feature-image

လစ်ဗျားနိုင်ငံက ချယ်လ်ဆီးပရိသတ်တစ်ဦးအား ချီးကျူးစကား ပေးပို့ခဲ့တဲ့ ‘ခရစ်စ်တီယန် ပူလီဆစ်’

မိုဟာမက် အယ်လ် အာရာဘီ အမည်ရှိ လစ်ဗျားနိုင်ငံမှ လူငယ်တစ်ဦးမှာ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ အနီးရှိ ပင်လယ်ကမ်းခြေတွင် ရေနစ်နေသော လူစိမ်းတစ်ဦးအား ကယ်ဆယ်ပေးခဲ့သည်...။ သို့သော် အဆိုပါလူစိမ်းအား ကယ်ဆယ်ပြီးချိန်တွင် အယ်လ် အာရာဘီ မှာ ပင်လယ်လှိုင်းများ၏ ဆွဲအားကြောင့် ရေနက်ပိုင်းသို့ ရောက်ရှိသွားခဲ့သည်..။

သူ့အားမိနစ် (၂၀) ခန့်အကြာ ရှာဖွေမှုပြုလုပ်ပြီးချိန်တွင် ခြေကုန်လက်ပန်းကျ မေ့မျောနေသော အယ်လ် အာရာဘီ အား ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ရသည်…။ မိမိနှင့်မသိကျွမ်းသည့် လူစိမ်းတစ်ဦးအား ကယ်တင်ပေးရင်း အသက်အန္တရာယ် နီးစပ်ခဲ့သော အယ်လ် အာရာဘီ မှာ ဆေးရုံတွင် (၂၄) နာရီကြာ သတိလစ် မေ့မျောနေပြီး ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်..။

မိမိအသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စား ကယ်တင်မှု ပြုလုပ်ခဲ့သော အယ်လ် အာရာဘီ ထံသို့ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ခရစ်စ်တီယန် ပူလီဆစ် က “ခင်ဗျားဟာ အင်မတန်ရဲရင့်ပြီး ဂန္ထဝင်တစ်ယောက်၊ သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်တဲ့သူပါ..” ဟု  video message ပို့ပြီး ချီးကျူး၊ ဂုဏ်ပြုခဲ့သည်..။

မိုဟာမက် အယ်လ် အာရာဘီ မှာ လစ်ဗျားနိုင်ငံ Chelsea Fan Club ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ခရစ်စ်တီယန် ပူလီဆစ် ဆီမှ သတင်းစကားအပေါ် အထူးအံ့သြမိကြောင်း BBC Sports Africa သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်..။

“ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို အထူးချစ်မြတ်နိုးပြီး ခရီးသွားဖို့ အခွင့်အရေးရရင် စတန်းဖို့ဒ် ဘရစ်ချ်ဆီ သွားရောက် ကြည့်ရှုဦးမှာပါ..။ ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်းအပေါ် စွဲစွဲမက်မက် အားပေးတဲ့အပေါ် သူငယ်ချင်းတွေက စကြ၊ နောက်ပြောင်ကြပါတယ်..။ ဒါပေမယ့် သူတို့တွေ နှောင့်ယှက်လေ အသင်းကိုပိုပြီး ချစ်မြတ်နိုးလေပါပဲ..။

ဒါ့ကြောင့်အခုလို ပူလီဆစ် ရဲ့ ချီးကျူးစကားတွေဟာ ကျွန်တော့်ကို စိတ်အားတက်ကြွစေရုံသာမက အနာဂတ်မှာလည်း အခြားသူတွေကို ကူညီပေးဖို့ တွန်းအားပေးလိုက်သလိုပါပဲ..။ အထူးသဖြင့် သူတို့လို ကြယ်ပွင့်ကစားသမား တစ်ယောက်ဆီက စကားတွေဟာ ကျွန်တော့်တို့လို သာမာန်လူတွေအတွက် ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်..။

ကျွန်တော်ရယ်..၊ ကျွန်တော်ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်ကိုပါ ကြိုးစားပြီး ကယ်တင်ပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ရှိသလို ဆေးရုံမှာ အသက်လုနေရတဲ့အချိန်တွေမှာ အဖက်ဖက်က ကူညီပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်..။”