လက်စ်တာ စီးတီးအသင်းမှ အသက် (၂၃) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် မှာ ချယ်လ်ဆီးအသင်းသို့ ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း မနေ့ကအတည်ပြု ကြေငြာခဲ့သည်..။ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ပြုလုပ်ခဲ့သော ချယ်လ်ဆီးအသင်းနှင့် လက်မှတ်ရေးထိုးမှုအပြီးတွင် ဘင် ချီးဝဲလ် က ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး လန်ဒန်မြို့ခံအသင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်းအကြောင်းရင်းများကို ယခုလိုပြောပြခဲ့သည်..။
မေး - ဘင် ရေ..၊ ပထမဆုံးအနေနဲ့ အခုလို ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားမိပါသလဲ..?
“လက်စ်တာ လူငယ်အသင်းမှာ ကျွန်တော်ရှိစဉ်တုန်းက ဒီကိုပထမဆုံးအကြိမ် ရောက်ဖူးခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်တော်ဟာ အသက် (၁၂) နှစ်၊ (၁၃) နှစ်လောက်ပဲ ရှိပါဦးမယ်..။ wow..! တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပဲဆိုပြီး ခံစားမိခဲ့တာကို အခုအချိန်ထိ မှတ်မိနေပါသေးတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ထိပ်တန်းအသင်းတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီဆိုတော့ အထူးကျေနပ်မိတယ်လို့ပဲ ပြောရမှာပါ..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ…။
ဒါပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းအထိ ကျွန်တော်ဟာ လက်စ်တာ အသင်းမှာပဲ ရှိနေသေးတာကြောင့် ကျွန်တော့်ရဲ့အသင်းဟောင်းမှာ ရှိခဲ့တဲ့သူငယ်ချင်းတွေ၊ အသင်းဖော်ဟောင်းတွေကို လေးစားတဲ့အနေနဲ့ နောက်ဆုံးအချိန်ထိ အသင်းအတွက် အာရုံစိုက်၊ အကောင်းဆုံးကြိုးစား ပေးဆပ်ခဲ့ပါတယ်..။”
မေး - ခင်ဗျားဟာ လက်စ်တာအသင်းမှာ နှစ်ပေါင်းများစွာ ကြီးပြင်းလာခဲ့တာပါ..။ ဒါ့ကြောင့်အခုလိုဆုံးဖြတ်ချက် ချမှတ်ဖြစ်ဖို့ တွန်းအားပေးခဲ့တဲ့ အကြောင်းရင်းတွေကို ပြောပြနိုင်မလား..?
“ဟုတ်ပါတယ်..။ အသက် (၁၁) နှစ်လောက်ကတည်းက ရောက်ခဲ့တဲ့ ကိုယ့်ရဲ့အိမ်လို ဖြစ်နေခဲ့တဲ့ လက်စ်တာအသင်း၊ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေကို စွန့်ခွာခဲ့ရတယ်ဆိုတာ တကယ့်ကို ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ..။ ဒါပေမယ့် ကျွန်တော့်ဘ၀ အနာဂတ်လမ်းကြောင်းအတွက် စဉ်းစားရတဲ့အပြင် ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်ဆိုတဲ့ အချက်တွေကြောင်း ကျွန်တော့်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဟာ အရမ်းကြီးမခက်ခဲတော့ပါဘူး..။”
မေး - ချယ်လ်ဆီအသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်မှာ ဖရန့် လမ်းပတ် ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ အရေးပါခဲ့လဲဗျ..?
“သိပ်ကိုအရေးပါခဲ့တာပေါ့ဗျာ..။ ကစားသမားတိုင်းဟာ ထိပ်တန်းအသင်းတွေမှာ ကစားချင်ကြတာ မထူးဆန်းပါဘူး..။ ကျွန်တော်လည်း အဲဒီလိုပါပဲ..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှုမရခင် ဖရန့် နဲ့ စကားပြောခဲ့တဲ့အချိန်မှာ ကျွန်တော့်ရဲ့စိတ် လုံးဝပြောင်းလဲသွားခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ကျွန်တော်ဒီကို အရမ်းလာချင်ခဲ့ပါတယ်..။
သူလိုချင်တဲ့ ကစားကွက်ပုံစံနဲ့ ကျွန်တော်ဟာ သူ့ရဲ့ကစားကွက်မှာ ဘယ်လိုအံဝင်နိုင်မယ်ဆိုတာ အကောင်းဆုံး ရှင်းပြနိုင်ခဲ့ပါတယ်..။ အခုလိုမန်နေဂျာနဲ့ နားလည်မှု၊ ယုံကြည်မှုကောင်း တည်ဆောက်နိုင်ဖို့ အရမ်းကိုအရေးကြီးသလို ဖရန့် ဟာ ဘယ်အကြောင်းအရာမဆို တိုင်ပင်လို့ရတဲ့သူတစ်ယောက်..၊ လူငယ်တွေကို အရေးပေးတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။
ဖရန့် ဟာ ထိုက်တန်တဲ့ခြေစွမ်းသာ ပြနိုင်ရင် လူငယ်လေးတွေကို အမှန်တကယ် ထည့်သွင်းကစားခဲ့ပါတယ်..။ ကျွန်တော်ဟာလည်း သူနဲ့ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးကို လာရောက်လိုစိတ် ဖြစ်ပေါ်လာတဲ့အပြင် ဖရန့် နဲ့ လက်တွဲရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ဖရန့် နဲ့ ဆွေးနွေးခဲ့ခြင်းဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိဖို့ ကြီးမားတဲ့တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းက ကစားသမားတစ်ချို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား မဟုတ်ဘူးလားဗျ…
“Yes..၊ ဒါကလည်း နောက်တစ်ချက်ပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းက ကစားသမားအတော်များများနဲ့လည်း ရင်းနှီးပြီးသားပါ..၊ ဒါ့ကြောင့်လည်း ဒီကိုအရမ်းလာချင်ခဲ့တာပေါ့..။ အင်္ဂလန်လက်ရွေးစင် အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေမှာ ချယ်လ်ဆီးအသင်းရဲ့အကြောင်း၊ မန်နေဂျာရဲ့အကြောင်း သူတို့ဆီက အမြဲတမ်းကြားခဲ့ရပါတယ်..။ သူတို့ကလည်း အသင်းနဲ့ပတ်သက်ရင် ကောင်းတဲ့သတင်းတွေကိုပဲ ပြောပြကြပါတယ်..။ အဲဒီအချက်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ပိုပြီးမြန်ဆန်စေခဲ့ပါတယ်..။
အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့တဲ့အခါမှာ ကိုယ်နဲ့ရင်းနှီးပြီးသား ကစားသမားတွေအများကြီး ရှိနေခဲ့တယ်..၊ ခြေစွမ်းထက်မြက်တဲ့ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေခဲ့တယ် ဆိုတဲ့အချက်တွေဟာ ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုပါ.။ ဒါ့ကြောင့်ကျွန်တော်ဟာ သူတို့နဲ့အတူလက်တွဲပြီး နောက်လာမယ့်ရာသီသစ် စတင်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”
မေး - ခင်ဗျားဟာ လူငယ်ကစားသမားဘဝမှာ ဖရန့် လမ်းပတ် တို့ခေတ်က ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို အများကြီးကြည့်ခဲ့ရမှာပဲနော်..
“သေချာတာပေါ့ဗျာ.။ ကစားသမားတစ်ယောက်အတွက် ကိုယ့်ရဲ့မန်နေဂျာကိုယ်တိုင်က ကစားသမားကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. ဆိုတဲ့အချက်ဟာ အရမ်းကိုအရေးကြီးပါတယ်..။ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းအတွက်သာမက အင်္ဂလန်ဘောလုံးလောကအတွက်ပါ တကယ့်ကို ကြီးကျယ်ခမ်းနားခဲ့တဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူနဲ့လက်တွဲခွင့် ရခဲ့တဲ့အချိန်ကစပြီး ကျွန်တော့်ကို အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်မယ်..၊ ကျွန်တော့်ရဲ့ကစားသမားဘဝကို သူတို့လို ကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်လာအောင် ကူညီမြှင့်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”
မေး - အက်ရှ်လေ ကိုးလ် ကလည်း ခင်ဗျားအပေါ် အထူးမျှော်လင့်ထားတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ အထူးအောင်မြင်ခဲ့တဲ့ သူ့လိုဂန္တဝင်ကစားသမား တစ်ယောက်ရဲ့ခြေရာကို ဆက်ခံခွင့်ရခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားမိလဲဗျ..?
“ဟုတ်ကဲ့ပါ..။ ကျွန်တော်ရောက်လာမယ့်အသင်းမှာ ကိုယ့်အတွက် အခုလိုစံပြုရမယ့်သတ်မှတ်ချက် (bench mark) တစ်ခုရှိနေခဲ့တာ အရမ်းကိုကောင်းပါတယ်..။ ကျွန်တော်လည်း ငယ်စဉ်ကတည်းက အက်ရှ်လေ ကိုးလ် ရဲ့ ကစားပုံကို ကြည့်ရှုရင်း ကြီးပြင်းခဲ့တာဆိုတော့ သူ့ရဲ့အရှိန်အဝါနဲ့ ကြီးကျယ်ခမ်းနားမှုုတွေကို သိရှိပြီးသား ဖြစ်ပါတယ်..။ အဲဒီအချက်ကလည်း ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ အခုမှအသက် (၂၃) နှစ်ပဲ ရှိနေသေးတာဆိုတော့ အက်ရှ်လေ ကိုးလ် လို အောင်မြင်ခဲ့တဲ့ ကစားသမားဘဝကို ချယ်လ်ဆီးအသင်းနဲ့အတူ နောက်ထပ်နှစ်ပေါင်းများစွာ အတူတကွ လျှောက်လမ်းသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်.။”
မေး - ခင်ဗျားရဲ့ကစားဟန်ဟာ ချယ်လ်ဆီးအသင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ အံဝင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ..?
“အစောကလည်း ကျွန်တော်ပြောခဲ့ပြီးသားပါ..။ နည်းပြဖရန့် လမ်းပတ် နဲ့ ဆွေးနွေးခဲ့တဲ့အချိန်မှာ အသင်းရဲ့ကစားဟန်ဟာ ကျွန်တော့်အတွက် ဘယ်လိုသင့်တော်နိုင်မယ် ဆိုတဲ့အကြောင်းကို သေသေချာချာ ပြောပြခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ကျွန်တော်အများကြီး ကြည့်ရှုခဲ့ပြီးဖြစ်သလို့ပြိုင်ဘက်အဖြစ်နဲ့လည်း ရင်ဆိုင်ခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ နောက်ခံတောင်ပံလူတွေ ကစားပုံ၊ နေရာယူပုံတွေကို သေသေချာချာ နားလည်ပြီးသား ဖြစ်ပါတယ်..။ အဲဒီအချက်တွေဟာ ချယ်လ်ဆီးအသင်းမှာ အမြန်ဆုံးအထိုင်ကျနိုင်မှု အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။”
မေး - ခင်ဗျားရဲ့ဒဏ်ရာအခြေအနေကရော ဘယ်လိုရှိနေသေးလဲဗျ..?
“ကျွန်တော်ဟ လွန်ခဲ့တဲ့ရက်သတ္တပါတ် လေးပါတ်၊ ငါးပါတ်အတွင်းမှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို အထူးကြိုးစားလေ့ကျင့်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ခြေဖနောင့်ဒဏ်ရာဟာ အမြန်ဆုံးသက်သာ ကောင်းမွန်လာပါပြီ..။ မကြာခင်အချိန်မှာ အသင်းနဲ့အတူ ပြန်လည်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”
မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းပရိသတ်အတွက် နှုတ်ခွန်းဆက် စကားလက်ဆောင် ပြောကြားပေးပါဦးလား..?
“ဟုတ်ကဲ့ပါ..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်း ပရိသတ်ကြီးနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဆုံစည်းရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ အသင်းနဲ့၊ ပရိသတ်ကြီးနဲ့ အမြန်ဆုံးဆုံတွေ့ခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။ ပရိသတ်ကြီးအနေနဲ့ အခုအချိန်မှာ အခြေအနေနေအရပ်ရပ်ကြောင့် ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အားပေးခွင့်မရသေးတဲ့အပေါ် ကျေနပ်အားရကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့မကြာခင်မှာ ဆုံတွေ့ကြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အပြင် အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အတူတူ လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”