ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘေယာ လေဗာကူဆင်အသင်းမှ အသက် (၂၁) နှစ်အရွယ် လူငယ်တိုက်စစ်မှူး ကိုင် ဟားဗာ့ဇ် မှာ ချယ်လ်ဆီးအသင်းသို့ ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီဖြစ်သည်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသို့ရောက်ရှိလာခဲ့သည့် လူငယ်သွေးသစ် ကစားသမားမှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ခံစားချက်၊ အသင်းမှထိပ်တန်းကစားသမားများ၊ အင်္ဂလန်လူငယ်သွေးသစ် ကစားသမားများနှင့် တွေ့ဆုံရမည့်အပေါ် သူ၏အမြင်များနှင့် နည်းပြဖရန့် လမ်းပတ် နှင့်အတူ အနာဂတ်လမ်းကြောင်း မျှော်လင့်ချက်များကို ယခုလိုပြောပြခဲ့ပါသည်..။
မေး - ကိုင် ရေ..၊ ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ အကြီးကြီးကြိုဆိုလိုက်ပါတယ်..။ အခုဆိုရင် ခင်ဗျားဟာ ချယ်လ်ဆီးအသင်း ကစားသမား တစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ကျွန်တော်တို့နဲ့ တွေ့ဆုံရပြီပေါ့ဗျာ..။ ဒါ့ကြောင့်ချယ်လ်ဆီးကစားသမား တစ်ယောက်အဖြစ် ရောက်ရှိလာတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား..?
“Yes.. ပထမဆုံးအနေနဲ့ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်း အရင်ဆုံး ပြောကြားချင်ပါတယ်..။ ကျွန်တော်အရမ်းပျော်ရွှင်နေသလို ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူခဲ့ရပါတယ်..။ ကျွန်တော့်အတွက်က ထိပ်တန်းအသင်းကြီးမှာ ကစားခွင့်ရရမယ်ဆိုတဲ့ အိပ်မက်တစ်ခုကို ချယ်လ်ဆီးလို အသင်းဆီ ရောက်ရှိလာခြင်းနဲ့ အကောင်အထည်ဖော်နိုင်လိုက်တာပါပဲ..။ အခုဆိုရင် အသင်းဖော်သစ်တွေ၊ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲဗျာ..။ အရမ်းကိုဝမ်းသာနေပါတယ်လို့ပဲ အရင်ဆုံးပြောကြားချင်ပါတယ်..။”
မေး- ချယ်လ်ဆီးအသင်းနဲ့အတူ လက်တွဲရမယ့်အပေါ် ခင်ဗျားအတွက် စိတ်လှုုပ်ရှားမှုအဖြစ်ရဆုံး၊ ခင်ဗျားအမျှော်လင့်ရဆုံးအရာက ဘာဖြစ်မလဲဗျ..?
“ချယ်လ်ဆီးအသင်းဆိုတာ တကယ့်ထိပ်တန်းအသင်းကြီး တစ်သင်းကြီးအဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တာပါ..။ ဒါ့ကြောင့်အရင်တုန်းက အသင်းမှာကစားခဲ့တဲ့ ဂန္တဝင်ကစားသမားကြီးတွေ၊ လက်ရှိအသင်းမှာ ကစားနေတဲ့..၊ ကစားခဲ့ကြတဲ့ ထိပ်တန်းကစားသမားအားလုံးကို သတိရနေတုန်းပါပဲ..။ အခုလက်ရှိမှာလည်း အသင်းမှာထိပ်တန်းကစားသမားတွေ အများကြီးရှိနေပါတယ်..။ အခုလိုရောက်ရှိလာတယ် ဆိုတာဟာ ကျွန်တော့်အတွက် နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ခဲ့တာပါ..။ မကြာတော့မယ့်ရက်ပိုင်း၊ လပိုင်းဆိုရင် ကျွန်တော်ဟာ အသင်းနဲ့အတူ လက်တွဲရတော့မှာပါ..။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အကောင်းဆုံးပေးဆပ်၊ ကြိုးစားသွားမှာဖြစ်ပါတယ်..။”
မေး- ဟုတ်ကဲ့ပါ.. အခုအသင်းနည်းပြ ဖရန့် လမ်းပတ် ဆိုရင် ခင်ဗျားခုနက ပြောခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်အပါအဝင်ပေါ့ဗျာ..။ အခုချယ်လ်ဆီးအသင်းကို ခင်ဗျားပြောင်းရွှေ့ခဲ့တဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်မှာ ဖရန့် လမ်းပတ် ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါခဲ့လဲ..?
“အခုလိုဆုံးဖြတ်ခဲ့တဲ့နေရာမှာ ဖရန့် လမ်းပတ် ရဲ့ သက်ရောက်မှုအများကြီး ပါဝင်ပါတယ်..။ ကစားသမားဘဝတုန်းကလည်း သူ့ကိုကျွန်တော်အရမ်း နှစ်သက်ခဲ့သလို အမြဲတမ်းကြည့်ရှုအားပေးခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော့်ရဲ့မန်နေဂျာအနေနဲ့ သူ့ဆီကနေ အများကြီးဆက်လက် သင်ယူခွင့်ရလိမ့်ဦးမယ်လို့ ယုံကြည်ပါတယ်..။ နောက်ပြီးတော့ သူဟာအရမ်းကိုနှိမ့်ချတတ်ပြီး ခင်မင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ..။ ဒါ့ကြောင့်သူနဲ့လက်တွဲပြီး ကစားခွင့်ရမယ့်အချိန်..၊ သူ့ဆီက သင်ယူရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”
မေး - ကစားသမား ဘဝတုန်းက ဖရန့် လမ်းပတ် ကို ဘယ်လိုသဘောကျခဲ့လဲဗျ..
“အရမ်းသဘောကျခဲ့တာပေါ့ဗျာ..။ ကျွန်တော့်လိုပဲ သူဟာတိုက်စစ်ကို အရမ်းအားသန်တဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ သူကလည်း တိုက်စစ်လိုက်ပါပြီး ဂိုးတွေသွင်းယူရတာ နှစ်သက်တယ်..၊ ကျွန်တော်လည်း အဲဒီလိုပါပဲ..။ ဒါ့ကြောင့်အခုချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့အချိန်မှာ သူဟာကျွန်တော့်ကို အများကြီးအကူအညီပေးနိုင်ပါလိမ့်မယ်၊ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့လည်း ကျွန်တော်ဟာ ဒီထက်ပိုပြိး တိုးတက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။”
မေး - လက်ရှိချယ်လ်ဆီးအသင်းမှာ ဖရန့် လမ်းပတ် တည်ဆောက်နေတဲ့ အသင်းရဲ့အနာဂတ်လမ်းကြောင်းအပေါ် ခင်ဗျားရဲ့အမြင် ပြောပြနိုင်မလား..?
“ဟုတ်ကဲ့ပါ.. အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ သိပ်ကိုစိတ်လှုုပ်ရှားဖို့ကောင်းလှတယ်လို့ ကျွန်တော်ယူဆပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ အများအပြား အသင်းမှာရှိနေခဲ့တဲ့အပြင် ကျွန်တော်နဲ့ လက်ရွေးစင်အသင်းမှာ အတူတူလက်တွဲခဲ့ဖူးတဲ့ တီမို ဗာနာ၊ တိုနီ ရူဒီဂါ တို့လည်း ရှိနေပါတယ်..။ သူတို့ဟာ ကျွန်တော်နဲ့လည်း သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်းတွေပါ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်အတွက် အရမ်းကိုသင့်တော်တယ်လို့ ခံစားခဲ့ရပါတယ်..။ အခုလက်ရှိအသင်းက တည်ဆောက်နေတဲ့ စီမံချက်ဟာ ရေရှည်အတွက် မျှော်မှန်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်အဲဒီစီမံချက်ကြီးအတိုင်း အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်ပြီး အနာဂတ်မှာ အောင်မြင်မှု၊ ဆုဖလားတွေ အများကြီးရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”
မေး - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့အသင်းရဲ့ ပြင်ဆင်တည်ဆောက်နေတဲ့ အနေအထားတွေဟာ အသင်းနဲ့ပတ်သက်တဲ့လူတိုင်း၊ အထူးသဖြင့် ကိုယ်တိုင်ပါဝင်နေတဲ့ ခင်ဗျားတို့ဆိုရင်လည်း သိပ်ကိုကျေနပ်၊ စိတ်လှုပ်ရှားဖို့ကောင်းမှာပါ..။ အခုကတော့ ပုဂ္ဂလိက ရည်မှန်းချက်အပိုင်းပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းမှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိလိမ့်မယ်ဆိုတဲ့ ရည်မှန်းချက်တွေ ထားရှိပါသေးလား..?
“ကျွန်တော့်ဘက်က အသင်းအတွက် တတ်စွမ်းသမျှ အကောင်းဆုံးပေးဆပ် ကစားသွားမှာပါ..။ ဒါ့ကြောင့်အောင်မြင်မှုတွေကတော့ ရနိုင်သမျှ အများဆုံး၊ အကြီးမားဆုံး အောင်မြင်မှုတွေ ရရှိချင်ပါတယ်..။ နောက်ပြီးအခုပြောင်းရွှေ့မှုဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးမားတဲ့ခြေလှမ်းတစ်ခုပါ..။ အင်္ဂလန်မြေ၊ အင်္ဂလိပ်ယှဉ်ကျေးမှုတွေနဲ့လည်း အသားကျအောင် ကြိုးစားရပါဦးမယ်..။ ဒါ့ကြောင့်အစောပိုင်း နှစ်ပါတ်၊ သုံးပါတ်လောက်ကတော့ ရုန်းကန်ရပါလိမ့်မယ်လို့ ထင်ပါတယ်..။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ပုံမှန်ကစားခွင့်ရဖို့၊ အသင်းဖော်တွေနဲ့အတူ တွဲဖက်ညီဖို့၊ အသင်းနဲ့အတူ အောင်မြင်မှုတွေရဖို့ပဲ ရည်မှန်းထားပါတယ်..။ အမှတ်ပေးချန်ပီယံဆုလို အောင်မြင်မှုကြီးကြီးမားမားတွေ ရခဲ့ရင် အကောင်းဆုံးဖြစ်မှာပါ..။
ချယ်လ်ဆီးအသင်းဟာ အမြဲတမ်းဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ ထိပ်တန်းအသင်းတစ်သင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ကလည်း အဲဒီလိုထိပ်တန်အသင်းကြီးမှာ ပါဝင်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်အဖြစ် သက်သေပြနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ..။ ကျွန်တော်တို့အားလုံး စုစည်းမှုကောင်းကောင်းနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”
မေး - အခုအချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ချယ်လ်ဆီးပရိသတ်တိုင်းဟာ ခင်ဗျားတို့မြက်ခင်းစိမ်းထက်မျာ ခြေချမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရတယ်ဆိုတာ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်အခုခင်ဗျားရောက်လာမယ့်အချိန်ကို စောင့်မျှော်ကြည့်ရှုနေကြတဲ့ ချယ်လ်ဆီးပရိသတ်ကြီးကို စကားလက်ဆောင် ပါးပေးပါဦးလား..
“ပထမဆုံးအနေနဲ့ အားလုံးကိုအထူး ကျေးဇူးတင်ရှိတဲ့အကြောင်း ပြောကြားလိုပါတယ်..။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့တာကြောင့် အထူးပျော်ရွှင်ခဲ့ရသလို ကမ္ဘာတစ်ဝန်းက ချယ်လ်ဆီးပရိသတ်တွေ ပေးပို့တဲ့ မက်ဆေ့ချ်တွေကို လက်ခံရရှိပါကြောင်း၊ အဲဒီမက်ဆေ့ချ် အားလုံးကို အလေးဂရုပြုပြီး ဖတ်ရှုပါတယ် ဆိုတဲ့အကြောင်း အသိပေးလိုပါတယ်..။
သူတို့တွေဟာ ကျွန်တော့်ရဲ့ social media အကောင့်တွေမှာ မကြာမကြာလာပြီး ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ပြောကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေရှေ့မှာ ကစားခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ ကျွန်တော့်ကို အထူးကြိုဆိုနေကြတဲ့ သူတို့တွေအတွက် အကောင်းဆုံးပေးဆပ် ကစားသွားမယ်လို့ အလေးအနက် ကတိပေးပါတယ်..။ ကျွန်တော်တို့အတူတူ လက်တွဲပြီး အနာဂတ်မှာလည်း အောင်မြင်မှုတွေ အတူတကွ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။”