feature-image

‘လန်ဒန်မြို့ကို နှစ်သက်ပါတယ်..’ လို့ ပြောလိုက်တဲ့ ‘တီမို ဗာနာ’

ယခုလာမည့် ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ မှာ ယခင်အပါတ် စနေနေ့က ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ခြေစမ်းပွဲစဉ်တွင် ပွဲချိန် (၅) မိနစ်မှာပင် ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ ဂျာမနီလက်ရွေးစင် အသင်းနှင့် UEFA Nations League ပြိုင်ပွဲအတွက် မထွက်ခွာမီ တီမို ဗာနာ မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး လန်ဒန်မြို့တွင် အပြာရောင်ချယ်လ်ဆီးအသင်းနှင့် ကန့်လန့်ကာ စတင်ဖွင့်လှစ်ခဲ့သည့် နေ့ရက်များအကြောင်းကို ပြောပြခဲ့ပါသည်..။

၂၀၂၀ ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့သည့် အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးမှာ ဇူလိုင်လကုန်ပိုင်းတွင် ကော့ဘ်ဟမ်လေ့ကျင့်ကွင်းသို့ ရောက်ရှိလာခဲ့သည်..။ လိုက်ပ်ဇစ်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါ ပွဲစဉ်များ ပြီးဆုံးအောင် ကစားခဲ့ရသောကြောင့် ကြံ့ခိုင်မှုကောင်းမွန်နေဆဲဖြစ်သည့် တီမို ဗာနာ မှာ ချယ်လ်ဆီးအသင်းနှင့် အစောပိုင်းကာလ နေ့ရက်များအကြောင်းကို ယခုလိုပြောပြခဲ့ပါသည်..။



“သိပ်ကိုကောင်းမွန်ပါတယ်...။ အခုကျွန်တော်နေထိုင်တဲ့အိမ်ဟာ လေ့ကျင့်ကွင်းနဲ့နီးတာကြောင့် ဘယ်လိုသွားရမလဲ ကျွန်တော်သိပါတယ်..။ ကိုယ့်ရဲ့ပတ်ဝန်းကျင်အကြောင်း သိရှိထားတာ သိပ်ကောင်းသလို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာလည်း ကျွန်တော်တို့ သွားရောက်လေ့ကျင့်ခဲ့ပြီးပါပြီ..။ ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ် ကို ဘယ်လိုသွားရမလဲဆိုတာ ကျွန်တော်သိထားပါတယ်..။

အခုကျွန်တော်နေထိုင်နေတဲ့ အခန်းကလည်း အဆင်ပြေပါတယ်..။ ဒါ့ကြောင့်အခုဒီမှာ ပျော်ရွှင်သလို လန်ဒန်မြို့ကိုလည်း နှစ်သက်ပါတယ်..။ လန်ဒန်မြို့ဟာ ကမ္ဘာပေါ်က မြို့တော်တွေထဲမှာ အကောင်းဆုံး မြို့တစ်မြို့လို့ ကျွန်တော်ထင်ပါတယ်..။ ဒါ့ကြောင့်လန်ဒန်မှာ အရမ်းပျော်ရွှင်ပါတယ်..။ အခုကျွန်တော်ရောက်လာတဲ့အချိန် ရာသီဥတုလည်း သိပ်နေလို့ကောင်းပါတယ်..။ ကျွန်တော်ဟာ လန်ဒန်မြို့မှာ မြန်မြန်ဆန်ဆန် အသားကျခဲ့တယ်လို့ ထင်ပါတယ်..။

ဒါပေမယ့် အင်္ဂလန်ကိုစရောက်တဲ့အချိန် အခက်အခဲတစ်ခုက လူတိုင်းပြောတဲ့ အင်္ဂလိပ်စကားကို နားလည်ဖို့ခက်နေတာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းပြီးကတည်းက ကျွန်တော်ဟာ အင်္ဂလိပ်စကား မပြောခဲ့တာ ကြာပြီဖြစ်တဲ့အတွက် နားလည်ဖို့ ခက်ခဲခဲ့တာ ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့်လူတိုင်းက ကျွန်တော့်ကို ကူညီခဲ့တာကြောင့် ကျွန်တော်မျှော်မှန်းထားသလောက် မခက်ခဲခဲ့ပါဘူး..။ ကျွန်တော်နဲ့တွေ့တဲ့အချိန် သူတို့တွေက စကားကို ဖြည်းဖြည်းပဲ ပြောပေးကြတာကြောင့် ကျွန်တော့်အတွက် နားလည်ရပိုပြီး လွယ်ကူခဲ့ပါတယ်..။ အခုတော့ ကျွန်တော့်အတွက် အစစအရာရာ အဆင်ပြေနေပါပြီ.။ အခုဆိုရင် အင်္ဂလိပ်လို အားလုံးနားလည်နေပြီဖြစ်သလို အင်္ဂလိပ်လို ပြောဆိုလို့လည်း ရနေပါတယ်..။”



ချယ်လ်ဆီးအသင်းတွင် ရောက်ရှိပြီးဖြစ်သည့် ဂျာမန်တစ်ဦးဖြစ်သူ တိုနီ ရူဒီဂါ ကလည်း ချယ်လ်ဆီးအသင်းနှင့် ပတ်သက်သည့် သိသင့်သမျှ အကြောင်းအရာများကို ပြောပြခဲ့သည်..။ ထို့ကြောင့် တိုနီ ရူဒီဂါ ကဲ့သို့ ရင်းနှီးပြီးဖြစ်သည့် သူငယ်ချင်းတစ်ယောက် ရှိနေခြင်းမှာ လန်ဒန်မြို့နှင့်ချယ်လ်ဆီးအသင်းတွင် အသားကျဖို့ ပိုမိုလွယ်ကူစေခဲ့ကြောင်း ထောက်ခံပြောကြားခဲ့သည်..။

“ဂျာမန်လို ပြောနိုင်မယ့်သူတစ်ယောက် အနီးနားမှာရှိနေခဲ့တာ သိပ်ကိုကောင်းပါတယ်..။ ကိုဗာဆစ် လည်း ဂျာမန်လို ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ကို ကူညီပေးနိုင်မယ့်သူ နောက်တစ်ယောက် တိုးလာတာပေါ့ဗျာ..။ လေ့ကျင့်ကွင်းကို ရောက်လာတဲ့အချိန် သူတို့က ကျွန်တော့်ကို အစစအရာရာ ကူညီပေးခဲ့တဲ့အပြင် ညစာစားဖို့ ဘယ်မှာကောင်းတယ်..၊ ဘယ်နေရာတွေကို သွားလည်ပတ်ဖို့ အဆင်ပြေတယ်.. စသဖြင့် ညွန်ပြပေးနိုင်ခဲ့ပါတယ်..။

အရင်ကလည်း လန်ဒန်ကို ခဏပဲ ရောက်ဖူးခဲ့တာဆိုတော့ လန်ဒန်အကြောင်း ကျွန်တော်ကောင်းကောင်း မသိခဲ့ပါဘူး..။ ဒါ့ကြောင့်သူတို့နှစ်ယောက် ရှိနှင့်နေခဲ့တာဟာ ကျွန်တော့်အတွက် အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်..။”



တီမို ဗာနာ မှာ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြန်လည်စတင်မည့် ဘောလုံးရာသီသစ်အတွက် ပြင်ဆင်နေချိန် ဖြစ်သောကြောင့် နည်းပြ ဖရန့် လမ်းပတ် နှင့် အနီးကပ်တွဲဖက် လေ့ကျင့်လျှက်ရှိသည်..။ တီမို ဗာနာ က ချယ်လ်ဆီးအသင်း မန်နေဂျာနှင့် ပတ်သက်ပြီး သူ၏အမြင်ကို ယခုလိုပြောကြားခဲ့သည်..။

“မန်နေဂျာနဲ့ အခုထိတွဲဖက် အလုပ်လုပ်ခဲ့သမျှ အားလုံးအဆင်ပြေ ချောမွေ့ပါတယ်..။ သူကဘာတွေ တိုးတက်ဖို့လိုတယ်..၊ ဘယ်လိုအရာတွေကို ပြင်ဆင်ရမယ်ဆိုတာ ကျွန်တော့်တစ်ယောက်တည်း မဟုတ်ပဲ တစ်သင်းလုံးကို ပြသပေးပါတယ်..။ ဒါ့အပြင်အနာဂတ်မှာ မန်ချက်စတာ စီးတီး၊ လီဗာပူးလ်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့ သူ့ရဲ့အစီအစဉ်တွေကိုလည်း ကျွန်တော်တို့ကို ရှင်းပြပေးပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်သလို လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားအင်အားဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်..၊ မန်နေဂျာကလည်း ပိုပြီးကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် လမ်းပြပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ အခုအချိန်မှာတော့ ဘောလုံးရာသီစတင်ချိန်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကျွန်တော်တို့ဟာ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေအပြင် ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုု ပိုပြီးကောင်းမွန်လာဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်..။”