feature-image

ကိုယ်ပိုင်အစီအစဉ်နဲ့ အပြင်းအထန် လေ့ကျင့်နေတဲ့ ‘ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း’

ချယ်လ်ဆီးအသင်းမှ လူငယ်တောင်ပံ ကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ချယ်လ်ဆီးအသင်းတွင် ပွဲထွက်ခွင့်ရရှိနိုင်ရန်အတွက် ချယ်လ်ဆီးအသင်းနှင့် လေ့ကျင့်ခန်းအစီအစဉ်များအပြင် မိမိ၏ကိုယ်ပိုင် လေ့ကျင့်ခန်းအစီအစဉ်များ ထပ်မံပေါင်းစပ် လေ့ကျင့်လျှက်ရှိနေကြောင်း The Sun သတင်းဌာနက ဖော်ပြခဲ့သည်..။

ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ကြံ့ခိုင်ရေးနည်းပြ တစ်ဦးကို တစ်လလျှင် စတာလင်ပေါင် (၁,၅၀၀) လစာဖြင့် ဌားရမ်းခဲ့သည့်အပြင် ကိုယ်ပိုင်လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်ရန်အတွက် လန်ဒန်မြို့ရှိ သူ၏နေအိမ်အနီးမှ ဘောလုံးကွင်းတစ်ကွင်းကိုလည်း ဌားရမ်းခဲ့သည်..။ အင်္ဂလန်လူငယ် တောင်ပံကစားသမားမှာ မိမိကိုယ်ပိုင် လေ့ကျင့်ခန်း အစီအစဉ်များကို ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များ မစတင်မီ ကြိုတင်လေ့ကျင့်နေကြောင်း အဆိုပါသတင်းက ဖော်ပြခဲ့သည်..။

သူ၏ကိုယ်ပိုင် လေ့ကျင့်ခန်း အစီအစဉ်များတွင် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ခံနိုင်ရည်ရှိစေရန် လေ့ကျင့်ခန်းများနှင့် အပြေးလေ့ကျင့်ခန်းများ ပါဝင်ပြီး တစ်ပါတ်လျှင်လေးကြိမ် လေ့ကျင့်ခဲ့ကြောင်း၊ သို့သော်ယခုအချိန်တွင် သုံးရက်တစ်ပွဲ ယှဉ်ပြိုင်နေရသည့် အနေအထားကြောင့် တစ်ပါတ်လျှင် နှစ်ကြိမ်သာ လေ့ကျင့်တော့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။