မနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ရှက်ဖီး ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် ရှေ့အလားအလာတို့အပေါ် ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူဟောင်း အက်ရှ်လေ ကိုးလ် နှင့် လီဗာပူးလ်အသင်း မန်နေဂျာဟောင်း ဂရမ်မ် ဆောင်းနက်စ် တို့က Sky Sports ရုပ်သံဌာနမှ တင်ဆက်သည့် သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ကယ်လီ ကိတ် - ဟာကင် ဇိုင်းယက်ချ် ဟာ ကွင်းထဲမှာ ကစားပုံ ရဲရင့်ပြီး ယုံကြည်မှုအပြည့် ရှိရုံမကပဲ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြောရဲတဲ့သူပဲရှင့်..။ သူဟာချယ်လ်ဆီးအသင်းကို အစောဆုံး ရောက်လာတဲ့သူ ဖြစ်ခဲ့သလို ဒဏ်ရာကြောင့် စပြီးကန်ရတဲ့အချိန် နောက်ကျခဲ့တာကြောင့် ဒီနှစ်ရောက်လာတဲ့ ကစားသမားတွေထဲမှာ သူ့ကိုသိပ်ပြီး အာရုံမစိုက်မိခဲ့ကြပါဘူး..။ နောက်ပြီးတခြားသူတွေထက် ပြောင်းရွှေ့ကြေး နည်းတာလည်း ပါနိုင်တာပေါ့..။ သူပါဝင်လာပြီးနောက်ပိုင်း ပွဲတွေမှာသူ့ရဲ့လွှမ်းမိုး သက်ရောက်နိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြပေးနိုင်မလား…?
အက်ရှ်လေ ကိုးလ် - တကယ်တော့ သူ့ရဲ့အရည်အသွေးကို မနှစ်က ချန်ပီယံလိဂ်ပွဲတွေမှာကတည်းက သိခဲ့ပြီးသားပါ..။ သူဟာဒဏ်ရာကြောင့် အသင်းနဲ့စတင်နိုင်ခဲ့တာ နောက်ကျခဲ့ပေမယ့် အခုအချိန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ဖရန့် ရဲ့ ကစားနည်းစနစ်မှာ အံဝင်နေပုံ ရပါတယ်..။ ဒါ့အပြင် အစောပိုင်းက ဂရမ်မ် ပြောခဲ့သလိုပါပဲ.. သူဟာဘယ်ခြေတစ်ချောင်းကို လိုသလို အသုံးချနိုင်ပြီး အသင်းရဲ့ကစားကွက် ကြိုးဆွဲထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတဲ့သူ ဖြစ်ပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - ဇိုင်းယက်ချ် ဟာ တကယ့်ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်သလို ဒီထက်ပိုပြီး ကောင်းလာဦးမှာပါ..။ တီမို ဝါနာ ကို တည်ပေးလိုက်တဲ့ ဘောလုံးကို ပြန်ကြည့်ရင်း ‘ဒီကောင်လေးကို ကိုက် (၆၀) လောက်ကနေ အမှိုက်ပုံးထဲ ဝင်အောင်ကန်ခိုင်းရင်တောင် ရလောက်တယ်’ ဆိုပြီး ကျွန်တော်စဉ်းစားနေတာ..။ သူ့ရဲ့ပေးပို့မှု တိကျ၊ ကောင်းမွန်ပုံနဲ့ အကွက်မြင်မှုတွေကို အသင်းဖော်တွေ အရမ်းသဘောကျကြ ပါလိမ့်မယ်..။ သူဟာကွင်းရဲ့ ဘယ်နေရာမှာ ရှိနေတယ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့လူဆီ အတိအကျပေးပို့နိုင်စွမ်း ရှိတဲ့သူဖြစ်ပါတယ်..။
အက်ရှ်လေ ကိုးလ် - ဇိုင်းယက်ချ် အကြောင်းကိုပြောမယ်ဆိုရင် သူနဲ့ရိစ် ဂျိမ်းစ် တို့နှစ်ယောက်ရဲ့ ကြားထဲက နားလည်မှုနဲ့တွဲလုံးတွေကို ထည့်ပြောရပါမယ်..။ ဇိုင်းယက်ချ် က ဘောလုံးနဲ့အတူ အတွင်းကိုချိုးဝင် ကစားတာ နှစ်သက်တယ်..၊ ရိစ် ဂျိမ်းစ် က တောင်ပံတစ်လျှောက် ဆွဲပြေးပြီး တိုက်စစ်ပိုင်း ပံ့ပိုးနိုင်စွမ်းရှိပါတယ်..။ အထူးသဖြင့် ဇိုင်းယက်ချ် ဟာ ခံစစ်ကြောင်းကြားထဲက နေရာလွတ်လေးတွေမှာ ရွှေ့လျားကစားတတ်တာကြောင့် သူ့ကိုလူကပ်ကစားဖို့ ခက်ခဲတယ်ဗျ..။ နောက်ပြီးသူ့ရဲ့ဘယ်ခြေနဲ့ တိကျတဲ့ပေးပို့မှုတွေကို အသုံးချနိုင်မယ့် ဘယ်တောင်ပံက တီမို ဗာနာ တို့လို လျှင်မြန်တဲ့ တိုက်စစ်မှူးတွေလည်း ရှိနေပါတယ်..။ နောက်ပြီးသူတို့ဟာ ဒီနေ့ပွဲမှာ တစ်ဂိုးစပြီး ပေးလိုက်ရပေမယ့် အသင်းရဲ့ခံစစ်ပိုင်း အတော်လေး တောင့်တင်းလာတာ တွေ့ရမှာပါ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ အချိန်ကန့်သတ်ချက် ရှိနေတာဆိုတော့ သူူတို့အသင်းရဲ့ သွင်းဂိုးတွေအကြောင်းကိုပဲ အရင်ဆုံးပြောကြတာပေါ့…။ တန်မီ အေဘရာဟမ် ရဲ့ ပထမချေပဂိုးနဲ့ စလိုက်မယ်လေ…။ အဲဒီဂိုးမှာ မတ်တီယို ကိုဗာဆစ် ရဲ့ ပြေးလမ်းထဲကို အတိအကျ ချပေးလိုက်တဲ့ ဇိုင်းယက်ချ် ရဲ့ ဘယ်ခြေနဲ့ ပေးပို့မှုက အရေးပါခဲ့ပါတယ်..
ဂရမ်မ် ဆောင်းနက်စ် - ဟုတ်ပါတယ်..။ ဇိုင်းယက်ချ် ရဲ့ ဘယ်ခြေနဲ့ ခုတ်တင်ပေးလိုက်တာ သိပ်ကိုကောင်းမွန်ခဲ့သလို ကိုဗာဆစ် ကလည်း ပါးပါးနပ်နပ်နဲ့ တန်မီ အေဘရာဟမ် အတွက် အသင့်ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ တန်မီ အေဘရာဟမ် ရဲ့ ကန်ချက်ဟာ မရည်ရွယ်ပဲနဲ့ မြေထောက်ကန်ချက်လို ဖြစ်သွားပြီး သိပ်တော့ မသပ်ရပ်လှဘူးဗျ..။ ကံကောင်းတာလည်း ပါတာပေါ့..။ ဒါပေမယ့် အဲဒီသွင်းဂိုးမှာ ဇိုင်းယက်ချ် ရဲ့ပေးပို့မှုက အကောင်းဆုံးအပိုင်း ဖြစ်ပါတယ်..။ သူ့အတွက် နေရာ၊ အချိန် သိပ်မလိုပါဘူး..။ ခေါင်းတစ်ချက် မော့ကြည့်မယ်..၊ ရှေ့မှာကိုက်နည်းနည်းလေး လွတ်နေရင်ရပြီဗျ..။ ရှေ့ကလူတွေ ကိုယ့်ရဲ့လမ်းကြောင်း အတိုင်းသာ ပြေးဝင်ပေး.. သူက (၁၀) ကြိမ်မှာ (၉) ကြိမ်ကတော့ ကိုယ့်ရှေ့ကို သေချာပေါက်ရောက်အောင် ပို့ပေးနိုင်မှာပါ..။
ကယ်လီ ကိတ် - အဲဒီဂိုးဟာ တန်မီ အတွက် အရေးပါတယ်လို့ ကျွန်မထင်ပါတယ်..။ ရှေ့တန်းတိုက်စစ်နေရာမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတာကြောင့် အသင်းမှာ ပွဲထွက်နေရာရဖို့ဆိုရင် သူ့အနေနဲ့ ဂိုးတွေပုံမှန် သွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်.။ ဟုတ်တယ်မလား.. အက်ရှ် ရေ..
အက်ရှ်လေ ကိုးလ် - ဖရန့် ဟာ သူ့ရဲ့ကစားသမားတွေ ကြားထဲမှာ ကောင်းမွန်တဲ့ အခြေအနေတစ်ခု တည်ဆောက်ထားနိုင်ခဲ့တယ်..၊ ကစားသမားအားလုံး ပျော်ရွှင်နေတယ်လို့ ယေဘူယျ ပြောနိုင်ပေမယ့် ကစားခွင့်မရတဲ့သူ တစ်ချို့က ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် သူတို့လည်း ထိုက်တန်ရင် အခွင့်အရေးရမှာပဲဆိုတဲ့ ယုံကြည်ချက် ရိုက်သွင်းထားနိုင်ခဲ့ပါတယ်..။
တန်မီ ဟာ မနှစ်က ဘောလုံးရာသီမှာ ပွဲထွက်ခွင့်ရလိုက်၊ မရလိုက် ဖြစ်ခဲ့ပေမယ့် ဂိုးတွေအများကြီး သွင်းပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဒီနှစ်မှာ ကစားသမားသစ်တွေ အများကြီးရောက်လာတဲ့အချိန် အသင်းကထွက်လိမ့်မယ်လို့ အများကထင်ခဲ့ကြပါတယ်..။ သူကတော့ အသင်းမှာဆက်ရှိပြီး ပွဲထွက်နေရာ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ အခုလက်ရှိ အချိန်ထိကတော့ တန်မီ ဟာ သူရခဲ့တဲ့အခွင့်အရေးကို အမိအရ ဖမ်းဆုတ်နိုင်ခဲ့ပါတယ်..။ ကြိုးစားအားထုတ်မှု အပြည့်ရှိတယ်..။ ဘယ်တောင်ပံက တီမို ဗာနာ နဲ့လည်း နားလည်မှု တဖြည်းဖြည်းကောင်းလာပါပြီ..။ သူ့ရဲ့ပါးနပ်မှုနဲ့ နေရာယူကောင်းမွန်မှု၊ လျှင်မြန်မှုတွေက ကျေနပ်စရာအဆင့်မှာ ရှိပါတယ်..။ နောက်ပြီးသူဟာ နောက်ခံလူနှစ်ယောက်လောက်ကို အလုပ်ရှုပ်စေတာဆိုတော့ တန်မီ အတွက် နေရာလွတ်တွေ ပိုပြီးရရှိစေခဲ့ပါတယ်..။
ကယ်လီ ကိတ် - ဒုတိယဂိုးမှာတော့ ဘင် ချီးဝဲလ် ဟာ အဲဒီပုံစံနဲ့ ပိတ်သွင်းနိုင်လိမ့်မယ်လို့ တွေးခဲ့ရဲ့လား မပြောတတ်ဘူးရှင့်..
ဂရမ်မ် ဆောင်းနက်စ် - ဒီဂိုးမှာလည်း ဇိုင်းယက်ချ် ရဲ့ ထောင့်ဖြတ်ပေးပို့မှု သိပ်ကိုကောင်းမွန် ခဲ့ပါတယ်..။ ဘင် ချီးဝဲလ် ရဲ့ လှုပ်ရှားမှုကို အနီးကပ်ပြန်ကြည့်မိပါတယ်..။ အစောပိုင်းမှာ သူ့ဆီကို ဘောလုံးရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားပုံ မရခဲ့ပါဘူး..။ နောက်ပြီးရှက်ဖီးလ် အသင်းက ခံစစ်ပိုင်းကာကွယ်မှု ညံ့ဖျင်းခဲ့ပါတယ်..။ ချီးဝဲလ် နဲ့ အနီးဆုံးမှာရှိနေတဲ့ မက်စ် လိုဝယ် ဟာ သူ့ရဲ့နောက်ကျောဘက်ကို တစ်ချက်ကြည့်ထားဖို့ လိုပါလိမ့်မယ်..။ သူကဇိုင်းယက်ချ် ဆီက လာမယ့်ဘောလုံးကိုပဲ ကြည့်နေတာကြောင့် လွတ်သွားခဲ့တာပါ..။ ဂိုးသမားကလည်း ချီးဝဲလ် ထက်ဦးအောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်..။
ကယ်လီ ကိတ် - အက်ရှ် ရေ.. အဲဒီဒုတိယဂိုးမှာ သူနဲ့ တီမို တို့ကို ဇိုင်းယက်ချ် ကန်တင်တာနဲ့ အဝေးတိုင်ကိုပြေးဝင်ဖို့ မှာကြားထားတယ်လို့ ဘင် ချီးဝဲလ် က ပြောသွားပါတယ်..။ ရှင်တို့တုန်းကရော အဲဒီလိုမှာကြားခံရ၊ သင်ကြားခံခဲ့ရတာ ရှိခဲ့လားရှင့်..
အက်ရှ်လေ ကိုးလ် - Yes… ရှိခဲ့တာပေါ့..။ တကယ်တော့ အဲဒီလိုအခြေအနေတွေဟာ လောင်းကစားပွဲလို စွန့်စားရတာပဲဗျ..။ တည်ကန်ဘောတွေ ကန်တင်ပြီဆိုရင် (၁၈) ကိုက်စည်းရဲ့ နေရာတိုင်းကို ဘယ်လိုကာကွယ်မယ်..၊ ဘယ်လိုရွှေ့လျားကြမယ်ဆိုတာ အထပ်ထပ် လေ့ကျင့်ခဲ့ကြရတာပါ..။ ဒါ့ကြောင့်ကိုယ့်ဆီကို ရောက်မယ်၊ မရောက်ဘူးဆိုတာ လောင်းကစားဆန်လှသလို ကိုယ့်အသင်းက ကန်တင်မယ့် ကစားသမားရဲ့ အရည်အချင်း.. ဂိုးဧရိယာထဲကို ဝင်လာတဲ့ ဘောလုံးရဲ့ ကောင်းမွန်မှုအနေအထား.. စတဲ့အချက်တွေလည်း ပါဝင်တာပေါ့ဗျာ..။ ဟုတ်ပါတယ်.. ဂိုးသမား ရော့စ်ဒေးလ် နဲ့ နောက်ခံလူ မက်စ် လိုဝယ် တို့ ကာကွယ်နိုင်ခဲ့သင့်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဂိုးဟာ ဂိုးပါပဲ..။ အဲဒီအတွက် ဘာမှစောဒက တက်စရာအကြောင်း မရှိပါဘူး..။ ကျွန်တော်လည်း အင်္ဂလန်အသင်းအတွက် အခုလိုပုံစံမျိုးနဲ့ တစ်ဂိုးသွင်းပေးခဲ့ဖူးပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - ရိစ် ဂျိမ်းစ် နဲ့ ဇိုင်းယက်ချ် တို့ ညာတောင်ပံမှာ အခုလိုကစားနေသရွေ့ ဘင် နဲ့ တီမို တို့ ဘယ်တောင်ပံ ကစားသမားတွေဟာ အခုလိုဂိုးတွေ ထပ်ပြီးရနေဦးမှာပါ..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်မယ့် အသင်းတွေအနေနဲ့ တည်ကန်ဘောတွေမှာ အဝေးတိုင်ကို ဘယ်လိုကာကွယ်မလဲ သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်ပါပြီ..။ သူတို့လို ဖြတ်တင်ဘော ကန်တင်တာ အရမ်းကောင်းတဲ့သူတွေအတွက် ကန်တင်ဖို့ နှစ်ပေ၊ သုံးပေလောက် နေရာလေး ရရင်ကို ဖြစ်ပြီဗျ..။ တတိယဂိုးမှာလည်း ဇိုင်းယက်ချ် ကန်တင်သွားတာ အဲဒီလိုပုံစံပဲလေ..
အဲဒီဂိုးဝင်သွားပြီး အောင်ပွဲတဲ့အချိန် ဆေးလ်ဗား ရဲ့ မျက်လုံးတွေကို သေသေချာချာ ကြည့်လိုက်ပါ..၊ သူတို့တွေ လေ့ကျင့်ကွင်းမှာ အဲဒီလိုပုံစံ ဇာတ်တိုက်မှုတွေ ပြုလုပ်ထားတယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်..။ ဇိုင်းယက်ချ် ကန်တင်မယ့်အချိန်မှာ ဇူးမား က သူ့ကိုကပ်ထားတဲ့ နောက်ခံလူတွေကို ပိတ်ထားတယ်..၊ ကန်တင်တယ်..၊ ဆေးလ်ဗား က နေရာလွတ်ဆီ အချိန်ကိုက်ပြေးပြီး ခေါင်းတိုက်သွားခဲ့တာပါ..။ ဒါ့အပြင် သူ့ရဲ့ပေးပို့လိုက်တဲ့ ဘောလုံးက ဖြတ်ပြီးကျလာတာဗျ.. အရှိန်လည်း ပါတယ်..၊ တိုက်စစ်ဆင်တဲ့ဘက်ကအကြိုက် ဘောလုံးမျိုး ဖြစ်ပေမယ့် အဲဒီဘောလုံးမျိုးဟာ နောက်ခံလူတွေအတွက် အိပ်မက်ဆိုးပါ..။ ဖျက်ထုတ်ရတာ ခက်ပါတယ်..။
အက်ရှ်လေ ကိုးလ် - ချယ်လ်ဆီးအသင်းဟာ လေ့ကျင့်ကွင်းမှာ ရှက်ဖီးလ် အသင်းရဲ့ အားသာချက်ဖြစ်တဲ့ အရပ်အမောင်း၊ ကြံ့ခိုင်မှုနဲ့ အမြင့်ဘော ကစားတာ ကောင်းမွန်တဲ့အချက်တွေကို သေသေချာချာ တွက်ချက်ထားခဲ့ပုံ ရပါတယ်..။ အဲဒီဘောလုံးကန်တင်မယ့်အချိန် အားလုံးက ဇူးမား ကို အာရုံစိုက်မယ်ဆိုတာ သိထားတာကြောင့် သူက (၆) ကိုက်စည်းအပြင်ကနေ နောက်ခံလူတွေကို ပိတ်ထားတယ်..။ အခုအပေါ်ကပုံမှာ တွေ့တယ်မလား…? ချယ်လ်ဆီးဘက်က (၆) ကိုက်စည်းထဲကို ဘယ်သူမှ ဝင်မလာကြဘူး.။ ဇိုင်းယက်ချ် ကန်တင်တော့မှ ဆေးလ်ဗား က (၆) ကိုက်စည်းထဲ ပြေးဝင်၊ ခေါင်းတိုက်လိမ့်မယ်ဆိုပြီး ပြင်ဆင်ထားခဲ့ကြတာပါ..။ ဂိုးသမားက ရှေ့ထွက်ပြီး ဖြတ်ထုတ်ဖို့ မကြိုးစားသင့်ဘူးလား..? မေးစရာရှိတာပေါ့.. ဒါပေမယ့် အဲဒီဂိုးမှာလည်း ဟာကင် ရဲ့ ပေးပို့မှု သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။
ကယ်လီ ကိတ် - ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ဂိုးပေးလိုက်ရပေမယ့် ခံစစ်ကြောင်းမှာ မာကျော၊ ကြံ့ခိုင်လာတာကိုတော့ ငြင်းစရာမရှိပါဘူး..။ ဒါ့အပြင် အသင်းရဲ့ full backs နှစ်ယောက်ဖြစ်တဲ့ ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့ရဲ့ တိုက်စစ်ပိုင်း ပံ့ပိုးနိုင်စွမ်းနဲ့ ကစားအား၊ လုပ်အားနှုန်း ကောင်းမွန်မှု အကြောင်းတွေကိုလည်း ချန်ထားလို့ မရဘူးထင်ပါတယ်…
အက်ရှ်လေ ကိုးလ် - ဟုတ်ပါတယ်..။ အခုအချိန်မှာ ရိစ် ဂျိမ်းစ် ဆီကို ဘောလုံးရောက်သွားရင် ပြိုင်ဘက်အသင်းအနေနဲ့ ကာကွယ်နိုင်ဖို့ အတော်လေးကို ခက်ခဲ့တယ်ဗျ.။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုကပ်ပြန်ရင် ဇိုင်းယက်ချ် က အတွင်းကနေ လွတ်သွားမယ်..။ နောက်ပြီး သူတို့နှစ်ယောက်ဆီက ဖြတ်တင်ဘောတွေ ဝင်လာတဲ့ပုံစံက မတူပါဘူး..။ ဂရမ်မ် ရေ… လီဗာပူးလ်အသင်းက ထရန့် အလက်ဇန်းဒါး အာနိုးလ် နဲ့ မိုဟာမက် ဆာလာ တို့ရဲ့ ညာတောင်ပံနဲ့တောင် အတော်လေး တူနေတယ်ဗျ..။
ဂရမ်မ် ဆောင်းနက်စ် - ကစားသမားတွေကို သုံးသပ်ကြတဲ့နေရာမှာ ပြောင်းရွှေ့ကြေးအပေါ်ကို မူတည်ပြီး ပြောကြတာများပါတယ်..။ ဘင် ချီးဝဲလ် ဆိုရင် စတာလင်ပေါင်သန်း (၅၀) လောက်ပေးပြီး ခေါ်ယူထားတာဆိုတော့ အားလုံးက သူ့ဆီမှာပဲ အာရုံစိုက်နေကြပါတယ်..။ တကယ်တော့ ရိစ် ဂျိမ်းစ် ကလည်း ထိပ်တန်းကစားသမားပဲဗျ..။ အခုဆိုရင် သူ့ရဲ့လျှင်မြန်မှု၊ ဖြတ်တင်ဘောတွေ ပေးပို့မှုနဲ့ ခံစစ်ပိုင်း ကာကွယ်မှုပိုင်းတွေမှာပါ သိသိသာသာ တိုးတက်လာပါပြီ..။ အခုမှအသက် (၂၀) ပဲ ရှိသေးတာဆိုတော့ ဒီထက်ပိုပြီး အများကြီး ကောင်းလာဦးမှာပါ..။ ဒါ့အပြင် စိတ်ဓါတ်ပိုင်းမှာပါ ပိုပြီးမာကျောလာတာကို သဘောကျမိပါတယ်..။
တတိယဂိုးဆိုရင် ရိစ် ဂျိမ်းစ် ကို မက်စ် လိုဝယ် က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရခဲ့တဲ့ ပြစ်ဒဏ်ဘောကနေ ဇိုင်းယက်ချ် က ကန်တင်ခဲ့တာပါ..။ အခုအပေါ်ကပုံမှာ မြင်တွေ့ရတဲ့အတိုင်း ‘သွားစမ်းပါ’ ဆိုပြီး ထီမထင်တဲ့ပုံနဲ့ ဆွဲလှဲလိုက်တာ.. ကျွန်တော်ကတော့ သဘောကျတယ်ဗျ..။
အက်ရှ်လေ ကိုးလ် - ဟုတ်တယ်ဗျ..။ အများကြီးတိုးတက်လာပါတယ်.။ ခံစစ်ပိုင်း 1 vs 1 တစ်ယောက်ချင်း ရင်ဆိုင် ကာကွယ်ပုံတွေမှာ တိုးတက်လာသလို ပိုပြီးလျှင်မြန်လာတယ်..။ အကျဉ်းအကျပ်ထဲမှာ ဘယ်လိုပုံစံ ကစားမယ်ဆိုတဲ့ အမြင်ရှိလာတယ်..၊ ပိုပြီးမာကျောလာတယ်..၊ ချက်ချင်းတုံ့ပြန်လာတယ်..၊ အတက်အဆင်း ပိုပြီးကောင်းမွန်လာတယ်.. စတဲ့ full back တစ်ယောက်မှာ ရှိသင့်တဲ့ အင်္ဂါရပ်တွေ အကုန်တိုးတက်လာပါတယ်..။ အခုဆိုရင် သူဟာအသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ကိုပါ အသင်းကနေ ကန်ထုတ်နိုင်ခဲ့ပါပြီ..။
ဂရမ်မ် ဆောင်းနက်စ် - အခုအချိန် လီဗာပူးလ်နဲ့ ကစားမယ်ဆိုရင် ရော်ဘတ်ဆန် နဲ့ အလက်ဇန်းဒါး တို့ full backs နှစ်ယောက်ကို ဘယ်လိုတားဆီးမလဲ ဆိုတာ ပြင်ဆင်ရပါတယ်..။ အခုခေတ်မှာ full backs နေရာ ကစားတဲ့သူတွေဟာ ခံစစ်ကာကွယ်မှုပိုင်း ကောင်းမွန်တဲ့အပြင် တိုက်စစ်ပိုင်းမှာပါ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရပါတယ်..။ ဒီနေ့ပွဲမှာ ကစားသွားတဲ့ပုံအရ ရိစ် ဂျိမ်းစ် မှာ အဲဒီလို အရည်အချင်းတွေ ရှိနေပါတယ်..။ ဒါ့ကြောင့်အခုလက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံ၊ ညာတောင်ပံ full backs နှစ်ယောက်ရဲ့ အသက်ကိုပဲ ကြည့်လိုက်ပါ.. နောက်ထပ်ဆယ်စုနှစ် တစ်ခုလောက်ကတော့ အေးအေးဆေးဆေးပဲဗျ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ.. အခုအင်္ဂလန်သား ငယ်မွေးခြံပေါက်တွေ ပြီးတဲ့အခါ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားဘက်ကို လှည့်ကြတာပေါ့ရှင့်…။ တီမို ဗာနာ ဟာ အဲဒီကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်..။ သူဟာဆောက်ပ်သမ်တန် အသင်းနဲ့ပွဲကစပြီး နောက်ပိုင်း ကစားခဲ့တဲ့ (၇) ပွဲမှာ (၇) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်တကယ့်ကို ကောင်းမွန်တဲ့ခြေစွမ်း ပြသနေနိုင်ပြီလို့ ပြောနိုင်တာပေါ့…
အက်ရှ်လေ ကိုးလ် - ကျွန်တော်ကတော့ သူ့ရဲ့လုပ်အားနှုန်း၊ သူ့ရဲ့ off the ball ပါးနပ်မှု၊ လျှင်မြန်မှုနဲ့ နောက်ခံလူတွေကို ကျော်ဖြတ်နိုင်စွမ်းကို သဘောကျပါတယ်..။ နောက်ပြီးသူဟာ ဂိုးသွင်းနိုင်မယ့် နေရာမှာ အမြဲတမ်းအသင့်ရှိနေပါတယ်..။ ဒီနေ့ပွဲမှာ သူရရှိခဲ့တဲ့ဂိုးဟာ နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် သူ့ရဲ့ပြေးလမ်းကြောင်းထဲ ရောက်လာခဲ့တာ ဆိုပေမယ့် သူပြေးထွက်သွားခဲ့တာ အရမ်းကိုမြန်တယ်ဗျ..။ အဲဒီဂိုးမတိုင်ခင် အခုလိုအတိအကျ ပြေးထွက်ပြီး အပိုင်ဂိုးတစ်ဂိုးသွင်းခဲ့တာ လွဲချော်ခဲ့ပေမယ့် သူဟာအဆုံးသတ် သေချာတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်အာမခံနိုင်ပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - သူဟာအရမ်းကို လျှင်မြန်ပါတယ်..။ နောက်ပြီးနေရာယူကောင်းမွန်တယ်..၊ ခံစစ်ကြောင်းရဲ့နောက်ကနေ ပြေးထွက်တဲ့နေရာမှာ သိပ်ကိုပါးနပ်ပြီး လျှင်မြန်လှသလို သူ့ဆီက ခင်းပေးတဲ့ ဘောလုံးတွေကလည်း ကောင်းမွန်ပါတယ်..။ အခုကျွန်တော်တို့ ပြောနေကြတာ ဟိုးရှေးခေတ်က ‘တိုက်ပွဲဝင် မြင်းစီးစစ်သည်တော် (cavaliers)’ တွေ လိုပဲဗျ..။ နောက်ဆုံးနှစ်ပွဲမှာ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေကို ကြည့်မယ်ဆိုရင် ဘန်လေအသင်းဟာ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အသင်းဖြစ်ပါတယ်..၊ ရှက်ဖီးလ် ဆိုရင်လည်း အခုလောလောဆယ် အမှတ်ပေးဇယား အောက်ခြေမှာ ရောက်နေပေမယ့် သူ့ရဲ့ခြေစွမ်းက အမှတ်ပေးဇယားအောက်ခြေက အသင်းမျိုး မဟုတ်ပါဘူး..။
ဒီပွဲတွေဟာ အပြာရောင် မြင်းစစ်သည်တော်တွေအတွက် ယုံကြည်မှု ပိုပြီးမြင့်မားလာအောင် ဖြည်းဖြည်းချင်း တည်ဆောက်ရတဲ့ပွဲတွေ ဖြစ်ကြပါတယ်.။ အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ အဲဒီမြင်းစစ်သည်တော်တွေ အပါအဝင် အသင်းသားအာလုံး စိတ်ဓါတ်၊ ခြေစွမ်းအမြင့်ဆုံးကို ရောက်နေပါတယ်..။ ဒီထက်တစ်ဆင့်တက်ပြီး ထိပ်တန်းအသင်းတွေကို စိန်ခေါ်နိုင်ဖို့ပဲ လိုအပ်ပါတော့တယ်..။ ကျွန်တော်တို့ဟာ တီမို ဗာနာ ကို ထိပ်တန်းအသင်းတွေနဲ့ ပွဲကြီးပွဲကောင်းတွေမှာ ဂိုးသွင်းနိုင်တာမျိုးကို မြင်ချင်ပါပြီ..။ ဒါမှမဟုတ် အုပ်စုအဆင့်နောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲအဆင့်မျိုးတွေပေါ့ဗျာ…
ကယ်လီ ကိတ် - ဒါပေမယ့် ရှက်ဖီးလ် ယူနိုက်တက်အသင်းဟာ တစ်ပွဲတည်းမှာ လေးဂိုးပေးလိုက်ရတာ အခုပွဲမှာ ပထမဆုံးအကြိမ်ပါရှင့်….
ဂရမ်မ် ဆောင်းနက်စ် - ဟုတ်ပါတယ်..။ သူတို့ဟာ စိတ်ဓါတ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာပါ အမြင့်ဆုံးကို ရောက်နေပါတယ်..
ကယ်လီ ကိတ် - အခုကျွန်မတို့က ဗာနာ အကြောင်းပြောနေတာပေါ့.. နောက်ပြီး ကိုင် ဟာဗာ့ဇ် ပြန်လာဦးမယ်..၊ ခရစ်စ်တီယန် ပူလီဆစ်.. ရှိနေသေးတယ်..။ အက်ရှ် ရေ.. ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ရှေ့တန်းသုံးယောက်ကို ရွေးထုတ်ပေးပါလား..?
အက်ရှ်လေ ကိုးလ် - ဖရန့် တောင်မှ ဝေေ၀ဝါးဝါး ဖြစ်နေပါလိမ့်မယ်..။ ဒါကလည်း ကောင်းမွန်တဲ့ ဝိဝါဒ ကွဲပြားစရာ (dilemma) ပါ..။ မနှစ်ကဘောလုံးရာသီနဲ့ ဒီနှစ်အစောပိုင်းမှာ ပြသခဲ့တဲ့ ပူလီဆစ် ရဲ့ ခြေစွမ်းဟာလည်း တကယ့်ကို ကောင်းမွန်ပါတယ်.။ အခုဆိုရင် အသင်းမှာ ထိပ်တန်းတိုက်စစ်မှူးတွေ အများကြီးရှိနေတာကြောင့် ဖရန့် တင်မဟုတ်ပါဘူး..၊ ဘယ်သူမဆို ရွေးရတာ ခက်မှာပါပဲ..။ အားလုံးသာ ကြံ့ခိုင်မှုပြည့်နေရင် ဘယ်သူ့ကိုရွေးရမှန်း အတော်လေးကို ဝေခွဲမရ ဖြစ်ပါလိမ့်မယ်..။ နောက်ပြီးကျွန်တော်ဟာ ကွင်းလယ်မှာဆိုရင် မေဆန် ကိုလည်း သဘောကျပါတယ်..။ သူဟာအရည်အသွေးမြင့် ကစားသမားကောင်းတစ်ယောက် ဖြစ်သလို အသင်းအပေါ် ပံ့ပိုးပေးမှု သိပ်ကိုကောင်းပါတယ်..။ သူ့ရဲ့ off the ball လှုပ်ရှားမှုတွေကြောင့် တခြားကစားသမားတွေအတွက် နေရာလွတ်တွေ ပိုပြီးရနိုင်ပါတယ်..။ သူလည်းဖရန့် အတွက် ခေါင်းစားစရာ ပြသနာတစ်ခုပါပဲ..။
ဂရမ်မ် ဆောင်းနက်စ် - မေဆန် ကလည်း ရိစ် ဂျိမ်းစ် နဲ့ တူနေတယ်ဗျ..။ အိမ်မှာကြီးလာတဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်နေလို့ သူ့ကိုဦးစားပေးနေတယ်လို့ ယူဆကြတဲ့သူတွေ ရှိပါတယ်..။ သူဟာတကယ့်ကိုကောင်းတဲ့ ကစားသမားပါ..။ ကျွန်တော့်ရဲ့အသင်းသာဆိုရင် သူ့ကိုကွင်းလယ်မှာ ပွဲထွက်တစ်နေရာ ပေးပြီးသားပဲ..။ တိုက်စစ်မှာတော့ ဇီးယက်ချ် ပေါ့..။ မေဆန် ကတော့ ပွဲကြီးတွေမှာ သူ့ရဲ့ခြေစွမ်းကို ပြသပြီးသား ဖြစ်ပါတယ်..။ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်တဲ့အချိန် ဇိုင်းယက်ချ် ရဲ့ခြေစွမ်းကို မြင်မိချင်ပါသေးတယ်..
အက်ရှ်လေ ကိုးလ် - ချယ်လ်ဆီးပရိသတ်တွေက မေဆန် မောင့် ကို အတော်လေး ဝေဖန်ကြတယ်နော်..
ဂရမ်မ် ဆောင်းနက်စ် - ကြေးကြီးပေးပြီး ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် သူ့ကို ‘ကလေး (baby)’ လိုပဲ မြင်နေကြတာကိုးဗျ.။ သူတို့ကို ထိပ်တန်းကစားသမား တစ်ယောက်လို မြင်ချင်တယ်ဆိုရင် ထိပ်တန်းပြိုင်ပွဲတစ်ခုမှာ ဆုဖလားယူပြနိုင်ဖို့ လိုအပ်ပါတယ်..။ လက်စ်တာ အသင်းလိုပေါ့ဗျာ..
ကယ်လီ ကိတ် - ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဖရန့် လမ်းပတ် ဟာ အသင်းရဲ့ခြေစွမ်းအပေါ် အရမ်းကြီးဝင့်ကြွားမနေပဲ ရိုရိုကျိုးကျိုးပဲ ဖြေကြားသွားပါတယ်..။ အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယား အဆင့် (၃) နေရာကို ရောက်နေပါတယ်..။ အခုခြေစွမ်းအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် ချန်ပီယံဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းထဲမှာ ပါဝင်နိုင်မလားရှင့်..
အက်ရှ်လေ ကိုးလ် - ဂရမ်မ် ရေ.. လုပ်ပြန်ပြီ.. ဒီမေးခွန်း.. ဟားဟား..။ နံပါတ်တစ်.. သူတို့ဆီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ခြေစွမ်းမျိုးရှိတဲ့ ကစားသမားတွေ ရှိနေပါတယ်..။ ဒါပေမယ့် ပြသနာက ဒီတစ်ပါတ် ခြေစွမ်းကောင်း၊ ရလဒ်ကောင်း ထွက်လိုက်တိုင်း ‘ဖြစ်နိုင်တာပေါ့..’၊ ‘ဆုဖလား စိန်ခေါ်နိုင်တာပေါ့..’ လို့ ပြောလိုက်.၊ နောက်တော့ ဘောလုံးဆိုတာ သိတဲ့အတိုင်းပဲလေ.. အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာကိုး..။
ဒါ့ကြောင့်ဒီနေ့ဆိုရင် သူတို့ကစားခဲ့တာ သိပ်ကိုကောင်းပါတယ်..။ ဒါပေမယ့် ဖရန့် ပြောသွားသလိုပါပဲ.. အခုလို တစ်ပွဲကောင်း၊ နှစ်ပွဲကောင်းလောက်နဲ့ ကြွေးကြော်ရတာ ခက်ပါတယ်..။ လာမယ့် International break ပြီးသွားတဲ့အချိန်ကျရင် နယူးကာဆယ် နဲ့ ပွဲဟာ အခုထက်ပိုပြီး ခက်ခဲပါလိမ့်မယ်..၊ အဲဒီပွဲမှာ မနိုင်ခဲ့ရင် ဝိုင်းဆဲကြပါဦးမယ်.။ ဒါ့ကြောင့်အနာဂတ်ကို ခန့်မှန်းတဲ့နေရာမှာ ကျွန်တော်တို့လည်း အရမ်းဂရုစိုက်ရပါတယ်..။ ဒါပေမယ့်အခုလောလောဆယ် သူတို့အသင်းရဲ့ အနေအထား၊ တိုးတက်လာတဲ့ ပြောင်းလဲမှုတွေအရ ဆုဖလားကို စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - ထိပ်ဆုံးလေးသင်းထဲတော့ သေချာပေါက် ဝင်ပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်ထိ လီဗာပူးလ် နဲ့ မန်ချက်စတာ စီးတီး အသင်းတွေထက် အားနည်းနေတုန်းပဲလို့ ကျွန်တော်ယူဆပါတယ်..။ အခုအချိန်မှာတော့ မန်ဒီ၊ ဆေးလ်ဗား တို့ဟာ အသင်းခံစစ်ကြောင်းရဲ့ မျှော်လင့်ချက်လို့ ယူဆနေကြပါတယ်..။ လာမယ့် ၂၀၂၁ နှစ်ဆန်းတဲ့အချိန်ကျရင် သူတို့တွေရဲ့ ခြေစွမ်းနဲ့ ပံ့ပိုးပေးနိုင်မှုဟာ အခုလိုပဲလား.. ဆိုတာ စောင့်ကြည့်ရပါဦးမယ်..။ နောက်ပြီးထိပ်တန်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲရလဒ်တွေကို ကြည့်ရပါဦးမယ်..။
ကျွန်တော်ကတော့ နောက်လာမယ့် အပြောင်းအရွှေ့ကျရင် ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူးတစ်ယောက် ထပ်ပြီးခေါ်ယူလိမ့်မယ်လို့ ထင်ပါတယ်..။ နောက်ပြီးဂိုးသမားပေါ့.. သူဟာကောင်းမွန်တဲ့ ဂိုးသမားဆိုပေမယ့် ကျွန်တော်တို့ဟာ အပါတ်စဉ် ဒီထိုင်ခုံမှာထိုင်ပြီး ကစားသမား နှစ်ယောက်၊ သုံးယောက်အကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေသလို ဖြစ်နေပါတယ်..။
အက်ရှ်လေ ကိုးလ် - ခင်ဗျားပြောတာ မှန်ပါတယ်..။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားသစ်တွေ ရောက်ရှိလာတဲ့အခါ သူတို့တွေဆီက အကောင်းဆုံးခြေစွမ်း၊ ဒါမှမဟုတ် သွင်းဂိုးတွေကို မျှော်လင့်ကြပါတယ်.။ ဒါပေမယ့် သူတို့တွေဟာ အသင်းအတွက် အမှန်တကယ် အကျိုးပြနိုင်ပြီလား.. ဆိုတာကို အနိုင်ရလဒ်နဲ့ မထိုက်တန်တဲ့ပွဲတွေမှာ တစ်ယောက်ချင်းခြေစွမ်းနဲ့ အမှတ်ယူပေးခဲ့တာတွေ၊ တစ်ယောက်ချင်းအစွမ်းနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တာတွေ၊ ဒီဇင်ဘာပွဲကျပ် ကာလတွေကို ဘယ်လို ကျော်ဖြတ်မလဲ..၊ ထိပ်တန်းကစားသမားတွေ ဒဏ်ရာပြသနာ ကြုံရတဲ့အခါ.. စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မျိုးမှာ ဘယ်လိုရုန်းထွက် ကျော်လွှားပြမလဲ ဆိုတာ စောင့်ကြည့်ပြီးမှသာ အသင်းရဲ့ချန်ပီယံဆု ခန့်မှန်းသုံးသပ်ချက်ကို ပြောကြားတာ ပိုပြီးနီးစပ် ပါလိမ့်မယ်..