feature-image

‘အယ်လ်ကန်တာရာ ရဲ့ အနားကို မကပ်နိုင်ခဲ့ပါဘူး’ လို့ ဆိုတဲ့ ‘မေဆန် မောင့်’ နှင့် တွေ့ဆုံခြင်း

NIKE အားကစားပစ္စည်း ကုမ္ပဏီမှ ထုတ်ဝေခဲ့သော အင်္ဂလန်လက်ရွေးစင်အသင်း ဝတ်စုံသစ် မိတ်ဆက်အခမ်းအနားတွင် ချယ်လ်ဆီးအသင်း လူငယ်ကွင်းလယ်ဖန်တီးရှင် မေဆန် မောင့် အား SPORTbible သတင်းဌာနက တွေ့ဆုံခဲ့ပြီး သူ၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပထမဆုံးဘောလုံးရာသီ အတွေ့အကြုံများကို ယခုလိုဖြေကြားခဲ့သည်..။

မေး - မေဆန် ရေ.. ခင်ဗျားရဲ့ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် congratulations ပါ..။ ပြီးခဲ့တဲ့ဘောလုံးရာသီကနေ ဘယ်လိုသင်ယူမှုုတွေ ရရှိခဲ့လဲဗျ..?

“ပရီးမီးယားလိဂ် ကစားသမားတစ်ယောက်ဖြစ်ဖို့ ဘယ်လောက်တောင် ကြံ့ခိုင်သန်စွမ်းဖို့ လိုအပ်တယ်ဆိုတာ သိခဲ့ရပါတယ်..။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲရဲ့အရှိန်၊ လျှင်မြန်မှုဟာ တခြားလိဂ် ပြိုင်ပွဲတွေနဲ့ မတူပါဘူး..။ ပြီးတော့ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီးနဲ့ ရင်ဆိုင်ရတာ ဖြစ်တာကြောင့် ပွဲစဉ်တိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်မှ ရမှာပါ..။ စိန်ခေါ်မှုတွေနဲ့ အမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ပြီးခဲ့တဲ့ဘောလုံးရာသီကနေ အများကြီးသင်ယူခဲ့ရပါတယ်.။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအပိုင်းမှာ အရင်ကထက်ပိုပြီး တိုးတက်လာတယ်လို့ ထင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲတိုင်းမှာ အချိန်တိုင်းအာရုံစူးစိုက်မှု အပြည့်ရှိနေဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်..။”

မေး - ခင်ဗျားအတွက် အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်…

“လက်စ်တာ အသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပထမဆုံးအဖွင့်ဂိုး သွင်းနိုင်ခဲ့တာကိုပါပဲ..။ အဲဒီပွဲဟာ ကျွန်တော့်အတွက် စတန်းဖို့်ဒ် ဘရစ်ချ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ပွဲလည်း ဖြစ်ပါတယ်..။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော့်အတွက် အရမ်းကို ကြီးကျယ်ခမ်းနားခဲ့ပါတယ်..။ နောက်ပြီးတော့တင်ဟမ် အသင်းကို နှစ်ကြိမ်စလုံး အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ပေါ့ဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ တော့တင်ဟမ်အသင်းနဲ့ပွဲတွေဟာ ချယ်လ်ဆီးအသင်း ပရိသတ်နဲ့ အသင်းအတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်..။ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာစေခဲ့တဲ့ ဝုလ်ဖ်အသင်းနဲ့ပွဲက သွင်းဂိုးကိုလည်း အမြဲတမ်းအမှတ်ရနေမှာပါ..။”



မေး - စိတ်အပျက်ခဲ့ရဆုံး အခိုက်အတန့်တွေကရော..?

“FA ဖလား၊ ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အတော်လေး စိတ်ပျက်ခဲ့ရပါတယ်..။ နောက်တစ်ပွဲက စတန်းဖို့ဒ် ဘရစ်ချ်မှာ ဘေယန် မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲပေါ့..။ အဲဒီလိုအနေအထားမှာ ပြန်လာနိုင်ဖို့ အတော်လေးခက်ခဲသွားပါပြီ..။ အဲဒီပထမအကျော့ ပွဲစဉ်ကိုပြန်ကြည့်ဖြစ်တဲ့အချိန်မှာ ‘သူတို့နဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုလုပ်ရပါ့မလဲ..?’ ဆိုပြီး စဉ်းစားနေခဲ့မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းဟာ အကောင်းဆုံးခြေစွမ်း ရနေတဲ့အချိန် ဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး အများကြီးကောင်းမွန်ဖို့ လိုအပ်နေသေးတယ်ဆိုတာ သိလိုက်ရပါတယ်..။”

မေး  - ခင်ဗျားနဲ့လူငယ်အကယ်ဒမီမှာ အတူတူဖြတ်သန်းခဲ့တဲ့ အသင်းဖော်တွေနဲ့အတူ ကစားခဲ့ရတဲ့အပေါ်ကိုရော..?

“တန်မီ၊ ဖီကာရို၊ ကာလန်၊ ရိစ် နဲ့ ဘီလီ တို့နဲ့အတူတူ ကျော်ဖြတ်ခဲ့တဲ့ အကယ်ဒမီနေ့ရက်တွေက အတွေ့အကြုံတွေဟာ တကယ့်ကို အထောက်အကူ ဖြစ်ပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့အချင်းချင်း အတူတူတွဲဖက်ပြီး ပွဲတွေအများကြီး ကစားခွင့်ရချင်တာကြောင့် တစ်ရက်ထက်တစ်ရက် ပိုပြီးကြိုးစား လေ့ကျင့်ခဲ့ကြပါတယ်..။ အခုရာသီမှာ ကစားခွင့်ရမယ်ဆိုတာ သိခဲ့ပေမယ့် အသင်းရဲ့အဓိကကစားသမားတွေ ဖြစ်လာကြမှာ မဟုတ်ဘူးဆိုပြီး ရာသီအစတုန်းက ကျွန်တော်တို့အချင်းချင်းတောင် ပြောခဲ့ကြပါသေးတယ်..။ ဒါပေမယ့်ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့တစ်တွေဟာ အသင်းရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့အပေါ် အထူးကျေနပ်မိပါတယ်..။”

မေး - ခင်ဗျားရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲမှာ ကိုယ့်ထက်တစ်ဆင့်မြင့်တယ်လို့ စိတ်ထဲက ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရတဲ့ ပြိုင်ဘက်ကစားသမား ရှိခဲ့လား..?

“ချန်ပီယံလိဂ်ပြိုင်ပွဲဟာ နောက်ထပ်တစ်ဆင့်မြင့်ပြိုင်ပွဲ ဖြစ်ပါတယ်..။ ပွဲတွေကလည်း တခြားပွဲတွေနဲ့ မတူဘူးဗျ..။ ဘေယန် မြူးနစ်အသင်းမှာ လီဝန်ဒေါ့စကီး၊ ကင်းမစ်ချ်၊ သီယာဂို တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိပါတယ်..။ သီယာဂို အယ်လ်ကန်တာရာ ဆိုရင် သူ့ရဲ့အနားတောင် ကပ်လို့မရခဲ့ပါဘူး.။ သူတို့အချင်းချင်း ဘောလုံးပေးပို့တာ အရမ်းကိုမြန်ပါတယ်..။ အဲဒီလိုကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ‘ဒီလူတွေကို ဘယ်လိုများ ပိတ်ဆို့ရမလဲ မစဉ်းစားတတ်တော့ဘူး..’ ဆိုတဲ့ အတွေးတွေ ဝင်လာပါတယ်..။ အဲဒီပွဲတွေဟာ ကျွန်တော့်အတွက် မျက်စိပွင့်စေတဲ့ပွဲတွေ ဖြစ်ပါတယ်..။ ကျွန်တော်တို့ အဲဒီလိုအဆင့်မျိုးရောက်အောင် ရှေ့ဆက်ရဦးမယ်ဆိုတဲ့ အသိအမြင်ရလာခဲ့တဲ့ပွဲတွေလည်း ဖြစ်ပါတယ်..။ ကွျွန်တော်လည်း အဲဒီလိုအဆင့်မျိုးအထိ ရောက်အောင်ကြိုးစားသွားမယ်ဆိုတဲ့ သံဌိဌာန် ချမှတ်ထားပါတယ်..။”



မေး - ဒါဆိုရင် အဲဒီပွဲကနေ ဘယ်လိုအတွေ့အကြုံမျိုး ရခဲ့ပါလဲ..?

“ဘေယန်အသင်းသားတွေဟာ နှစ်ပေါင်းများစွာ အတူတူတွဲပြီး ကစားခဲ့တဲ့ အသင်းသားတွေ ဖြစ်ကြပါတယ်..။ တစ်ယောက်အကြောင်းတစ်ယောက် အကုန်လုံးသိပြီးသားတွေ ဖြစ်ကြတယ်..၊ အားလုံးကလည်း ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်ပြီး တစ်ယောက်ချင်းစီ တကယ့်ပွဲကြီးပွဲကောင်း တစ်ရာကျော် ကစားဖူးခဲ့ကြတဲ့သူတွေပါ..။ ကမ္ဘာ့ဖလားတွေ၊ ယူရိုတွေ၊ ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်း အတွေ့အကြုံ အလျံပယ်နဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါဟာကျွန်တော်တို့လူငယ် ကစားသမားတွေထက် အဆပေါင်းများစွာ သာလွန်ခဲ့တဲ့ အတွေ့အကြုံတွေပါ..။ အသင်းရဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲတိုင်းဟာ ကျွန်တော်တို့အတွက် ခံစားရခက်ပါတယ်..၊ ဒါပေမယ့် ကိုယ့်အတွက် သင်ယူစရာအများကြီး ရရှိခဲ့တဲ့အခုလိုပွဲမျိုးဟာ ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တခြားပွဲတစ်ပွဲထက် ပိုပြီးတန်ဖိုးရှိပါတယ်..။ ဒီပွဲတွေကနေ သင်ခန်းစာကောင်းကောင်းရခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီအတွေ့အကြုံတွေကို အခြေခံပြီး နောက်လာမယ့်နှစ်တွေမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်အောင် ကြိုးစားသွားရမှာပါ..။”

မေး- ဖရန့် လမ်းပတ် နဲ့ လက်တွဲပြီး အလုပ်လုပ်ရတာ ဘယ်လိုရှိနေလဲ..? သူ့ဆီကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူနိုင်ခဲ့လဲ..?

“ကျွန်တော်ဟာ ဖရန့် နဲ့ ဒါဘီ ကောင်တီအသင်းမှာကတည်းက လက်တွဲလာခဲ့တာပါ..။ ပင်နယ်တီဧရိယာထဲကို ဘယ်လိုအချိန်ကိုက် ပြေးဝင်ရလဲ..၊ ဂိုးရနိုင်အောင် ဘယ်လိုနေရာယူရမလဲ.. ကျွန်တော့်ကို သင်ပေးပါတယ်..။ အရင်နှစ်က သူနဲ့အတူတူ လက်တွဲခွင့်ရခဲ့တာကြောင့် ကျွန်တော်ဟာ နောက်ထပ်တစ်ဆင့် တိုးတက်ခဲ့တယ်လို့ ပြောရမှာပါ..။ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ သူ့ဆီကနေ အနီးကပ်သင်ယူခွင့်ရတာ သိပ်ကိုကံကောင်းပါတယ်..။ ကျွန်တော်ကတော့ အမြဲတမ်းပဲ ဒီထက်ပို တိုးတက်ချင်ပါတယ်..။”

မေး - ချယ်လ်ဆီးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ခင်ဗျားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်..။ အဲဒီလိုအင်္ဂလန်အသင်းအတွက် အရွေးခံခဲ့ရတဲ့အချိန် ခံစားချက်လေး ပြောပြနိုင်မလား..?

“လွန်ခဲ့တဲ့လေးနှစ်၊ ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ကျွန်တော်ဟာ မိသားစုနဲ့အတူ TV ကနေ အားပေးခဲ့ပါတယ်..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ နောင်တစ်ချိန်ကျရင် အဲဒီအသင်းထဲရောက်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေခဲ့ပါတယ်..။ တကယ်လို့ကျွန်တော်ဟာ အခုလက်ရှိခြေစွမ်းအတိုင်း ဆက်လက်ကြိုးစားနေမယ်..၊ ဒီထက်ပိုပြီး တိုးတက်နေမယ်ဆိုရင် လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းမှာ အရွေးချယ်ခံရနိုင်ပါတယ်..။ ဒါဟာကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ..။ တကယ်အရွေးခံရမလား..? မခံရဘူးလား..? ကြိုတင်မသိနိုင်ပေမယ့် ကျွန်တော့်ဘက်ကတော့ အကောင်းဆုံး အနေအထားမှာ အမြဲတမ်းရှိနေအောင် အစွမ်းကုန် ကြိုးစားနေရမှာပါ..။ အခုတော့ အဲဒီပြိုင်ပွဲဟာ နောက်ကိုရွှေ့သွားပြီးပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော်ဟာ အခြေအနေအရပ်ရပ်ကို နားလည်ထားသလို ရှေ့ဆက်ပြီးဘယ်လိုတွေ ကြိုးစားရမလဲ သိထားပါတယ်..။”



မေး - ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ဖြစ်သေးလား..?

“အင်္ဂလန်အသင်းနဲ့ တူနီးရှားအသင်းရဲ့ပွဲကို ရုရှနိုင်ငံအထိ သွားပြီးကြည့်ရှုခဲ့ပါတယ်..။ အဲဒီပွဲတွေမှာ ပရိသတ်တွေရဲ့ အားပေးမှုဟာ အရမ်းကိုထူးခြား ကောင်းမွန်ပါတယ်..။ ကျွန်တော့်အတွက် ကမ္ဘာ့ဖလား ပွဲစဉ်တစ်ပွဲကို ပထမဆုံးအကြိမ် Live ကြည့်ဖူးခြင်းပါပဲ.။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်..။ အဲဒီအချိန်ကစပြီး နောင်တစ်ချိန်ကျရင် အဲဒီလိုကမ္ဘာ့ဖလားပွဲစဉ်မှာ ကိုယ်တိုင်ပါဝင်နိုင်ခွင့် အရမ်းကိုရရှိချင်လာပါတယ်..။”

မေး - ပွဲကြည့်စင်ပေါ်မှာ ‘It’s Coming Home’ သီချင်းကို သံပြိုင်ဟစ်ကြွေးခဲ့သေးတာပေါ့… ဟားဟား..

“တစ်ပုဒ်လုံးမရဘူးဗျ..၊ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းပဲ ရပါတယ်..။ ကျွန်တော်ဟာ အင်္ဂလန်အသင်း အားပေးတဲ့ပရိသတ်တစ်ယောက် ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အင်္ဂလန်အသင်းရဲ့ပွဲတွေကို အစဉ်တစိုက် အားပေးခဲ့ပါတယ်..။ အခုဆိုရင် အင်္ဂလန်အသင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေရပြီဆိုတာ တကယ့်ကို မယုံနိုင်စရာပါပဲ..။ ဒါ့ကြောင့် လာမယ့်နွေရာသီကျရင် အဲဒီလိုပြိုင်ပွဲကြီး (ယူရို ၂၀၂၀) မျိုးကို ပြန်လည်ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်.။ ကျွန်တော်တို့ ကြီးမားတဲ့အောင်မြင်မှု၊ ဆုဖလားတွေ ရရှိချင်ပါတယ်..။”

မေး - တကယ်လို့ စကော့တလန်အသင်းသာ ကျန်ရှိနေတဲ့ play off ပွဲစဉ်တွေမှာ အနိုင်ရခဲ့မယ်ဆိုရင် ယူရိုပြိုင်ပွဲကျ အင်္ဂလန်အသင်းနဲ့ အုပ်စုတစ်ခုတည်း ကျနိုင်ဖို့ ရှိပါတယ်..။ ဒါဆိုရင်ခင်ဗျားဟာ ဘီလီ ဂေးလ်မား နဲ့ ပြန်ပြီးရင်ဆိုင်ရမှာပါ..။ အဲဒီလိုသူနဲ့ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုနေမလဲဗျ..?

“ကျွန်တော်တို့အချင်းချင်းကြားမှာလည်း အင်္ဂလန်နဲ့ စကော့တလန်ဆိုပြီး ပြိုင်ဆိုင်မှုလေးကတော့ ရှိနေတယ်ဗျ..။ ဒါ့ကြောင့်သူနဲ့ပြိုင်ဘက်အဖြစ်သာ ရင်ဆိုင်ရမယ်ဆိုရင် တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ.။ အင်္ဂလန် vs စကော့တလန် ပွဲစဉ်တွေဟာ တကယ့်ကို ကြီးကျယ်ခမ်းနားပြီး သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ဒါဘီပွဲစဉ်တွေ ဖြစ်ပါတယ်..။ ဘီလီ ဟာ အသင်းမှာပါဝင်ဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် အသင်းကြီးကိုခေါ်ယူခြင်း ခံခဲ့ရတာပါ..။ အခုအချိန်မှာ ဒဏ်ရာရနေပေမယ့် သူဟာအကောင်းဆုံး ခြေစွမ်းနဲ့အတူ ပြန်လာမှာဖြစ်ပြီး လာမယ့်နွေရာသီကျရင် ကျွန်တော်တို့ချင်း ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရပါစေလို့ပဲ ဆုတောင်းပါတယ်..။”



မေး - ဘီလီ ဂေးလ်မား ဟာ အသင်းကြီးကို ရောက်လာတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုအကြံဉာဏ်တွေ၊ အကူအညီတွေ ပေးခဲ့လဲဗျ..?

“’စိတ်အေးအေးထားပြီး အကောင်းဆုံး ကစားနိုင်အောင်သာ ကြိုးစား..၊ လေ့ကျင့်ခန်းအစီအစဉ်တွေက မင်းရဲ့ခြေစွမ်းဟာ လုံလောက်မှုရှိပါတယ်..’ လို့ပဲ ပြောခဲ့မယ် ထင်ပါတယ်..။ ဒါပေမယ့် ဘီလီ ဆိုတာ ဘယ်တော့မှ တင်းတိမ်ရောင့်ရဲတတ်တဲ့သူ မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူ့ရဲ့ရည်မှန်းချက်နဲ့ အလားအလာကို သူကိုယ်တိုင် နားလည်ထားပါတယ်..။”

မေး - တကယ်လို့ လာမယ့်နွေရာသီ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ခင်ဗျားနဲ့ ဒက်ကလန် ရိုက်စ် တို့နှစ်ယောက်စလုံး အရွေးခံရမယ်ဆိုပါစို့.. ဒါဆိုရင် တစ်ချိန်တုန်းက သူအိပ်နေတုန်း ဆိုရှယ်မီဒီယာပေါ်တင်ပြီး နှိပ်ကွပ်ခဲ့တဲ့အပေါ် ခင်ဗျားကိုလက်စားချေဖို့ သူပြန်ပြီးကြိုးစားနိုင်ချေရှိလားဗျ..

“may be.. ဖြစ်နိုင်ပါတယ်..။ သူနဲ့ကျွန်တော် မကြာခဏ တွေ့ဖြစ်ကြပေမယ့် သူ့ဘက်က ကျွန်တော့်ကို ပြန်ဆော်ဖို့ အခွင့်အရေးမရဘူး ဖြစ်နေပါတယ်..။ သူလည်းကြုံရင်ကြုံသလို ကြိုးစားကြည့်ပါသေးတယ်..။ တစ်ခါတုန်းကလည်း ကျွန်တော်ရေချိုးခန်းထဲမှာ ရှိနေတုန်း အပြင်ကနေ တဒုန်းဒုန်းနဲ့ တံခါးလာခေါက်တယ်..၊ ပြီးတော့ကျွန်တော်မမြင်အောင်ပုန်းနေပြီး သရဲခြောက်တဲ့ပုံ လုပ်တယ်ဗျ..။ ဖြစ်ချင်တော့ သူကအိပ်ယာအောက်မှာ ဝင်ပုန်းနေတာ ခြေမလေးက အပြင်ထွက်နေတယ်..၊ အဲဒါကိုသူသတိမထားမိဘူး.. ဟားဟား..။ ဒါနဲ့ကျွန်တော်က သူမရိပ်မိအောင် တခြားဘက်ကို တိတ်တိတ်လေးသွားပြီး သူ့ကိုပြန်ခြောက်ခဲ့ပါတယ်.. ဟားဟား..။ ဒါ့ကြောင့်အခုအချိန်ထိတော့ ကျွန်တော်ကပဲ သူ့ကိုနှိပ်ကွပ်ခဲ့တာ ပိုပြီးများပါတယ်..။”



မေး - ဝုလ်ဖ်အသင်းနဲ့ပွဲ free kick ကနေ ဂိုးသွင်းအပြီးမှာ ခင်ဗျားငယ်ငယ်တုန်းက လေ့ကျင့်ခန်းကွင်းမှာ ခရစ်စ်တီယာနို ရော်နယ်လ်ဒို ရဲ့ နည်းစနစ်ကို တုပပြီး လေ့ကျင့်တဲ့အကြောင်းပြောခဲ့တဲ့ ဗွီဒီယို ပြန်တက်လာခဲ့ပါတယ်..။ တကယ်လို့ အင်္ဂလန်အသင်း free kick ရခဲ့မယ်ဆိုရင် ခင်ဗျားရော ကန်ခွင့်ရနိုင်မလား..?

“အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ကျွန်တော်က ဘယ်တော့မှ ငြင်းလိမ့်မှာမဟုတ်ပါဘူး..။ အဲဒီလိုကန်ချက်မျိုးတွေ ထပ်ပြီးကန်သွင်းနိုင်လိမ့်ဦးမယ်လို့လည်း ယုံကြည်မှုအပြည့်ရှိပါတယ်..။ ဘောလုံးကွင်းထဲကို ရောက်သွားတာနဲ့ ကျွန်တော့်ဆီမှာ ဘာဖိအားမှ မရှိတော့သလို ခံစားရပါတယ်..။ နောက်ပြီးငယ်ငယ်ကတည်းကနေ အခုအချိန်ထိ အဲဒီလိုကန်ချက်မျိုးတွေ တစ်ချိန်လုံးကန်ခဲ့တာပါ..။”

မေး - ဒါဆိုရင် ရှေ့ဆက်ပြီးရော်နယ်လ်ဒို ကန်တဲ့ပုံစံအတိုင်း ဆက်ပြီးကန်သွင်းဖို့ အစီအစဉ်ရှိသေးလား..?

“Yes.. အခုလည်းအဲဒီပုံစံအတိုင်း ကန်သွင်းနေသလို နောက်လည်းအဲဒီအတိုင်းပဲ ကန်ဦးမှာပါ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကန်သွင်းပုံနည်းစနစ်က သူနဲ့တော့ နည်းနည်းကွာပါတယ်.။ ကျွန်တော်က သူ့လိုဘောလုံးနောက်က တည့်တည့်မပြေးပဲ နည်းနည်းလေးစောင်းပြီး ကန်သွင်းပါတယ်..။ ဘောလုံးရဲ့တည်နေရာအပေါ် မူတည်ပြီး ကန်သွင်းတဲ့ပုံစံကို ပြောင်းလဲပါတယ်..။ အဝေးက ကန်သွင်းတဲ့အခါမှာ ဝှေ့ဝိုက်ကန်သွင်းချက်တွေဟာ တိကျမှုပိုကောင်းပေမယ့် ဂိုးသမားတွေ မှန်းဆရတာလွယ်ပါတယ်..။ ဝှေ့ဝှိုက်ကန်သွင်းတဲ့အခါမှာ ဂိုးသမားမမှီနိုင်အောင် အရှိန်ပြင်းပြင်းကန်သွင်းဖို့ကျ ခက်သွားပြန်ရော..၊ ဒါ့ကြောင့်အဝေးကကန်သွင်းတဲ့အခါမှာ ရော်နယ်လ်ဒို ရဲ့ ပုံစံအတိုင်း အရှိန်ပြင်းပြင်း ကန်သွင်းတာ အကောင်းဆုံးပါပဲ..။”

(Sport Bible မှ ဆောင်းပါးရှင် Ben Welch ၏ ‘Mason Mount Exclusive: Bayern Munich On Another Level But Chelsea Will Get There’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)