feature-image

လူမှုဂရုဏာ လုပ်ငန်းများအတွက် လှူဒါန်းမှုများမှာ ပါဝင်ခဲ့တဲ့ ‘တီမို ဗာနာ’

ချယ်လ်ဆီးအသင်း ရှေ့တန်းတိုက်စစ်မှူး တီမို ဗာနာ မှာ ကမ္ဘာ့ဘောလုံးအတွင်း လူမှုရေး အထောက်အပံ့များ ပံ့ပိုးရန်လိုအပ်လျှက်ရှိသော နေရာများတွင် ပါဝင်နိုင်ရန် ရည်ရွယ်၊ တည်ထောင်ထားသော ‘Common Goal’ အမည်ရ လူမှုရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း ကြေငြာခဲ့သည်..။

အဆိုပါလှုပ်ရှားမှုတွင် ကမ္ဘာ့ဘောလုံးလောကမှ မန်နေဂျာနှင့် ကစားသမားပေါင်း (၁၆၀) ကျော် ပါဝင်ထားပြီး ‘Common Goal’ အဖွဲ့ဝင်တစ်ယောက်မှာ သူ၏လစာမှ အနည်းဆုံး (၁% ရာခိုင်မှုန်း) ပါဝင်လှူဒါန်းရမည်ဟု သတ်မှတ်ထားသည်..။ လက်ရှိအချိန်ထိ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဂျူအန် မာတာ၊ ဘေယန် မြူးနစ်အသင်းမှ ဆာ့ဂျ် နာဘရီ၊ လက်စ်တာအသင်း ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်လ် တို့ အပါအဝင် အမျိုးသမီး ကြယ်ပွင့်ကစားသမားများဖြစ်သော အဲလက်စ် မော်ဂန်မီဂန် ရာပီးနိုး တို့လည်း ပါဝင်ကြောင်း သိရသည်..။ တီမို ဗာနာ နှင့်အတူ ယခုနောက်ဆုံးပါဝင်လာခဲ့သော ကြယ်ပွင့်ကစားသမား တစ်ဦးမှာ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာ ဖြစ်သည်ဟု သိရသည်..။



တီမို ဗာနာ မှာ Common Goal လူမှုရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော တတိယမြောက် ချယ်လ်ဆီး ကစားသမားဖြစ်ပြီး ချယ်လ်ဆီးအမျိုးသမီး (Chelsea Women) အသင်းမှ မက်ဂ်ဒါ အဲရစ်ဆင် နှင့် ပါနာလီ ဟာဒါ တို့လည်း ပါဝင်ကြောင်း သိရသည်...။ ထိုသို့ Common Goal လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရခြင်းအကြောင်းကို ယခုလိုပြောပြခဲ့ပါသည်..။

“ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ အိပ်မက်နဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ရတဲ့အတွက် အရမ်းကိုဝမ်းသာ၊ ဂုဏ်ယူခဲ့ရသလို ငယ်စဉ်ကတည်းက တောင့်တခဲ့တဲ့ အိပ်မက်တစ်ခု အကောင်အထည် ဖော်ခွင့်ရခဲ့တာပါ..။ တစ်ချိန်တည်းမှာပဲ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာကို သတိထားမိလိုက်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ Common Goal လှုပ်ရှားမှုကနေ တတ်စွမ်းနိုင်သမျှ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ အခုအဲဒီလှုပ်ရှားမှုရဲ့ ကောင်းတဲ့တစ်ချက်က ကိုယ်ဘယ်နေရာကို လှူဒါန်းချင်တယ်ဆိုတာကို ဆုံးဖြတ်လို့ရတဲ့ အချက်ပဲဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော်ဟာ စတူးဂတ်နဲ့ လိုက်ပ်ဇစ်မှာ အကောင်အထည် ဖော်နေတဲ့ စီမံချက်တွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

အခုဆိုရင် နာမည်ကျော် ကစားသမားတွေ အများအပြား ပါဝင်လာခဲ့ပြီဖြစ်တာကြောင့် Common Goal လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူသိများလာမှာ ဖြစ်သလို ပိုမိုကြီးမား ကျယ်ပြန့်လာမှာပါ..။ အနည်းဆုံး ကစားသမား တစ်ယောက်ပဲဖြစ်ဖြစ်၊ ပရိသတ်တစ်ယောက်ကပဲဖြစ်ဖြစ် ယူရို (၁၀) လောက် ပါဝင်ခဲ့တာပဲဖြစ်ဖြစ် တီမို ဗာနာ နဲ့အတူ လှုပ်ရှားနေရတယ်ဆိုတာ အသိစိတ်ရနေမှာ ဖြစ်တဲ့အတွက် ကျေနပ်စရာပါပဲ...။”