feature-image

အပြာရောင်ခြင်္သေ့တို့ရဲ့ အနာဂတ်အတွက် ‘alleskonner’ (သို့မဟုတ်) စွယ်စုံရှင်

“ကျွန်တော်တို့ ဘေယာ လေဗာကူဆင် အသင်းရဲ့သမိုင်းမှာ ဘန်း ရှူးစတား၊ မိုက်ကယ် ဘောလက်၊ တိုနီ ကရူးစ်၊ အာတာရို ဗီဒယ်လ် စသဖြင့် ကစားသမားကောင်းတွေ အများကြီးထွက်ခဲ့ပါတယ်..။ ဒါပေမယ့် ကိုင် ဟားဗာ့ဇ် ကတော့ အသင်းကနေ ထွက်ပေါ်လာသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးပါပဲ..။”
- ရူဒီ ဗောင်လာ
ဘေယာ လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ ဂျာမနီအသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း ရူဒီ ဗောင်လာ ညွန်းဆိုခဲ့သလို နောင်တစ်ချိန် ဥရောပဘောလုံးလောကမှာ လျှမ်းလျှမ်းတောက်လာမယ့် လူငယ်သွေးသစ်တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရတဲ့ ကိုင် ဟားဗာဇ့် ဟာ ငါးနှစ်သက်တမ်းစာချုပ်နဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါပြီ..။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းအတွက်တော့ ၂၀၁၂ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ အီဒင် ဟာဇက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းကြီးတိုင်းက လိုချင်နေခဲ့တဲ့ ပါရမီရှင် ကစားသမား တစ်ယောက်ကို  ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့စံချိန်များစွာကို ချိုးဖျက်ခဲ့တဲ့ ကိုင် ဟားဗာ့ဇ် ဟာ အသက် (၂၁) နှစ်မပြည့်ခင် သွင်းဂိုး (၃၅) ဂိုး ရရှိခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်ခဲ့သလို နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၂) ပွဲမှာ (၈) ဂိုးသွင်း၊ (၄) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဘောလုံးပွဲများ ရပ်နားခဲ့အပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ လက်ကျန်ပွဲစဉ်များကို အစောဆုံးပြန်လည်စတင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာ ကိုင် ဟားဗာ့ဇ် ဟာ ဒေါ့မွန်အသင်းက ဂျေဒွန် ဆန်ချို နည်းတူ ရေပန်းစားခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့သလို ဂျာမနီဘောလုံးလောကနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပရိသတ်တွေကလည်း ‘who is Kai Havertz? ဘာကြောင့်သူ့ရဲ့ပြောင်းရွှေ့ကြေး ဒီလောက်တောင် မြင့်မားနေရတာလဲ..?’ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်..။



စံချိန်မှတ်တမ်းများကို ချိုးဖျက်ခဲ့သူ…

ကိုင် ဟားဗာ့ဇ် ဟာ ၁၉၉၉ ခုနှစ်၊ ဇွန်လမှာ ဂျာမနီနိုင်ငံ၊ အာချမ်မြို့မှာ မွေးဖွားခဲ့ပါတယ်..။ ငယ်စဉ်ကတည်းက သူ့ထက်နှစ်နှစ်လောက်ကြီးတဲ့ အသင်းတွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လေဗာကူဆင်အသင်းက သူတို့ရဲ့အကယ်ဒမီကို အသက် (၁၁) နှစ်မှာပဲ ခေါ်ယူခဲ့ပါတယ်..။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ဘရီမင်အသင်းနဲ့ပွဲမှာ ပထမဆုံးအသင်းကြီး ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီအချိန်က အသက် (၁၇) နှစ်၊ (၁၂၆) ရက်ပဲ ရှိပါသေးတာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းကြီးပွဲထွက်ခွင့် ရရှိခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။

ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ ဝုလ်ဖ်ဘတ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။ အသက် (၁၈) နှစ်၊ (၃၀၇) ရက်အရောက်မှာတော့ ဘွန်ဒက်စ်လီဂါပွဲ (၅၀) ပည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် အခုအသင်းဖော်ဖြစ်လာမယ့် တီမို ဗာနာ ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်..။

ကိုင် ဟာ ၂၀၁၈/၁၉ ဘောလုံးရာသီမှာ (၁၇) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ရာသီအလိုက် ဂိုးအများဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်..။ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ရွေးချယ်ရာမှာတော့ မာကို ရွိုက်စ် ကို ကပ်ပြီးရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာ ရရှိခဲ့ပါတယ်..။ သူဟာအရှိန်ရနေတဲ့ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၁၉/၂၀ ဘောလုံးရာသီ၊ ပက်ဒါဘွန်းအသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်မှာပဲ ဂိုးရခဲ့ပါတယ်..။ အဲဒီဂိုးကြောင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး သွင်းဂိုး (၂၅) ဂိုး ပြည့်မြောက်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၀၀) ပြည့်မြောက်ခဲ့ပြီး တီမို ဗာနာ ရဲ့ အသက်အငယ်ဆုံး ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၀၀) ပြည့် စံချိန်ကို အသက် (၂၀) နှစ်၊ (၆) လနဲ့ ထပ်မံ ချိုးဖျက်ခဲ့ပြန်ပါတယ်..။



အဲဒီနောက်မှာတော့ ဖရိုင်းဘတ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ အသက် (၂၁) နှစ်မပြည့်ခင် သွင်းဂိုး (၃၅) ဂိုး ရရှိခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြန်ပါတယ်..။ ဒါ့ကြောင့်ဘေယာ လေဗာကူဆင်အသင်းမှာ သူ့ကိုပထမဆုံး ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြဖြစ်သူ တေဖန် ကော်ကပ် က ကိုင် နဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်..။

“ကျွန်တော်အသင်းကနေ ထွက်တဲ့အချိန်တုန်းက ဒီကောင်လေးဟာ တစ်နေ့ကျရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာလိမ့်မယ်..၊ ဒါ့ကြောင့်သူ့ကို သေသေချာချာ ဂရုစိုက်ဖို့ ရူဒီ ဗောင်လာ ကို အသေအချာ မှာခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ကိုင် ဟာ အသက် (၁၇) နှစ်ပဲ ရှိပါသေးတယ်..၊ ဒါပေမယ့် ကျွန်တော်ဟာ ယုံယုံကြည်ကြည်နဲ့ အဲဒီလိုပြောခဲ့တာပါ..။ ကျွန်တော်ဟာ ပါရမီရှင်ကစားသမားတွေ အများကြီးတွေ့ဖူးခဲ့ပါတယ်..။ သူကတော့ အားလုံးထဲမှာ တကယ့်ကို ထူးရှယ်ပါပဲ..။”



The ‘Alleskonner’ (သို့မဟုတ်) စွယ်စုံရှင်

ကိုင် ဟားဗာ့ဇ် ကို မာဆွတ် အိုဇေးလ်၊ မိုက်ကယ် ဘောလက်၊ တိုနီ ကရူးစ် တို့နဲ့ ခိုင်းနှိုင်းကြပြီး ဂျာမနီဘောလုံးကျွမ်းကျင်သူတွေက “Alleskönner” လို့ ခေါ်ကြပါတယ်..။ ဖဲစကားနဲ့ဆိုရင် လိုရာသုံးနိုင်တဲ့ ‘ဂျိုကာ (jack of all trades)’ ပေါ့ဗျာ..။ သူနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းနဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဒီမာ့တ် ဟာမန်း က အခုလို ပြောခဲ့ဖူးပါတယ်..။

“ကိုင် ရဲ့ ကစားပုံဟာ ငယ်ငယ်တုန်းက မိုက်ကယ် ဘောလက်ကို ပြန်ပြီးအမှတ်ရစေပါတယ်..။ သူ့ဆီမှာ မိုက်ကယ် လိုပဲ ဟိတ်ဟန်ကြီးမားတယ်..၊ တောက်ကြွားတဲ့ဟန်ပန်တွေကို မြင်တွေ့ရသလို ပင်ကိုယ်ပါရမီ ထူးချွန်တယ်..၊ ဘယ်ခြေညာခြေ နှစ်ဘက်စလုံး ထူးချွန်တယ်..၊ အရပ်အမောင်းကောင်းတယ်..၊ အမြင့်ဘောတွေ ကစားရမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်..။ နောက်ပြီးနေရာစုံ ကစားနိုင်တယ်ဗျ..။ ရှေ့တန်းအထောင် တိုက်စစ်မှူးအဖြစ် ကစားနိုင်သလို တိုက်စစ်၊ ကွင်းလယ်နေရာစုံ ကစားနိုင်ပါတယ်..။ လက်ရှိအချိန် ဂျာမနီကနေ ထွက်ပေါ်သမျှထဲမှာ အကောင်းဆုံးကစားသမားလို့ ကျွန်တော်ထင်ပါတယ်..။”

ကိုင် ဟားဗာ့ဇ် ဟာ ဘောလုံးထုတ်ရာမှာ ဘော‘စ’ရှည်တယ်လို့ ပြောနိုင်ပေမယ့် သူ့ရဲ့လျှင်မြန်မှုနှုန်း (top speed) ဟာ တစ်နာရီ (၃၅) ကီလိုမီတာရှိပြီး ခြေနှုတ်ခြေသိမ်းကောင်းတယ်..၊ အရပ်အမောင်းကောင်းမွန်ပြီး ခြေတံရှည်သူ ဖြစ်တာကြောင့် နောက်ခံလူတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်သူ ဖြစ်ပါတယ်..။ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ဖန်တီးရှင် (No.10 Role) နဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၃၄) ပွဲအတွင်း အခွင့်အရေး (chances) (၆၇) ကြိမ် ဖန်တီးပေးနိုင်ခဲ့သလို အသင်းဖော်တွေဆီ ပေးပို့နိုင်ခဲ့တဲ့နှုန်း (pass completion rate) ဟာ (၈၆%) ရာခိုင်နှုန်း ရှိပါတယ်..။



သူဟာကွင်းလယ်ကစားသမား (No.8 Role) အဖြစ်လည်း ကစားခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကီဗင် ဗော်လန် နဲ့ လူးကပ်စ် အလာရီယို တို့ရဲ့ ကာလရှည်ဒဏ်ရာကြောင့် နည်းပြ ပီတာ ဗော့ဇ် ဟာ ဟားဗာ့ဇ် ကို တိုက်စစ်မှူး ‘False 9 Role’ နေရာတင်ပြီး ကစားခဲ့ပါတယ်..။ အဲဒီလိုတိုက်စစ်မှူးအဖြစ် တင်ကစားလိုက်တဲ့အချိန်မှာ ဟားဗာ့ဇ် ဟာ ‘ဇောင်းထဲက လွတ်လိုက်တဲ့ တိုက်မြင်းတစ်ကောင်’ အလား ရုန်းကြွခဲ့ပြီး သွင်းဂိုး (၁၀) ဂိုးအထိ ရယူကာ ဂိုးသွင်းအဆုံးသတ် ကောင်းမွန်ကြောင်း ပြသခဲ့ပါတယ်..။

ရာသီကုန်ပိုင်းမှာ ညာတောင်ပံ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပေမယ့် ဟားဗာ့ဇ် ဟာ ဘယ်လိုနေရာမှာ ကစားရသည်ဖြစ်စေ.. အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်စွမ်းရှိတယ်..၊ ဂိုးရယူနိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။

စွယ်စုံရှင်ရဲ့ ချယ်လ်ဆီးအသင်းမှ ရှေ့အလားအလာ…

ကိုင် ဟားဗာ့ဇ် ရဲ့ သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာ ပြသထားတဲ့အတိုင်း နေရာစုံကနေ ဘယ်ခြေ၊ ညာခြေ၊ ခေါင်း.. အဝေး၊ အနီးကန်ချက်တွေနဲ့ ဂိုးရအောင် သွင်းယူနိုင်ခဲ့တာ တွေ့ရမှာပါ..။ အခုဒီနှစ်ပိုင်းတွေမှာ ချယ်လ်ဆီးအသင်း ခေါ်ယူခဲ့တဲ့ ဟာဗာ့ဗ်၊ ဗာနာ၊ ပူလီဆစ် တို့အားလုံးဟာ ဘယ်၊ ညာမရွေး နေရာစုံက ဂိုးသွင်းယူနိုင်တဲ့သူ ဖြစ်ကြတာ တွေ့ကြမှာပါ..။ အထူးသဖြင့် သူ့ရဲ့သွင်းဂိုးအများစုဟာ ခြောက်ကိုက်စည်းဝန်းကျင်က သွင်းယူခဲ့တာဖြစ်ပြီး ဖရန့် လမ်းပတ် ကလည်း သူ့ရဲ့တောင်ပံ ကစားသမားများနဲ့ ကွင်းလယ်ကစားသမားများကို ကြုံသလို ဂိုးသွင်းတတ်ဖို့ အထူးတိုက်တွန်းမှာကြားခဲ့တာ မှတ်မိကြဦးမှာပါ..။ ဟားဗာ့ဇ် ဟာ ဂိုးရနိုင်မယ့်နေရာကို ချိန်သားကိုက် ရောက်ရှိပြီး ကြုံသလို ဂိုးသွင်းတတ်တယ်..၊ ဂိုးလာဘ်ရှိတယ်.. ဆိုတဲ့အချက်ဟာ ဖရန့် လမ်းပတ် တို့ကို ဆွဲဆောင်နိုင်ခဲ့တဲ့ အဓိကအချက်တစ်ချက် ဖြစ်နိုင်ပါတယ်..။



အခုအောက်က ပူးတွဲပုံ (ပုံ- ၂) မှာဆိုရင် ဟားဗာ့ဇ် ရဲ့ ဂိုးပေါက်ကန်သွင်းတတ်တဲ့ အလေ့အကျင့်ကို ပြသထားပြီး သူဟာဂိုးဧရိယာအတွင်း ပင်နယ်တီဧရိယာ အနီးတစ်ဝိုက်ကနေ အများဆုံးကန်သွင်းတတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်..။ လူငယ်ကစားသမား အများစုဟာ အဝေးကနေ ကန်သွင်းတတ်တဲ့ အလေ့အထ ရှိတာကြောင့် အခုလိုဂိုးရနိုင်တဲ့ အနေအထားကို ပိုင်နိုင်အောင် ရွေးချယ်တတ်ခြင်းဟာ သူ့ရဲ့ပါးနပ်တဲ့ ဆုံးဖြတ်ချက်စွမ်းရည် (decision making) ကို ပြသနေပါတယ်..။

၂၀၁၈/ ၁၉ ဘောလုံးရာသီ၊ အချက်အလက်တွေအရ ကိုင် ဟာ တစ်ပွဲကိုပျမ်းမျှ (၂.၆) ကြိမ် ဂိုးကန်သွင်းမှု (shots per 90 min) ပြုလုပ်လေ့ရှိပြီး အခုချယ်လ်ဆီးအသင်းမှာ ဘောလုံးလောကရဲ့ ဂိုးသွင်းအကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဖရန့် လမ်းပတ် ဆီကနေ သင်ယူပြီး သူ့ရဲ့ဂိုးသွင်းစွမ်းရည်ဟာ အခုထက်ပို တိုးတက်လာဦးမှာ အသေအချာပါပဲ..။



ကစားကွက်ဖန်တီးမှုအပိုင်း (creative passing) မှာတော့ ကိုင် ဟားဗာ့ဇ် ဟာ တစ်ပွဲကိုထိရောက်တဲ့ပေးပို့မှု (key passes) (၂.၁၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အခြားကမ္ဘာ့အဆင့် ကွင်းလယ်ဖန်တီးရှင်တွေရဲ့ ငယ်စဉ်တုန်းက အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၁/ ၁၂ ဘောလုံးရာသီတုန်းက တိုနီ ကရူးစ် (၂.၃ key passes per game)၊ ၂၀၁၂/ ၁၃ ဘောလုံးရာသီတုန်းက ကီဗင် ဒီ ဘရိုင်း (၂.၆ key passes per game)၊ ၂၀၀၉/ ၁၀ ဘောလုံးရာသီမှာ မာဆွတ် အိုဇေးလ် (၃.၂ key passes per game) အသီးသီး ဖန်တီးပေးပို့နိုင်ခဲ့တာဆိုတော့ သူဟာ ကစားကွက် ဖန်တီးတဲ့အပိုင်းမှာတော့ ဒီ ဘရိုင်း၊ အိုဇေးလ် တို့လို အဆင့်အတန်းမျိုးကို ရောက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ..။

သောမတ်စ် မူလာဟာ ၂၀၁၉/၂၀ ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (assists) (၂၁) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဟာဗာ့ဇ် ကတော့ (၆) ကြိမ်သာ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့် ဟာဗာ့ဇ် အနေနဲ့ ဂိုးဖန်တီးမှုအပိုင်း၊ ကစားကွက်ဖန်တီးမှုအပိုင်းမှာ ထိပ်တန်းအဆင့်ရောက်ဖို့ အတော်လေးကို ကြီးစားရဦးမယ့် သဘောရှိပါတယ်..။ သူ့ရဲ့အားအနည်းဆုံးအပိုင်းက ခံစစ်ကူညီမှုအပိုင်း (defensive contribution) ဖစ်ပါတယ်..။ ဒါကလည်း လေဗာကူဆင်အသင်းမှာ သူ့ကိုခံစစ်ပိုင်းဆင်းကူဖို့ တာဝန်လုံး၀ မပေးထားတာကြောင့် ဖြစ်နိုင်ပါတယ်.။ ချယ်လ်ဆီးအသင်းမှာတော့ အဲဒီလိုမဖြစ်နိုင်ပါဘူး.။ အခုအောက်ပါပူးတွဲပုံ (ပုံ- ၃) မှာ ချယ်လ်ဆီးအသင်းက ဖိအားပေး (pressing) ကစားတဲ့နေရာ အထူးချွန်ဆုံးဖြစ်တဲ့ မေဆန် မောင့် နဲ့ နှိုင်းယှဉ်ပြထားပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်နေရာတစ်နေရာ အခိုင်အမာ ရရှိချင်တယ်ဆိုရင် ခံစစ်ကူညီမှုအပိုင်းမှာ အများကြီးတိုးတက်အောင် အထူးကြိုးစားရဦးမှာပါ..။



ဟာဗာ့ဇ် ဟာ အသက် (၂၁) နှစ်သာ ရှိနေသေးတာကြောင့် ဒီထက်ပိုပြီး တိုးတက်စရာ အများကြီးရှိနေသေးတယ် ဆိုပေမယ့် သူ့ရဲ့အဓိကအားသာချက်က အစောကဖော်ပြခဲ့ပြီးဖြစ်တဲ့ ‘နေရာစုံ ကစားနိုင်ခြင်း (versatility)’ ပဲ ဖြစ်ပါတယ်..။ စွယ်စုံရှင် ဟားဗာ့ဇ် ဟာ ဘေယာ လေဗာကူဆင် အသင်းမှာ ကွင်းလယ် (No.8)၊ ကွင်းလယ်ဖန်တီးရှင် (No.10)၊ ညာတောင်ပံ၊ အထောင်တိုက်စစ်.. စတဲ့နေရာစုံမှာ ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားအဖြစ် တက်လှမ်းနိုင်ဖို့ဆိုရင် သူ့အနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်မယ့် နေရာတစ်ခုကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်..။

ပြီးခဲ့တဲ့နောက်ဆုံးနှစ်ရာသီအတွင်း သူဟာ ကွင်းလယ်ကစားသမား နေရာမှာ မကစားခဲ့ရပေမယ့် ရေရှည်အနာဂတ်မှာတော့ ၄- ၃- ၃ ကစားကွက်ရဲ့ ကွင်းလယ်ကစားသမား (No.8) နေရာမှာ သူနဲ့အသင့်တော်ဆုံးနေရာ ဖြစ်နိုင်ပါတယ်..။ အထူးသဖြင့် လုပ်အားနှုန်း ကောင်းမွန်ပြီး နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်း၊ ကြုံသလို ဂိုးသွင်းနိုင်စွမ်းနဲ့ ချိန်သားကိုက် ပြေးဝင်နေရာယူနိုင်စွမ်းတွေနဲ့ ပြည့်စုံတာကြောင့် တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမား ‘attacking 8’ နေရာဟာ သူ့နဲ့အထူးသင့်တော်နိုင်ပါတယ်..။

တောင်ပံကစားသမားအနေနဲ့ စဉ်းစားမယ်ဆိုရင် ဟားဗာ့ဇ် ဟာ နေရာယူကောင်းတယ်..၊ လျှင်မြန်တယ်.. ဆိုပေမယ့် ဘောလုံးနဲ့အတူ တစ်ဦးချင်း ဖြတ်ကျော်ရာမှာ အကောင်းမွန်ဆုံး မဟုတ်ပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ တောင်ပံမှာတော ပထမဦးစားပေး ကစားသမား မဖြစ်နိုင်ပါဘူး..။ ဒါပေမယ့် သူဟာအထောင်တိုက်စစ်မှူးနေရာမှာ ခြေစွမ်းပြခဲ့သူ ဖြစ်တာကြောင့် တိုက်စစ်မှူးတစ်ယောက်အဖြစ် စဉ်းစားမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်..။ ပရီးမီးယားလိဂ်ရဲ့ တန်းဝင်တိုက်စစ်မှူးတစ်ယောက် ဖြစ်လာဖို့ဆိုရင်တော့ အခုထက်ပိုပြီး ခန္ခာကိုယ် ကြံ့ခိုင်ထွားကျိုင်းဖို့ လိုအပ်ပါလိမ့်မယ်..။ ဒါ့ကြောင့် ‘ဗာနာ- ဟားဗာ့ဇ်- ဇိုင်းယက်ချ်’ ဆိုတဲ့ တိုက်စစ်အတွဲ မြင်ရဖို့ အလားအလာကိုလည်း စဉ်းစားထားရမှာပါ..။



လာမယ့်ဘောလုံးရာသီအတွက် ‘ဟားဗာ့ဇ်’ ဆီမှ မျှော်လင့်ချက်…

ပယ်ရီ အမ်းမရစ်ခ် အူဘားမီးယန်း ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာတဲ့အချိန် ပထမ (၁၈) လအတွင်း သူ့ရဲ့စွမ်းဆောင်ရည် (၂၇%) ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်..။ အဲဒီအချက်ပေါ် မူတည်ပြီး ဟားဗာ့ဇ် ရဲ့ ဖြစ်လာနိုင်မယ့် စွမ်းဆောင်ရည်ကို တွက်ချက်ကြည့်ပါမယ်..။ ဟားဗာ့ဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ရာသီအတွင်း အသင်းအတွက် (၁၈) ဂိုးကနေ ဂိုး (၂၀) အတွင်း ‘ပါဝင်ပတ်သက်မှု (goal contribution = goals + assists)’ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့် သူ့ရဲ့ပထမဆုံး ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်နဲ့ အထိုင်ကျဖို့ ပြင်ဆင်ရမယ့် အနေအထားကို ထည့်တွက်ပြီး ပုံမှန်စွမ်းဆောင်ရည်ထက် (၃၀%) ရာခိုင်နှုန်း လျော့ကျမယ်ဆိုရင် ကိုင် ရဲ့ goal contribution ဟာ (၁၃- ၁၅) ဂိုးဝန်းကျင်လောက် ရရှိနိုင်မယ်လို့ အကြမ်းဖျင်း တွက်ဆကြည့်ပါတယ်..။

အဲဒီပမာဏဟာ စံချိန်တင်အပြောင်းအရွှေ့တစ်ခုအတွက် မက်မောလောက်တဲ့ စွမ်းဆောင်ရည် မဟုတ်နိုင်ပေမယ့် ချယ်လ်ဆီးအသင်းဟာ ဟားဗာ့ဇ် ကို ဘောလုံးတစ်ရာသီတည်းအတွက် ခေါ်ယူခဲ့တာ မဟုတ်ပါဘူး..။ တကယ်လို့ စတန်းဖို့ဒ် ဘရစ်ချ်ကို စပြီးရောက်ကတည်းက လေဗာကူဆင်အသင်းက ခြေစွမ်းမျိုးကို ဆက်လက်ပြသနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်..။

ဒါ့ကြောင့်ဟားဗာ့ဇ် အနေနဲ့ ပရီးမီးယားလိဂ်မှာ အခြေကျဖို့ ဘယ်လောက်အချိန်ယူရမယ်ဆိုတာ မမှန်းဆနိုင်သေးတာကြောင့် လာမယ့်ပထမဆုံးဘောလုံးရာသီမှာ သိပ်ပြီးမျှော်လင့်ချက် မကြီးမားဖို့ လိုအပ်ပါလိမ့်မယ်..။



နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ကိုင် ဟားဗာ့ဇ် ကို ခေါ်ယူနိုင်ခဲ့ခြင်းဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ပါရမီရှင် လူငယ်သွေးသစ် ‘super talent’ တစ်ယောက်ကို ရရှိလိုက်တာလို့ ဆိုနိုင်ပါတယ်..။ သူ့ရဲ့အသင်းအပေါ် ဦးဆောင်ပံ့ပိုးနိုင်မှု၊ ဘောလုံးဦးနှောက် ကောင်းမွန်မှု၊ ရင့်ကျက်မှု၊ အတွေ့အကြုံနဲ့ ပင်ကိုယ်ပါရမီ ခြေစွမ်း၊ ကြံ့ခိုင်မှုအနေအထားတွေဟာ သက်တူရွယ်တူ (၂၁) နှစ်သားထဲ ရှာတွေ့ဖို့ မလွယ်ကူသလို အချက်အလက်တွေအရ အသက် (၂၁) နှစ်အောက် ကစားသမားတွေထဲမှာ ကိုင်လီယန် အမ်ဘတ်ပေး ပြီးရင် အကောင်းဆုံးလို့ ပြောနိုင်ပါတယ်..။

တစ်ခုရှိတာက ဟားဗာ့ဇ် ဆီမှာလည်း တခြားလူငယ်ကစားသမားတွေနည်းတူ အားနည်းချက်လေးတွေ ရှိပါတယ်..။ ဒ့ါကြောင့်အဲဒီအားနည်းချက်တွေ ပယ်ပျောက်သွားပြီး ထွန်းတောက်လာမယ့် အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်လာဖို့ ချယ်လ်ဆီးအသင်းအနေနဲ့ ဟာဗာ့ဇ် ကို အချိန်တစ်ခုပေးဖို့ လိုအပ်ပါလိမ့်မယ်..။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကနေ နောက်တစ်ဆင့်တက် အောင်မြင်မှုတွေနဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အင်္ဂလန်မြေနဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းကို ခြေချလာတဲ့ လူငယ်ပါရမီရှင်လေးအနေနဲ့ နောင်တစ်ချိန်မှာ အစွမ်းကုန်တောက်ပနိုင်ဖို့ ခဏတာတော့ အနစ်နာခံရဦးမယ့် ကာလတစ်ခုကို ဖြတ်ကျော်ရဖို့ ပြင်ဆင်ထားဖို့ လိုအပ်နိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

References
======
- Kai Havertz in-depth: scouting report- The €100m über-talent from Germany, by ExpectedChelsea, www.weaintgotnohistory.com
- Kai Havertz: Is the hype around the £90m-rated Bayer Leverkusen forward justified?, by Charlotte Marsh, Sky Sports
- Kai Havertz – Why the Hype?, by Scott Samuel, www.crossbarhub.com