ယခုနှစ်ဘောလုံးရာသီတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၉) သန်းဖြင့် ခေါ်ယူခဲ့သည့် ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟာဗာ့ဇ် မှာ ဘန်စ်လေအသင်းနှင့် EFL ဖလားပွဲစဉ်တွင် hattrick သွင်းယူပြီး သူ၏ခြေစွမ်းနှင့် အလားလာကို ပြသနိုင်ခဲ့သည့်အပြင် ဆောက်ပ်သမ်တန်အသင်းနှင့် ၃ဂိုးစီး သရေကျခဲ့သည့် ပွဲစဉ်တွင် သူ၏ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ရရှိခဲ့သည်..။ သို့သော်လက်ရှိအချိန်ထိ သူ၏ခြေစွမ်းအပေါ် ပရိသတ်များက အားရကျေနပ်ခြင်း မရှိကြသေးသလို ဖရန့် လမ်းပတ် ၏ တိုက်စစ်ပိုင်း အခင်းအကျင်း အပေါ်တွင်လည်း ဝေဖန်မှုများ ရှိနေခဲ့သည်..။
အထူးသဖြင့် အသက် (၂၁) နှစ်အရွယ် ဂျာမနီတိုက်စစ်မှူးမှာ ဆီဗီးလားအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်ခဲ့သလို အဆိုပါပွဲတွင် သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် ချယ်လ်ဆီးအသင်း ဂန္တဝင်နောက်ခံလူဟောင်း ဖရန့် လီးဘော့ဖ် က ကိုင် ဟာဗာ့ဇ် မှာ ယခုအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် လေးဂိုးသွင်းယူပေးပြီး ဖြစ်သော်ငြား သူ၏ခြေစွမ်းမှာ ‘မက်လောက်စရာ’ အနေအထား မြင်တွေ့နေရခြင်း မရှိသေးကြောင်း ESPN သတင်းဌာန၏ သုံးသပ်ချက်စကားဝိုင်းတွင် ပြောကြားခဲ့သည်..။
ထို့ကြောင့်ချယ်လ်ဆီးအသင်း မန်နေဂျာ ဖရန့် လမ်းပတ် အနေဖြင့် ယခုတစ်ပါတ် ယှဉ်ပြိုင်ရမည့် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် အဝေဖန်ခံနေရသည့် ကိုင် ဟာဗာ့ဇ် နှင့် သူ၏လူငယ်တိုက်စစ် ကြယ်ပွင့်များနှင့် ကိုက်ညီမည့် တိုက်စစ်ကစားဟန်တစ်ခုကို ပြသနိုင်ဖို့ လိုအပ်နေပြီဖြစ်သည်..။
လက်ရှိအချိန်တွင် ဖရန့် လမ်းပတ် မှာ တီမို ဗာနာ ကို အထောင်တိုက်စစ်မှူးအဖြစ် ထားရှိပြီး မေဆန် မောင့်၊ ခရစ်စ်တီယန် ပူလီဆစ် နှင့် ကိုင် ဟာဗာ့ဇ် တို့ သုံးဦး၏ လွတ်လွတ်လပ်လပ် ရွှေ့လျားမှုဖြင့် တိုက်စစ်ကို ပံ့ပိုးခဲ့သည်..။ အဆိုပါကစားနည်းစနစ်မှာ ပြောင်းလွယ်ပြင်လွယ်ရှိသလို နောက်ခံလူများအတွက် လူကပ်ကစားရန် အခက်တွေ့စေခဲ့သည်..။ ယခုနောက်ဆုံး ကစားခဲ့သည့်နှစ်ပွဲတွင် ခရစ်စ်တီယန် ပူလီဆစ် မှာ ညာတောင်ပံတွင် အများဆုံးနေရာယူခဲ့ပြီး ဘင် ချီးဝဲလ် က ဘယ်တောင်ပံတစ်ကြောတစ်လျှောက် တိုက်စစ်ကို လိုက်ပါနိုင်ရန်၊ ဘယ်တောင်ပံသို့ လိုက်ပါကစားတတ်သည့် တိုက်စစ်မှူး ဗာနာ ၏ ရွှေ့လျားမှု အဆင်ပြေစေရန် အတွက် မေဆန် မောင့် ကို ဘယ်တောင်ပံမှ အတွင်းသို့ဝင်ပြီး ကွင်းလယ်ကို ပံ့ပိုးစေခဲ့သည်...။
ထို့ကြောင့် ကိုင် ဟာဗာ့ဇ် မှာ ‘No.10’ နေရာမှ သူ၏လက်ရွေးစင်အသင်းဖော် တိုက်စစ်မှူး တီမို ဗာနာ ကို အနီးကပ်ပံ့ပိုးရမည် ဖြစ်ပါသည်..။ အဆိုပါ ကွင်းလယ်ဖန်တီးရှင် နေရာမှာ သူနှင့်ကိုက်ညီပြီး ဆောက်ပ်သမ်တန်အသင်းနှင့်ပွဲ တီမို ဗာနာ ၏ ပေးပို့မှုကို အနီးကပ်ပိတ်သွင်းခဲ့သည့်ဂိုးတွင် သူ၏အားသာချက် တစ်ခုဖြစ်သော ‘ပင်နယ်တီ ဧရိယာအတွင်း ချိန်သားကိုက် ပြေးဝင်နိုင်စွမ်း’ ကို တွေ့မြင်ခဲ့ရသည်..။ သို့သော်အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့သည့် ဆီဗီးလားအသင်းနှင့် ပွဲစဉ်တွင် ကိုင် ဟာဗာ့ဇ် မှာ တစ်ကွင်းလုံးအနှံ့ လိုက်ပါရွှေ့လျားခဲ့သော်လည်း ပွဲကိုမစိုးနိုင်ခဲ့သလို ထိရောက်သည့်ပေးပို့မှုများကို ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ...။
ဆီဗီးလားအသင်းမှာ တောင့်တင်းသည့် အသင်းတစ်သင်း ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်လည်း အဆိုပါပွဲတွင် ဟာဗာ့ဇ် မှာ မိနစ် (၉၀) အတွင်း ဂိုးကန်ချက်တစ်ကြိမ်မှ မရရှိခဲ့သလို ထိရောက်သည့်ပေးပို့မှု (key passes) တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပေ..။ ထို့အပြင် ပြိုင်ဘက်ကစားသမားကို ဖြတ်ကျော်ပြေးမှု (dribbles) တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်..။ အဆိုပါစွမ်းဆောင်ရည် အချက်အလက်များက ကွင်းလယ်ဖန်တီးရှင် တစ်ယောက်၏ တိုက်စစ်ပိုင်း ပံ့ပိုးနိုင်မှု အားနည်းခဲ့ခြင်းကို ပြသခဲ့ပြီး ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း အသက်မဲ့ခဲ့ရခြင်း၏ အချက်တစ်ခုအနေဖြင့် ပါဝင်ခဲ့သည်...။ သို့သော်ဂျာမနီလူငယ် ကစားသမားမှာ သူ၏ပေးပို့မှု (lay offs) အကြိမ်ရေ (၅၀) တွင် ကောင်းမွန်ခဲ့ပြီး မိမိအသင်းဖော်ထံ ရောက်ရှိခဲ့သည့် တိကျသည့်ပေးပို့မှုနှုန်း (၈၀%) ရာခိုင်နှုန်းကျော် ရှိခဲ့သည်..။
ယနေ့တွင် ယှဉ်ပြိုင်ရမည့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပီအက်စ်ဂျီအသင်းနှင့် ပွဲစဉ်တွင် ခံစစ်ပိုင်းထက်မြက်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သောကြောင့် ကိုင် ဟာဗာ့ဇ် အနေဖြင့် ပေးပို့မှုကောင်းမွန်ရုံမျှနှင့် မလုံလောက်ပဲ ဖန်တီးမှုအပိုင်း (creativity) တွင်ပါ ယခုထက်ပိုပြီး ကောင်းမွန်လာရန် လိုအပ်နေပေသည်...။
တကယ်တော့ ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား လေးယောက်စလုံးမှာ နေရာစုံ ရွှေ့လျားကစားနိုင်သူများ ဖြစ်သည့်အတွက် တီမို ဗာနာ အား ဘယ်တောင်ပံသို့ ရွှေ့လျားစေမည် ဆိုပါက ကိုင် ဟာဗာ့ဇ် မှာ အထောင်တိုက်စစ်မှူး (central striker) နေရာတွင်လည်း ကစားနိုင်စွမ်းရှိသူဖြစ်သည်..။ ကိုင် ဟာဗာ့ဇ် မှာ ဘေယာ လေဗာကူဆင်အသင်းတွင် ‘No.9’ နေရာမှ ခြေစွမ်းပြပြီး ဂိုးများသွင်းယူ ပေးနိုင်ခဲ့သူလည်းဖြစ်သည်..။ ဟာဗာ့ဇ် မှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင်း ပွဲစဉ်များ ရပ်နားထားရာမှ ပြန်လည်စတင်ချိန်နောက်ပိုင်း တိုက်စစ်မှူးနေရာမှ ကစားခဲ့သည့် (၅) ပွဲတွင် (၄) ဂိုးသွင်ယူနိုင်ခဲ့ပြီး ကွင်းလယ်ဖန်တီးရှင် (No.10) နေရာသို့ ပြန်လည်ပြောင်းလဲ ကစားရချိန်တွင် (၁) ဂိုးသာ သွင်းယူနိုင်ခဲ့သည်...။
အကယ်၍ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှာ တန်ပြန်တိုက်စစ်ကိုသာ အဓိကအားပြုမည် ဆိုပါက ဟာဗာ့ဇ် အား တိုက်စစ်မှူးအဖြစ် နောက်ခံလူများအကြားမှ ဘောလုံးကိုရအောင်ထိန်းပြီး (hold up play) သူ့ထက်ပိုပြီး လျှင်မြန်သော တီမို ဗာနာ၊ ခရစ်စ်တီယန် ပူလီဆစ် တို့၏ တိုက်စစ်လမ်းကြောင်းများကို ခင်းပေးခြင်းဖြင့် ထိရောက်သည့် ကစားဟန်တစ်ခု ဖြစ်လာနိုင်ပါသည်..။
သို့သော် ဖရန့် လမ်းပတ် မှာ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အဆိုပါကစားဟန်အတိုင်း ဟာဗာ့ဇ် အား ‘No.9’ နေရာ ကစားစေခဲ့သော်လည်း ဂျာမနီလူငယ် တိုက်စစ်မှူးမှာ လီဗာပူးလ်အသင်း၏ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်းမရှိပဲ တိုက်စစ်လမ်းကြောင်း ပြတ်တောက်ခဲ့ရသည်ကို တွေ့ခဲ့ရပြီးဖြစ်သည်..။ ထို့ကြောင့်လည်း ခရစ်စ်တီယန်ဆန် အထုတ်ခံရချိန်တွင် ဖရန့် လမ်းပတ် က ကိုင် ဟာဗာ့ဇ် အား လူစားလဲရန် ရွေးချယ်ခဲ့ခြင်းဖြစ်ခဲ့သည်..။
လက်ရှိအချိန်တွင် ဖရန့် လမ်းပတ် အနေဖြင့် မျှော်လင့်ချက် ကြီးမားနေသည့် လူငယ်တိုက်စစ် ကြယ်ပွင့်များနှင့် လိုက်လျောညီထွေရှိရမည့် ကစားဟန်တစ်ခု ပေါ်ထွက်လာရန် တောင်းဆိုမှုများ ကြီးမားနေခဲ့သလို ယခုတစ်ပါတ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ပွဲစဉ်မှာ သူ၏လူငယ်ကစားသမားများနှင့် သွေးသစ်အားဖြည့်မှုများ ပေါင်းစပ်နိုင်မှု ရှေ့အလားအလာကို တိုင်းတာ၊ တွက်ဆနိုင်မည့် အရေးကြီးသော ပွဲစဉ်တစ်ပွဲ ဖြစ်လာပါသည်..။
ထို့ကြောင့် ၂၀၂၀/ ၂၁ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ချိန် တစ်လခန့် ရှိလာချိန်တွင် ဖရန့် လမ်းပတ် အနေဖြင့် သူ၏ကြေးအကြီးဆုံး ခေါ်ယူမှုဖြစ်သည့် ‘ကိုင် ဟာဗာ့ဇ်’ နှင့် လူငယ်တိုက်စစ်ကြယ်ပွင့် ကစားသမားများဆီမှ အကောင်းဆုံးခြေစွမ်းများ ထွက်ပေါ်လာနိုင်ရန် သူတို့အားလုံးနှင့် အဆင်ပြေချောမွေ့မည့် အတွဲအစပ် ကစားဟန်တစ်ခု ပေါ်ထွက်လာသင်သည့် အချိန်ကျရောက်လာပြီ ဖြစ်ပါသည်..။
(Daily Mail မှ ဆောင်းပါးရှင် Sam Blitz ၏ ‘How do you solve a problem like Kai Havertz? Why Frank Lampard needs to work out where his £89m summer signing fits in his Chelsea side ahead of crucial trip to take on Manchester United’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)