အပိုင်း (၁) ပြန်လည်ဖတ်ရှုရန် -> link (နှိပ်ရန်)
++++++ +++++++++
“ရိုမန် ဟာ စီးပွားရေးစွန့်ဦး လုပ်ငန်းရှင်တစ်ဦးပီပီ ကစားသမား အရောင်းအဝယ်လုပ်တာကို အရမ်းစိတ်ဝင်စားပါတယ်..။ အသင်းနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍစုံထဲမှာ ကစားသမား အပြောင်းအရွှေ့ကဏ္ဍကို သူစိတ်ဝင်စားမှုအရှိဆုံးပါပဲ..။ သူဟာအသင်းရဲ့ ကစားသမား အပြောင်းအလဲရေးရာမှာ အသေးစိတ်၊ ထဲထဲဝင်ဝင် ပါဝင်နေတာ မဟုတ်ပေမယ့် အသင်းကိုဘယ်လို တိုးတက်အောင် ပြုလုပ်မယ်..၊ ဘယ်လိုကစားသမားတွေကို အားဖြည့်သင့်တယ်ဆိုတဲ့ နေရာတွေအပေါ်မှာ စိတ်အားထက်သန်ဆဲတိုတာ သေချာပေါက် ပြောနိုင်ပါတယ်..။”
ချယ်လ်ဆီးအသင်း ဒါရိုက်တာအဖွဲ့ဝင်ဟောင်း ပေါလ် စမစ် က အသင်းကိုဝယ်ယူခဲ့တဲ့ ၂၀၀၃ ခုနှစ် နွေရာသီကစလို့ ရိုမန် အေဘရာမိုဗစ်ချ် ဟာ အသင်းရဲ့ကြေးကြီးခေါ်ယူမှုတွေအပေါ် အရမ်းကို စိတ်အားထက်သန်တဲ့အကြောင်း ပြောပြပါတယ်..။ ဒါပေမယ့် အခုအချိန်ကာလဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်၊ နွေရာသီနဲ့တော့ မတူတော့ပါဘူး..။ မန်ချက်စတာ စီးတီး၊ ပီအက်စ်ဂျီ တို့လို အသင်းတွေရဲ့ သုံးစွဲနိုင်အားကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားပြောင်းရွှေ့ကြေးတွေ မတန်တဆ မြင့်မားလာတာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဘဏ္ဍာရေးမျှခြေ ထိန်းညှိမှု (Finanical Fair Play) စည်းမျဉ်းတွေကို ပြဌာန်းခဲ့ပါတယ်..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းကလည်း ခေတ်နဲ့အညီ ပြောင်းလဲမှုတွေ ပြုလုပ်ရပါတော့တယ်..။
“ချယ်လ်ဆီးအသင်းဟ FFP စည်းမျဉ်းတွေ ဝင်လာတဲ့အချိန်မှာ အသင့်ဖြစ်နေအောင် အသင်းရဲ့ဖွဲ့စည်းပုံကို ပြန်လည်ပြောင်းလဲခဲ့ရပါတယ်..။ ဖွဲ့စည်းပုံအသစ်ဟာ စီးပွားရေးအရရော၊ ရေရှည်မဟာဗျူဟာပိုင်းအရရော ပြောင်းလဲနေတဲ့ စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေ ရှိရပါမယ်..။” လို့ မာ့ခ် ရှဝါဇာ က ပြောပြပါတယ်..။
FFP ကာလနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ ဖွဲ့စည်းပုံမှာ မာရီနာ ဂရာနော့ဗ်ကီးယား အပေါ် လုံးဝမူတည်သွားပါတယ်..။ အဲဒီနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ ကြိုက်တဲ့ကစားသမားကို ကြေးမရှောင် ခေါ်ယူနေတဲ့ ပုံစံကနေ အသင့်တော်ဆုံးဈေးနဲ့ ရအောင်ခေါ်ယူနိုင်တဲ့ အသင်းအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်.။ အသင်းနဲ့နီးစပ်သူ တစ်ဦးက မာရီနာ ရဲ့ အခန်းကဏ္ဍအပေါ် အခုလိုပြောပြပါတယ်..။
“အခုအချိန်မှာ မာရီနာ ကို အသိမပေးပဲ ရိုမန် ကို ဆက်သွယ်လို့ မရတော့ပါဘူး..။ ရိုမန် ဟာ မာရီနာ တစ်ယောက်တည်းကိုပဲ အသင်းနဲ့ပတ်သက်တာတွေ နေ့စဉ်ပြောဆို ဆွေးနွေးပါတယ်.။ ဒါ့ကြောင့်ရိုမန် ဟာ လုပ်ငန်းတာဝန်တွေကို ခွဲခြမ်းပေးတဲ့နေရာမှာ ထက်မြက်တယ်လို့ ပြောနိုင်ပါတယ်..။ သူမကျွမ်းကျင်ဘူးလို့ ယူဆတဲ့အပိုင်းတွေမှာ နားလည်တတ်ကျွမ်းတဲ့သူကို ခေါ်ယူတာဝန်ပေးဖို့ ဝန်မလေးပါဘူး..။”
မာရီနာ ပြီးရင် အတွင်းစည်းထဲက နောက်တစ်ယောက်ကတော့ ‘ပီတာ ချက်’ ဖြစ်ပါတယ်.။ ချယ်လ်ဆီးအသင်းက သူ့ရဲ့အခန်းကဏ္ဍဟာလည်း တဖြည်းဖြည်း ကြီးထွားလာသလို အေဘရာမိုဗစ်ချ် ဟာ ဘောလုံးအကြောင်းနဲ့ ပတ်သက်ရင် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အင်ဒရေ ရှက်ဗ်ချန်ကို ဆီကလည်း အကြံဉာဏ်တွေ ပုံမှန်ယူလေ့ရှိတယ်လို့ ဆိုကြပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ အများကထင်မှတ်နေကြသလို ‘တစ်သွေး၊ တစ်သံ၊ တစ်မိန့်’ အာဏာရှင်စနစ်နဲ့ မောင်းနှင်နေတဲ့အသင်း မဟုတ်ပါဘူး..။ ဥပမာအားဖြင့် အပြောင်းအရွှေ့နဲ့ ပတ်သက်ရင် လမ်းပတ် နဲ့ မာရီနာ တို့ဟာ ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်တွေ၊ အလားအလာတွေကို အရင်ဆုံးဆွေးနွေးပါမယ်..၊ ခက်ခဲတဲ့တစ်ချို့ဆုံးဖြတ်ချက်တွေကိုတော့ အေဘရာမိုဗစ်ချ် ဆီတင်ပြပြီး နောက်ဆုံးဆုံးဖြတ်ချက် ရယူပါမယ်..။
အဲဒီလို အရေးကြီးတဲ့ အဆုံးအဖြတ်တွေမှာဆိုရင်လည်း ရိုမန် ဟာ မာရီနာ ရဲ့ အဆုံးအဖြတ်တွေကို ထောက်ခံတာများတယ်လို့ ဆိုကြပါတယ်..။ ၂၀၁၃ ခုနှစ်မှာ ဟိုဆေး မော်ရင်ဟို ကို ပြန်လည်ခေါ်ယူခဲ့တာ..၊ ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရရှိစေခဲ့တဲ့ ဒီဒီယာ ဒရော့ဘာကို ၂၀၀၉ ခုနှစ်တုန်းက စာချုပ်သက်တမ်းသစ်တိုးဖို့ ဆုံးဖြတ်ခဲ့ရာတွေမှာ မာရီနာ က အဓိကအရေးပါတဲ့ နေရာကပါဝင်ခဲ့တယ်လို့ သိရပါတယ်..။ ဒါပေမယ့် အလုံးစုံချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး.။ ၂၀၁၇ ခုနှစ်ဝန်းကျင် ကာလတွေမှာ ဒယ်နီ ဒရင်ခ့်ဝါးတား၊ ဒေးဗစ် ဇာပါကော့စ်တာ တို့လို ဒုတိယတန်းစား ကစားသမားတွေ အဝယ်မှားခဲ့ပြီး ချယ်လ်ဆီးလို အသင်းမှာ ပါဝင်နိုင်လောက်တဲ့အဆင့်ကို ရောက်မလာခဲ့ပါဘူး.။ ဒါ့ကြောင့်လည်း အခုနှစ်ဘောလုံးရာသီမှာ အရည်အသွေးမြင့် ကစားသမားတွေကို ရွေးချယ်ခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်..။
ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကာလို အန်စလော့တီ ကတော့ အသင်းရဲ့ ဖွဲ့စည်းပုံဟာ ပုံမှန်အသင်းတစ်သင်းနဲ့ မတူပဲ အတော်လေးရှုပ်ထွေးတယ်လို့ မှတ်ချက်ပေးပါတယ်.။ သူ့ကိုချယ်လ်ဆီးအသင်း နည်းပြအဖြစ် မခန့်အပ်ခင်အထိ ဆွေးနွေးမှု (၁၀) ကြိမ်လောက် ပြုလုပ်ခဲ့ရပြီး ဆွေးနွေးပွဲတွေမှာ အေဘရာမိုဗစ်ချ် ပါတဲ့အခါလည်းရှိတယ်..၊ မပါတဲ့အခါလည်း ရှိပါတယ်.။ ဆွေးနွေးပွဲတိုင်းမှာ တူညီတဲ့အချက်ကတော့ သူဟာချယ်လ်ဆီးအသင်းကို ဘယ်လိုကိုင်တွယ်မလဲ..? ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရည်မှန်းချက်၊ သူဘယ်လိုအလုပ်လုပ်မလဲ..? စသဖြင့် အသေးစိတ်တွေကို သေသေချာချာ မေးမြန်းတယ်လို့ ဆိုပါတယ်..။
အီတလီနည်းပြကြီးက ဒါဟာ ‘စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်နေတဲ့ပုံစံ ဖြစ်နေပြီး၊ ဘောလုံးအသင်းတစ်သင်းနဲ့ မတူဘူး’ လို့ မကြာသေးခင်ကထွက်ရှိထားတဲ့ အတ္ထုုပတ္တိ စာအုပ်မှာ ဖော်ပြထားပါတယ်.။
ဒီနှစ်နွေရာသီမှာတော့ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ နှစ်ရာသီ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ လူငယ်သွေးသစ် ကစားသမား အများအပြားကို ဦးစားပေးပြီး ခေါ်ယူနေပါတယ်..။ ယေဘူယျအားဖြင့် ၂၀၂၀ ခုနှစ် အပြောင်းအရွှေ့ရာသီဟာ ဈေးကွက်ပျက်သလို ဖြစ်နေတာကြောင့် ပိုက်ဆံရှိလို့က ကိုင် ဟားဗာ့ဇ် တို့လို အနာဂတ်အလားအလာ အများကြီးကောင်းမွန်တဲ့ လူငယ်ကစားသမားတွေ ခေါ်ယူထားဖို့ အကောင်းဆုံးအချိန်ပါပဲ..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းဟာ အသက် (၂၅) နှစ်အောက် အကောင်းဆုံး ကစားသမားတွေကို ရအောင်ခေါ်ယူမယ်ဆိုတဲ့ သူတို့အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့လည်း ကိုက်ညီနေပါတယ်..။ ဒါဟာ ၂၀၀၃ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကိုခြားနားသွားပါပြီ..။
“လက်ရှိချယ်လ်ဆီးအသင်းဟာ အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး ပြန်ထုတ်မရောင်းခင် ကာလအတွင်း သူတို့ကို တိုးတက်လာအောင် ပြုစု၊ ပျိုးထောင်ပေးပါမယ်..။ အီဒင် ဟာဇက် ဟာ အထင်ရှားဆုံး ဥပမာပါ..။ ဒီနှစ်အပြောင်းအရွှေ့ရာသီမှာလည်း သူတို့ဆီမှာ ထင်ရှားတဲ့ရည်ရွယ်ချက်၊ နည်းဗျူဟာရှိပါတယ်..။ အထူးသဖြင့် ကစားသမားတွေကို တခြားဥရောပအသင်းတွေနဲ့ သိပ်ပြီးမပြိုင်ဆိုင်ရပဲ ခေါ်ယူနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်..။
ဥပမာ ကိုင် ဟားဗာ့ဇ် ကို ချယ်လ်ဆီးအသင်းက စောင့်ကြည့်နေတာ ကြာပါပြီ..။ ဒါပေမယ့် ပုံမှန်အတိုင်းသာဆိုရင် ဟားဗာ့ဇ် ဘေယန် မြူးနစ်ကိုပဲ ရောက်သွားမှာပါ..။ ချယ်လ်ဆီးဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ သူ့ကိုခေါ်ယူခဲ့တာ မှန်ပါတယ်..။ ဒါပေမယ့် သူ့ဆီကနေ ပြန်ပြီးရနိုင်ဖို့ရှိသလို အရင်နှစ်တွေကဆိုရင် ချယ်လ်ဆီးဟာ ကိုင် ဟားဗာ့ဇ် တို့ကို ခေါ်ယူနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး..။”
ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတစ်ဦးက အသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒအပေါ် သုံးသပ်ပြောကြားခဲ့ပါတယ်..။ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါသာ မဖြစ်ပွားခဲ့ဖူးဆိုရင် ချယ်လ်ဆီးအသင်းဟာ အခုလိုပြောင်းရွှေ့ကြေးနဲ့ ဟာဗာ့ဇ် ကို ခေါ်ယူဖို့ ကြိုးစားနိုင်ဖွယ်မရှိပါဘူး..။ ဒါပေမယ့် ၂၀၀၃- ၀၇ ကာလ ချယ်လ်ဆီးအသင်းဆိုရင်တော့ အေဘရာမိုဗစ်ချ် အပေါ်ပဲ မူတည်ပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ အသုံးကြမ်းပုံကို တစ်ချို့တွေကလည်း သတိထားပြီး စောင့်ကြည့်နေကြပါတယ်..။ အသင်းအနေနဲ့ ငွေကြေးကို စိတ်ကြိုက်သုံးစွဲတယ် ဆိုပေမယ့် ဘဏ္ဍာရေးစည်းမျဉ်း ထိန်းချုပ်မှုတွေအတိုင်း ညီညွတ်အောင် ပြုလုပ်ရမှာ ဖြစ်တာကြောင့် တစ်ဘက်က တောင်းဆိုမှုတွေကို အကန့်အသတ်မရှိ ဖြည့်ဆည်းပေးနိုင်ဖို့ လွယ်ပါ့မလား..? ဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေကြတဲ့အကြောင်း The Indepent သတင်းဌာနကို ပြောဆိုခဲ့ပါတယ်..။
+++++ +++++++ ++++++
လက်ရှိအသင်းနည်းပြ ဖရန့် လမ်းပတ် ဟာ အေဘရာမိုဗစ်ချ် ရဲ့ ပြောင်းလဲလွယ်သလောက်၊ မာကျောတဲ့ စိတ်ဓါတ်ကို သိရှိထားပြီးသူတစ်ယောက် ဖြစ်ပါတယ်..။ ကစားသမားဘဝက မန်နေဂျာများအပေါ် ပြတ်ပြတ်သားသား ဆက်ဆံတတ်မှန်း သိရှိထားတဲ့ ဖရန့် လမ်းပတ် အတွက် အခုအချိန်ဟာ သူ့ရဲ့အလှည့် ကျရောက်နေပြီဆိုတာ နားလည်ထားမှာပါ..။ အေဘရာမိုဗစ်ချ် ဟာ လက်ရှိအသင်းရဲ့ ရှေ့အလားအလာအပေါ် အရမ်းကိုစိတ်အားတက်ကြွနေပြီး ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ပေမယ့် ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့ ကြုံနိုင်ပါသေးတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းပိုင်ရှင်ဟာ ရလဒ်ကောင်းကို အမြဲလိုချင်တဲ့အတွက်ပါ..၊ ပြီးတော့ ချက်ချင်း၊ မြန်မြန်ဆန်ဆန်ကို ရရှိချင်တာပါ..။
“ရိုမန် အေဘရာမိုဗစ်ချ် ဟာ အကောင်းဆုံး၊ အမြင့်ဆုံးစွမ်းဆောင်ရည် ပေးနိုင်ဖို့ အမြဲတမ်းတောင့်တပါတယ်..။ ရှုံးနိမ့်မှုကို လုံးဝလက်မခံပါဘူး..။ အောင်မြင်မှုရရှိတာကလွဲပြီးရင် တခြားဆင်ခြေတွေ၊ အကြောင်းပြချက်တွေကို လက်မခံတတ်ပါဘူး..။ သူဟာလူတိုင်းကို တတ်စွမ်းသလောက် ခိုင်းစေတတ်သူလည်း ဖြစ်တာကြောင့် ဖရန့် လမ်းပတ် အတွက် ခိုင်မာတဲ့နှောင်ကြိုးတွေ ချည်နှောင်ထားပြီး ဖြစ်မှာပါ..”
ချယ်လ်ဆီးအသင်း ဒါရိုက်တာဟောင်း ပေါလ် စမစ် က အထက်ပါအတိုင်း ပြောပြပါတယ်..။ လမ်းပတ် အနေနဲ့ အေဘရာမိုဗစ်ချ် ဆီကလာတဲ့ အကြံဉာဏ်နဲ့ တောင်းဆိုမှုတွေကို မာရီနာ ကနေတဆင့် အမြဲတမ်းရရှိနေမှာ ဖြစ်ပါတယ်.။ အကောင်းဆုံးဆိုတဲ့ ရလဒ်ကိုပဲ လိုချင်တဲ့ သူ့ရဲ့တောင်းဆိုမှုနဲ့ ပတ်သက်တဲ့ပုံပြင်တွေ အများအပြားရှိပါတယ်..။ အထင်ရှားဆုံး သာဓကကတော့ ၂၀၁၀/ ၁၁ ဘောလုံးရာသီ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဖြစ်ပါတယ်..။ အသင်းလက်ထောက်နည်းပြဟောင်း ပေါလ် ကလီးမင့် က အဲဒီအဖြစ်အပျက်ကို အခုလိုပြန်ပြောပြပါတယ်..။
“အသင်းပိုင်ရှင်ဟာ ကျွန်တော်တို့အားလုံးကို ဧည့်ခန်းထဲကနေ စောင့်နေပါတယ်..။ ဘာစကားမှမပြောပဲ အားလုံးဟာ လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေပါတယ်..။ ဒါပေမယ့် သူဘာကိုပြောချင်နေလဲ အားလုံးက နားလည်ကြပါတယ်..။ တကယ်တော့ ကာလို အန်စလော့တီ ရဲ့ ချယ်လ်ဆီးအသင်းနည်းပြဘဝဟာ အဲဒီအချိန်ကတည်းက အဆုံးသတ်ခဲ့တာပါ..။ အေဘရာမိုဗစ်ချ် က အီတလီနည်းပြကြီးဟာ ကစားသမားတွေကို အရမ်းညှာတာတယ်လို့ ယူဆနေပါတယ်..။ ဒါ့ကြောင့်ကစားသမားတွေအပေါ် ‘ပိုပြီးမာမာကျောကျော ဆက်ဆံဖို့၊ ပိုပြီးတင်းကျပ်ဖို့၊ ကြမ်းတမ်းဖို့’ မကြာခဏ တောင်းဆိုခဲ့ပါတယ်..။”
တကယ်တော့ ကာလို အန်စလော့တီ ရဲ့ ၂၀၀၉/၁၀ ဘောလုံးရာသီဟာ အေဘရာမိုဗစ်ချ် မြင်တွေ့ချင်တဲ့ တိုက်စစ်အားသန် ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ကစားဟန်မျိုးနဲ့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါတယ်..။ ဒါတောင်မှသူဟာ အမှားအယွင်းဖြစ်လာတဲ့အချိန်မှာ သည်းမခံခဲ့ပါဘူး...။ အဲဒီလိုအေဘရာမိုဗစ်ချ် ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကာလို အန်စလော့တီ က သူ့ရဲ့ကိုယ်တိုင်ရေးအတ္တုပတ္တိစာအုပ်မှာ ယခုလိုဖော်ပြခဲ့ပါတယ်..။
“၂၀၀၉/၁၀ ဘောလုံးရာသီမှာ ကျွန်တော်တို့ နိုင်ပွဲတွေဆက်ပြီး တာထွက်ကောင်းခဲ့ပေမယ့် ဝီဂန်အသင်းကို ၃ဂိုး- ၁ဂိုးနဲ့ မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ပါတယ်..။ ဒါဟာဘောလုံးလောကမှာ ဖြစ်နေကျ သာမာန်ခြေချော်မှု တစ်ခုအဖြစ်ပဲ ကျွန်တော့်စိတ်ထဲ မှတ်ထားခဲ့ပါတယ်..။ ဒါပေမယ့် နောက်တစ်ရက်မနက်မှာ အေဘရာမိုဗစ်ချ် က လေ့ကျင့်ကွင်းကို ရောက်လာခဲ့ပြီး မနေ့ကရှုံးပွဲအတွက် ဖြေရှင်းချက်တောင်းခဲ့ပါတယ်..။ ကျွန်တော်အေစီ မီလန်အသင်းမှာ ရှိစဉ်တုန်းက ဆီလ်ဗီယို ဘာစကိုလူနီ တောင်မှ အဲဒီလောက် တောင်းဆိုမှု မများခဲ့ပါဘူး..။”
ရိုမန် အေဘရာမိုဗစ်ချ် ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်းကို အောင်မြင်မှုတွေ အမြဲတမ်းရရှိနေစေချင်သလို ကျေနပ်ဖို့ကောင်းတဲ့ ကစားဟန်တစ်ခုနဲ့ ဖျော်ဖြေမှုပေးနိုင်တာမျိုးကိုလည်း မြင်ချင်နေခဲ့ပါတယ်..။ ဒါပေမယ့် ဘယ်သူကိုမှ အဲဒီအတွက် အချိန်လုံလုံလောက်လောက် မပေးခဲ့ဖူးပါဘူး..။ ဒါပေမယ့် အခုနွေရာသီကာလဟာ အဲဒီလိုဖြစ်ရိုးဖြစ်စဉ်ကနေ ခွဲထွက်လာပြီ.. လို့ ပြောနိုင်ပြီလား စဉ်းစားစရာ ရှိပါတယ်..။ ဒီနေရာမှာ ဖရန့် လမ်းပတ် နဲ့ အေဘရာမိုဗစ်ချ် ရဲ့ကြားက ဆက်ဆံရေးကိုလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ အသင်းနဲ့ နီးစပ်သူတစ်ချို့က ပြောကြပါတယ်..။ ဖရန့် လမ်းပတ် ဟာ ပီတာ ချက်၊ ဒရော့ဘာ၊ ဂျွန် တယ်ရီ နဲ့ ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ် တို့လို အသင်းပိုင်ရှင်နဲ့ ပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့ အမာခံ ကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ဖရန့် လမ်းပတ် နဲ့ ပတ်သက်ပြီး အေဘရာမိုဗစ်ချ် ရဲ့ သဘောထားကို ပေါလ် စမစ် က အခုလို ပြောပြပါတယ်..။
“တခြားမန်နေဂျာတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖရန့် ဟာ နည်းနည်းတော့ ခြားနားပါလိမ့်မယ်..။ ကစားသမားဘဝတုန်းက ရိုမန် က သူ့ကိုအရမ်းနှစ်သက်သလို ဖရန့် ဟာ အသင်းပိုင်ရှင်အပေါ် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးမှုရှိခဲ့ပါတယ်.။ ဒါ့ကြောင့်သူဟာ အသင်းပိုင်ရှင်ရဲ့ ‘Golden Child’ တစ်ယောက် ဖြစ်ခဲ့သလို သူဟာလူမှုဆက်ဆံရေးကဏ္ဍမှာ ပါးနပ်မှုရှိတယ်..၊ အသင်းပိုင်ရှင် လက်ခံလာအောင် ပြောဆိုနိုင်တဲ့ ပါးရည်နပ်ရည် ရှိခဲ့ပါတယ်..။”
ဒါပေမယ့် ရိုမန် အေဘရာမိုဗစ်ချ် ဟာ အေဗရန် ဂရန့် နဲ့ အရမ်းကို ရင်းနှီးခဲ့သော်ငြား ရာထူးက ထုတ်ပယ်မယ့် အရေးမှာတော့ နည်းနည်းမှ တွန့်ဆုတ်ခဲ့မှုမရှိခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းဘက်ကတော့ သူတို့ထုတ်ပယ်ခဲ့တဲ့ မန်နေဂျာတိုင်းအတွက် ခိုင်မာတဲ့အကြောင်းပြချက်တွေ ရှိခဲ့ပါလိမ့်မယ်..။ ကာလို အန်စလော့တီ..၊ ၂၀၁၅/ ၁၆ ဘောလုံးရာသီမှာ ဟိုဆေး မော်ရင်ဟို တို့နဲ့အတူ အန်တိုနီယို ကွန်တီ ဟာ နည်းပြတစ်ဦးအနေနဲ့ ပါရမီရှင် တစ်ဦးဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဒုတိယဘောလုံးရာသီမှာ ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေး အလွန်ဆိုးဝါးခဲ့ပါတယ်..။ သူတို့တွေကို ထုတ်ပယ်ခဲ့တဲ့နေရာမှာ ကာယကံရှင်နဲ့ ပရိသတ်အတွက် လုံလောက်တဲ့ အကြောင်းပြချက် မဖြစ်နိုင်ခဲ့ရင်တောင်မှ‘အပြောင်းအလဲကို လိုချင်လို့ပါ..’ ဆိုတဲ့အချက်ဟာ အသင်းအတွက် လုံလောက်ခဲ့ပါတယ်..။ မော်ရစ်စ်ဇီယို ဆာရီ ကတော့ သူတို့တွေနဲ့ ပြောင်းပြန်ပါ..။
အခုအချိန်မှာ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းကို တောက်ပတဲ့အနာဂတ်တစ်ခုဆီကို သယ်ဆောင်၊ လမ်းပြပေးနိုင်မယ့်သူ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေပေမယ့် အခုနှစ်ဘောလုံးရာသီ စတင်ချိန်ကာလဟာ အနည်းဆုံး ၂၀၁၄ ခုနှစ်နောက်ပိုင်း ပရိသတ်တွေအတွက် စိတ်ကျေနပ်မှု ရရှိစေခဲ့တဲ့ အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ အဲဒီကနေတစ်ဆင့်တက်လို့ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့မျိုးဆက်သစ် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ရိုမန် အေဘရာမိုဗစ်ချ် နဲ့ ပရိသတ်တွေရဲ့ မြင့်မားလှတဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား.. ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
(The Independent မှ ဆောင်းပါးရှင် Miguel Delaney ၏ ‘The inside story of Roman Abramovich and Chelsea's new era’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)