီး ကွင်းလယ်ဖန်တီးရှင်ပုံစံမျိုး ကစားသွားခဲ့ပါတယ်..။ ဟုတ်တယ်မလားဗျ..
ဂလင်း ဟော်ဒယ်လ် - သေချာတာပေါ့..။ သူ့ကိုဘေးစည်းတစ်လျှောက် ရွှေ့လျားနေတာ မတွေ့ရသလောက်ပါပဲ..။ တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်တာကို ရိစ် ဂျိမ်းစ် က အများဆုံး တာဝန်ယူခဲ့ပါတယ်..။ အိုင်းယက်စ် မှာ ကစားသွားခဲ့တာလည်း အဲဒီပုံစံမျိုးပါပဲ..။ သူ့ရဲ့လှုပ်ရှားမှု၊ အနီးအဝေး ဘောလုံးပေးပို့မှုတွေဟာ အရမ်းကိုကောင်းမွန်ပါတယ်..။
မတ် ဟော်လန် - ဟုတ်ပါတယ်..။ အများဆုံးအတွင်းမှာ ဝင်ပြီးကစားခဲ့တဲ့ သူ့ရဲ့ရွှေ့လျားမှုတွေကြောင့် ဘန်လေအသင်းရဲ့ ဘယ်နောက်ခံအစွန်လူကလည်း သူနဲ့အတူ လိုက်ပါရပါတယ်..။ အဲဒီပေါ်လာတဲ့ နေရာလွတ်ကြီးကို အခုအပေါ်ကပုံ (ပုံ- ၁) မှာ မြင်တွေ့နိုင်ပါတယ်..။ ဒါ့ကြောင့်အဲဒီ နေရာလွတ်ကြီးဟာ ရိစ် ဂျိမ်းစ် လို လျှင်မြန်လှတဲ့ နောက်ခံအစွန်လူ (full back) တစ်ယောက်အတွက် သိပ်ကိုသင့်တော်ခဲ့တယ်လို့ ပြောရမှာပါ..။
ဒါ့အပြင်သူ့ရဲ့နေရာယူမှုဟာ ဘန်လေအသင်းရဲ့ ဘယ်အစွန် နောက်ခံလူအတွက် အခက်တွေ့စေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပုံမှာ မြင်ရတဲ့အတိုင်း သူ့ရဲ့နေရာယူထားပုံဟာ ဇိုင်းယက်ချ် နဲ့ ရိစ် ဂျိမ်းစ် နှစ်ယောက်ရဲ့ ကြားထဲမှာလို ဖြစ်နေပါတယ်..။ ကြည့်ရတာ ဘယ်သူ့ဆီကို ဦးစားပေး လိုက်ရမှန်း ဝေခွဲမရ ဖြစ်နေပုံရပါတယ်..။
ဂလင်း ဟော်ဒယ်လ် - တကယ်လို့ အက်ဇ်ပီလီကွဲတား သာ ကစားခဲ့မယ်ဆိုရင် ဇိုင်းယက်ချ် ဟာ တောင်ပံဘက်မှာ ပိုပြီးနေပေးရဖို့ ရှိလိမ့်မယ်ဗျ..။ ဒါပေမယ့် ရိစ် ဂျိမ်းစ် ကျတော့ ပြေးအားလည်းရှိတယ်..၊ လျှင်မြန်မှုလည်း ကောင်းတယ်ဆိုတော့ အတက်အဆင်း ပြုလုပ်ဖို့ နေရာအကျယ်ကြီး လိုချင်ပုံ ရပါတယ်.။ ဒါ့ကြောင့် ဇိုင်းယက်ချ် ဟာ ‘No. 10’ တစ်ယောက် ကစားပုံနဲ့ ပိုပြီးဆင်တူခဲ့တာပါ..။
မတ် ဟော်လန် - ဟုတ်ကဲ့ပါ..။ ဂလင်း ရေ.. အခုပြထားတဲ့ပုံ (၂) မှာ ကွင်းလယ်က မေဆန် မောင့်၊ အန်ဂိုလို ကန်တေး နဲ့ ကိုင် ဟာဗာ့ဇ် တို့ရဲ့ နေရာယူပုံကို မြင်တွေ့နိုင်ပါတယ်…။ အဲဒီကွင်းလယ် အခင်းအကျင်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟန်ချက် (midfield balcance) ထိန်းညှိပုံကို ခင်ဗျားအနေနဲ့ ဘယ်လိုမြင်မိလဲဗျ..
ဂလင်း ဟော်ဒယ်လ် - ပထမဆုံးအနေနဲ့ ‘ကိုင် ဟာဗာ့ဇ်’ ပေါ့..။ ကျွန်တော်က သူ့ကို ‘No. 8’ မှာ အကောင်းဆုံးခြေစွမ်း ရလိမ့်မယ်လို့ မထင်မိဘူးဗျ..။ ဒါပေမယ့် ကန်တေး ကို ကွင်းလယ်အဖျက် ကစားသမားစစ်စစ် (holding midfielder) နေရာမှာ ပြန်ပြီးမြင်ရတာကို သဘောကျပါတယ်..။ သူဟာအဲဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ကျွန်တော်ယုံကြည်ထားပါတယ်..။ နည်းပြမော်ရစ်စ်ဇီယို ဆာရီ က သူ့ကို box to box ကွင်းလယ် ကစားသမားအဖြစ် ရှေ့တက်စေခဲ့သလို ဖရန့် ကလည်း သူ့ကို ‘No. 8’ နေရာမှာ ဆက်ပြီးသုံးခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအဲဒီနေရာမှာ သင့်တော်တယ်လို့ ကျွန်တော်မထင်ပါဘူး..။ သူ့ရဲ့အကောင်းဆုံးနေရာက ကွင်းလယ်အဖျက် နေရာမှာပဲ ဖြစ်ပါတယ်.။
ဟာဗာ့ဇ် အကြောင်းကို ပြန်သွားရမယ်ဆိုရင် သူဟာခံစစ်ပိုင်း ကူညီတဲ့နေရာမှာ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။ ဒါပေမယ့် on the ball မှာတော့ သူ့ရဲ့ကစားပုံဟာ အရမ်းကြည့်လို့ကောင်းတယ်ဗျ..
မတ် ဟော်လန် - အင်းဗျ… သူ့ကို ‘No. 8’ လို့ ဆိုပေမယ့် တိုက်စစ်ဇုန်မှာ ပိုပြီးနေရာယူတာ များနေသလိုပဲ..။
ဂလင်း ဟော်ဒယ်လ် - သူဟာ တိုက်စစ်မှူးနဲ့အတူ ကပ်ပြီးလိုက်ပါရတဲ့ နောက်ချန်တိုက်စစ်မှူး ‘No. 10’ ပါ..။ ကိုင် ဟာဗာ့ဇ် ဟာ ဂျာမနီမှာ အထောင်တိုက်စစ်မှူး ‘No. 9’ နေရာ ကစားခဲ့ပြီး ဂိုးတွေအများကြီး သွင်းယူခဲ့တဲ့သူ ဖြစ်ပါတယ်..။ သူဟာအဆုံးသတ် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်..။ ဒါပေမယ့် အခုချယ်လ်ဆီးအသင်းမှာ သူဟာဂိုးဧရိယာထဲဝင်ခွင့် သိပ်မရသေးဘူး ဖြစ်နေပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို မမြင်ရသေးဘူးလို့ ကျွန်တော်ပြောတာပါ..။
နောက်ပြီးချယ်လ်ဆီးအသင်းဟာ ဘောလုံးကိုင်ထားချိန်မှာ ကန်တေး ကလွဲပြီး ကျန်တဲ့ကစားသမားတွေဟာ နေရာအတည်တကျ ရပ်စားနေတာမျိုး မတွေ့ရပဲ တစ်ကွင်းလုံး နေရာရွှေ့ လွတ်လွတ်လပ်လပ် ကစားနေကြပါတယ်..။
မတ် ဟော်လန် - အန်ဂိုလို ကန်တေး ရဲ့အကောင်းဆုံးနေရာက အခုပုံ (ပုံ- ၃) မှာ ပြထားတဲ့နေရာပဲ မဟုတ်ဘူးလားဗျ..
ဂလင်း ဟော်ဒယ်လ် - အဲဒီနေရာမှာ ကစားရတယ်ဆိုရင် ကန်တေး ဟာ ကစားသမားနှစ်ယောက် ကစားနေတဲ့အတိုင်းပဲဗျ..။ သူဟာကစားသမား နှစ်ယောက်စာ နေရာယူ ပြေးလွှား ကစားနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ ကန်တေး ကိုသာ ကွင်းလယ်အဖျက်နေရာမှာ ထားပြီးကစားမယ်ဆိုရင် holding player နှစ်ယောက်ထားစရာ မလိုဘူးလို့ ထင်ပါတယ်..။ သူ့လိုကစားသမားမျိုးဟာ လက်ရှိဥရောပရဲ့ အကောင်းဆုံးဆိုတဲ့ အသင်းတွေထဲမှာတောင် အတော်လေးကို ရှားပါးပါလိမ့်မယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ ကန်တေး ကို ကွင်းလယ်အဖျက်နေရာမှာ ထားပြီး ကစားမယ်ဆိုရင် တိုက်စစ်နဲ့ခံစစ်ဟန်ချက် ကောင်းဖို့အတွက် တိုက်စစ်ပိုင်းပိုပြီး အားသန်တဲ့ ကွင်းလယ်ကစားသမားတွေကို ထည့်သွင်းနိုင်မယ့် အခွင့်အရေး ရှိပါလိမ့်မယ်..။
မတ် ဟော်လန် - တီမို ဗာနာ ရဲ့ သူနဲ့အသင့်တော်ဆုံးနေရာကရော ဘယ်နေရာမှာ ဖြစ်မလဲဗျ..။ ဖရန့် ဟာ တန်မီ အေဘရာဟမ် ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားပြီး ဗာနာ ကို ဘယ်တောင်ပံမှာ ရွှေ့လျား၊ ကစားစေခဲ့ပါတယ်..။ ခင်ဗျားဆိုရင် ဗာနာ ကို ဘယ်တောင်ပံမှာ ကစားစေမှာလား..? အလယ်ကနေ ထိုးဖောက်ခိုင်းမှာလား..?
ဂလင်း ဟော်ဒယ်လ် - တစ်ခုရှိတာက ဖရန့် ဆီမှာ တိုက်စစ်ကစားသမားကောင်းတွေ အများကြီးရှိတာကြောင့် အပြောင်းအလဲအများကြီး ပြုလုပ်နိုင်တယ်..၊ အလှည့်ကျပွဲထွက်တာမျိုး ပြုလုပ်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဗာနာ ကို ဂျာမနီမှာ ကစားတဲ့အတိုင်း အလယ်မှာထားပြီး ကစားချင်ပါတယ်..။ သူဟာဘယ်တောင်ပံမှာလည်း ကစားနိုင်တာ မှန်ပေမယ့် အလယ်မှာ ကစားတာ သူ့အတွက်ပိုပြီး သက်တောင့်သက်သာ ရှိတယ်လို့ ထင်မိပါတယ်..။ နောက်ပြီးချယ်လ်ဆီးအသင်းမှာ သူ့ထက်ပိုပြီးကောင်းမွန်တဲ့ တောင်ပံကစားသမားတွေ အများကြီးရှိပါတယ်.။ ဒါ့ကြောင့်သူ့ကို အထောင်တိုက်စစ်မှူး ‘No. 9’ တစ်ယောက်အနေနဲ့ တန်မီ၊ ဂျီရူးဒ် တို့နဲ့ ပြိုင်ဆိုင်စေချင်ပါတယ်..။
မတ် ဟော်လန် - ခင်ဗျားသာ ချယ်လ်ဆီးအသင်းရဲ့ မန်နေဂျာ ဖြစ်နေဦးမယ်ဆိုရင် အကောင်းဆုံး ပွဲထွက် (၁၁) ယောက်ကို ဘယ်လိုပုံစံ ပွဲထုတ်ချင်လဲဗျ..။ ပြီးခဲ့တဲ့ဘန်လေအသင်းနဲ့ပွဲမှာ ဖရန့် ဟာ အခုနှစ်မှ ခေါ်ယူထားတဲ့ ကစားသမား (၆) ယောက်စလုံး ပါဝင်တဲ့ အသင်းလူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်..။ အခုလူစာရင်းဟာ သူ့ရဲ့အကောင်းဆုံး လူစာရင်းလား..? ဖရန့် ဟာ သူ့ရဲ့အကောင်းဆုံး လူစာရင်းကို တွေ့ရှိပြီလို့ ခင်ဗျားယူဆထားလား..?
ဂလင်း ဟော်ဒယ်လ် - အခုလောလောဆယ်မှာတော့ ဖရန့် ဟာ သူ့ရဲ့အကောင်းဆုံး အသင်းကို တွေ့နေပြီလို့ မထင်မိသေးဘူးဗျ.။ ဒါ့အပြင်သူ့ရဲ့ ကစားသမား အင်အားကြောင့် အလှည့်ကျ အပြောင်းအလဲတွေ အများကြီးပြုလုပ်နေရတာလည်း ရှိပါတယ်..။ ကျွန်တော်ဆိုရင်တော့ အထောင်တိုက်စစ်မှူးနေရာမှာ တီမို ဗာနာ ကို ထားပါမယ်..။ ဘယ်တောင်ပံမှာ ခရစ်စ်တီယန် ပူလီဆစ် ကို ကစားပါမယ်..။ သူလည်းဂိုးသွင်းကောင်းတဲ့ သူတစ်ယောက်ပါ..။ မနှစ်ကဘောလုံးရာသီ ပြီးခါနီးမှာ ဂျီရူးဒ် နဲ့ အတွဲညီခဲ့ပြီး သူ့ရဲ့ခြေစွမ်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်.။ ဒီနှစ်မှာတော့ ဒဏ်ရာကြောင့် အကောင်းဆုံးခြေစွမ်းကို မရရှိသေးပါဘူး..။
ကွင်းလယ်မှာ ကန်တေး ကို ကွင်းလယ်အဖျက် ကစားသမားနေရာမှာ ကစားပါမယ်..။ ပြီးရင်အခုအတိုင်း မေဆန် မောင့်၊ ကိုင် ဟာဗာ့ဇ် တို့ ‘No. 8’ နှစ်ယောက်..၊ ဂိုးသမားနေရာမှာတော့ မန်ဒီ ပါ..။ ရှင်းပါတယ်..။ နောက်တန်းလေးယောက်မှာ ကတ် ဇူးမား ကိုပဲ မေးစရာရှိပါတယ်..။ အခုခေတ်မှာက အသင်းတွေဟာ ကစားသမားအင်အား များပြားလာတာကြောင့် ဒီကစားသမားတွေဟာ ငါတို့ရဲ့အကောင်းဆုံး (၁၁) ယောက်ပဲလို့ ပြောရဖို့ ခက်လာပါတယ်…။
မတ် ဟော်လန် - ဒါပေမယ့်မနှစ်က ချန်ပီယံ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ နောက်တန်းလေးယောက်ကို တစ်ရာသီလုံးနီးနီး အပြောင်းအလဲမလုပ်ပဲ သုံးစွဲခဲ့တယ်မလားဗျ..။ ခင်ဗျားပြောခဲ့သလို လူအပြောင်းအလဲ လုပ်ရမှာ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းအနေနဲ့ ဒီလေးယောက်ဟာ ကိုယ့်အသင်းရဲ့ အကောင်းဆုံး ခံစစ်ကစားသမားတွေ ဖြစ်တယ်ဆိုပြီး ပြသနိုင်တဲ့ အနေအထားရှိဖို့တော့ လိုအပ်လိမ့်မယ် ထင်ပါတယ်.။
ဂလင်း ဟော်ဒယ်လ် - ကျွန်တော်ကတော့ နောက်တန်းလေးယောက် ထက်စာရင် အသင်းရဲ့အမာခံ ကျောရိုး (spine) အဖြစ် ကစာမယ့် ကစားသမား ခြောက်ယောက်လောက် ရှိနေဖို့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်.။ အဲဒီကစားသမားတွေဟာ ကြံ့ခိုင်မှုပြည့်နေသရွေ့ကတော့ အမြဲတမ်း ပွဲထွက်ခွင့် သေချာနေမယ်.. ဟုတ်တယ်နော်.. မတ်..။ အဲဒီခြောက်ယောက်ကို အခြေခံပြီး အသင်းကို တည်ဆောက်ပါမယ်.။ ဇူးမား ဟာ အဲဒီခြောက်ယောက်ထဲ ပါနိုင်ပါ့မလား..?
မတ် ဟော်လန် - ကျွန်တော်ကတော့ သီယာဂို ဆေးလ်ဗား ကို ပိုပြီးသံသယရှိပါတယ်..။အသက် (၃၆) နှစ်အရွယ် ကစားသမား တစ်ယောက်အနေနဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ မလွယ်လောက်ဘူးဗျ..။
ဂလင်း ဟော်ဒယ်လ် - မှန်တာပေါ့..။ ဖရန့် အနေနဲ့ သူ့ကိုတစ်ရာသီလုံးအကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုရင် မှန်မှန်ကန်ကန် အနားပေးနိုင်ဖို့လည်း လိုအပ်တာပေါ့..။ ဒါကတော့ အလည့်ကျ (rotation) နဲ့ သွားရမယ့် ကစားသမားတွေ အပိုင်းပေါ့…၊ ဒါပေမယ့် ကွင်းလယ်မှာ ကန်တေး၊ တိုက်စစ်မှာ ဗာနာ..၊ ကြံ့ခိုင်မှုပြည့်နေရင်.. ပူလီဆစ်.. သူတို့တွေဟာ အသင်းရဲ့ကျောရိုး ကစားသမားတွေ ဖြစ်ပါမယ်..။ မေဆန် မောင့် ဆိုရင် အခုထိပွဲတွေ အများကြီး ကစားထားခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာကြောင့် လူငယ်ကစားသမား တစ်ယောက်ဆိုပေမယ့် လိုအပ်သလို အနားပေးနိုင်ဖို့ စဉ်းစားရပါမယ်..။
မတ် ဟော်လန် - ရိစ် ဂျိမ်းစ် ကို ဘယ်လိုပုံစံနဲ့ ကစားချင်လဲဗျ..? full back အနေနဲ့ ပိုပြီးသင့်တော်လား..? wing back အနေနဲ့ဆိုရင် သူနဲ့ပိုပြီးအဆင်ပြေမလား..? ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ‘back 3’ နဲ့လည်း ကောင်းကောင်း ကစားနိုင်ခဲ့ဖူးတဲ့ သူဆိုတော့ wing back က သူ့အတွက် ပိုပြီးအဆင်ပြေမယ်လို့ ထင်တာပဲဗျ..
ဂလင်း ဟော်ဒယ်လ် - မတ် ရာ.. အခုခေတ်မှာ back four နဲ့ ကစားတယ်ဆိုပေမယ့် နောက်ခံအစွန်လူတွေက wing back တွေလို ကစားနေကြတာပဲဗျ..။ ဒါ့ကြောင့်သူတို့ဟာ နောက်ခံအစွန်လူနဲ့စာရင် တောင်ပံကစားသမား (winger) တစ်ယောက်ရဲ့ တာဝန်တွေကို ယူနေကြတာ ပိုများပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဟာ ‘3 at the back’ ကစားခြင်းအားဖြင့် နောက်တန်းမှာ ပိုပြီးလုံခြုံမယ်..၊ လူပိုများလာတာပဲ ရှိပါတယ်..၊ ကျွန်တော့်အတွက်က ဂျိမ်းစ် ဟာ သိပ်ကိုကောင်းမွန်တဲ့ ကစားသမားပါ..။ အခုဆိုရင် အင်္ဂလန်အသင်း ညာနောက်ခံလူနေရာကို ဘယ်သူရမလဲဆိုတာ စိတ်ဝင်စားမိပါတယ်.။ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်နေပြီဗျ..။ ဒ့ါကြောင့်သူဟာ အခုထက်ပိုပြီး ခံစစ်ပိုင်းတာဝန်မှု အပိုင်းမှာ ပိုပြီးတိုးတက်လာမယ်ဆိုရင် ထရန့် အလက်ဇန်းဒါး အာနိုးလ် ကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့်သူ ဖြစ်ပါတယ်.။
မတ် ဟော်လန် - နောက်တန်းကတော့ အခုလက်ရှိအနေအထားအရ ဘန်လေအသင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ နောက်တန်းလေးယောက်ဟာ သူတို့အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ လေးယောက်လို့ ပြောလို့ရပါတယ်.။ တစ်ခုပြောစရာရှိတာက အက်ဇ်ပီလီကွဲတား နဲ့ ရိစ် ဂျိမ်းစ် ဘယ်သူပိုပြီး သင့်တော်လဲ..? ဆိုတာကတော့ ငြင်းစရာ ရှိပါမယ်..။
ပြီးရင်ကွင်းလယ်ကို တက်ကြတာပေါ့ဗျာ.. အန်ဂိုလို ကန်တေး ကတော့ အခုလက်ရှိ defensive midfielder နေရာဟာ သူ့အတွက် အသင့်တော်ဆုံးပါပဲ..။ ဒါပေမယ့် ဖရန့်အနေနဲ့ အဲဒီပွဲမှာ ကစားသွားခဲ့တဲ့ ကန်တေး၊ မေဆန် မောင့် နဲ့ ကိုင် ဟာဗာ့ဇ် တို့ သုံးယောက် ကွင်းလယ်အထိုင်ကို တောင့်တင်းတဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ပွဲထုတ်လိမ့်မယ်လို့ ခင်ဗျားယူဆလား..? တကယ်လို့ အဲဒီနေ့က ပြိုင်ဘက်အသင်းဟာ ဘန်လေ မဟုတ်ပဲ လီဗာပူးလ် သာ ဖြစ်ခဲ့မယ်ဆိုရင် ကွင်းလယ်မှာ ကန်တေး နဲ့ ကိုဗာဆစ်/ ဂျော်ဂင်ဟို တစ်ယောက်ယောက်တွဲပြီး ပွဲထုတ်လိမ့်မလား.. လို့ပါ..။ ဒါဆိုရင် ‘No. 10’ နေရာမှာ ဟာဗာ့ဇ် နဲ့ မောင့် နဲ့ ဘယ်သူ့ကိုထားမလဲ..?
ဂလင်း ဟော်ဒယ်လ် - အခုလောလောဆယ် အနေအထားအရဆိုရင် မေဆန် မောင့် ကို ကျွန်တော်ထားပါမယ်..။ ဂျာမနီမှာတုန်းက ဟာဗာ့ဇ် ဟာ တိုက်စစ်မှူးအဖြစ် အဆုံးသတ် ဂိုးသွင်းတာကို အများဆုံးတာဝန်ယူခဲ့ပါတယ်..။ အခုအချိန်မှာတော့ သူ့ကိုအဲဒီလိုပုံစံမျိုး မမြင်တွေ့ရသေးပါဘူး..။
မတ် ဟော်လန် - ဒါဆိုအခုလက်ရှိ ဖရန့် လမ်းပတ် ရဲ့ ကစားနည်းစနစ်ဟာ သူ့အတွက် ပြသနာရှိနေလားဗျ..။ ဒါပေမယ့် သူ့ကိုညာတောင်ပံကို ပို့မယ်ဆိုရင်လည်းရတယ်..။ ဒါမှမဟုတ် နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားခိုင်းမယ်ဆိုရင်လည်း ရတာပဲဗျ..။ အခုလောလောဆယ်အထိ သူဟာဖရန့် လမ်းပတ် ရဲ့ ကစားနည်းစနစ်နဲ့ လုံးဝအံဝင်ဂွင်ကျ ဖြစ်နေတယ်လို့ ပြောလို့မရသေးပါဘူး..။
ဂလင်း ဟော်ဒယ်လ် - (၁၀၀%) ရာခိုင်နှုန်းပြည့် သေချာတာပေါ့…။ ကျွန်တော်တို့ဟာ အခုအချိန်ထိ ကိုင် ဟာဗာ့ဇ် ရဲ့ အကောင်းဆုံးခြေစွမ်းကို မမြင်တွေ့ရသေးပါဘူး..။ သူဟာဘယ်ခြေ၊ ညာခြေ..၊ ခေါင်းတိုက်.. နေရာစုံကနေ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းပေးနိုင်တဲ့ ကစားသမား တစ်ယောက်ပါ..။ အထူးသဖြင့် သူ့ရဲ့အကောင်းဆုံးနေရာက ပင်နယ်တီဧရိယာထဲမှာ လှုပ်ရှားတာ ဖြစ်ပါတယ်..။ သူဟာအခုအချိန်ထိ ပင်နယ်တီဧရိယာထဲကို ဝင်ခွင့်မရသေးဘူးဗျ..။ သူဟာအသင်းနဲ့ အံဝင်ဖို့ပြင်ဆင်နေဆဲ ဖြစ်သလို ဖရန့် ကလည်း သူနဲ့အသင့်တော်ဆုံးဖြစ်မယ့်နေရာကို ရှာဖွေနေဆဲ ဖြစ်ပါတယ်…။
သူဟာကစားသမားကောင်း တစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်ဟာ သူ့ဆီက ဒီထက်ကောင်းမွန်တဲ့ ခြေစွမ်းကို မြင်ချင်ပါတယ်.။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းမှာက နေရာတစ်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ဖြစ်ပါတယ်..။ ဖရန့် ကလည်း ရာသီအလယ်ပိုင်းလောက် ရောက်တဲ့အချိန်ကျရင် သူ့ရဲ့အကောင်းဆုံးအသင်းကို တွေ့ရှိပါလိမ့်မယ်..။ အဲဒီအချိန်ကျရင် ဟာဗာ့ဇ် ဟာ အသင်းရဲ့အမာခံကျောရိုး ဖြစ်လာမလား..? ဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပါတယ်..။
မတ် ဟော်လန် - ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာနဲ့ လေးမှတ်ပဲ ကွာပါတယ်..။ သူတို့ကိုဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းအဖြစ် သတ်မှတ်လို့ရပြီလားဗျ..
ဂလင်း ဟော်ဒယ်လ် - ရတာပေါ့..။ အခုအချိန်မှာ အသင်းတိုင်းဟာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတွေပါပဲ..။ လီဗာပူးလ်သအင်းဟာ အခုအချိန်ထိ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းကိုမရရှိသေးပါဘူး..။ ဒါ့ကြောင့်ဒီနှစ်မှာ သူတို့အနိုင်ရခဲ့ရင်တောင် မနှစ်ကလို ပုံစံမျိုးနဲ့တော့ မဟုတ်နိုင်တော့ဘူး..။ မန်ချက်စတာ စီးတီး အသင်းမှာလည်း ထိပ်တန်းကစားသမားကောင်းတွေ အများကြီးရှိနေတာကြောင့် လျော့တွက်လို့ မရပါဘူး..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံးကအသင်းတွေကို ကောင်းကောင်းစိန်ခေါ်နိုင်ပါလိမ့်မယ်..။ ချယ်လ်ဆီးအပြင် ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတွေလည်း အများကြီးရှိနိုင်ပါလိမ့်မယ်.။
မတ် ဟော်လန် - အင်းဗျ.. ချယ်လ်ဆီးအသင်းရဲ့ အားသာချက်တစ်ခုက အရန်အင်အား တောင့်တင်းပါတယ်.။ ဒါ့ကြောင့်အခုလို ပွဲကျပ်တွေများတဲ့ ဘောလုံးရာသီမှာ တစ်ယောက်ယောက် ဒဏ်ရာရသွားရင် အသင့်အစားဝင်နိုင်မယ့် ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်..။ ဥပမာ- ဗာနာ ဒဏ်ရာရသွားရင် သူ့ရဲ့နေရာကို တန်မီ အေဘရာဟမ်၊ ဂျီရူးဒ် တို့ အစားဝင်နိုင်သလို အခုပွဲမှာဆိုရင် ပူလီဆစ် နာသွားတာနဲ့ ဗာနာ ကို ဘယ်တောင်ပံ ရွှေ့လိုက်နိုင်ခဲ့ပါတယ်.။ ဟတ်ဒ်ဆန် အိုဒွိုင်း တို့လည်း ရှိနေပါသေးတယ်..။ သူဟာလည်း တကယ့်ကို ကောင်းမွန်တဲ့ လူငယ်ကစားသမား တစ်ယောက် ဖြစ်ပါတယ်.။ နောက်တန်းမှာဆိုရင် ခရစ်စ်တီယန်ဆန် တို့လို ကစားသမားကောင်းတွေလည်း ရှိနေပါတယ်..။ ဒါဆိုရင် ခင်ဗျားအနေနဲ့ ဖရန့် လမ်းပတ် ကိုင်တွယ်နေတဲ့ အနေအထားအပေါ် ကျေနပ်အားရမှု ရှိရဲ့လားဗျ..
ဂလင်း ဟော်ဒယ်လ် - Yes.. ကျေနပ်ပါတယ်..။ ချယ်လ်ဆီးအသင်း မန်နေဂျာရာထူးဟာ ဖိအားတွေ အရမ်းများတဲ့ ရာထူးဖြစ်ပါတယ်.။ အထူးသဖြင့် သူအရမ်းချစ်မြတ်နိုးခဲ့တဲ့ အသင်းတစ်သင်းကို ပြန်ပြီးကိုင်တွယ်ခွင့် ရခဲ့တာဟာ သူ့အတွက် ပိုပြီးဖိအားများပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပရိသတ်ကလည်း သူ့ကိုချစ်မြတ်နိုးတယ်..၊ ကစားသမားဘဝက သူ့ရဲ့အောင်မြင်မှုတွေကြောင့် အရမ်းမျှော်လင့်ထားကြတာလည်း ပါဝင်ပါတယ်.။ သူဟာဝက်စ်ဟမ်းအသင်းကနေ ကစားသမားဘ၀ စတင်ခဲ့တယ်ဆိုပေမယ့် တကယ့် ‘Chelsea Man’ စစ်စစ်ပါ..။ ဒါတွေဟာ သူ့အတွက် ဖိအားတွေ ဖြစ်လာစေပါတယ်..။
အခုအချိန်ထိတော့ သူဟာအဲဒီဖိအားတွေကို ကောင်းကောင်းရင်ဆိုင်၊ ကိုင်တွယ်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင်အခုဒီနှစ်မှာ သူ့ဆီကို တကယ့်အရည်အသွေး ကောင်းမွန်တဲ့ ကစားသမားသစ်တွေ ရောက်ရှိလာခဲ့ပါတယ်..။ နောက်ပြီးအပြောင်းအရွှေ့ရာသီမှာ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏဟာ သူ့အတွက် ဖိအားအသစ်တွေ ထပ်ပြီးရလာစေပါတယ်.။
မတ် ဟော်လန် - ဟုတ်ကဲ့ပါ.. အခုဘောလုံးရာသီအစပိုင်း ကာလအနေအထားအရ ချယ်လ်ဆီးအသင်းဟာ ဘောလုံးရာသီကို ကောင်းမွန်တဲ့ အနေအထားတစ်ခုနဲ့ စတင်နိုင်ခဲ့တယ်လို့ ပြောနိုင်သလို ဘန်လေအသင်းနဲ့ အဝေးကွင်းနိုင်ပွဲကနေ ရလဒ်ကောင်းတွေ ဆက်လက်သယ်ဆောင် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ..