လာမည့် ၂၀၂၀/ ၂၁ ဘောလုံးရာသီအတွက် အကြီးအကျယ် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ချယ်လ်ဆီးအသင်းမှာ တီမို ဗာနာ၊ ဟာကင် ဇိုင်းယက်ချ် နှင့် ဘင် ချီးဝဲလ် တို့အပြင် သီယာဂို ဆေးလ်ဗား နှင့် မာလန် ဆားရ် တို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူအားဖြည့်ထားသည်..။ ချယ်လ်ဆီးအသင်းသို့ မကြာခင်ရောက်ရှိလာမည်ဟု သတင်းပြေးနေသည့် ကိုင် ဟားဗာ့ဇ် ၏ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပါက ကစားသမားခေါ်ယူမှုအတွက် ယခုနှစ်ရာသီ သုံးစွဲမှုပမာဏမှာ စတာလင်ပေါင် (၂၃၁) သန်းအထိ ရောက်ရှိသွားပါမည်..။ ထို့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ် အသင်းမှာ လက်ရှိအချိန်ထိ ယခုနှစ်ဘောလုံးရာသီတွင် ပြောင်းရွှေ့ကြေးအများဆုံး သုံးစွဲထားသည့်အသင်း ဖြစ်ခဲ့သလို နောက်ထပ်ကစားသမားသစ်များ ရောက်ရှိလာဦးမည်ဟုလည်း သတင်းများထွက်ပေါ်လျှက်ရှိနေပါသည်..။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး ပျံ့နံ့မှု၏ နောက်ဆက်တွဲ စီးပွားပျက်ကပ် အခြေအနေအကြောင့် အသင်းအများစုက ခြိုးခြံချွေတာမှုများ ပြုလုပ်နေရချိန်တွင် ချယ်လ်ဆီးအသင်းနှင့် ဖရန့် လမ်းပတ် တို့၏ အပြောင်းအရွှေ့ ခေါ်ယူမှုများအပေါ် အာရုံစိုက်မှုများပြားခဲ့သလို ထူးခြားသည်ဟုလည်း ပြောနိုင်ပေသည်..။ ထို့ကြောင့် ချယ်လ်ဆီးအသင်းနှင့် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် တို့အနေဖြင့် ယခုလိုအကျပ်အတည်းကြားက အပြောင်းအရွှေ့ရာသီအတွင်း လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရခြင်း၏ အခြေခံအကြောင်းရင်းများကို ဘောလုံးအားကစားနည်းနှင့်ဆက်စပ် ဘဏ္ဍာရေးအခြေအနေများ တင်ဆက်ပေးနေသည့် Swiss Ramble ၏ ဖော်ပြချက်များဖြင့် ဆက်စပ်တင်ပြလိုက်ပါသည်..။
(၁) ပါးနပ်သော ကစားသမား ရောင်းချမှုများ..
ပြီးခဲ့သည့်ခြောက်နှစ်တာ ကာလအတွင်း ချယ်လ်ဆီးအသင်း၏ အဓိကဝင်ငွေရလမ်းတစ်ရပ်မှာ ကစားသမားများ ရောင်းချခြင်းမှ ဖြစ်ခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ အဆိုပါနှစ်များအတွင်း ကစားသမားခေါ်ယူမှုအတွက် စတာလင်ပေါင် (၈၉၀) သန်းဖြင့် မန်ချက်စတာ စီးတီး (စတာလင်ပေါင် ၈၉၂ သန်း)၊ မန်ချက်စတာ ယူနိုက်တက်အသင်း (စတာလင်ပေါင် ၈၇၀ သန်း) များနည်းတူ သုံးစွဲခဲ့သော်လည်း ကစားသမားများကို ပြန်လည်ရောင်းချရာတွင် လိမ္မာပါးနပ်မှု ရှိခြင်းကြောင့် အရှုံးကိုကာမိခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ အဆိုပါခြောက်နှစ်တာ ကာလအတွင်း အသင်းရှိကြယ်ပွင့်ကစားသမားများကို ရောင်းချခဲ့ခြင်းမှ စတာလင်ပေါင် (၄၅၀) သန်းခန့် ပြန်လည်ရရှိခဲ့သည်.. (ပူးတွဲပုံ- ၁)။
အထူးသဖြင့် အီဒင် ဟာဇက် ကို ရီးရဲလ် မက်ဒရစ်အသင်းထံ ရောင်းချခဲ့ရာမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) ခန့် ပြန်လည်ရရှိခဲ့သလို အယ်လ်ဗာရို မိုရာတာ (စတာလင်ပေါင်သန်း ၅၀)၊ သီဘို ကော့တွားစ် (စတာလင်ပေါင်သန်း ၃၀)၊ ဒီယေဂို ကော်စတာ (စတာလင်ပေါင်သန်း ၆၀)၊ နီမန်ဂျာ မက်တစ် (စတာလင်ပေါင်သန်း ၄၀) နှင့် အော်စကာ (စတာလင်ပေါင် ၅၄ သန်း) တို့အား မြင့်မားသည့် ပြောင်းရွှေ့ကြေးများဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက်ထဲတွင် စိတ်ကြိုက်လှုပ်ရှားနိုင်သည့် ငွေကြေးပမာဏ ပြန်လည်ရရှိခဲ့သည်..။
ထို့အပြင် မနှစ်ကဘောလုံးရာသီတွင် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရသည့် ပြစ်ဒဏ်ကြောင့် အဌားခေါ်ယူထားခဲ့သည့် မက်တီယို ကိုဗားဆစ် တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ခွင့်ရခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ အီဒင် ဟာဇက် တင်မကပဲ ဒေးဗစ် လူးဝစ်ဇ် အား အာဆင်နယ်အသင်းသို့ ရောင်းချမှု၊ မာရီယို ပါဆာလစ် အား အက်တလန်တာအသင်းနှင့် အိုလာ အေးနား အား တိုရီနိုအသင်းများသို့ ရောင်းချမှုများမှာ ပြောင်းရွှေ့ကြေးတန်ဖိုး မြင့်မားခြင်း မရှိသော်ငြား အသင်း၏ဘဏ္ဍာရေး အခြေအနေကို ပံ့ပိုးမှု ဖြစ်စေခဲ့သည်..။
ထိူ့ကြောင့်ချယ်လ်ဆီးအသင်းမှာ ကစားသမားခေါ်ယူမှုတွင် မန်ချက်စတာ နှစ်သင်းနှင့် ရင်ဘောင်တန်း သုံးစွဲခဲ့သော်လည်း အသားတင် ကုန်ကျငွေပေါင်း တွက်ချက်ရာတွင် မန်ချက်စတာ နှစ်သင်းထက် အများကြီးလျော့နည်းခဲ့သည်..။ ထို့အပြင်လွန်ခဲ့သည့် နှစ်များအတွင်း လစာမြင့် ကစားသမားများဖြစ်သည့် ဂယ်ရီ ကာဟေးလ်၊ ဝီလီယံ နှင့် ပီဒရို တို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့ခြင်းများကြောင့် အသင်း၏လစာနှုန်း ပေးချေမှုများအတွက် ခြိုးခြံချွေတာမှုများ ဖြစ်လာစေခဲ့သည်..။
လက်ရှိအချိန်တွင် အသစ်ရောက်ရှိလာသော ကစားသမားများကြောင့် အသင်းတွင် ကစားသမားအင်အား ပြည့်လျှံနေပြီဖြစ်သည့် အနေအထားတွင် မစ်ချီ ဘတ်ရှူအားယီ၊ ဒယ်နီ ဒရင့်ခ်ဝါးတား၊ ရော့စ် ဘာကလေ၊ အီမာဆန် ပါလ်မီးရီ၊ ဒေးဗစ် ဇာပါကော့စ်တာ နှင့် တီမူယီ ဘာကာယိုကို တို့လို တန်ဖိုးမြင့်ရောင်းချမှုများ ထပ်မံမြင်တွေ့ရနိုင်ခြေ ရှိနေပေသေးသည်..။
(၂) ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်..
ဥရောပဘောလုံးလောကတွင် အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်မှာ အသင်းတစ်သင်းအတွက် အထောက်အကူအများကြီး ဖြစ်စေခဲ့သည်..။ ထိုသို့အဆင့်အမြင့်ဆုံး ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်မှာ လစာမြင့်ထိပ်တန်း ကစားသမားများအား ပိုမိုဆွဲဆောင်နိုင်စွမ်းရှိစေသလို ပြိုင်ပွဲမှပြန်လည်ချီးမြှင့်သည့် အချိုးကျ ဆုကြေးငွေပမာဏကလည်း မက်မောဖွယ်ရာ ကောင်းလှသည်..။
အီတလီနည်းပြ မော်ရစ်စ်ဇီယို ဆာရီ မှာ ၂၀၁၈/ ၁၉ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ် ချန်ပီယံဆုဖလား ရယူပေးခဲ့သည်..။ Swiss Ramble ၏ ဖော်ပြချက်အရ ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့သော ချယ်လ်ဆီးအသင်းမှာ ဆုကြေးငွေ စတာလင်ပေါင် (၁၈) သန်း ရရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်ကြေးနှင့် ပေါင်းစပ်ပါက စုစုပေါင်း စတာလင်ပေါင် (၄၁) သန်း ရရှိခဲ့သည်ဟု သိရသည်..။ သို့သော် ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်ခဲ့ခြင်းကြောင့် ဆုကြေးငွေ စတာလင်ပေါင်သန်း (၂၀) နှင့် ရုပ်သံထုတ်လွှင့်ကြေးနှင့် အခြားဝင်ငွေအရပ်ရပ် အပါအဝင် စုစုပေါင်း စတာလင်ပေါင် (၇၂) သန်း ရရှိခဲ့သည်ဟုဆိုသည်..။
ချယ်လ်ဆီးအသင်းမှာ လာမည့်ဘောလုံးရာသီတွင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ဆက်လက်ရရှိခဲ့သောကြောင့် များပြားသောဆုကြေးငွေ ပမာဏများကို ခံစားခွင့်ရရှိဦးမည်ဖြစ်သည်..။ ထို့ကြောင့်အသင်းအနေဖြင့် တီမို ဗာနာ၊ ဟာကင် ဇိုင်းယက်ချ် တို့နှင့် အခြားကစားသမားများအတွက် ရင်းနှီး မြုပ်နှံခဲ့ခြင်းမှာ သင့်တော်သည်ဟု ပြောနိုင်ပေသည်..။
(၃) ကိုရိုနာ ဗိုင်းရပ်ပိုးကပ်ရောဂါနှင့် Financial Fair Play (FFP)
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အနေဖြင့် ငွေကြေးတတ်နိုင်သည့် ထိပ်တန်းအသင်းများ၏ အပြောင်းအရွှေ့ဈေးကွက်ကို လက်လွှတ်စပယ် လွမ်းမိုးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ‘ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက် (Financial Fair Play)’ ကို ပြဌာန်း၊ ထိန်းချုပ်ခဲ့သည်..။ အဆိုပါ FFP စည်းမျဉ်းများအရ အသင်းတစ်သင်းမှာ သုံးနှစ်အတွင်း စတာလင်ပေါင် (၂၇) သန်း (ယူရိုသန်း ၃၀) ထက် ပိုမိုပြီးအရှုံးပြခွင့် မပြုထားပေ..။
သို့သော်ယခုနှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုုပ်က COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကို ဘဏ္ဍာရေးစည်းမျဉ်း ထိန်းချုပ်မှု ကင်းလွှတ်ခွင့်ပြုသည့်နှစ်တစ်နှစ်အဖြစ် သတ်မှတ်ခဲ့သည်..။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်၊ နှစ်နှစ်ပေါင်း အရှုံးအမြတ်ထဲမှ ပျမ်းမျှရယူပြီး လေးနှစ်ပေါင်းကို သုံးနှစ်စာ အရှုံးအမြတ် တွက်ချက်မည်ဟု ကြေငြာခဲ့သည်.. (အောက်ပါပူးတွဲပုံ- ၂) ။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ယခုနှစ်ဘောလုံးရာသီတွင် အသင်းအများစုမှာ အရှုံးပြမှာ သေချာသောကြောင့် UEFA အနေဖြင့် ယခုနှစ်အတွက် စုစုပေါင်းအရှုံးပြငွေ ပမာဏကို တစ်ဝက်လျော့ပေးလိုက်သည်ဟု အကြမ်းဖျင်းပြောနိုင်ပေသည်..။
Swiss Ramble ၏ တွက်ချက်မှုအရ ချယ်လ်ဆီးအသင်းမှာ ၂၀၁၈/ ၁၉ ဘောလုံးရာသီကုန်အထိ UEFA ၏ ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက်အတွင်းရှိနေပြီး အပြောင်းအရွှေ့ဈေးကွက်တွင် လက်ရှိအတိုင်း သုံးစွဲခဲ့မည်ဆိုပါက ၂၀၂၂ ခုနှစ်အကုန်တွင် စတာလင်ပေါင် (၅) သန်းခန့်သာ အရှုံးပေါ်မည်ဟု Swiss Ramble က ခန့်မှန်းထားခဲ့သည်..(အောက်ပါပူးတွဲပုံ- ၃) ။
(Swiss Ramble ၏ တွက်ချက်ပုံ ရှင်းပြချက်- ချယ်လ်ဆီးအသင်း၏ တရားဝင် ထုတ်ပြန်ခဲ့သော ဘဏ္ဍာရေး ရှင်းတမ်းများအရ ၂၀၁၈ ခုနှစ်တွင် စတာလင်ပေါင် (၉၅) သန်း အမြတ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတာလင်ပေါင် (၇၃) သန်း အရှုံးပြခဲ့သည်..။ ထို့နောက် ၂၀၂၀ ခုနှစ်တွင် အမြတ်ငွေ စတာလင်ပေါင် (၄၆) သန်း ရရှိဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်တွင် စတာလင်ပေါင် (၉၉) သန်း အရှုံးပြဖွယ်ရှိသည်ဟု Swiss Ramble က ခန့်မှန်းပါသည်..။ ထို့ကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်၊ နှစ်နှစ်ပေါင်း ပျမ်းမျှရယူခဲ့ရာတွင် စတာလင်ပေါင် (၂၇) သန်း အရှုံးပြပါမည်..။ ထို့ကြောင့် အဆိုပါလေးနှစ်အတွက် ‘ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက်’ စုစုပေါင်းကို တွက်ချက်ရာတွင် (စတာလင်ပေါင် ၉၅ အမြတ် + စတာလင်ပေါင် (-၇၃) အရှုံး + စတာလင်ပေါင် (-၂၇) အရှုံး= စတာလင်ပေါင် (-၅) သန်းအရှုံး) ရရှိပါမည်..။)
(၄) ချယ်လ်ဆီးအသင်းအတွက် ရိုမန် အေဘရာမိုဗစ်ချ် ၏ ဘဏ်တိုက်ကြီး
ချယ်လ်ဆီးအသင်းမှာ ကစားသမား အပြောင်းအရွှေ့ လှုပ်ရှားမှုများတွင် အသုံးအစွဲ ကြမ်းသလောက် လိမ္မာပါးနပ်မှုရှိသည် ဆိုသော်ငြား အသင်းပိုင်ရှင် မစ္စတာရိုမန် အေဘရာမိုဗစ်ချ် ၏ အခန်းကဏ္ဍကို ချန်လှပ်ထားဖို့တော့ မဖြစ်နိုင်ပေ..။ ရုရှဘီလျံနာ သူဌေးကြီးမှာ အနောက်လန်ဒန်အသင်းကို ဝယ်ယူခဲ့သည့် ၂၀၀၃ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ချယ်လ်ဆီးအသင်းအတွက် စတာလင်ပေါင် (၁.၃) ဘီလီယံ ရင်းနှီးမြုပ်နှံပေးခဲ့သည်..။ ရိုမန် အေဘရာမိုဗစ်ချ် ၏ ချယ်လ်ဆီးအသင်းအတွက် တစ်နှစ်ချင်းစီ ကျခံ၊ စိုက်ထုတ်ပေးခဲ့သည့် ငွေကြေးပမာဏစုစုပေါင်းကို (အောက်ပါပူးတွဲပုံ- ၄) တွင် ပြသထားပါသည်..။ ရုရှနိုင်ငံနှင့် ဗြိတိသျှအစိုးရတို့ကြားမှ နိုင်ငံရေးတင်းမာမှုကြောင့့်ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော်လည်း ရုရှသူဌေးကြီးမှာ ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းအတွက် စတာလင်ပေါင် (၂၄၇) သန်း ရင်းနှီးမြုပ်နှံပေးခဲ့သေးသည်..။
သို့သော်ချယ်လ်ဆီးအသင်းမှာ အဆိုပါနှစ်မှာပင် ကစားသမားများ ရောင်းချခြင်းမှ စတာလင်ပေါင်သန်း (၂၀၀) ကျာ် ဝင်ငွေထပ်မံရရှိခဲ့ခြင်းကြောင့် ယခုအချိန်အပြောင်းအရွှေ့ဈေးကွက်တွင် ထင်တိုင်းကျဲနေနိုင်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ခဲ့ပေ..။
ထို့ကြောင့်အထက်ပါအချက်လေးချက်နှင့် ပြည့်စုံနေသမျှ ကာလပတ်လုံး ချယ်လ်ဆီးအသင်းမှာ အခြားပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးများနှင့်မတူပဲ အပြောင်းအရွှေ့ဈေးကွက်တွင် အဆိုပါအသင်းများနည်းတူ ရင်ဘောင်တန်း ခေါ်ယူနိုင်စွမ်းရှိနေပါဦးမည်..။ သို့သော်အဆိုပါငွေကြေးများကို အကျိုးရှိစွာ သုံးစွဲနိုင်ပါရဲ့လား..? ဆိုသည့်အချက်ကတော့ ဖရန့် လမ်းပတ် နှင့် အပြာရောင်ခြင်္သေ့များအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိပါမလား..? ဆိုသည့်အချက် ထိပ်ဆုံးလေးသင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုအပေါ် မူတည်နေဦးမည် ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါသည်..။
(DailyMail မှ ဆောင်းပါးရှင် Sam Blitz ၏ ‘Abramovich is doing what he does best - bankrolling one of the biggest transfer window spends EVER. Despite Covid crippling the game and FFP rules, here's how he can splash £231m on new buys’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)