ချယ်လ်ဆီးအသင်းက ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ မနေ့က ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ UEFA Nations League ပွဲစဉ်မှုာ ဂျာမနီအသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲြ့ပီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါဟာသူ့လိုတိုက်စစ်မှူးအတွက် ပုံမှန်ခြေစွမ်းလို့ ပြောလို့ရသလို RB လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံး (၈) ပွဲမှာ (၇) ဂိုး ရရှိခဲ့တဲ့ ဗာနာ အနေနဲ့ ဂိုးသွင်းစက်တစ်လုံးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပြသလိုက်ခြင်းပါပဲ..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲအပြီးထိ အခြေအနေကို ကြည့်မယ်ဆိုရင် သူဟာအန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အရိပ်အရောင်တွေ ပြသနိုင်ခဲ့ပေမယ့် တော့တင်ဟမ်အသင်းနဲ့ Carabao ဖလားပွဲစဉ်မှာ လှပတဲ့ကန်ချက်နဲ့ တစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါသေးတယ်..။ ဘရိုက်တန်..၊ လီဗာပူးလ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပင်နယ်တီနှစ်လုံး အရယူနိုင်ခဲ့ပေမယ့် ဂျာမနီဂိုးသွင်းစက်ဟာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ရှာဖွေနေရဆဲ ဖြစ်ပါတယ်..။
ဒါပေမယ့် အပြာရောင်ခြင်္သေ့တွေအနေနဲ့ သူတို့ရဲ့ဂျာမနီ တိုက်စစ်မှူးသစ် ဂိုးမိုးခေါင်နေတဲ့အပေါ် စိုးရိမ်နေစရာ မလိုသေးပါဘူး..။ ခရစ်စ်တယ် ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဖရန့် လမ်းပတ် ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲဆင်းပြီး တီမို ဗာနာ ကို ပွေ့ဖက်ဂုဏ်ပြုခဲ့ပါသေးတယ်..။ အထူးသဖြင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတစ်လျှောက် လေးပွဲဆက်တိုက် ဂိုးမိုးခေါင်ခြင်း လုံးဝမရှိဖူးသေးတဲ့ ဂျာမနီဂိုးသွင်းစက်ဟာ အသင်းရဲ့စတုတ္တမြောက် ပင်နယ်တီကို ကန်သွင်းပြီး ပရီးမီးယားလိဂ် အဖွင့်ဂိုးရရှိချင်တဲ့ဆန္ဒ ချိုးနှိမ်လိုက်ရတဲ့အပေါ် ဖရန့် လမ်းပတ် ဘက်က ပွေ့ဖက်၊ နှစ်သိမ့်ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်..။
တီမို ဗာနာ ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း ပထမဆုံးဂိုးကို ဘရိုက်တန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ပွဲစစချင်း (၃) မိနစ်အတွင်း အဖွင့်ဂိုးရခဲ့သလို လိုက်ပ်ဇစ်အသင်းမှာ ပြသခြေစွမ်းမျိုးကို အရှိန်မပျက်ချင်တာကြောင့် ချယ်လ်ဆီးအသင်းကို အမြန်ဆုံးပြောင်းလာဖို့ ကြိုးစားခဲ့တဲ့ သူ့အတွက် အခုလိုအထနှေးနေရခြင်းအပေါ် နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရမှာပါ..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိလာအောင် ဘယ်လိုစီမံရပါမလဲ…?
++++ +++++ ++++
တီမို ဗာနာ ဟာ ဂျာမန်သတင်းထောက် ရာဖယ်လ် ဟော်နစ်စတိုင်း နဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ၊ မေးမြန်းခန်းတစ်ခုမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာရခြင်း အဓိကအကြောင်းအရင်းတွေကို ပြောပြခဲ့ပါတယ်..။ သူ့ရဲ့ပြောပြချက်အရ သူနဲ့ပတ်သက်တဲ့ ဖရန့် လမ်းပတ် ရဲ့ အစီအစဉ်တွေကို သဘောကျ၊ နှစ်ခြိုက်ခဲ့တယ်လို့ ဆိုပါတယ်..။
“ဖရန့် က ‘တီမို.. ကွင်းထဲမှာ မင်းဟာချိန်သားကိုက် ရွှေ့လျားမှုတွေ စိတ်ကြိုက်ပြုလုပ်နိုင်အောင် နေရာအသေ မထားပဲ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်လိမ့်မယ်..’ လို့ ပြောခဲ့ပါတယ်..။ သူနဲ့ဆွေးနွေးခဲ့ရတာ အရမ်းကိုကောင်းခဲ့ပါတယ်..။”
ဒါ့ကြောင့် ဖရန့် ဟာ ဗာနာ ကစားရမယ့်နေရာနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့တာ မရှိခဲ့ပဲ နေရာလွတ် ကျယ်ကျယ်ရနိုင်အောင် ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ရွှေ့လျားခွင့်ပြုမယ်ဆိုတဲ့ အစီအမံကို သဘောကျခဲ့တဲ့ ပုံပေါ်ပါတယ်လို့ ဟော်နစ်စတိုင်း က သုံးသပ်ခဲ့ပါတယ်..။ ဗာနာ အတွက် ကစားကွက် ပုံသေမထားရှိဘူး..၊ သူ့ရဲ့နေရာ သတ်မှတ်ချက်လည်း မထားရှိထားပါဘူး..။
ဒါပေမယ့် အစောပိုင်းပွဲစဉ်အနေအထားအရ ဖရန့် လမ်းပတ် ဟာ သူရည်မှန်းထားတဲ့ တိုက်စစ်ကစားဟန် အပြည့်အဝပုံပေါ်လာဖို့ ဟာကင် ဇိုင်းယက်ချ် နဲ့ မနှစ်ကဘောလုံးရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ခရစ်စ်တီယန် ပူလီဆစ် တို့ အပြည့်အ၀ ပြန်လည်ကစားနိုင်မယ့်အချိန်ကို စောင့်နေရဦးမယ့်ပုံ ရှိပါတယ်..။ သူတို့နှစ်ဦးနဲ့ တွဲဖက်ကစားခွင့်မရခင်အထိ ဗာနာ ဟာ ဘရိုက်တန်အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ရူဘင် လော့ဖ်တပ်စ် ချိခ် နဲ့ တွဲဖက်ပြီး အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ခဲ့ပေမယ့် ဘယ်တောင်ပံဘက်ကို အများဆုံးရွှေ့လျား ကစားခဲ့ပါတယ်..။
လီဗာပူးလ်အသင်းနဲ့ပွဲမှာတော့ ကိုင် ဟားဗာ့ဇ် ကို နောက်ချန်တိုက်စစ်မှူးအဖြစ် ရှေ့မှာတင်ခဲ့ပြီး ဗာနာ ကို ဘယ်တောင်ပံမှာ နေရာယူခိုင်းခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့စီမံချက်ဟာ အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် ရဲ့ ပထမပိုင်းပြီးခါနီး အနီကတ်ဒ်နဲ့အတူ ပျက်ပြယ်ခဲ့ရပါတယ်..။ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲမှာတော့ တန်မီ အေဘရာဟမ် ကို ထည့်သွင်းခဲ့တာကြောင့် တီမို ဗာနာ ဟာ ဘယ်တောင်ပံမှာ ကစားရခဲ့ပြီး လိုအပ်သလို ဂိုးဧရိယာထဲ တိုက်ရိုက်ထိုးဖောက်ခဲ့တဲ့ ကစားဟန်ကို ကျင့်သုံးခဲ့ပါတယ်..။ အဲဒီပွဲ ဒုတိယပိုင်းမှာတော့ ဖရန့် လမ်းပတ် ဟာ တိုက်စစ်မှူးနှစ်ဦး တင်ကစားတဲ့ပုံစံနဲ့ တန်မီ အေဘရာဟမ် ကို ညာတောင်ပံ တိုက်စစ်မှူးအဖြစ် နေရာပြောင်းကစားခဲ့ပြီး တန်မီ ဟာ ချယ်လ်ဆီးအသင်းရဲ့ တတိယချေပဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်..။
အဲဒီပွဲအပြီးမှာတော့ ဖရန့် လမ်းပတ် က သူလိုချင်တဲ့ အသင်းရဲ့ကစားနည်းစနစ်နဲ့ ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်..။
“တီမို နဲ့ ကိုင် တို့အတွက် သီးသန့်ကစားရမယ့်နေရာ မသတ်မှတ်ထားပါဘူး..။ သူတို့နှစ်ယောက်ကို ဘယ်လိုပုံစံ ကစားစေချင်တယ်ဆိုတဲ့ အစီအမံ ကျွန်တော့်ဆီမှာ ရှိပါတယ်..။ ဒါပေမယ့် ဒဏ်ရာပြသနာတွေကြောင့် အခုအချိန်မှာ ကျွန်တော်လိုချင်တဲ့ပုံစံမျိုး သွတ်သွင်းလို့ မရသေးပါဘူး..။ တစ်ခါတစ်လေမှာတော့ အခက်အခဲတွေကြောင့် ကိုယ်လိုချင်တဲ့ပုံစံမဟုတ်ပဲ အဆင်ပြေအောင် ကြံဖန်နေရတာတွေ ရှိတတ်ပါတယ်..။”
ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဗာနာ ဟာ ဘယ်တောင်ပံမှာ ကစားခဲ့ပြီး အသင်းအပေါ် ကောင်းကောင်းပံ့ပိုးပေးနိုင်ခဲ့ပါတယ်...။ ဒါပေမယ့်ပဲလေ့စ်နောက်တန်းကို ထိထိရောက်ရောက် မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဖရန့် လမ်းပတ် ဟာ ပထမပိုင်းအပြီး သူ့ရဲ့တိုက်စစ်ကစားသမားတွေကို အခုလိုမှာကြားခဲ့ပါတယ်..။
“ပဲလေ့စ်နောက်တန်းလူတွေအနေနဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေကို ထိန်းရတာ ဘာမှမခက်ခဲပါဘူးကွာ.. လို့ ထင်မှတ်သွားမှာကို ခွင့်ပြုလို့မရဘူး.. လို့ ပထမပိုင်းအပြီး ကစားသမားတွေကို ကျွန်တော်ပြောကြားခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ ပိုပြီးလျှင်လျှင်မြန်မြန် ဘောလုံးပေးပို့ဖို့၊ ပိုပြီးလျှင်လျှင်မြန်မြန် ရွှေ့လျားကစားဖို့ မှာကြားခဲ့ပါတယ်..။”
ပဲလေ့စ်အသင်းနဲ့ ပွဲပြီးချိန်အထိ အချက်အလက်တွေအရ တီမို ဗာနာ ဟာ အရှိန်တင်ပြေးထွက်မှု (sprints) (၈၅) ကြိမ် ပြုလုပ်ထားပြီး ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ sprints အများဆုံး ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်နေပါတယ်..။ ဒါ့အပြင်တခြားချယ်လ်ဆီးအသင်း ကစားသမားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သူ့ရဲ့ကစားဟန်ဟာ ခြားနားနေတာကို တွေ့ရမှာပါ..။ အဲဒီအချက်အလက်အရ သူဟာအရှိန်တင် ပြေးထွက်မှုကို အများဆုံးပြုလုပ်နေပေမယ့် ချယ်လ်ဆီးအသင်းဟာ တန်ပြန်တိုက်စစ်ဆင်တဲ့နေရာမှာ လျှင်မြန်မှု၊ ထိရောက်မှု မရှိပါဘူး..။ ဒါဟာ တီမို ဗာနာ ရဲ့ အားသာမှုအရှိဆုံး စွမ်းရည်တစ်ခုကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်..။
တီမို ဗာနာ ဟာ ခံစစ်ကနေ တိုက်စစ်ကို (transition) အမြန်ဆုံးပြောင်းနိုင်တဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ခရစ်စ်တယ် ပဲလေ့စ်အသင်းမှာဆိုရင်လည်း ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကနေ တိုက်စစ်ပြောင်းလဲတဲ့ transition တွေဟာ နှေးကွေးခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့အတွက် ပြေးထွက်ရမယ့် နေရာလွတ် (space) မရှိတာကြောင့် Turbo Timo ဟာ ဘောလုံးပေးပို့မှုတွေပဲ ပြုလုပ်နေရတဲ့ passing game မှာပဲ ပါဝင်စီးမျောခဲ့ရပါတယ်..။
ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲမှာ သူဟာဘောလုံးပေးပို့မှု အကြိမ် (၄၀) ပြုလုပ်ခဲ့ပြီး အခုပွဲအပြီးထိ သူ့ရဲ့တစ်ပွဲချင်း ပျမ်းမျှပေးပို့မှုဟာ (၃၂.၃) ကြိမ် ရှိပါတယ်..။ တစ်ဖက်ကလည်း အခုပြထားတဲ့ အပေါ်က ပူးတွဲပုံမှာဆိုရင် တီမို ဗာနာ ဟာ ဘောလုံးပေးပို့မှုကို ဦးစားပေးတဲ့ passing game မှာ တဖြည်းဖြည်းနဲ့ ပိုမိုပါဝင်လာတာကို တွေ့ရမှာပါ..။ လျှင်မြန်မှုနဲ့ တိုက်ရိုက်ထိုးဖောက်မှုကို အားသန်တဲ့ တီမို ဗာနာ အနေနဲ့ ကစားပုံ ဖြည်းဖြည်းချင်း ပြောင်းလဲလာရတဲ့အပေါ် RB လိုက်ပ်ဇစ်အသင်းနည်းပြ ဂျူလီယန် နာဂယ်လ်မန်း က အခုလိုရှင်းပြခဲ့ပါတယ်..။
“အစောပိုင်းနှစ်တွေမှာတော့ တီမို ဗာနာ ရဲ့ လှုုပ်ရှားမှုတွေအားလုံးဟာ ခံစစ်ကနေ တိုက်စစ်ကိုပြောင်းတဲ့အချိန် transition တွေမှာပဲ မူတည်ရွှေ့လျားခဲ့တာပါ..။ ဒါပေမယ့်သူဟာ တဖြည်းဖြည်းနဲ့ အသင်းလိုက် ပေါင်းစပ်ကစားတဲ့ combination play တွေမှာ ပိုပြီးပါဝင်လာပါပြီ..။ အခုနောက်ပိုင်းမှာ အသင်းဖော်တွေကို ဖန်တီးပေးတဲ့ build up play တွေ..၊ တွဲလုံးတွေ (combination) မှာလည်း ပိုမိုပြီး ပါဝင်လာပါတယ်..။ ဒါ့ကြောင့် အခုနောက်ပိုင်း သူ့ရဲ့တစ်ပွဲချင်း ပျမ်းမျှထိချက် (touches) တွေက ပိုပြီးများပြားလာသလို ဒါဟာကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုလို့ ဆိုရမှာပါ.။ အခုဆိုရင် သူဟာဂိုးဧရိယာထဲထိ ပိတ်ဆို့ခံစစ်ဆင်နေတဲ့ deep defense အသင်းတွေနဲ့ ရင်ဆိုင်ရမှာ နေရာလွတ်တွေ ပိုမိုရှာဖွေလာနိုင်ခဲ့ပါပြီ..။ တကယ်လို့ သူဟာဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းကို ပုံစံမျိုးစုံနဲ့ ထိုးဖောက်တတ်ဖို့ လိုအပ်ပါတယ်..။”
အခုလို လိုအပ်နေတဲ့ လက်နက်ကောင်းတွေကို ဖြည့်ဆည်းပြီး စွယ်စုံကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်း တိုးတက်ရွှေ့လျားလာတဲ့အပေါ် တီမို ဗာနာ ကို ချီးကျူးရမှာပါ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က သွင်းဂိုးတွေရရှိဖို့ပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ မနှစ်ကဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတစ်ခုတည်းမှာ (၂၈) ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဂျာမနီအသင်း ဂိုးသွင်းစက်ဆီကနေ အကောင်းဆုံးအရည်အသွေးတွေကို အသုံးချနိုင်ဖို့ လိုအပ်လာပါပြီ..။
တီမို ဗာနာ ဟာ မနှစ်ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ တန်ပြန်တိုက်စစ် အပါအဝင် လျှင်မြန်တဲ့ ထိုးဖောက်မှုတွေ (fastbreaks) ကနေ အများဆုံးသွင်းဂိုး ရရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်တစ်ဖက်ကလည်း လူကျွံဘော (offside) အများဆုံး ပေးရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အခုပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲအပြီးမှာတော့ အဲဒီလိုတန်ပြန်တိုက်စစ် (သို့မဟုတ်) အမြန်နှုန်းမြင့် ထိုးဖောက်မှုတွေကနေ တစ်ဖက်ခံစစ်ကြောင်းနောက်က နေရာလွတ်တွေကို အမြန်ဆုံးရောက်ရှိ ထိုးဖောက်တတ်တဲ့ သူ့ရဲ့ကစားဟန်ကို ချယ်လ်ဆီးပရိသတ်တွေ မြင်တွေ့ရခြင်းမရှိသေးပါဘူး..။
ဒါ့အပြင် တန်မီ အေဘရာဟမ် ဟာ သူနဲ့တွဲဖက်မိတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာမလား..? ဆိုတဲ့အချက်ကလည်း စောင့်ကြည့်ရဦးမှာပါ..။ အခုလက်ရှိအချိန်ထိကတော့ သူတို့နှစ်ယောက်ဟာ နားလည်မှုကောင်းကောင်း တည်ဆောက်နိုင်ခြင်းမရှိသေးသလို ပြေးထွက်ပုံ၊ ကစားပုံတွေ ထပ်နေတာ တွေ့နေရပါတယ်..။ ဗာနာ ဟာ အထောင်တိုက်စစ်မှူး အနေနဲ့ ကစားတဲ့အခါမှာ ကွင်းလယ်ကိုဆင်းပြီး ခံစစ်ကြောင်းနောက်က နေရာလွတ်တွေပေါ်လာအောင် ရွှေ့လျားကစားတတ်ပါတယ်..။
ဒါ့ပေမယ့် ၄- ၃- ၃ ပုံစံနဲ့ သူ့ကိုအထောင်တိုက်စစ်မှူးအဖြစ် တင်ပြီးကစားမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ဘယ်၊ ညာတောင်ပံမှာ သူ့ရဲ့ရွှေ့လျားမှုကြောင့် ပေါ်လာမယ့်နေရာလွတ်တွေကို ထိထိမိမိ အသုံးချနိုင်မယ့် ဆာဒီယို မာနေး၊ ဆွမ် ဟောင်မင်း တို့လို တောင်ပံတိုက်စစ်မှူးကောင်းတွေ ရှိမနေပါဘူး..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းက အထောင်တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ တန်မီ အေဘရာဟမ် နဲ့ အိုလီဗီယာ ဂျီရူးဒ် တို့ဟာလည်း တောင်ပံတိုက်စစ်မှူးတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးတတ်တဲ့ တိုက်စစ်မှူး အမျိုးအစားထဲမှာ မပါဝင်ပါဘူး..။
ဒါ့ကြောင့်အခုအချိန်မှာ တီမို ဗာနာ နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းကို အဓိကမေးရမယ့်မေးခွန်းကတော့ သူ့ကိုဘယ်လိုနေရာမှာထားပြီး ဘယ်သူတွေနဲ့ တွဲဖက်ကစားစေမလဲ..? ဆိုတဲ့ပုစ္ဆာဖြစ်သလို ဖရန့် လမ်းပတ် အနေနဲ့ တီမို ဗာနာ အပါအဝင် ယခုနှစ်ဘောလုံးရာသီမှာ ခေါ်ယူထားတဲ့ ပါရမီရှင် ထိပ်တန်းကစားသမားတွေဆီက အကောင်းဆုံးခြေစွမ်း ရရှိအောင် ဘယ်လိုစွမ်းဆောင်ပေးမလဲ..? အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်..။
အခုပြီးခဲ့တဲ့ ဂျာမနီအသင်းနဲ့ UEFA Nations League ပွဲစဉ်က ခြေစွမ်းနဲ့ မနှစ်ကဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းအရ တီမို ဗာနာ ဟာ မှန်ကန်တဲ့အတွဲအစပ် ကစားပုံနဲ့ဆိုရင် အစွမ်းကုန် ပွင့်လန်းပြီး တစ်ဖက်အသင်းအတွက် အန္တရာယ်ကြီးလှတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြသခဲ့ပြီး ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒဏ်ရာပြသနာတွေ ပြီးဆုံးခဲ့အပြီး လူစုံတက်စုံ စတင်ရွက်လွှင့်တော့မယ့် ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းနဲ့ သူတို့လို ခြေစွမ်းမြင့် ကစားသမားတွေအတွက် အဆင်ပြေချောမွေ့မယ့် တိုက်စစ်အတွဲအစပ်၊ ကစားဟန်တစ်ခုကို ဖန်တီးပေးနိုင်မလား..? ဆိုတဲ့ စိန်ခေါ်မှုဟာ အခုလာမယ့် နိုင်ငံတကာပွဲတွေအလွန်ကာလမှာ အသင်းရဲ့ အဓိကတောင်းဆိုမှုတစ်ခု ဖြစ်လာပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Adam Bate ၏ ‘Timo Werner at Chelsea: How can Frank Lampard get the best from him?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)