feature-image

ငြင်းပယ်ခံဘဝမှ စတာလင်ပေါင်သန်း (၅၀) တန် ကြယ်ပွင့်အဖြစ် တက်လှမ်းလာခဲ့တဲ့ ‘ဘင် ချီးဝဲလ်’…

ချယ်လ်ဆီးအသင်းကို စတာလင်ပေါင်သန်း (၅၀) တန် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူ ‘ဘင် ချီးဝဲလ်’ ဟာ တစ်ချိန်တုန်းက အပယ်ခံဘဝနဲ့ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရဖူးတယ်ဆိုရင် ဘယ်သူကမှ ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး..။

ဒါပေမယ့် အင်္ဂလိပ်ကစားသမားတွေထဲမှာ တတိယမြောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့အချိန်မှာတော့ သူ့ရဲ့စိတ်တဒင်္ဂက ကလေးဘဝတုန်းက Milton Keynes အသင်းနဲ့ ဂိုးကျဉ်းပွဲတွေဆီ ပျံသန်းရောက်ရှိသွားမှာ အသေအချာပါပဲ..



ဘက်က်ဟမ်ရှိုင်းယား အရပ်မှာ မွေးဖွားခဲ့တဲ့ ချီးဝဲလ် ဟာ Milton Keynes အသင်းအပြင် Worburn Lions ..၊ Bletchley Youth စတဲ့ လူငယ်အသင်းတွေမှာ သွားရောက်ပြီး ကစားခဲ့ဖူးပါတယ်..။ ကွင်းလယ်ကစားသမားအဖြစ် စတင်ခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို နည်းပြတွေ သဘောကျ၊ နှစ်ခြိုက်ခဲ့ပေမယ့် တော့တင်ဟမ်အသင်းကို ရောက်ရှိနေတဲ့ ဒယ်လီ အားလီ၊ အဲဗာတန်အသင်း လူငယ်ကြယ်ပွင့်ဟောင်း ဘရန်ဒန် ဂဲလိုးဝေး တို့ကို မတိုးနိုင်ခဲ့ပါဘူး..။

တကယ်တော့ အခုအချိန်မှာ အောင်မြင်မှုရရှိနေတဲ့ ဘင် ချီးဝဲလ် ဟာ သူ့ရဲ့ဖခင်ဖြစ်သူ ဝိန်း ကို အထူးကျေးဇူးတင်သင့်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဝိန်း ဟာ ငယ်စဉ်ကတည်းက သားဖြစ်သူကို ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းမျိုးစုံနဲ့ မောင်းနှင်ခဲ့ပါတယ်..။ နယူးဇီလန်နိုင်ငံကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝိန်း ဟာ ဘောလုံးကစားနည်းအကြောင်း သိပ်မသိပါဘူး..။ ချီးဝဲလ် စီနီယာ ဟာ တင်းနစ်၊ ရဂ်ဘီ နဲ့ ခရစ်ကပ် ကစားနည်းတွေကို ပိုပြီးကျွမ်းကျင်ပါတယ်.။ ဒါပေမယ့် သားဖြစ်သူက ဘောလုံးမှ ဘောလုံးဖြစ်နေလေတော့ သူကလည်း နည်းပြတစ်ယောက်အနေနဲ့ သားဖြစ်သူကို အနီးကပ်ပျိုးထောင်ရင်း ဘောလုံးအကြောင်း လေ့လာဆည်းပူးခဲ့ရပါတယ်..။

ဘင် ချီးဝဲလ် က လက်စ်တာအသင်း လူငယ်အကယ်ဒမီကို စတင်ရောက်ရှိခဲ့တဲ့အချိန်က ခက်ခဲခဲ့တဲ့ကာလအကြောင်းတွေကို Players’ Tribune မဂ္ဂဇင်းရဲ့ဆောင်းပါးမှာ အခုလိုပြောပြခဲ့ပါတယ်..။

“တစ်ချို့နေ့တွေမှာဆိုရင် ကျွန်တော်တို့သားအဖဟာ လက်စ်တာအသင်း အကယ်ဒမီမှာ နှစ်နာရီလောက် စောင့်ဆိုင်းနေခဲ့ပေမယ့် ကွင်းထဲဝင်ခွင့်မရပဲ နံရံကိုဘောလုံးနဲ့ကန်ရင်းနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်..။ နံရံကို တဒိုင်းဒိုင်းနဲ့ကန်နေရင်း လမ်းတစ်ဘက်က နာရီကိုကြည့်နေရင်း ဘယ်တော့များ ကိုယ့်ကိုလှမ်းခေါ်မလဲ စောင့်ဆိုင်းခဲ့ရပါတယ်..။ နှစ်နာရီပြည့်သွားလို့မှ လှမ်းပြီးမခေါ်တော့ဘူးဆိုရင် အိမ်ပြန်ရုံပေါ့ဗျာ..။ အဖေကတော့ နံရံနဲ့ကန်နေရုံမကပဲ အပြေးလေ့ကျင့်ခန်းတွေလုပ်ပြီး ကြံ့ခိုင်ရေးကောင်းအောင်လုပ်ဖို့ အမြဲတမ်းပြောပါတယ်..။

ကျွန်တော့်ဆီမှာ ပင်ကိုယ်ပါရမီရှိတာ အဖေကသိထားသလို အားကစားအကြောင်း သူနှံံ့စပ်ပါတယ်..။ သူကိုယ်တိုင် အားကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် မိသားစု စားဝတ်နေရေးကြောင်း သူ့ရဲ့အိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး..။ အခုအချိန် ကျွန်တော်ပြန်ပြီး စဉ်းစားမိတဲ့အခါ အဖေ့ရဲ့ပံ့ပိုးမှု၊ တွန်းအားတွေကြောင့် ဒီလိုအနေအထားကို ကျွန်တော်ရောက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ သူဟာကစားသမားတစ်ယောက်အဖြစ် ထွန်းပေါက်လာနိုင်တဲ့ ကျွန်တော့်ရဲ့ပင်ကိုယ်ပါရမီ ခြေစွမ်းကောင်းတွေကို အလဟသ ဖြစ်မသွားစေချင်ခဲ့ပါဘူး..။”

ချီးဝဲလ် ဟာ ‘ဘယ်တော့မှ အရှုံးမပေးရဘူး..’ ဆိုတဲ့ စိတ်ဓါတ်ကို သူ့အဖေဆီက ဆက်ခံရရှိခဲ့ပြီး ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်နေအောင် တွန်းအားပေး မောင်းနှင်ပေးခဲ့တယ်လို့ ဆိုပါတယ်..။



ဒါ့ကြောင့်သူ့ရဲ့မွေးရပ်မြေက Milton Keynes အသင်းက ပယ်ချခဲ့တဲ့အခါ သူစိတ်မပျက်ခဲ့ပါဘူး..။ နောက်တော့ လက်စ်တာ အသင်းနဲ့ လေ့ကျင့်ခွင့်ရခဲ့ပြီး လက်စ်တာအသင်း လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအသင်းမှာ ချက်ချင်းနေရာရခဲ့တာမဟုတ်ပါဘူး.။ အစောက ဖော်ပြခဲ့သလို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးမှ ထိုက်တန်တဲ့နေရာတစ်ခုကို ရရှိခဲ့ရတာ ဖြစ်ပါတယ်..။

ချီးဝဲလ် ဟာ လက်စ်တာအသင်း လူငယ်အကယ်ဒမီကိုမရောက်ရှိခင် ကာလအတွင်း ဘောလုံးကစားနည်းကို စွန့်ခွာလုနီးနီး ဖြစ်ခဲ့ပါသေးတယ်..။ ဒါကလည်း တခြားအားကစားနည်းတွေမှာပါ ထူးချွန်ခဲ့တာကြောင့် အခုလိုစိတ်ပြောင်းလုနီးနီး ဖြစ်ခဲ့တဲ့အကြောင်း The Guardian သတင်းဌာနကို အခုလိုပြောပြခဲ့ပါတယ်..။

“Northants အကယ်ဒမီ အသင်းနဲ့လေ့ကျင့်ခန်းဆင်းနေတုန်းမှာ ကျွန်တော်ဟာ Loughborough တက္ကသိုလ် ခရစ်ကတ်အသင်းနဲ့ ဆက်သွယ်မိပြီး ECB လူငယ်ခရစ်ကတ်ပြိုင်ပွဲမှာ ဝင်ရောက်၊ ယှဉ်ပြိုင်ခဲ့ပါသေးတယ်..။ နောက်တော့ ကျွန်တော်ဟာ အသက် (၁၅) နှစ်အရွယ်ထိ ခရစ်ကတ် ကစားခဲ့ပါတယ်.။ ဒီလိုနဲ့နည်းနည်း ကြာလာတဲ့အချိန် ကျွန်တော်စိတ်ပျက်လာပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ကစားပွဲတစ်ပွဲဆိုရင် ကိုယ့်ထက်အသက် နှစ်ဆလောက်ကြီးတဲ့ လူ (၅၀) လောက်နဲ့ တရုန်းရုန်း ကစားခဲ့ရပြီး သူတို့တွေရဲ့စိတ်ထဲမှာ ပွဲပြီးရင် ဘယ်နားက ဘားဆိုင်ကိုသွားရင် ကောင်းမလဲ.. ဆိုတဲ့စိတ်ပဲ ရှိနေတာကြောင့် ဖြစ်ပါတယ်..။”



ဒီလိုနဲ့ လက်စ်တာအသင်း လူငယ်အကယ်ဒမီကို ဆက်သွယ်မိတဲ့အချိန်မှာ ပထမဆုံးဒုက္ခရောက်ခဲ့တဲ့သူက သူ့ရဲ့အဖေပါပဲ..။ သူတို့သားအဖဟာ ဘက်ကင်ဟမ်ရှိုင်းယားကနေ လက်စ်တာအထိ မိုင် (၅) ခရီး၊ အသွားအပြန်နဲ့ဆို တစ်ရက်မိုင် (၁၀၀) ခရီးကို နေ့တိုင်းကားနဲ့ အသွားအပြန် မောင်းနှင်ခဲ့ရတဲ့အတွက် ဖြစ်ပါတယ်..။ ဒါကအဖေ့ရဲ့ဒုက္ခ..

သားဖြစ်သူကျတော့လည်း တစ်ခါတစ်လေ နှစ်နာရီလောက် စောင့်နေတာတောင် မြက်ခင်းထဲ ခြေတစ်ချက်မှ ချခွင့်မရခဲ့တဲ့နေ့တွေ အများကြီးပါပဲ..။ ချီးဝဲလ် ဟာ ကွင်းလယ်ကစားသမားနေရာကနေ အသက် (၁၄) နှစ်အောက်၊ (၁၅) နှစ်အောက် အသင်းတွေမှာ အခွင့်အရေးသိပ်မရခဲ့ပါဘူး..။ ဒါ့ကြောင့်အသင်းရဲ့ matchday လူစာရင်းမှာ မပါတဲ့နေ့တွေဆိုရင် သားအဖနှစ်ယောက်အပြန်ခရီးမှာ ရန်တွေဖြစ်ကြရပါတော့တယ်..။

ဝိန်း ကတော့ ဒီလောက်ခြေစွမ်းနဲ့တော့ ဖြစ်ထွန်းမှာမဟုတ်ဘူး.. ဆိုပြီး သားဖြစ်သူကို ဆက်လက်တွန်းအားပေးရင်း မောင်းနှင်နေဆဲပါပဲ..

ဒီလိုနဲ့ ချီးဝဲလ် ဟာ ဘယ်တောင်ပံကို ပြောင်းလဲကစားခွင့် ရချိန်မှာတော့ အစွမ်းကုန် ထွန်းတောက်လာပါတော့မယ်..။ လက်စ်တာအသင်း လူငယ်နည်းပြ မာ့ခ် ဂျက်ဆန် နဲ့ ကီဗင် ဖော့ဂ် တို့ရဲ့ အသက် (၁၆) နှစ်အောက် လူငယ်အသင်းမှာ ငါးပွဲ၊ ခြောက်ပွဲလောက် ဆက်တိုက် ကစားခွင့်ရခဲ့တဲ့အပြင် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူခွင့်ရခဲ့ပါတယ်..။



ချီးဝဲလ် ဟာ ၂၀၁၅ ခုနှစ်မှာ လက်စ်တာ လူငယ်အကယ်ဒမီရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု (Academy Player of the Year)’ ကို ဆွတ်ခူးရရှိခဲ့သလို သူ့ရဲ့အနာဂတ်လမ်းကြောင်းဟာလည်း ပွင့်လင်းလို့လာနေပါပြီ..။ အီတလီနည်းပြ ကလော်ဒီယို ရေနာရီ ဟာ ၂၀၁၅ ခုနှစ်မှာပဲ ဟူးလ် စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ သူ့ကိုပထမဆုံး ပွဲထွက်ခွင့် ပေးခဲ့ပါတယ်..။ အဲဒီနောက် အသက် (၁၈) နှစ်အရွယ်မှာပဲ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်.။ အင်္ဂလန်လူငယ်အသင်းနဲ့အတူ လေ့ကျင့်နေခိုက်မှာပဲ ဟာဒက်စ်ဖီးလ် တောင်းအသင်းက အဌားခေါ်ယူဖို့ ဆက်သွယ်လာပါတယ်..။

လက်စ်တာအသင်း ပရီးမီးယားလိဂ် ရခဲ့တဲ့နှစ်မှာပဲ သူဟာဟာဒက်စ်ဖီးလ် တောင်းအသင်းကို ရောက်ရှိခဲ့ပါတယ်..။ သူဟာဒေးဗစ် ဝက်ဂ်နာ ရဲ့အသင်းမှာ တကယ့်ပြိုင်ပွဲစစ်စစ် အတွေ့အကြုံတွေ ပိုပြီးရရှိခဲ့ပါတယ်..။ တကယ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုရ အသင်းမှာသာ ဆက်ပြီးနေဖြစ်ခဲ့မယ်ဆိုရင် အခုလိုအခွင့်အရေး ရပါ့မလား.. မပြောနိုင်ပါဘူး..။

ယော့ခ်ရှိုင်းယားအသင်းက အချိန်တွေအကြောင်းကို ချီးဝဲလ် က အခုလိုပြောပြခဲ့ပါတယ်..။

“ဟာဒက်စ်ဖီးလ် အသင်းကို ကျွန်တော်ရောက်တဲ့အချိန် မန်နေဂျာက ဒေးဗစ် ဝဂ်နာ ဖြစ်ပါတယ်..။ ကျွန်တော်ဟာ အသင်းကြီးအဆင့် ကောင်းကောင်းကစားနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ သူကအပြည့်အ၀ ယုံကြည်ထားပါတယ်.။ သူဟာ ဒေါ့မွန်လူငယ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့သူ ဖြစ်တာကြောင့် လူငယ်သွေးသစ်တွေ ပြုစုပျိုးထောင်တဲ့ အတွေ့အကြုံ အများကြီးရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ တစ်နေ့မှာတော့ လေ့ကျင့်ကွင်းမှာ ကစားနေကြရင်း ကျွန်တော့်ကိုခေါ်ပြီး ‘မင်းဟာအခုအတိုင်း ဆက်ပြီးကြိုးစားနေမယ်ဆိုရင် တကယ့်ထိပ်တန်းဘယ်နောက်ခံလူတစ်ယောက် ဖြစ်လာလိမ့်မယ်’ ဆိုပြီး ချီးမွမ်းခဲ့ပါတယ်..။

အဲဒီအားပေးစကားကြောင့် ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ ကစားပုံ နောက်တစ်ဆင့်တက်သွားခဲ့ရတယ်လို့ ပြောနိုင်ပါတယ်..။ ဟာဒက်စ်ဖီးလ်အသင်းမှာ ကစားရင်း ကျွန်တော်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့်မှာ ကစားနိုင်တယ်ဆိုတာ အပြည့်အ၀ ယုံကြည်ခဲ့ပါတယ်.။ ဟာဒက်စ်ဖီးလ် အသင်းဟာ ကျွန်တော့်အတွက် တကယ့်ကို ထူးခြားခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်..။”


လက်စ်တာ အသင်းကို ပြန်လည်ရောက်ရှိခဲ့တဲ့အချိန်ကစပြီး ဘင် ချီးဝဲလ် ဟာ လုံးဝနောက်ပြန် မလှည့်တော့ပါဘူး..။ သူဟာပရီးမီးယားလိဂ် ချန်ပီယံအသင်းက ဘယ်နောက်ခံလူ ခရစ်စ်တီယန် ဖုချ် ကို ကျော်ပြီး the Foxes တွေရဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူအဖြစ် ပွဲထွက်နေရာ ရရှိခဲ့ပါတယ်..။ အခုဆိုရင် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ယောက်အဖြစ် အသိအမှတ်ပြုထားတဲ့ လီဗာပူးလ်အသင်းက ‘အန်ဒီ ရော်ဘတ်ဆန်’ ကို ယှဥြ်ပိုင်နိုင်ဖို့ ကြိုးစားရတော့မှာပါ..။ အန်ဒီ ရော်ဘတ်ဆန် ဟာလည်း ဆဲလ်တစ် လူငယ်အသင်းကနေ ငြင်းပယ်ခံခဲ့ရတာကြောင့် စကော့တလန် တတိယတန်းက ကွင်းစ်ပါ့ခ် အသင်းကို ရောက်ရှိသွားခဲ့ပြီး အဲဒီကနေ လီဗာပူးလ်အသင်းအထိ အဆင့်ဆင့် တက်လှမ်းလာခဲ့ရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်…။`

တကယ်တော့ ချီးဝဲလ် ဟာ အင်ဒီ ရော်ဘတ်ဆန် ရဲ့ လီဗာပူးလ်အသင်း ဘယ်နောက်ခံလူ နေရာကိုတောင် ရရှိနိုင်ဖို့ အခွင့်အရေး ရခဲ့ပါသေးတယ်..။ လီဗာပူးလ် နည်းပြကြီး ဂျာဂင် ကလော့ပ် က သူ့ရဲ့မင်္ဂလာဆောင်မှာ သတို့သားအရံ လုပ်ခဲ့တဲ့ ဒေးဗစ် ဝဂ်နာ က ချီးဝဲလ် ကို ခေါ်ယူဖို့ သူ့ကိုနားချခဲ့သေးတဲ့အကြောင်း ယခုလို ပြောပြခဲ့ပါတယ်..။



“ဒေးဗစ် ဝဂ်နာ ဟာ ချီးဝဲလ် ကို ခေါ်ယူဖို့ ကျွန်တော့်ရဲ့မင်္ဂလာဆောင်နေ့ပါမကျန် နေ့တိုင်းလိုလို အမြဲတမ်းနားပူနားဆာ တိုက်ခဲ့ပါတယ်..။ ဒါပေမယ့် လက်စ်တာအသင်းက သူ့တို့လူကို လက်မလွှတ်ခဲ့ဘူးဗျ…”

ကလော့ပ် ဟာ ဘင် ချီးဝဲလ် ကို မရခဲ့တာကြောင့် ဟူးလ် အသင်းက အင်ဒီ ရော်ဘတ်ဆန် ကို ခေါ်ယူခဲ့ပြီး မကြာခင်မှာပဲ ရော်ဘတ်ဆန် ဟာ လီဗာပူးလ်အသင်းရဲ့ ပထမဦးစားပေး နောက်ခံလူအဖြစ် ရောက်ရှိလာခဲ့ပါတယ်..။ အခုဆိုရင် ဘင် ချီးဝဲလ် ဟာ ဖရန့် လမ်းပတ် ရဲ့ တတိယမြောက် ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာပြီး လီဗာပူးလ်၊ မန်ချက်စတာ စီးတီးတို့ကို ယှဉ်ပြိုင်နိုင်ဖို့ အစပြုတဲ့ ခြေလှမ်းတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါပြီ..။ ဒ့ါကြောင့် ဂျာဂင် ကလော့ပ် နဲ့ ဖူးစာမဆုံ၊ တေ့လွဲလွဲခဲ့ရတဲ့ အင်္ဂလန်ကြယ်ပွင့် လူငယ်ဘယ်နောက်ခံလူဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အနာဂတ်မှာ ဘယ်လိုတောက်ကြွားလာဦးမလဲ စောင့်မျှော်ကြည့်ရမှာဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(DailyMail မှ ဆောင်းပါးရှင် Sam Blitz ၏ ‘Ben Chilwell was the MK Dons reject who nearly chose cricket over football... now he's Chelsea's £50m left back and first choice for England after missing out on a move to rivals Liverpool in 2017’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)