ပုံမှန်အားဖြင့် ၂၀၂၀/၂၁ ဘောလုံးရာသီမှာ ဇူလိုင်လ (၁) ရက်နေ့တွင် စတင်မည်ဖြစ်သောကြောင့် ချယ်လ်ဆီးလူငယ်အကယ်ဒမီမှာ နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့နေရာအနှံ့မှ လူငယ်သွေးသစ်များကို ထပ်မံခေါ်ယူအားဖြည့်ခဲ့သည်..။ ချယ်လ်ဆီးလူငယ် အကယ်ဒမီသို့ ရောက်ရှိလာခဲ့သည့် လူငယ်ကစားသမားများမှာ နည်းပြ အက်ဒ် ဘရန်း ကိုင်တွယ်နေသည့် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းတွင် ပါဝင်ရပါမည်..။ ၂၀၁၉/၂၀ ဘောလုံးရာသီမှာ ကိုဗစ်ရောဂါ ပျံ့နှံ့မှုကြောင့် ပြိုင်ပွဲများကို ရပ်တန့်လိုက်ချိန်တွင် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှာ FA လူငယ်ဖလား၊ အကြိုဗိုလ်လုပွဲအဆင့်နှင့် လူငယ်ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် တစ်ပွဲလျော့ တတိယနေရာဖြင့် အဆုံးသတ်ခဲ့ရသည်..။
ဘောလုံးရာသီအသစ် စတင်ချိန်တွင် အသက် (၁၇) နှစ်အောက် လူငယ်ကစားသမားတိုင်းမှာ အသင်းနှင့် ပညာသင်စာချုုပ် (Scholarship Agreement) ချုပ်ဆိုရမည်ဖြစ်ပြီး အသက် (၁၇) နှစ်ပြည့်ပြီးမှ အသင်းနှင့် ကစားသမားစာချုပ် (Professional Contract) ချုပ်ဆိုနိုင်မည်ဖြစ်သည်..။ ထို့ကြောင့် ယခုနှစ် လူငယ်အသင်းတွင် မနှစ်က လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနှင့် (၁၃) ပွဲစီ ကစားခွင့်ရရှိခဲ့သည့် ကွင်းလယ်ကစားသမား ဟာဗေး ဗေးလ် နှင့် ချာလီ ဝက်ဘ်စကာ တို့ အပါအဝင် အသက် (၁၇) နှစ်အောက် ကစားသမား (၄) ဦး ပြန်လည်ပါဝင်လာခဲ့သည်..။
ဒေသအသီးသီးမှ ရောက်ရှိလာသော လူငယ်ကစားသမားများအနေဖြင့် ချယ်လ်ဆီးလူငယ် အကယ်ဒမီ တည်ရှိရာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ယခင်အပါတ်အတွင်းက စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်..။ ယခုနစ်ဘောလုံးရာသီအတွက် ဒေသအသီးသီးမှ ခေါ်ယူခဲ့သည့် လူငယ်ကစားသမားသစ် (၁၄) ယောက်အကြောင်းကို ချယ်လ်ဆီးအသင်း လူငယ်ဖွံ့ဖြိုးရေးအစီအစဉ် လက်ထောက်ကြီးကြပ်ရေးမှူး (Assistant Head of Youth Development) ဂျင် ဖရေဇာ က ပြောပြခဲ့သည်..။
ဂျူဒီ ဆွမ်းဆပ်-ဘဲလ်
ဆွင်ဒန်အသင်း အကယ်ဒမီထွက် လူငယ်ကစားသမား ဂျူဒီ မှာ ချယ်လ်ဆီးအသင်းကို အသက် (၁၂) နှစ်တွင် ရောက်ရှိလာခဲ့သည်..။ ယခင်ကကွင်းလယ်ကစားသမား တစ်ယောက် ဖြစ်သော်လည်း ရှေ့တန်းတိုက်စစ်မှုးအဖြစ် ပြောင်းလဲကစားခဲ့သည်..။ ထို့အပြင်ဂျူဒီ မှာ အင်္ဂလန်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းအတွက်လည်း ရွေးချယ်ခံထားရပြီး ဘောလုံးပြင်ပ ပညာရေးအဖြစ် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် အချိန်ပြည့်ကျောင်းသားအဖြစ်လည်း ပညာသင်ကြားလျှက်ရှိသည်..။
ဒဲရစ်ခ် အဘူး
တိုက်စစ်အားသန် နောက်ခံအစွန်လူတစ်ယောက်ဖြစ်သည့် ဒဲရစ်ခ် အား ချယ်လ်ဆီးအသင်း ကင်းထောက်များက အသက် (၁၁) နှစ်အောက် အသင်းအတွက် ခေါ်ယူခဲ့သည်..။ ကြိုးစားအားထုတ်မှု ကောင်းမွန်ပြီး ခံယူချက်ကောင်းမွန်သည့်အပြင် အသင်းသားများကို ဦးဆောင်နိုင်သူဖြစ်ကြောင်း သိရသည်..။ ဒဲရစ်ခ် မှာလည်း ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် အချိန်ပြည့်ကျောင်းသားအဖြစ် ပညာသင်ကြားလျှက်ရှိသည်..။
ကီလက်ချီ ချီဘူးဇီ
ချီဘူးဇီ မှာ ချယ်လ်ဆီးအသင်းသို့ အသက် (၈) နှစ်အောက်အသင်းအတွက် စတင်ရောက်ရှိလာခဲ့သူဖြစ်သည်..။ ပင်ကိုယ်ပါရမီ ထူးချွန်သူတစ်ယောက်ဖြစ်ပြိး သူ၏အစ်ကိုဖြစ်သူမှာလည်း ချယ်လ်ဆီးအကယ်ဒမီတွင် ပညာသင်ကြားလျှက်ရှိသည်..။ ချီဘူဖီ မှာ သွက်လက်ပေါ့ပါးပြီး တုံ့ပြန်မှုကောင်းမွန်သည်..၊ ခံစစ်ကြောင်းကို ဦးဆောင်နိုင်သူလည်း ဖြစ်သည်ဟု သိရသည်..။
အယ်လ်ဖီ ဂီးလ်ခရစ်
ဂီးလ်ခရစ် မှာ ချယ်လ်ဆီးလူငယ် (အသက် ၁၁ နှစ်အောက်) အသင်းသို့ ကျူပီအာအသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်..။ ညာခြေသန်သည့် ဗဟိုနောက်ခံလူတစ်ဦးဖြစ်ပြီး သူ၏မိသားစုဝင်များမှာလည်း ချယ်လ်ဆီးအသင်း အမာခံပရိသတ်များ ဖြစ်ကြသည်..။ ဗဟိုနောက်ခံလူအဖြစ် သုံးယောက်တန်း၊ လေးယောက်တန်း ခံစစ်ကြောင်းများကို ပိုင်နိုင်စွာ ကစားနိုင်သူဟု သိရသည်..။
ဂျော့ရှ် တိုဘင်
ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်သည့် ဂျော့ရှ် အား ချယ်လ်ဆီးအသင်း ကင်းထောက်များက အသက် (၁၃) နှစ်အောက် အသင်းအတွက် ခေါ်ယူခဲ့သည်..။ ဘောလုံးဖျက်ထုတ်မှုကောင်းမွန်ပြီး ကွင်းလယ်ခံစစ် ကစားရာတွင် ထူးချွန်သူဖြစ်သည်..။ နိုင်ပွဲဆာလောင်စိတ် ပြင်းထန်ပြီး အသင်းသားများကို ဦးဆောင်မောင်းနှင်နိုင်သူလည်းဖြစ်သည်..။
ဟာဗီး ဗေးလ်
နေရာစုံ ကစားနိုင်သည့် ဟာဗီး ဗေးလ် မှာ ချယ်လ်ဆီးလူငယ် (အသက် ၁၃ နှစ်အောက်) အသင်းသို့ ဖူးလ်ဟမ်းလူငယ် အသင်းမှ ပြောင်းရွှေ့လာခဲ့သည်..။ ကွင်းလယ်တွင် နေရာစုံကစားနိုင်ရုံသာမက တောင်ပံတိုက်စစ် ကစားသမားအဖြစ်ပါ တာဝန်ယူနိုင်သူဖြစ်သည်..။ မနှစ်ကဘောလုံးရာသီ လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းပွဲစဉ်များတွင် ခြေစွမ်းပြပြီး ဂိုးပေါင်း (၂၀) ကျော် သွင်းယူနိုင်ခဲ့သောကြောင့် အင်္ဂလန်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းအတွက် ရွေးချယ်ခံခဲ့ရသည်..။ ထို့အပြင် မနှစ်ကဘောလုံးရာသီ၊ လူငယ်ပရီးမီးယားလိဂ် (အသက် ၁၈ နှစ်အောက်) ပြိုင်ပွဲတွင် (၉) ပွဲကစား၊ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်.။
ပရင့်စ် အက်ဒီဂုတ်ခ်
ပရင့်စ် မှာ လူငယ်အကယ်ဒမီသို့ အသက် (၁၃) နှစ်အောက် အသင်းအတွက် စတင်ရောက်ရှိလာသူဖြစ်သည်..။ အရပ်အမောင်း မြင့်မားပြီး ခန္စာကိုယ် ထွားကြိုင်းသူတစ်ဦးဖြစ်သည်..။ မနှစ်ကဘောလုံးရာသီတွင် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနှင့် ပါဝင်ခွင့်ရခဲ့သူလည်းဖြစ်သည်..။ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် အချိန်ပြည့်ကျောင်းသားအဖြစ်လည်း ပညာသင်ကြားလျှက်ရှိသည်..။
ဆီလ်ကို သောမတ်စ်
ဆီကို သောမတ်စ် မှာ လူငယ်အကယ်ဒမီသို့ အသက် (၁၀) နှစ်အောက် အသင်းအတွက် စတင်ရောက်ရှိလာသူဖြစ်သည်..။ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားဖြစ်ပြီး ဘယ်၊ ညာတောင်ပံ တိုက်စစ်မှူးအဖြစ် ကစားနိုင်သူလည်းဖြစ်သည်..။ လျှင်မြန်မှုကောင်းမွန်ပြီး ဘောလုံးပညာထူးချွန်သူဖြစ်သည်..။ ဂိုးသွင်းနိုင်၊ ဂိုးဖန်တီးပေးပို့မှု ကောင်းမွန်သူဖြစ်သည်..။
အဲလက်စ် ကေပါပီ
အဲလက်စ် မှာ လူငယ်အကယ်ဒမီသို့ အသက် (၁၄) နှစ်အောက် အသင်းအတွက် စတင်ရောက်ရှိလာသူဖြစ်သည်..။ ခန္စာကိုယ် ကြံ့ခိုင်သန်မာပြီး လျှင်မြန်မှုကောင်းမွန်သည့် ခံစစ်အားသန် ကစာသမားတစ်ဦးဖြစ်သည်..။ ဗဟိုနောက်ခံလူအပြင် ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူဖြစ်သည်.။
လုခ် ဘရက်ဒ်လေ-မော်ဂန်
ဘောလုံးနှင့်အတူ တိုက်စစ်ကိုလိုက်ပါနိုင်သည့် ဗဟိုနောက်ခံလူဖြစ်သည်..။ ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး အင်္ဂလန်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းတွင် ရွေးချယ်ခံထားရသူလည်းဖြစ်သည်..။ ချယ်လ်ဆီးအသင်းသို့ အသက် (၁၃) နှစ်အောက် လူငယ်အသင်းအတွက် ရောက်ရှိလာခဲ့ပြီး အချိန်ပြည့်ကျောင်းသားအဖြစ်လည်း ပညာသင်ကြားလျှက်ရှိသည်..။ မနှစ်ဘောလုံးရာသီတွင် လူငယ် (အသက် ၁၈ နှစ်အောက် အသင်းနှင့် နှစ်ပွဲကစားခွင့်ရခဲ့သည်..။
ချာလီ ဝက်ဘ်စတာ
ချာလီ ဝက်ဘ်စတာ မှာ ချယ်လ်ဆီးလူငယ်အကယ်ဒမီသို့ အသက် (၁၀) နှစ်အောက် အသင်းအတွက် ရောက်ရှိလာခဲ့ပြီး ပင်ကိုယ်ပါရမီ ထူးချွန်သည့် ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်သည်..။ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီတွင် အချိန်ပြည့်ကျောင်းသားအဖြစ် ပညာသင်ကြားလျှက်ရှိပြီး အင်္ဂလန်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းတွင်လည်း ရွေးချယ်ခံထားရသူဖြစ်သည်..။ ချာလီ ဝက်ဘ်စတာ မှာ ကွင်းလယ်တွင် နေရာစုံ ကစားနိုင်ပြီး မနှစ်ကဘောလုံးရာသီတွင် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနှင့် လေးပွဲကစားခွင့်ရရှိထားသည်..။
အက်ဒ်ဝင် အန်ဒါဆင်
အက်ဒ်ဝင် မှာ ဆွီဒင်နိုင်ငံ IFK ဂိုသင်ဘတ်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ဘယ်တောင်ပံ ကစားသမားဖြစ်သည်..။ ဘောလုံးပညာ ထူးချွန်သူဖြစ်သလို အရှိန်နှင့်ကျော်ဖြတ်ခြင်း၊ တစ်ဦးချင်း လိမ်ခေါက် ကျော်ဖြတ်ခြင်းများ ပြုလုပ်နိုင်သူဖြစ်သလို ဂိုးဖန်တီးမှု၊ ဂိုးသွင်းအဆုံးသတ်မှု ကောင်းမွန်သူဖြစ်သည်..။ ဆွီဒင်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းအတွက်လည်း ရွေးချယ်ခံထားရသူဖြစ်သည်..။
မာလစ်ခ် မားသားဆီးလ်
ချယ်လ်ဆီးအသင်းမှာ မာလစ်ခ် အား လေတန် အိုးရီးယန့် အသင်းမှ ခေါ်ယူခဲ့သည်..။ ခန္ခာကိုယ် ကြံ့ခိုင်မှုကောင်းမွန်ပြီး တိုက်စစ်တွင် နေရာစုံကစားနိုင်သူလည်းဖြစ်သည်..။ ဂိုးသွင်းအဆုံးသတ်ပိုင်း သေသပ်သူလည်းဖြစ်သည်..။
ဂျီမီ တော်ရီယားအင်းနန်
ဂျီမီ မှာ ဖင်လန်လူငယ် (အသက် ၁၆ နှစ်အောက်) လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး Helsingin Jalkapalloklubi အသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်..။ ဘယ်ခြေအားသန်သည့် တောင်ပံတိုက်စစ်မှူး ဖြစ်သော်လည်း ညာတောင်ပံတွင် နေရာယူတိုက်စစ်ဆင်ရသည်ကို ပိုမိုနှစ်ခြိုက်သူဖြစ်သည်..။ ဂျီမီ မှာ လူငယ် (အသက် ၁၈ နှစ်အောာက်) အသင်းသို့ လာမည့်နွေရာသီတွင် လာရောက်ပူးပေါင်းပါမည်..။