ချယ်လ်ဆီးအသင်းမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ အား ခေါ်ယူခဲ့ပြီးနောက် ဘေယာ လေဗာကူဆင်အသင်းမှ လူငယ်တိုက်စစ်မှူး ကိုင် ဟားဗာ့ဇ် အား ထပ်မံခေါ်ယူမည်ဟူသော သတင်းများထွက်ပေါ်လျှက်ရှိသည်..။
လေဗာကူဆင်အသင်းမှာ ဟားဗာ့ဇ် အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀) ခန့် အလိုရှိနေသော်လည်း ယခုအချိန်ထိ မည်သည့်အသင်းကမှ တရားဝင်ကမ်းလှမ်းလာခြင်းမရှိသေးကြောင်း သိရသည်..။ ချယ်လ်ဆီးအသင်း နောက်ခံလူ အန်တိုနီယို ရူဒီဂါ မှာ အသက် (၂၁) နှစ်သား လူငယ်တိုက်စစ်မှူးအား ဂျာမနီလက်ရွေးစင်အသင်းတွင် အတူတကွ ကစားခဲ့စဉ်က ရင်းနှီးခဲ့ပြီး ဟားဗာ့ဇ် နှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် Goal သတင်းဌာနက မေးမြန်းခဲ့ရာ ရူဒီဂါ က ယခုလို ဖြေကြားခဲ့သည်...။
“ဟုတ်လားဗျ..? သူကကျွန်တော်တို့ (ချယ်လ်ဆီး) အသင်းနဲ့ ချိတ်ဆက်နေတာလား..? (ရယ်မောလျှက်) သူဟာပင်ကိုယ်ပါရမီ အရမ်းထူးချွန်ပြီး အခုဘောလုံးရာသီမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်.။ ဒါ့အပြင်အသက်လည်း အရမ်းငယ်သေးတာကြောင့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ.. စောင့်ကြည့်ရပါမယ်..”
ဆိုရှယ်မီဒီယာထက်တွင် ‘အေးဂျင့် ရူဒီဂါ’ ဟု အမည်တွင်ပြီး နာမည်ကြီးနေခဲ့သည့်အပေါ် သူကယခုလိုဖြေကြားခဲ့သည်..။
“ကျွန်တော့်သူငယ်ချင်းတွေက ‘မင်း… အဲဒီလို နာမည်ကြီးနေပြီ’ ဆိုပြီး ပြောပြကြပါတယ်..။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့သူငယ်ချင်းကို ကူညီပေးနိုင်ဖို့ပဲ ကြိုးစားတာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ တီမို နဲ့ ကျွန်တော်ဟာ အတူတူတွဲပြီး ဘယ်လိုကစားလို့ရတယ်ဆိုတာ အားလုံးက သိထားတဲ့အတွက်ကြောင့်ပါပဲ..။ ကျွန်တော်တို့ကြားမှာ အလွန်ရင်းနှီးတဲ့ ခင်မင်ရင်းနှီးမှုတွေ ရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဘက်က လုပ်သင့်တဲ့အရာတစ်ခုကို ပြုလုပ်လိုက်တာပါ..။
Lockdown အချိန်အတွင်းမှာ ကျွန်တော်တို့ချင်း အများကြီးစကားတွေ ပြောဖြစ်ခဲ့ကြသလို တီမို နဲ့ ကျွန်တော်ဟာ လက်ရွေးစင်အသင်း၊ စတူးဂတ်အသင်းတွေမှာကတည်းက ရင်းနှီးခဲ့ကြတာပါ..။ သူ့ရဲ့ကစားသမားဘ၀ အခုလိုတိုးတက်ခဲ့တာ ကျေနပ်စရာပါပဲ..။ သူဟာတစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းလာသလို ဂိုးတွေလည်း ပိုပြီးသွင်းယူနိုင်..၊ ဂိုးတွေဖန်တီးပေးနိုင်လာပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ သူလည်းကျွန်တော့်လို ဂျာမနီနိုင်ငံကို စွန့်ခွာပြီး အင်္ဂလန်မှာ ခြေချနိုင်ခဲ့တာကြောင့် အရမ်းဝမ်းသာ၊ ကျေနပ်မိပါတယ်..။
နောက်ပြီးကိုယ့်အသင်းမှာ သူ့လိုကစားသမားမျိုး ရောက်ရှိလာတာ အရမ်းကိုကောင်းပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအသက်ငယ်ရွယ်သေးပေမယ့် ဂိုးတွေသွင်းယူပေးနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပြီး ဖြစ်လို့ပါပဲ..။ အခုဒီကိုရောက်လာတဲ့အချိန် ဂျာမနီတုန်းကအတိုင်း စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။
ဒါ့အပြင် တီမို ကို ဒီကိုရောက်လာဖို့ ဆွဲဆောင်ခဲ့တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်..၊ ဒါ့ကြောင့်ဆက်ပြီး သူ့ကိုဒီမှာအထိုင်ကျဖို့ ကူညီပေးရဦးမှာပါ..။ ကျွန်တော်တို့ချင်း ဂျာမန်လို ပြောနိုင်တာ တစ်ပန်းသာတယ်ဆိုပေမယ့် သူ့ရဲ့အင်္ဂလိပ်စကားပြော အရမ်းကိုကောင်းပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အားလုံး၊ ကျွန်တော်တို့တစ်သင်းလုံးက သူ့ကိုအကောင်းဆုံး ကူညီသွားကြမှာပါ..။”