feature-image

၂၀၂၀ ခုနှစ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္တဌ၏ အထူးဆု ချီးမြှင့်ခံခဲ့ရတဲ့ ‘ဒီဒီယာ ဒရော့ဘာ’

ချယ်လ်ဆီးအသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ အား ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏  ၂၀၂၀ ခုနှစ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္တဌ အလက်ဇန်းဒါး စီဖာရင် ၏ အထူးဆု (2020 UEFA President’s Award) ချီးမြှင့်ခံခဲ့ရရန် ရွေးချယ်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ထုတ်ပြန် ကြေငြာခဲ့သည်။

UEFA ဥက္တဌ၏ အထူးဆုမှာ ကစားသမား တစ်ယောက်ချင်း၏ ထူးချွန်ပြောင်မြောက်သော ဆောင်ရွက်ချက်များ၊ ကွင်းတွင်း၊ ကွင်းပြင်ပ စံပြုလောက်သည့် အပြုအမူ၊ ဆောင်ရွက်ချက်များ၊ ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးများ အပေါ်တွင် မူတည်ချီးမြှင့်ခြင်းဖြစ်ပြီး ဥက္တဌ အလက်ဇန်းဒါး စီဖာရင် အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေးငယ်များအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကို လေးစားခဲ့မိကြောင်း သူ၏ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

“ဒီဒီယာ ဟာ ကစားသမားဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ဘောလုံးပရိသတ်တွေရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်..။ သူဟာခေါင်းဆောင်တစ်ယောက် ဖြစ်သလို ရှေ့ဆောင်လမ်းပြ ပေးနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်..။ သူ့ရဲ့ဘောလုံးစွမ်းရည်၊ ခွန်အားနဲ့ကြံ့ခိုင်မှု၊ ထူးချွန် ထက်မြက်မှုတွေအပေါ် အားလုံးက အမှတ်ရနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ ဝိသေသလက္ခဏာကတော့ အောင်ပွဲတွေကို ဆာလောင်စိတ်ပဲ ဖြစ်ပါတယ်.။ အခုအချိန်မှာ သူဟာကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ရာမှာလည်း အခုလိုပြင်းပြတဲ့ဆန္ဒများ ရှိနေဆဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ဟာ ဂျော့ချ် ဝီယာ၊ ဆမ်မြူရယ် အီတိုး၊ ဒီဒီယာ ဒရော့ဘာ တို့လို ချန်ပီယံလိဂ် အပါအဝင် အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပြီး အာဖရိက ဘောလုံးလောကအတွက် ရှေ့ဆောင်လမ်းပြ၊ မီးရှူးတန်ဆောင်လို ဖြစ်ခဲ့တဲ့ ကစားသမားကြီးတွေကို မြင်တွေ့ခွင့်ရခဲ့တာ ကံကောင်းခဲ့သလို သူတို့တွေဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် သူတို့ရဲ့ခြေရာကို နင်းခွင့်ရအောင် လမ်းပြနိုင်ခဲ့တဲ့သူတွေလည်း ဖြစ်ကြပါတယ်..။”


ဒီဒီယာ ဒရော့ဘာ မှာ ချယ်လ်ဆီးအသင်းနှင့် ပြိုင်ပွဲစုံ (၃၈၁) ပွဲကစားခဲ့ပြီး (၁၆၄) ဂိုး သွင်းယူပေးနိုင်ခဲ့သည်...။ အထူးသဖြင့် ၂၀၁၂ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ဘေယန် မြူးနစ်အသင်းကို သွင်းယူပေးခဲ့သည့် ချေပဂိုးနှင့် အဆုံးအဖြတ် ပင်နယ်တီကန်ချက်မှာ သူ့ဘဝအတွက် အရေးအပါဆုံး ကန်ချက်များပဲ ဖြစ်ခဲ့သည်..။

ထို့အပြင် အိုင်ဗရီကို့စ်နိုင်ငံ၊ အဘီဂျန်မြို့တော်တွင် မွေးဖွားခဲ့သည့် ဒီဒီယာ ဒရော့ဘာ မှာ အိုင်ဗရီကို့စ် နိုင်ငံအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်သည်..။

“ချန်ပီယံလိဂ် ပြိုင်ပွဲကို အနိုင်ရရှိခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ့်ရဲ့မွေးရပ်မြေအတွက် ဂိုးသွင်းပေးနိုင်ခဲ့တာဟာ ငယ်စဉ်ကတည်းက ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်လည်း ဖြစ်ပါတယ်..။ ကမ္ဘာအနှံ့မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးငယ်အများစုဟာ ကျွန်တော်တို့လို ဘောလုံးသမားတွေအပြင် ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ အင်ဂျင်နီယာတွေ ဖြစ်လာနိုင်တဲ့သူ ပင်ကိုယ်အရည်အချင်းတွေ ရှိကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေရဲ့ အိပ်မက်တွေ၊ ဆန္ဒတွေကို အကောင်အထည် ဖော်နိုင်ခွင့်ရအောင် ကူညီပေးဖို့၊ ပံ့ပိုးပေးနိုင်ဖို့က အထူးအရေးကြီးပါတယ်..။”

အသက် (၄၂) နှစ်ရှိပြီဖြစ်သော ဒီဒီယာ ဒရော့ဘာ မှာ ‘ဒီဒီယာ ဒရော့ဘာ ဖောင်ဒေးရှင်း’ တည်ထောင်ပြီး ကလေးငယ်များ၏ ပညာရေးကဏ္ဍတွင် ပံ့ပိုးသည့်အနေဖြင့် စာသင်ကျောင်းများ တည်ဆောက်ပေးလျှက်ရှိသည်..။ ထို့အပြင် ဒီဒီယာ ဒရော့ဘာ မှာ လက်ရှိအချိန်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ပေးသော UEFA’s Executive Master for International Football Players (MIP Programme) ကို တက်ရောက်သင်ကြားလျှက်ရှိသည်..။

ဒီဒီယာ ဒရော့ဘာ မှာ ယခုလာမည့် ကြာသာပတေးနေ့၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် UEFA ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ် မဲခွဲပွဲအခမ်းအနားတွင် အဆိုပါဆုကို လက်ခံရယူပါမည်…။ ယခုချီးမြှင့်မည့် UEFA President’s Award ဆုအား ဂန္တဝင် ကစားသမားကြီးများ ဖြစ်ကြသည့် ဆာ ဘော်ဘီ ချာလ်တန်၊ အူဆီဘီယို၊ ရေမွန် ကူးပါး၊ ဂျိုဟန် ခရိုက်ဖ်၊ ဖရန်စက်စ်ကို တော့တီ၊ ဒေးဗစ် ဘက်ခမ် နှင့် အဲရစ် ကန်တိုနာ တို့ ရရှိခဲ့သည်..။