feature-image

မျိုးဆက်သစ်တစ်ခု တည်ဆောက်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ ‘ရိုမန် အေဘရာမိုဗစ်ချ်’ (အပိုင်း- ၁)

ယနေ့မှာတော့ ချယ်လ်ဆီအသင်း ကစားသမားတွေ လေ့ကျင့်ခန်းဆင်းနေတဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ လုံခြုံရေး အစောင့်အကြပ်တွေ အရင်ထက်ပိုမို ထူတပ်၊ တင်းကျပ်နေပါတယ်..။ အရင်ရက်တွေထက်ပိုပြီး အသေးစိတ် စစ်ဆေးနေတာကြောင့် သူတို့တွေရဲ့စိတ်ထဲမှာ ‘ရိုမန် အေဘရာမိုဗစ်ချ်’ အလည်တော့မှာလား? အချင်းချင်းပြောဆိုနေကြပါတယ်...။ အဲဒါကြောင့် ‘ဒီနေ့ဘော့စ် လာလည်ဖို့ရှိလား..?’ လို့ မေးကြည့်ပေမယ့် ဘယ်သူကမှ သေသေချာချာ မသိကြဘူးလို့ ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာ က ပြောပြပါတယ်..။ သူတို့ကို အသင့်ပြင်ထားဖို့ ညွန်ကြားထားတာကြောင့် အခုလို လုံခြုံရေးအဆင့်မြှင့်ရတာလို့ လုံခြုံရေးအဖွဲ့တွေက ဖြေကြပါတယ်..။

ဒီနေ့၊ ဒီအချိန်မှာတော့ ရိုမန် အေဘရာမိုဗစ်ချ် ဟာ ဘယ်အချိန်ကျမှ လန်ဒန်မြေကို ခြေချခွင့်ရမလဲ.. မသိနိုင်သေးပါဘူး..။ သူဟာစတန်းဖို့ဒ် ဘရစ်ချ်ကွင်းကိုရော၊ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကိုပါ ခြေမချနိုင်တာ တစ်နှစ်ခွဲကျော်သွားပါပြီ..။ အစ္စရေးနိုင်ငံသားခံယူပြီး အင်္ဂလန်ကို ပြန်ဝင်နိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ဖူးပေမယ့် အရင်းစစ်လိုက်တော့ အင်္ဂလန်နဲ့ရုရှနိုင်ငံတို့ကြားက နိုင်ငံရေးမပြေမလည်မှုကြောင့် ရိုမန် အေဘရာမိုဗစ်ချ် တို့အတွက် ဗီဇာရဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်အင်္ဂလန်မြေကို ပြန်လည်ခြေချနိုင်ခွင့် မရှိတော့တဲ့နောက်ပိုင်း ချယ်လ်ဆီးအသင်းအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့စိတ်ဝင်စားမှုအပေါ် မေးခွန်းထုတ်လာမှုတွေ ရှိခဲ့သလို အသင်းကိုရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။



ဒါပေမယ့် အဲဒီမေးခွန်းတွေရဲ့အဖြေကို ဒီနှစ်နွေရာသီမှာ သိခဲ့ရပါပြီ..။ သူဟာအသင်းရဲ့နောက်မှာ ရှိနေဆဲဖြစ်ကြောင်း ပြသလိုက်တဲ့အပြင် ယခင်လိုပဲအသင်းကို ဆက်လက်ထောက်ပံ့နေဆဲဆိုတာ ဘောလုံးကမ္ဘာတစ်ခုလုံး သိခွင့်ရလိုက်ပါပြီ…။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ်အပြောင်းအရွှေ့ရာသီမှာ စတာလင်ပေါင်သန်း (၂၀၀) ကျော် သုံးစွဲထားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးအများဆုံး သုံးစွဲခဲ့ပါတယ်...။ အခုသုံးစွဲခဲ့တဲ့ ပမာဏဟာ အသင်းကိုဝယ်ယူပြီးစ ၂၀၀၃ ခုနှစ်၊ နွေရာသီမှာတုန်းက သုံးစွဲခဲ့တာထက် စတာလင်ပေါင်သန်း (၇၀) ပိုနေပါသေးတယ်..။

“အခုနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ဘောလုံးရာသီ အသုံးစားရိတ်တွေဟာ ပထမဆုံး အသုံးစွဲကြမ်းခဲ့တဲ့ရာသီကို ပြန်ပြီးသတိရစေခဲ့ပါတယ်..။ ကျွန်တော်ကတော့ အသင်းကို အသစ်ကနေ ပြန်ပြီးစတင်လိုက်တဲ့ ပုံစံမျိုးလို့ ထင်တာပဲ..” လို့ ၂၀၀၃ ခုနှစ်တုန်းက အသင်းဒါရိုက်တာအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပေါလ် စမစ် က ပြောပြပါတယ်..။

တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အကျပ်အတည်းတွေ့နေချိန်မှာ အခုလိုအသုံးအစွဲ ကြမ်းပြခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ အများရဲ့အာရုံစိုက်မှုကို ပိုပြီးရရှိခဲ့ပါတယ်..။ ဘာကြောင့်အခုအချိန်ကျမှ အဲဒီလိုသုံးစွဲခဲ့တာလဲ..? ဘယ်လောက်ထိဆက်ပြီး သုံးစွဲနေမှာလဲ..? ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး အသင်းတွေကို ရင်ဘောင်တန်းနိုင်တဲ့အသင်း ပြန်ဖြစ်လာမလား..? ဒါပေမယ့် သေချာတာက ဘောလုံးလောကရဲ့ အလျို့ဝှက်ဆုံးသူတစ်ယောက်ဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ စိတ်ထဲမှာ ဘာတွေတွေးတောနေမယ်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့ရမှာ မဟုတ်ပါဘူး…

+++++     +++++     ++++++



မနှစ်ကဘောလုံးရာသီအစပိုင်း အပြန်အလှန်သွင်းဂိုးတွေများခဲ့တဲ့ အနိုင်ပွဲတွေနဲ့ မြန်ဆန်တဲ့ ကစားပုံတွေက အေဘရာမိုဗစ်ချ် ကို ချယ်လ်ဆီးအပေါ် ပြန်လည်စိတ်လည်လာစေခဲ့တယ်လို့ ထင်ပါတယ်..။ သူဟာကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ..၊ ချယ်လ်ဆီးအသင်းရဲ့ပွဲတွေကို မဖြစ်မနေ ကြည့်ရှုလေ့ရှိတယ်..၊ ချယ်လ်ဆီးပွဲတွေကို လက်မလွတ်ရအောင် သူ့ရဲ့ရွက်လှေကြီးပေါ်မှာ ပြိုလ်တုလိုင်း signal  အသေအချာမိဖို့ အမြဲတမ်း စီမံခိုင်းထားတယ်.. ဆိုတဲ့ အတွင်းစကားတွေအရ သိခဲ့ရပါတယ်..။ နောက်ပြီးသူဟာ အသင်းကလူငယ် ကစားသမားတစ်ချို့ကို အကယ်ဒမီ ကစားသမားဘဝကတည်းက သေသေချာချာ စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုကြပါတယ်..။ အဲဒီထဲက တစ်ချို့ဟာ အခုအချိန်မှာ အသင်းကြီးကို ရောက်လာပြီလား.. မပြောတတ်ပါဘူး..။

အထူးသဖြင့် အခုလက်ရှိအသင်းမန်နေဂျာ ‘ဖရန့် လမ်းပတ်’ ဟာ ကစားသမားဘဝထဲက သူ့ရဲ့အကြိုက်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ..။ ဒါ့အပြင် သူဟာချယ်လ်ဆီးအသင်း ဆိုတာနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကစားဟန်နဲ့အသင်း ဆိုတဲ့ သင်္ကေတ ပုံရိပ်တစ်ခု (identity) ရရှိလာဖို့ အမြဲတမ်း တောင့်တနေခဲ့တာပါ...။ အခုအချိန်ဟာ သူလိုချင်တဲ့ identity မျိုး တည်ဆောက်နိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေတာကြောင့်လည်း ဒီနှစ်နွေရာသီမှာ ကစားသမားတွေ အများအပြား ခေါ်ယူဖို့ ခွင့်ပြုခဲ့တာ ဖြစ်နိုင်ပါတယ်..။

ရိုမန် အေဘရာမိုဗစ်ချ် ဟာ ငယ်မွေးခြံပေါက် ကစားသမားတွေကို အောင်မြင်စွာ စင်တင်ပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်ချင်တဲ့ဆန္ဒ ပြင်းပြနေတဲ့အကြောင်း၊ သူဟာချယ်လ်ဆီးအသင်းကို တည်ငြိမ်တဲ့အသင်း တစ်သင်းအဖြစ် ရပ်တည်နေတာ ဖြစ်ချင်တဲ့အကြောင်း ပြောပြခဲ့ဖူးတယ်လို့ ရီးရဲလ် မက်ဒရစ်အသင်း ဥက္ကဌဟောင်း ရိုမန် ကယ်လ်ဒါရွန် က The Independent သတင်းဌာနကို ပြောပြပါတယ်..။

“ကမ္ဘာ့ဖလားပြိုင်ပွဲ၊ စပိန်နဲ့ ရုရှအသင်းပွဲစဉ်အပြီး ညစာစားပွဲမှာ ကျွန်တော်တို့ အကြောင်းအရာတွေအများကြီး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..။ ရီးရဲလ် မက်ဒရစ်၊ ဟိုဆေး မော်ရင်ဟို၊ ခရစ်စ်တီယာနို ရော်နယ်လ်ဒို တို့အကြောင်းတွေလည်း ပါတာပေ့ါ..။ သိပ်ကိုကောင်းမွန်ခဲ့တဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ အဲဒီအချိန်က ရိုမန် အေဘရာမိုဗစ်ချ် ဟာ သူ့ရဲ့အသင်းမှာ ငွေကြေးအများကြီး ရင်းနှီးမြုပ်နှံခဲ့ပေမယ့် လိုချင်တဲ့စွမ်းဆောင်ရည် ကောင်းမွန်မှုမျိုး မတွေ့ခဲ့ရဘူးဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်..။”

သူနဲ့ရင်းနှီးတဲ့သူ တစ်ယောက်ကတော့ လွန်ခဲ့တဲ့နှစ်တွေထဲမှာ ရိုမန် အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီးဘက်ကို သိပ်ပြီးလှည့်မကြည့်ခဲ့ဘူးလို့ ပြောပါတယ်..။ ‘ရိုမန် ဟာ တိမ်လို၊ လေလိုပဲဗျ...။ ရာသီဥတုလို အမြဲတမ်း ပြောင်းလဲနေပါတယ်..၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူဟာအသင်းအပေါ် စိတ်ဝင်စားမှု လျော့နည်းခဲ့တယ်ဆိုတာ မှန်ပါတယ်..။’

ဒီလိုအကြောင်းတွေကြောင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း တိုးချဲ့မယ့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်..။ ဒါ့အပြင်အင်္ဂလန်ကို ပြန်ဝင်နိုင်ဖို့ ဗီဇာအခက်အခဲ ပြသနာလည်း ရှိနေလေတော့ တစ်ချို့တွေက အသင်းကို လက်လွှဲဝယ်ယူဖို့ အခွင့်ကောင်းဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်..။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ရိုမန် အေဘရာမိုဗစ်ချ် ဟာ အမေရိကန်ပြည်ထောင်စုက လော့စ် အိန်းဂျဲလ်လိစ် ဒေါ့ဂါးစ်အသင်းပိုင်ရှင် တော့ဒ် ဘိုလီ၊ ဆော်ဒီ အုပ်စုတစ်စု အပါအဝင် အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုလေးကြိမ်လောက်ကို ပယ်ချခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၂.၅) ဘီလီယံပေးပြီး ကမ်းလှမ်းခဲ့တယ် မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် အဲဒီပမာဏနဲ့ အမှန်တကယ် ကမ်းလှမ်းခဲ့ခြင်းရှိ၊ မရှိ မသိခဲ့ရသလို ဘယ်သူနဲ့မှ အသင်းကို ရောင်းချဖို့ ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့အဆင့်ထိ မရောက်ခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်း၊ ရိုမန် အေဘရာမိုဗစ်ချ် နဲ့ နီးစပ်သူတွေကလည်း သူဟာအသင်းကိုရောင်းချဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ကြိမ်ဖန်များစွာ ငြင်းဆိုခဲ့ကြပါတယ်..။



တစ်ချို့ကတော့ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ စိတ်ဝင်စားမှုဟာ ဘောလုံးဘက်ကနေ ရုပ်ရှင်ဘက်ကို လှည့်သွားပြီလို့ ပြောကြပါတယ်..။ သူဟာမော်စကိုမြို့က ဇနီးဟောင်း ဒါရှာ ဇူကိုဗာ ပိုင်ဆိုင်တဲ့ Garage ပြတိုက်နဲ့တွဲလျှက် ရုပ်ရှင်ရုံမှာ ပုံမှန်လာရောက် ကြည့်ရှုလေ့ ရှိပါတယ်လို့ သိရပါတယ်..။ သူနဲ့နီးစပ်တဲ့သူ တစ်ဦးဖြစ်တဲ့ နီကီတာ စတီပါနိုဗော့ ဆိုသူက အခုလိုပြောပြပါတယ်..။

“ရိုမန် အေဘရာမိုဗစ်ချ် ဟာ ရုပ်ရှင်တွေကို နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုတတ်ပါတယ်..။ မနှစ်ကနာမည်ကြီးခဲ့တဲ့ ‘Parasite’ ရုပ်ရှင်ကား ရုရှနိုင်ငံမှာ ပြသတော့ ပထမဆုံးရုံတင်တဲ့ပွဲမှာ သူလာပြီး ကြည့်ရှုခဲ့ပါတယ်..။ သူဟာရုပ်ရှင်စခါနီး နောက်ဆုံးကျမှ ရုံထဲကို ဝင်လာတယ်..၊ ရုပ်ရှင်ပြီးလို့ စာတန်းထိုးပြီ ဆိုတာနဲ့ အရင်ဆုံးထွက်သွားတယ်..။ ဒါဟာရိုမန် နဲ့ တခြားသူဌေးကြီးတွေနဲ့ ခြားနားတဲ့အချက်ပါပဲ..။ ရုရှဘီလျံနာ သူဌေးကြီးအများစုဟာ အေဂျင်စီတွေက ချိတ်ပေးတဲ့ မိန်းမလှလေးတွေနဲ့ ကြည်နူးပျော်ပါးတတ်ပေမယ့် သူကတော့ အဲဒီလိုအပျော်အပါးတွေကို မုန်းတီးပါတယ်..။ သူ့ရဲ့အနားမှာ စကားပြောဆို၊ ဆွေးနွေးလို့ရမယ့် အဖော်ကောင်းတစ်ယောက်၊ ဒါမှမဟုတ် သူစိတ်ဝင်စားမယ့် အရာတစ်ခုခုရှိရင် ရပါပြီ..။ အထူးသဖြင့် သူဟာမရင်းနှီးတဲ့ လူစိမ်းတွေကို သိပ်ပြီးအကပ်မခံတတ်ပါဘူး..။”


အေဘရာမိုဗစ်ချ် ဟာ သူ့ရဲ့အပန်းဖြေချိန်တွေကို ဘောလုံးနဲ့အတူ ကုန်ဆုံးတတ်ပါတယ်..။ ဒ့ါကြောင့်လည်း ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တာဖြစ်သလို ဘောလုံးလောကကို အမှန်တကယ် ထဲထဲဝင်ဝင် စိတ်ဝင်စားတဲ့သူဆိုတာ ငြင်းစရာမရှိပါဘူး..။ ချယ်လ်ဆီးအသင်းကို စပြီးဝယ်ယူစဉ်တုန်းကဆိုရင် သူ့ရဲ့ကိုယ်ပိုင် laptop ကွန်ပျူတာထဲမှာ ထောင်ပေါင်းများစွာသော ကစားသမားတွေရဲ့ database တွေ ထည့်ထားပြီး  ဧည့်သည်တွေကို မကြာခဏ ထုတ်ကြွားတတ်ပါတယ်..။

အထူးသဖြင့် ရိုမန် အေဘရာမိုဗစ်ချ် စိတ်ဝင်စားမှုအရှိဆုံးက ချန်ပီယံလိဂ် ပြိုင်ပွဲလို့ ဆိုပါတယ်..။ ဒ့ါကြောင့်အေဘရာမိုဗစ်ချ် ရဲ့ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တဲ့ အန္တိမရည်မှန်းချက်က ၂၀၀၃ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ် မက်ဒရစ်အသင်းတို့ ရင်ဆိုင်ခဲ့စဉ်က မြင်တွေ့ခဲ့ရတဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ အရှိန်အဝါမျိုးကို ရရှိချင်တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ မကြာခဏ ဖော်ပြကြပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ မန်နေဂျာသစ်တိုင်းကို အေဘရာမိုဗစ်ချ် ရဲ့ တောင်းဆိုချက်က ‘ချယ်လ်ဆီးအသင်းဆိုတာနဲ့ အားလုံးက အမှတ်ရနေမယ့် identity’ တစ်ခုကို တည်ဆောက်ပေးဖို့ ဖြစ်တယ်၊ ချယ်လ်ဆီးအသင်းရဲ့ပွဲတွေကို သူကြည့်နေပေမယ့် အသင်းကိုကိုယ်စားပြုနိုင်မယ့် ပုံရိပ်ကို မတွေ့ရဘူးဆိုတဲ့အကြောင်း သူ့ကိုပြောခဲ့ဖူးတယ်..’ လို့ ကာလို အန်စလော့တီ က ဖော်ပြဖူးပါတယ်..။

ဒါပေမယ့်အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ လူမှုဂရုဏာလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့အသင်း၊ လူမျိုးရေး၊ အသားအရောင်နဲ့ ခွဲခြားမှုပေါင်းစုံ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ရှေ့တန်းက ဦးဆောင်နေတဲ့အသင်းဆိုတဲ့ ပုံရိပ်ကောင်း (identity) တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါပြီ..။ ဒါကလည်း သူဟာချယ်လ်ဆီးအသင်းကို ‘ကောင်းမွန်တဲ့ အင်အားစု (force for good)’ ဆိုတဲ့ ပုံရိပ်တစ်ခု ျတည်ဆောက်ချင်တယ်ဆိုတဲ့ ညွန်ကြားချက်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်..။ အခုကပ်ရောဂါကာလ အတွင်းမှာလည်း ချယ်လ်ဆီးအသင်းဟာ Millennium ဟိုတယ်နဲ့ ကစားကွင်းကို ကျန်းမာရေးဝန်ထမ်းများအတွက် အသုံးပြုခွင့်ပေးသလို အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Refuge အဖွဲ့နဲ့လည်း ထပ်မံပူးပေါင်းခဲ့ပြန်ပါတယ်..။



အခုလိုအသင်းနဲ့ ပတ်သက်တဲ့ ပုံရိပ်ကောင်းတွေ တည်ဆောက်နေခြင်းကြောင့် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီးအသင်းအပေါ် ရေရှည်ရည်မှန်းချက် ကြီးကြီးမားမား ထားရှိပုံ ရပါတယ်လို့ မော်စကိုမြို့အခြေစိုက် ရုရှရေးရာ အကြံပေးအဖွဲ့ Macro Advisory က ခရစ်စ် ဝီဖာ က အခုလို ပြောပြပါတယ်..။

“ရိုမန် ဟာ UK နိုင်ငံမှာ သိုသိုသိပ်သိပ်ပဲ နေထိုင်နေပြီးရုရှနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ပြသနာတွေ ပြီးဆုံးသွားတဲ့အချိန်ကျရင် အင်္ဂလန်ကို ပြန်ဝင်နိုင်မယ့်ဗီဇာ ပြန်လည်ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပုံ ရပါတယ်..။ ဒ့ါကြောင့်လောလောဆယ် နောက်တစ်လှမ်းဆုပ်ထားတာ ဖြစ်နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းအပေါ် စိတ်ဝင်စားမှုမရှိတော့ဘူး..၊ အင်္ဂလန်လို ပြန်လာဖို့ စိတ်မဝင်စားတော့ဘူး.. ဆိုတဲ့ ထင်မြင်ချက်တွေဟာ အခြေအမြစ် မရှိပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိပါဘူး..။”

အခုအချိန်မှာတော့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို သိသိသာသာကြီး ထပ်မံဖြည့်တင်းခဲ့တာကြောင့် အေဘရာမိုဗစ်ချ် အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး အောင်မြင်မှုတွေ ဆာလောင်နေဆဲဆိုတာ သေချာခဲ့ပါပြီ...။

အပိုင်း (၂) ကို ဆက်လက်တင်ဆက်ပေးပါမည်.. >>>