ချယ်လ်ဆီးအသင်းမှာ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘေယာ လေဗာကူဆင်အသင်းမှ ဂျာမနီကစားသမား ကိုင် ဟားဗာ့ဇ် အား ခေါ်ယူနိုင်ရန် ရေပန်းစားနေသော်လည်း ဘေယာ လေဗာကူဆင်အသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးယူရိုသန်း (၉၀) အား ပေးချေရန်ဆန္ဒမရှိကြောင်း Sky Sports Germany သတင်းထောက် Kaveh Solhekol က ဖော်ပြခဲ့သည်..။
ဥရောပအသင်းကြီးများက စိတ်ဝင်စားနေသည့် အသက် (၂၁) နှစ်အရွယ် ကစားသမားမှာ လေဗာကူဆင်အသင်းမှ ထွက်ခွာလိုကြောင်း အသိပေးထားသလို လေဗာကူဆင် အသင်းကလည်း ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိပါက ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်..။ ဟားဗာ့ဇ် မှာ လေဗာကူဆင် အသင်းနှင့် စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသော်လည်း လေဗာကူဆင်အသင်းမှာ နောက်နှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့သည်..။
လေဗာကူဆင်အသင်းက ဟားဗာ့ဇ် အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀) တန်ကြေး သတ်မှတ်ထားသော်လည်း ကစားသမား၏ ကိုယ်စားလှယ်များကမူ ကစားသမားနှင့် သဘောတူညီမှု ရရှိစေရန် အပိုဆုကြေး ပမာဏကို ညှိနှိုင်းနိုင်ပါက နှစ်ဦးနှစ်ဘက် ကျေနပ်နိုင်မည့် အပြောင်းအရွှေ့ ဖြစ်လာနိုင်မည်ဟု မျှော်လင့်နေကြသည်..။
ချယ်လ်ဆီးအသင်းမှာ လာမည့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်လျှက်ရှိပြီး ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ နှင့် အိုင်းယက်စ်အသင်းမှ ကွင်းလယ်ဖန်တီးရှင် ဟာကင် ဇိုင်းယက်ချ် တို့ကို ခေါ်ယူထားနိုင်ပြီးဖြစ်သည်..။ ထို့အပြင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားများ၏ တန်ကြေးများ ကျဆင်းလာလိမ့်မည်ဟု အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် က ယုံကြည်လျှက်ရှိသည်..။
အခြားဥရောပထိပ်သီးအသင်းများဖြစ်သည့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာနှင့် ဘေယန် မြူးနစ်အသင်းတို့မှာ ဟားဗာ့ဇ် အား ခေါ်ယူလိုကြသော်လည်း အသင်းရှိကစားသမားများကို ရောင်းချခြင်းမရှိပဲ ဘေယာ လေဗာကူဆင် အသင်းက တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်စွမ်းမရှိ ဖြစ်နေခဲ့သည်..။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဟားဗာ့ဇ် အား စိတ်ဝင်စားခဲ့သေးသော်လည်း ဘိုရုရှား ဒေါ့မွန်အသင်းမှ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဂျေဒွန် ဆန်ချို အား ပထမဦးစားပေး ခေါ်ယူလိုနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။