feature-image

မက်သယူးဟားဒင်းစ် နှင့် ချယ်လ်ဆီးအသင်း ပြန်လည်မွေးဖွားခြင်း

ချယ်လ်ဆီးအသင်း သမိုင်းမှတ်တမ်းပြုစုသူ Rick Glanvill က ၁၉၉၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အသင်းဘုတ်အဖွဲ့အစည်းအဝေး…၊ ‘Marriott Accord’ လို့ နောက်ပိုင်းမှာ အမည်တွင်ခဲ့တဲ့ အစည်းအဝေးဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အရေးအပါဆုံး အစည်းအဝေး ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်..။ အဲဒီအစည်းအဝေးမှာ အသင်းနည်းပြ ဂလင်း ဟော်ဒယ်လ်၊ အသင်းဥက္ကဌ ကင် ဘိတ်စ်၊ ဒု- ဥက္ကဌ မက်သယူး ဟားဒင်းစ် နဲ့ အသင်းဒါရိုက်တာ အဖွဲ့ဝင် ကောလင်း ဟတ်ချင်ဆန် တို့ ပါဝင်ကြပါတယ်..။ သူတို့ဆွေးနွေးခဲ့တဲ့အကြောင်းက ‘ရုဒ် ဂူးလစ်’ ပါ..။

အေစီ မီလန်အသင်းနဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့..၊ ၁၉၈၇ ခုနှစ်က ဥရောပအကောင်းဆုံး ကစားသမားဆု ရခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့် ဟော်လန်ကွင်းလယ် ကစားသမားကြီးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေတယ်..၊ သူ့ကိုခေါ်ယူဖို့ဆိုရင် ချယ်လ်ဆီးလို အသင်းအတွက် အများကြီး စွန့်စားရမယ်..၊ ဒါ့အပြင်အဲဒီဆုံးဖြတ်ချက်ဟာ အသင်းရဲ့ အနာဂတ်လမ်းကြောင်းအတွက် အရမ်းကို အရေးကြီးပါတယ်..။
အကြိတ်အနယ် ဆွေးနွေးနေကြရင်း ကင် ဘိတ်စ် ကတစ်ဖက်၊ မက်သယူး ဟာဒင်းစ် က တစ်ဖက် အပြန်အလှန်ဖြစ်နေချိန် အဆုံးအဖြတ်ပေးရမှာက ကောလင်းစ် ဟတ်ချင်ဆန် ဖြစ်လာပါတယ်..။ ဂန္တဝင်တွင်ခဲ့တဲ့ သူ့ရဲ့ပြောစကားကတော့.. ‘ဂူးလစ် လို ကစားသမားမျိုးနဲ့ တွဲပြီးမကစားချင်တဲ့သူ ရှိပါ့မလားဗျာ..’ ဆိုတာပါပဲ…။ အဲဒီဆုံးဖြတ်ချက်ရဲ့နောက်ပိုင်း အသင်းရဲ့ရည်မှန်းချက်က ချယ်လ်ဆီးအသင်းရဲ့ပုံရိပ်ကို ပရီးမီးယားလိဂ်အဆင့်သာမက ဥရောပအဆင့်ထိပါ မြှင့်တင်နိုင်ဖို့..၊ ဥရောပတစ်ခွင်က လျှမ်းလျှမ်းတောက် ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ ဦးတည်ခဲ့ကြပါတယ်..။

အဲဒီလိုခေတ်သစ် ‘Modern Chelsea’ အသင်းကို စတင်မွေးဖွားခဲ့တဲ့ ၁၉၉၄ ခုနှစ်ကာလ အချိုးအကွေ့ဟာ ၁၉၈၂ ခုနှစ်မှာ ဥက္ကဌ ကင် ဘိတ်စ် ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၁) ပေါင်နဲ့ ဝယ်ယူခဲ့တဲ့အချိန်ကနေ စတင်ခဲ့တာပါ..။ အဲဒီအချိန်တုန်းက အသင်းဟာ ဒုတိယတန်းမှာ အခြေအနေမကောင်းသလို ကွင်းပြင်ပမှာလည်း စတာလင်ပေါင် (၁.၅) သန်း အကြွေးတင်နေပြီး အသင်းပျက်ခါနီးအခြေအနေပါ..။



ကင် ဘိတ်စ် ဟာ ပထမဆုံးအနေနဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကို တစ်ပိုင်းတစ်စ ပိုင်ဆိုင်ထားတဲ့ Developers (Marler Estate) တွေနဲ့ တရားရုံးရင်ဆိုင်ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျ ပိုင်ဆိုင်မှုကို ပြန်လည်တိုက်ယူခဲ့ပါတယ်..။ ဖြစ်ချင်တော့ အဲဒီလိုတရားရင်ဆိုင်နေစဉ်မှာပဲ Marler Estates ကုမ္ပဏီကလည်း ဈေးကွက်မှာ အခြေအနေမကောင်း..၊ ဒေဝါလီ ခံရတော့မလို ဖြစ်လာတော့ သူတို့ချင်းညှိနှိုင်းပြီး ကင် ဘိတ်စ် လက်ထဲ စတန်းဖို့ဒ် ဘရစ်ခ်ျ ပိုင်ဆိုင်မှုတွေ ပြန်ပေးခဲ့ပါတယ်..။

ကင် ဘိတ်စ် ဟာ အသင်းရဲ့ဘဏ္ဍာရေး ပိုပြီးအခြေခိုင်လာအောင် အသင်းပရိသတ်ကို ပါဝင်ခွင့်ပေးဖို့ရယ်..၊ နောက်ပိုင်းမှာလည်းအခုလို စတန်းဖို့ဒ် ဘရစ်ခ်ျ ကို Developers တွေ လက်ထဲမရောက်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ Chelsea Pitch Owners (CPO) ဆိုတဲ့အဖွဲ့ကို ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ဖွဲ့စည်းခဲ့တယ်..၊ စတန်းဖို့ဒ် ဘရစ်ခ်ျ မြက်ခင်းနဲ့ Chelsea FC နာမည်အသုံးပြုခွင့်ကို CPO အဖွဲ့လက်ထဲ ပေးအပ်ခဲ့ပါတယ်..။ (ဘယ်သူမဆို စတန်းဖို့ဒ် ဘရစ်ခ်ျကနေ ရွှေ့မယ်ဆိုရင် Chelsea FC ဆိုတဲ့ နာမည်ကို အသုံးပြုလို့ မရပါဘူး..။ ဒ့ါကြောင့်ချယ်လ်ဆီးဟာ ကွင်းနေရာသစ်ကို ပြောင်းလို့မရပဲ စတန်းဖို့ဒ် ဘရစ်ခ်ျကိုပဲ တိုးချဲ့ဖို့ ကြိုးစားနေရတာပါ..)

ဒါ့အပြင်သူဟာ မန်နေဂျာ ဂျွန် နီးလ် ကို လိုအပ်တဲ့ ကစားသမား ဖြည့်တင်းမှုတွေ လုံလောက်အောင် ပြုလုပ်ပေးခဲ့တာကြောင့် အသင်းဟာ တတိယတန်းကို ဆင်းရခါနီး အခြေအနေကနေ ပရီးမီးယားလိဂ် အလယ်အလတ်အသင်းအဆင့်ကို တဖြည်းဖြည်းနဲ့ တက်လှမ်းနိုင်ခဲ့ပါတယ်..။

အဲဒီလိုထိပ်တန်းအဆင့် အသင်းတစ်သင်းအဖြစ် တက်လှမ်းရေးဆိုတဲ့ ရည်မှန်းချက်အတွက် နောက်ထပ်အရေးပါလာတဲ့သူ တစ်ယောက်ကတော့ ‘မက်သယူး ဟားဒင်းစ်’ ပါ..။



မက်သယူး ဟားဒင်းစ် ဟာ ချယ်လ်ဆီးအသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ‘life-long supporter’ တစ်ယောက်ဖြစ်ပြီး အသင်းနဲ့ပတ်သက်လို့ ရည်မှန်းချက်အင်မတန်ကြီးပါတယ်..။ ၁၉၈၀ ကျော်နှစ်တွေမှာ သူဟာဗြိတိန်ရဲ့ အချမ်းသာဆုံး သူဌေးကြီးတွေထဲမှာ ပါဝင်လာတဲ့အထိ ကြီးပွားချမ်းသာ လာခဲ့တဲ့အချိန် ဥက္ကဌ ကင် ဘိတ်စ် ကလည်း အသင်းပရိသတ်တွေကို ရှယ်ယာခေါ်တာနဲ့ တိုက်ဆိုင်သွားတာကြောင့် ၁၉၉၄ ခုနှစ်မှာသူ့အတွက် တစ်သက်မှာတစ်ခါ ရတဲ့အခွင့်အရေးဆိုပြီး စတာလင်ပေါင် (၂၆) သန်း ထည့်ဝင်ခဲ့တယ်..၊ အပြန်အလှန်အနေနဲ့ သူ့ကိုအသင်းရဲ့ ဘုတ်အဖွဲ့မှာ နေရာပေးရပါမယ်..။ ဒီလိုနဲ့ သူဟာအသင်းရဲ့ ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့ပြီး ကင် ဘိတ်စ် က ဟားဒင်းစ် ကို သူ့ရဲ့အရိုက်အရာ ဆက်ခံမယ့်သူအဖြစ် လျာထားလိုက်ပါတယ်..။ အဲဒီမှာ အခုဆောင်းပါးရဲ့အစ ‘Marrott Accord’ အစည်းအဝေးဆီ ပြန်ရောက်ပါတယ်..။

ကင် ဘိတ်စ် နဲ့ မက်သယူး ဟားဒင်းစ် တို့ဟာ အသင်းကို ဒီထက်ပိုပြီး ကြီးပွားတိုးတက်ချင်တယ်..၊ ကျယ်ပြန့်ချင်တယ်ဆိုတဲ့ စိတ်ကူးသာ တူကြပေမယ့် ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲဆိုတဲ့ နေရာမှာ တကယ့်ကို ‘ပြဒါးတစ်လမ်း၊ သံတစ်လမ်း’ ပါပဲ..။ ဒါ့ကြောင့်သူတို့နှစ်ယောက်ရဲ့ ပျားရည်ဆမ်းခရီးဟာ ခဏတာအတွင်းမှာပဲ အကွဲအပြဲတွေ ဖြစ်ကုန်ပါတော့တယ်..။

ကင် ဘိတ်စ် က ချယ်လ်ဆီးအသင်းဟာ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရေရှည်ရပ်တည်ဖို့ဆိုရင် ဘောလုံးတစ်ဘက်တည်းကိုပဲ အာရုံစိုက်နေရလို့ မရဘူး..၊ ဟိုတယ်တွေ..၊ အိမ်ခန်းဌားတာတွေ..၊ တခြား services တွေနဲ့ ဈေးကွက်ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်..။ ဟားဒင်းစ် ကတော့ ဘောလုံးအသင်းကို အောင်မြင်အောင် ပထမဦးစားပေးအနေနဲ့ တည်ဆောက်ဖို့ လိုအပ်တယ်..၊ လက်ရှိနည်းပြတွေ လိုချင်တဲ့ ကစားသမားတွေ ရအောင်အားဖြည့်ပြီး အသင်းကြီး အောင်မြင်အောင် တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်..။ ကင် ဘိတ်စ် ကတော့ ဟားဒင်းစ် တို့အဖွဲ့ဟာ ရေရှည်အမြင်မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်..။

ဂလင်း ဟော်ဒယ်လ် ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဟားဒင်းစ် ဟာ အသင်းရဲ့မြောက်ဘက်ပွဲကြည့်စင် (နောက်ပိုင်းမှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ မက်သယူး ဟားဒင်းစ် ပွဲကြည့်စင် လို့ အမည်ပေးခဲ့ပါတယ်..။) တိုးချဲ့ဖို့ပိုက်ဆံ နှစ်ရှည်ချေးတယ်.. (၂၀၀၈ ခုနှစ်မှ ပြန်ဆပ်ရန်)..၊ ကစားသမားသစ်တွေ ခေါ်ယူဖို့ သီးခြားပိုက်ဆံထုတ်ပေးပါတယ်..။ ဒါ့ကြောင့်ရုဒ် ဂူးလစ် ကစတင်ပြီး နာမည်ကျော်ကစားသမားတွေကို တဖြည်းဖြည်းနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ မက်သယူး ဟားဒင်းစ် ရဲ့ မတည်ခဲ့မှု၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ ခေါ်ယူခဲ့တယ်လို့ ပြောလို့ရပါတယ်..။



ဒါပေမယ့် ဟားဒင်းစ် ဟာ ကင် ဘိတ်စ် ရဲ့ ရေရှည်စီမံကိန်းတွေဖြစ်တဲ့ Chelsea Vilage အိမ်ရာစီမံကိန်းတွေ..၊ စတန်းဖို့ဒ် ဘရစ်ခ်ျအပြင်က ဟိုတယ်လ်တွေ တည်ဆောက်တဲ့နေရာတွေမှာ တစ်ပြားမှ မထည့်ဝင်ပါဘူး..။ ကင် ဘိတ်စ် ကို အယုံအကြည်မရှိတာရော၊ Chelsea Village အတွက် ရှယ်ယာဈေး သတ်မှတ်တဲ့နေရာမှာပါ ဈေးများလွန်းတယ်လို့ ယူဆခဲ့တာကြောင့်ရော ပါပါတယ်..။ အဲဒီမှာတင် လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အကွဲအပြဲ ဇာတ်လမ်းစပါတော့တယ်..

မက်သယူး ဟားဒင်းစ် ဟာ ဥက္ကဌ ကင် ဘိတ်စ် ဆီကို Chelsea Village အိမ်ရာစီမံကိန်းကနေ နှုတ်ထွက်ကြောင်း တရားဝင်စာပို့ရာမှာ ကင် ဘိတ်စ် က ဒေါသပုန်ထပြီး ‘ဒီကောင်ဟာ ငါ့ရဲ့အသင်းကို မောင်းနှင်ဖို့ ထိုက်တန်တဲ့ကောင် မဟုတ်ဘူး..’ လို့ လူသိရှင်ကြား ကြေငြာတယ်..၊ ဒီနောက်မှာ ဒုတိယအဆင့်အနေနဲ့ ဟားဒင်းစ် ကို ဒါရိုက်တာရာထူးကနေ ရုတ်သိမ်းတယ်..၊ သတင်းစာ ရှင်းလင်းပွဲတွေ မတက်ရောက်ရ..၊ ကစားသမားတွေဆီကို မလာရ.. စသဖြင့် အခွင့်အရေးတွေကို ရုတ်သိမ်းခဲ့ပါတယ်..။ ဟားဒင်းစ် က ‘အခုလိုစစ်ပွဲတွေ..၊ အမုန်းတရား ကြီးကြီးမားမားတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး..၊ ဒါပေမယ့်ကျွန်တော်ဆိုတဲ့ကောင်ဟာ ကိုယ့်အထုတ်ကိုပိုက်ပြီး လွယ်လွယ်နဲ့ လက်လျော့မယ့်ကောင် မဟုတ်ဘူး..’ လို့ တုံ့ပြန်ခဲ့ပါတယ်..။

ကင် ဘိတ်စ် ဟာ ဟားဒင်းစ် ကို အသင်းရဲ့ VIP တစ်ယောက်အဖြစ်ကနေ ပယ်ဖျက်ပြီး ပထုတ်ခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်တွေကြားမှာ ဟားဒင်းစ် ဟာ တဖြည်းဖြည်းနဲ့ လူကြိုက်များလာခဲ့ပါတယ်..။ ချယ်လ်ဆီးပရိသတ်က သူ့ကို ‘The People’s Chairman’ လို့ ကင်မွန်းတပ်ခဲ့ပြီး ကင် ဘိတ်စ် ကို မီလျံနာသူဌေးတွေ ဝန်းရံနေချိန်မှာ ဟားဒင်းစ် ကတော့ ပွဲကြည့်စင်တွေမှာပဲ ပရိသတ်တွေနဲ့အတူတူ ရှိနေခဲ့ပါတယ်..။



ကင် ဘိတ်စ် ဟာ မီဒီယာတွေပေါ်ကနေ ဟားဒင်းစ် ကို လေလှိုင်းတိုက်စစ်တွေဖွင့်လေလေ.. ဟားဒင်းစ် အပေါ် လူကြိုက်များမှု ပိုမိုပြီး မြင့်တက်လာလေလေပါပဲ..။ ဒါပေမယ့် ဟားဒင်းစ် ဟာ ဒီလောက်နဲ့ ကျေနပ်မနေပါဘူး..။ သူ့ဘက်က တန်ပြန်တိုက်စစ် ပြန်ဆင်တဲ့အနေနဲ့ ၁၉၉၆ ခုနှစ်၊ နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်..။ ဒါပေမယ့် မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဟားဒင်းစ် ရဲ့ အိပ်မက်ဟာ ပျက်ပြယ်ခဲ့ရပါတယ်...။

၁၉၉၆ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်နေ့မှာ မက်သယူး ဟားဒင်းစ် ဟာ ဘော်လ်တန်အသင်းနဲ့ Carlings ဖလားပွဲစဉ်ကို ကြည့်ရှုပြီး အပြန်ခရီးမှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ရုတ်တရက် ကွယ်လွန်ခဲ့ရပါတယ်..။ ဒါဟာချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ..။ အဲဒီနောက်ပိုင်းမှာ ကင် ဘိတ်စ် ဟာ အသင်းကိုပြိုင်ဘက်မရှိ စိတ်ကြိုက်မောင်းနှင်ခဲ့ပါတယ်..။ အသင်းကိုပံ့ပိုးနေတဲ့ မက်သယူး ဟားဒင်းစ် ရဲ့ ပိုက်ဆံတွေ မရှိတော့နောက်ပိုင်း ကင် ဘိတ်စ် ဟာ အသင်းကို ကွင်းတွင်းအောင်မြင်မှုတွေ ဆက်လက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ကွင်းပြင်ပ ဘဏ္ဍာရေးအခြေအနေက တဖြည်းဖြည်းနဲ့ ယိမ်းယိုင်လာခဲ့ပါတယ်..။

ရေရှည်အတွက် သူရင်းနှီးမြုပ်နှံခဲ့တဲ့ ဟိုတယ်တွေ၊ အိမ်ရာစီမံကိန်းတွေဟာ မျှော်မှန်းသလောက် ဝင်ငွေမရခဲ့သလို ဘဏ်ချေးငွေတွေ တစစ ပိလာပြီး ၂၀၀၂/ ၀၃ ဘောလုံးရာသီသီကုန်ချိန် အသင်းမှာ စတာလင်ပေါင်သန်း (၈၀) လောက် အကြွေးတင်နေခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီချန်ပီယံလိဂ် ဝင်ခွင့်ကြောင့်ပဲ ရုရှသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ခ်ျက စတာလင်ပေါင်သန်း (၁၄၀) နဲ့ အသင်းကို ဝယ်ယူခဲ့ဖို့ ဖြစ်လာခဲ့တာပါ..။

‘Roman Revolution’ နဲ့အတူ အင်္ဂလိပ်ဘောလုံးလောကကို အရှိန်အဟုန်နဲ့ တစ်ခေတ်ဆန်းစေခဲ့တဲ့ ကာလမတိုင်ခင် ပြာပုံထဲရောက်လုရောက်ခင် ချယ်လ်ဆီးအသင်းကို ပြန်လည်မွေးဖွားရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တဲ့ ဒု- ဥက္ကဌ မက်သယူး ဟားဒင်းစ် ရဲ့ အခန်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်..။