မနေ့ကပြုလုပ်ခဲ့သော ဝက်ဒ်ဖို့ဒ်အသင်းနှင့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြ ဖရန့် လမ်းပတ် က ချယ်လ်ဆီးအသင်းအနေဖြင့် အပြောင်းအရွေ့ရာသီ ကစားသမားခေါ်ယူမှုများတွင် အရပ်အမောင်း မြင့်မားသော ကစားသမားများကို ခေါ်ယူရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်…။
ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် ထောင့်ကန်ဘောများမှ ဂိုးအများဆုံး ပေးရသည့်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်နေပြီး စုစုပေါင်း ထောင့်ကန်ဘော (၁၁၀) ကြိမ်မှ (၉) ဂိုး ခွင့်ပြုခဲ့ရသည်..။ ထို့အပြင် ဗုဒ္ခဟူးနေ့က ဝက်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ရသည့်ပွဲတွင် ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းမှာ ဝက်စ်ဟမ်းအသင်းမှ တိုမက်စ် ဆူချက်ခ် ၏ ခေါင်းတိုက်ချက်မှတဆင့် တစ်ဂိုးခွင့်ပြုခဲ့ရပြီး အဆိုပါ သွင်းဂိုးမတိုင်ခင် တစ်ဂိုးရခဲ့သေးသော်လည်း VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသည်..။
ချယ်လ်ဆီးအသင်းမှာ စနေနေ့ညနေပိုင်းတွင် ဝက်ဒ်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ရဦးမည်ဖြစ်ပြီး ယခုလိုအမြင့်ဘော ရှင်းထုတ်မှုများတွင် အားနည်းချက်များကြောင့် လာမည့်အပြောင်းအရွှေ့ရာသီ၊ ကစားသမားများ ခေါ်ယူရာတွင် အရပ်အမောင်း မြင့်မားသူများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ယခုလိုပြောကြားခဲ့သည်..။
“အခုနှစ်ဘောလုံးရာသီမှာ တည်ကန်ဘောတွေ (set pieces) ကနေ ပေးလိုက်ရတဲ့ ဂိုးတွေကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့အသင်းကို မရောက်ခင် မနှစ်ကဘောလုံးရာသီ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်လည်း set play တွေ ကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့အသင်းဟာ အောက်ဆုံးမှာပါ..၊ နောက်ပြီးတည်ကန်ဘောတွေကနေ ဂိုးသွင်းခွင့်အဖြစ် အသုံးချနိုင်တဲ့နေရာမှာလည်း နောက်ဆုံးမှာပါပဲ..။ ဒါ့ကြောင့်ဒီနှစ်ဘောလုံးရာသီ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ တိုးတက်မှု မရှိလာပါဘူး..။
ကျွန်တော့်ကစားသမားတွေကို ပြောဆိုတဲ့နေရာမှာ ကျွန်တော်တို့ခေတ်က အကြောင်းတွေနဲ့ နှိုင်းယှဉ်ပြောရတာ ကျွန်တော်မကြိုက်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ခေတ်တုန်းက set pieces တွေကို အထူးအလေးထား၊ လေ့ကျင့်ခဲ့တာ မရှိပါဘူး..။ အထူးသဖြင့် ဂျွန် တယ်ရီ၊ ဂယ်ရီ ကာဟေးလ်၊ ဒီဒီယာ ဒရော့ဘာ၊ မိုက်ကယ် ဘောလက်၊ ဘရာနီဆလဗ် အိုင်ဗန်နိုဗစ် တို့လို ကစားသမားတွေ ရှိနေတာကြောင့် သူတို့ကိုသာ ဂိုးဧရိယာထဲ ထည့်ထားလိုက်ရင် ဂိုးမပေးရအောင် ကာကွယ်နိုင်တယ်..၊ ဂိုးတွေလည်း သွင်းပေးနိုင်ပါတယ်..။
အရင်တုန်းက လီဗာပူးလ်အသင်းကိုလည်း set pieces တွေနဲ့ ပတ်သက်ပြီး အထူးဝေဖန်ခဲ့ကြပါတယ်..။ သူတို့လည်း ဇုန်ခံစစ် (zonal marking) နဲ့ပဲ အဓိကခံစစ်ထိုင်ခဲ့ပြီး ဂိုးတွေအများကြီး ပေးခဲ့ရပါတယ်..။ နောက်တော့ ဗာဂျယ် ဗန် ဒိုက်ခ် ရောက်လာခဲ့တယ်..၊ အကုန်လုံးကို သူပဲရှင်းထုတ်နိုင်ခဲ့ပါတယ်..။ ဒါဟာကစားသမား တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ သက်ဆိုင်သလို အဲဒီလို အရပ်အမောင်းမျိုး မရှိခဲ့ဘူးဆိုရင် တစ်ဖက်ပြိုင်ဘက် ကစားသမားကို လွတ်လွတ်လပ်လပ် ခေါင်းတိုက်ခွင့်မရအောင် တတ်နိုင်သမျှ အနှောင့်အယှက် ပေးရမယ်..၊ သူတို့ဂိုးမသွင်းနိုင်အောင် တတ်နိုင်သမျှ တားဆီးရပါမယ်..။
ကျွန်တော်ဟာ ကစားသမားတွေဘက်ကနေ ဆင်ခြေပေးနေတာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ တည်ကန်ဘောတွေ ကာကွယ်တဲ့နေရာမှာ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်သလို လုံလောက်တဲ့ ကြိုးစားအားထုတ်မှု မရှိခဲ့ပါဘူး..။ ဒါ့အပြင် အသင်းရဲ့ကစားသမား အနေအထားကို သုံးသပ်ရာမှာ အရပ်အမောင်း မြင့်မားမှုကို အချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်..။”
သို့သော်နည်းပြ ဖရန့် လမ်းပတ် မှာ ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် လက်စွမ်းမပြနိုင်ပဲ ဝေဖန်ခံနေခဲ့ရသည့် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ၏ အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆန်ခဲ့သည်..။
“ရာသီကုန်ချိန်ကျရင် ဘာတွေလုပ်မယ်ဆိုတဲ့အပေါ် ကျွန်တော်ဘာမှ မပြောချင်ပါဘူး..။ ဒါ့အပြင် ကက်ပါ နဲံ့ ပတ်သက်ပြီး အရင်ကလည်း အများကြီးပြောခဲ့ပြီးပါပြီ..။ သူ့အနေနဲ့ ပွဲကိုချဉ်းကပ်တဲ့နေရာမှာ မှန်ကန်တဲ့စိတ်ဓါတ်၊ အာရုံစူးစိုက်မှုအပြည့် ထားရှိဖို့ပဲ မှာကြားခဲ့ပါတယ်..။ လက်ရှိသူ့ရဲ့လက်စွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ပါတယ်..။”