feature-image

အပြာရောင်တို့ မျှော်လင့်နေတဲ့ ကစားကွက်ဖန်တီးရှင် ‘ဟာကင် ဇိုင်းယက်ချ်’

၂၀၂၀/ ၂၁ ဘောလုံးရာသီမှာ ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား ပြုလုပ်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းနဲ့အတူ ပရီးမီးယားလိဂ်စင်မြင့်ထက်ကို တက်လှမ်းနိုင်ဖို့ တာစူနေပါပြီ..။ အပြာရောင်ခြင်္သေ့တွေအနေနဲ့ ရာသီအစပိုင်း ပွဲစဉ်တွေမှာ လွယ်လွယ်ကူကူ အနိုင်ရသင့်တဲ့ ပွဲစဉ်တစ်ချို့ကို ရုန်းကန်ခဲ့ရပြီး နည်းနည်းတော့ မုန်တိုင်းထန်ခဲ့ပါတယ်..။ ဒါ့အပြင် Carabao ဖလားပြိုင်ပွဲကိုလည်း နှုတ်ဆက်၊ လက်ပြခဲ့ရပါပြီ..။ အထူးသဖြင့် အပြာရောင်ပရိသတ်တွေ မချင့်မရဲအဖြစ်ရဆုံးက လှပညက်ညောပြီး အချိတ်အဆက်မိတဲ့ ကစားဟန်ကို မြင်တွေ့ရခြင်း မရှိသေးတာပါပဲ..။

သူတို့ရင်ဆိုင်ခဲ့ရတဲ့ အစောပိုင်းပွဲစဉ်တွေထဲမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း၊ တော့တင်ဟမ် အသင်းတို့လို ပွဲစဉ်တွေ ပါဝင်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုထိ ခက်ခဲခဲ့တယ်ဆိုပေမယ့် အဓိကအကျပ်အတည်းက အသစ်ရောက်ရှိလာတဲ့ ကစားသမားတွေကို အတွဲအဖက်မိအောင်၊ သူတို့ဆီက အကောင်းဆုံးခြေစွမ်းတွေ ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်..။ တကယ်တော့ လက်ရှိအသင်းရဲ့ ကစားသမားအင်အားနဲ့ဆိုရင် လီဗာပူးလ်အသင်းနဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေဟာ ချယ်လ်ဆီးအသင်း အနိုင်ရသင့်တဲ့ပွဲစဉ်တွေလို့ ပြောလို့ရပါတယ်..။ တီမို ဗာနာ? ကိုင် ဟာဗာ့ဇ်..? တန်မီ အေဘရာဟမ် တို့လို တိုက်စစ်အင်အားနဲ့ ဝက်စ်ဘရွန်းလိုအသင်းကို ဘာကြောင့်အနိုင်မရခဲ့တာပါလဲ..?



ချယ်လ်ဆီးပရိသတ်အချို့ကတော့ သူတို့အသင်းဟာ အခုနှစ်မှာ တိုက်စစ်ကြယ်ပွင့် ကစားသမားအများအပြားကို ခေါ်ယူခဲ့ပေမယ့် ဗဟိုခံစစ်မှူးတွေအပိုင်းမှာ အဆင့်မှီကစားသမား အားဖြည့်ခဲ့တာ မရှိဘူးလို့ ထောက်ပြကြပါတယ်..။ ဒါပေမယ့်အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြသနာက ချယ်လ်ဆီးအသင်းမှာ ကစားကွက် ဖန်တီးပေးနိုင်မယ့်သူ ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်..။ အဲဒီကွက်လပ်အတွက် ရည်ရွယ်ခေါ်ယူခဲ့တဲ့ ‘ဟာကင် ဇိုင်းယက်ချ်’ အခုအချိန်ထိ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး..။ ဟာဗာ့ဇ်၊ ဗာနာ တို့ဟာ တန်ကြေးမြင့် ကစားသမားတွေဖြစ်ကြသလို ခြေစွမ်းလည်း မြင့်မားပါတယ်..။ ဘင် ချီးဝဲလ် ဟာ ချယ်လ်ဆီးအသင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့နေရာကို မှန်ကန်တဲ့အားဖြည့်မှုဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုနှစ်ဘောလုံးရာသီ ခေါ်ယူမှုတွေထဲမှာ ချယ်လ်ဆီးအသင်းအတွက် အရေးအကြီးဆုံး ကစားသမားက ‘ဟာကင် ဇိုင်းယက်ချ်’ ဖြစ်ပါတယ်..။ ဘာကြောင့်ပါလဲ..? သူဟာတကယ့်ကို တန်းမြင့်ကစားကွက် ဖန်တီးရှင်တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ..။


မနှစ်ကဘောလုံးရာသီအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ဘရာဇီးလ်တောင်ပံ ကစားသမား ဝီလီယံ ကို လက်လွှတ်ခဲ့ရပါတယ်…။ ဝီလီယံ အသင်းကနေ ထွက်ခွာသွားတာကို အရေးမကြီးဘူးလို့ တစ်ချို့က ထင်မှတ်ကြပေမယ့် အချက်အလက်အတွေအရ သူဟာ ၂၀၁၇/ ၁၈ ဘောလုံးရာသီကနေစပြီး တစ်ပွဲကိုပျမ်းမျှ ဂိုးသွင်းခွင့်ဖန်တီးမှု (chances created per 90 min) (၂.၉၄) ကြိမ် ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ရပ်ဝန်းတစ်ခုလုံးမှာ သူ့ထက်ဂိုးဖန်တီးမှုကောင်းမွန်တဲ့သူ လေးဦးပဲရှိပါတယ်..။ အဲဒီထဲမှာ လက်ရှိပရီးမီးယားလိဂ်မှာ ကျန်နေတဲ့သူဆိုလို့ ‘ကီဗင် ဒီ ဘရိုင်း’ တစ်ယောက်ပဲ ရှိနေပြီး သူဟာတစ်ပွဲကို ပျမ်းမျှဂိုးသွင်းခွင့် (၃.၆၇) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဝီလီယံ ထွက်ခွာသွားခဲ့တာဟာ အသင်းရဲ့ဖန်တီးမှုအပိုင်းမှာ တကယ့်ကိုကြီးမားတဲ့ ကွက်လပ်ကြီး ဖြစ်ပါတယ်..။

တကယ်တော့ ချယ်လ်ဆီးအသင်းက ဝီလီယံ ကို လက်လွှတ်ခွင့်ပြုလိုက်တယ်ဆိုတာ ဟာကင် ဇိုင်းယက်ချ် ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်တဲ့ အကြောင်းတစ်ခုကြောင့်လည်း ဖြစ်ပါတယ်..။ သူဟာဒတ်ချ်လိဂ်ပြိုင်ပွဲ (Eredivise) မှာ တစ်ပွဲကိုပျမ်းမျှ ဂိုးသွင်းခွင့်ဖန်တီးမှု (၄.၁၅) ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက (ဝ.၉၄) ကြိမ်ဟာ သေချာပေါက် ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးများအဖြစ် (big chances) သတ်မှတ်ခံခဲ့ရပါတယ်..(ဒီ ဘရိုင်း- ဝ.၈၂ ကြိမ်)။ ဒါ့ကြောင့်ဇိုင်းယက်ချ် ဟာ အသင်းဖော်တွေအတွက် ဂိုးရနိုင်မယ့်အနေအထားတွေကို ဖန်တီးပေးနိုင်မယ့်သူအဖြစ် မျှော်လင့်ချက်ထားနိုင်မှာ အသေအချာပါပဲ..။



ဖရန့် လမ်းပတ် ဟာ ဟာကင် ဇိုင်းယက်ချ် ကို လွတ်လွတ်လပ်လပ် ရွှေ့လျားနိုင်တဲ့ ညာတောင်ပံ ကစားသမား (floating right winger) အဖြစ် ရည်ရွယ်ထားပေမယ့် သူမပါဝင်နိုင်သေးတဲ့အချိန် အဲဒီနေရာကို ဘယ်လိုပုံစံ ဖြည့်ဆည်းပေးမယ်ဆိုတာကို လမ်းပတ်အနေနဲ့ စဉ်းစားလို့မရနိုင်သေးပါဘူး..။ ဒါ့ကြောင့်ဖရန့် ဟာ မော်ရိုကို ကွင်းလယ်ဖန်တီးရှင်ကို ချယ်လ်ဆီးအသင်း တိုက်စစ်လမ်းကြောင်းရဲ့ အဓိကဆုံချက်အဖြစ် သတ်မှတ်ထားပြီး သူ့ဆီကနေ တိကျတဲ့ပေးပို့မှုတွေကို တီမို ဗာနာ ရဲ့ လျှင်မြန်တဲ့ပြေးထွက်မှု၊ အမြန်နှုန်းတွေနဲ့ ပေါင်းစပ်မယ်..၊ ဟာဗာ့ဇ် ရဲ့ အကွက်မြင်တဲ့ အတိုပေး၊ အနီးပေး ပြေးထွက်မှုတွေနဲ့ တွဲစပ်မယ်..၊ ဒါမှမဟုတ် အမြင့်ဘော ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေအတွက် တိကျတဲ့ ဖြတ်တင်ဘောတွေ ထွက်ပေါ်လာမယ်.. စသဖြင့် မျှော်လင့်ထားကြပါတယ်..။ ဒါ့အပြင် အခုအချိန်မှာ ဒဏ်ရာကနေ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ခရစ်စ်တီယန် ပူလီဆစ် ဟာလည်း ဇိုင်းယက်ချ် ရဲ့ ဖန်တီးမှုတွေကနေ အများကြီးအကျိုး ဖြစ်ထွန်းလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။

ဘရိုက်တန်အသင်းနဲ့ ရာသီကြိုပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဟာကင် ဇိုင်းယက်ချ် ဟာ အသင်းနဲ့ပူးပေါင်းချိန် နောက်ကျခဲ့ပေမယ့် အခုဆိုရင် ဒီနေ့ယှဉ်ပြိုင်မယ့် ဆောက်ပ်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ စတင်ပါဝင်နိုင်မယ်..၊ ဒီပွဲအပြီး နောက်လာမယ့် ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ ဆီဗီးလား၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ အခုလာမယ့်ပွဲစဉ်တွေဟာ ချယ်လ်ဆီးအသင်းအတွက် ခက်ခဲတဲ့ပွဲစဉ်တွေ ဖြစ်လာမှာပါ..၊ ဒါပေမယ့် ဟာကင် ဇိုင်းယက်ချ် ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်း လစ်ဟာခဲ့တဲ့ ‘ဖန်တီးမှု (creativity)’ ဆိုတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အစွမ်းကုန်တောက်ပလာမယ့် တိုက်စစ်အင်အားစုတွေရဲ့ တိုက်စစ်စွမ်းရည်ကို သူတို့ရဲ့ကစားကွက် ဖန်တီးရှင်အသစ်ရဲ့ ဖန်တီးပေးပို့မှုတွေနဲ့အတူ မကြာခင်မှာ မြင်တွေ့ရနိုင်မယ်လို့ မျှော်လင့်ထားပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Squawka မှ ဆောင်းပါးရှင် Mohammad Butt ၏ ‘Hakim Ziyech: Chelsea’s chief creator is coming’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)