ပြီးခဲ့တဲ့စနေနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အပြာရောင်တို့ရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့ရတဲ့ ‘အက်ဒွပ်ဒ် မန်ဒီ’ ဟာ ပွဲပြီးခါနီးမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် ကန်သွင်းခဲ့တဲ့ လှပတဲ့ကန်ချက် အပါအဝင် ဂိုးရနိုင်တဲ့ကန်ချက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် အဲဒီပွဲဟာ အခုနှစ်ဘောလုံးရာသီရဲ့ တတိယမြောက် clean sheet ရရှိခဲ့တဲ့ပွဲ ဖြစ်ခဲ့သလို မန်ဒီ အနေနဲ့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ပြီးနောက်ပိုင်း အကောင်းဆုံးလက်စွမ်းပြခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်..။
အဲဒီပွဲကသူ့ရဲ့လက်စွမ်းအပေါ် အသင်းဖော်တွေ..၊ နှစ်ဘက်အသင်း ပရိသတ်တွေ၊ နည်းပြတွေနဲ့ ပွဲစဉ်သုံးသပ်သူတွေအားလုံး တညီတညွတ်ထဲ ချီးမွမ်းခဲ့ကြပါတယ်..။ အဲဒီအထဲမှာ အာဖရိကသား အသင်းဖော်တစ်ယောက်ဖြစ်တဲ့ ဟာကင် ဇိုင်းယက်ချ် က သူ့ရဲ့ပေါ့ပါး၊ ဖျတ်လတ်မှုကို ‘ကျားသစ်’ တစ်ကောင်အလား တင်စား ချီးကျူးခဲ့ပါတယ်..။
တကယ်တော့ အပြာရောင်တို့ရဲ့ ‘အာဖရိက ကျားသစ်နက်’ ဟာ ထိုက်တန်တဲ့ လက်စွမ်းကြောင့်သာ စင်တော်ကောက်ခံခဲ့ရပြီး တောက်ပလာခဲ့တာပါ..။ ထိပ်တန်းအဆင့်ပွဲစဉ်တွေဆီကို တက်လှမ်းခဲ့တဲ့ သူ့ရဲ့ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်..။ အောက်တန်းအသင်းတွေမှာ မကြာခဏ တန်းဆင်းခဲ့ရသလို ဒဏ်ရာပြသနာတွေအပြင် အလုပ်လက်မဲ့ဘဝနဲ့လည်း လပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်..။
အခုအချိန်မှာ အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ ‘အက်ဒွပ်ဒ် မန်ဒီ’ ဟာ ပြင်သစ်နိုင်ငံ Le Harve မြို့မှာ မွေးဖွားခဲ့ပြီး ကစားသမားဘဝကို ပြင်သစ်လိဂ်၊ တတိယတန်းက ချားဘော့ဂ်အသင်းကနေ စတင်ခဲ့ပါတယ်.။ အဲဒီအချိန်ကစလို့ သူ့ရဲ့ယုံကြည်မှုနဲ့ တစိုက်မတ်မတ် ကြိုးပမ်းမှုတွေဟာ အကြိမ်ကြိမ် စမ်းသပ်ခံခဲ့ရပါတယ်..။ သူဟာချားဘိုးဂ်အသင်းမှာ တတိယဦးစားပေး ဂိုးသမားအဖြစ်သာ နေရာရခဲ့ပေမယ့် အခွင့်အရေးရတိုင်း လက်စွမ်းပြနိုင်ခဲ့တာကြောင့် အသင်းမှာ တဖြည်းဖြည်းနေရာရလာခဲ့ပါတယ်..။ သူ့ရဲ့အသင်းဖော်ဟောင်း တက်ဒ် လာဗိုင်း က မန်ဒီ ရဲ့ ငယ်စဉ်ကစားသမား ဘဝအကြောင်းကို BBC Sports Africa အစီအစဉ်မှာ အခုလိုပြောပြခဲ့ပါတယ်..။
“အက်ဒွပ်ဒ် ဟာ ပထမဂိုးသမားရဲ့ နေရာကို ဝင်ကစားရတိုင်း အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် နည်းပြက သူ့ကိုအရန်အသင်း ကစားသမားအဖြစ်ပါ အဆင့်လျော့ချခဲ့တယ်ဗျ..။ အဲဒီလိုအခြေအနေကနေ သူဟာအသင်းရဲ့ပထမဦးစားပေး ဂိုးသမားနေရာ ပြန်လည်ရရှိအောင် ကြိုးစား တိုက်ပွဲဝင်လာခဲ့တဲ့သူ တစ်ယောက်ပါ..။ သူဟာကျွန်တော်တို့အသင်းက ဂိုးသမားတွေထဲမှာ အကောင်းဆုံး လက်စွမ်းရှိတဲ့သူပါ..၊ ဒါပေမယ့် နေရာမပေးခံ၊ အသိအမှတ် မပြုခံရလည်း စိတ်ပျက်မသွားပဲ အမြဲတမ်း တက်ကြွနေတယ်..၊ အခွင့်အရေးရပြီဆိုတာနဲ့ ထိုက်တန်တဲ့လက်စွမ်းပြသ၊ တုံ့ပြန်ပေးခဲ့ပါတယ်..။”
ဒါပေမယ့် မန်ဒီ ဟာ ချားဘိုးဂ်အသင်းနဲ့ တတိယရာသီမှာ သူတို့အသင်းဟာ စတုတ္ထတန်းကို တန်းဆင်းခဲ့ရပါတယ်..။ အဲဒီလိုတန်းဆင်းခဲ့ရတာကြောင့် အမြတ်ထွက်ခဲ့ရတာက ပထမဦးစားပေး ဂိုးသမားအဖြစ် နေရာပေးမယ်ဆိုပြီး အသင်းကကမ်းလှမ်းခဲ့ရတာပဲ ရှိခဲ့ပါတယ်..။ ဒါပေမယ့်စတုတ္ထတန်းကနေ ထပ်ပြီးတန်းဆင်းခဲ့ရချိန်မှာတော့ သူ့ရဲ့ဘဝဟာ အမှောင်ဖုံးခဲ့ပါတယ်..။
အသက် (၂၂) နှစ်အရွယ် မန်ဒီ ဟာ ချားဘိုးဂ်အသင်း ထပ်မံတန်းဆင်းရတဲ့ချိန်မှာ အသင်းနဲ့စာချုပ်လည်း ကုန်ဆုံးပါတယ်..။ အဲဒီအချိန်မှာ အေးဂျင့်တစ်ယောက်က သူ့ကိုအင်္ဂလန်လိဂ်ဝမ်းပြိုင်ပွဲက အသင်းတစ်သင်းဆီ ပြောင်းရွှေ့ခွင့်ရအောင် ကြိုးစားပေးမယ်ဆိုပြီး ကတိပေးပါတယ်..။ ဒါ့ကြောင့်သူဟာ တခြားပြင်သစ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး အေးဂျင့်ဆီက ဖုန်းပြန်ခေါ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်..။
ဒါပေမယ့် သူ့ဆီကို ဘယ်သူကမှ ဖုန်းခေါ်မလာခဲ့ပါဘူး..
ဒါ့ကြောင့် မန်ဒီ ဟာ သူ့ရဲ့ဇာတိမြို့ Le Harve ကို အလုပ်လက်မဲ့ဘဝနဲ့ ပြန်လာခဲ့ရပါတယ်..။ ဒါပေမယ့်သူဟာ စိတ်ဓါတ်မကျပဲ ကိုယ့်ကိုယ်ကို အမြဲတမ်းပြင်ဆင်ခဲ့တဲ့အကြောင်း အသင်းဖော် လာဗိုင်း က ပြောပြပါတယ်..။
“အသင်းလက်မဲ့ ဖြစ်နေပေမယ့် သူဟာကြံ့ခိုင်မှုမကျဆင်းအောင် အမြဲတမ်းကြိုးစားပါတယ်..။ ပန်းခြံထဲမှာ ပြေးတယ်..၊ Gym ကစားတယ်..၊ တခြားအပျော်တမ်းအသင်းလေးတွေနဲ့ လေ့ကျင့်ပါတယ်.။ အခက်အခဲတွေ ကြုံခဲ့ပေမယ့် သူဟာအရှုံးမပေးခဲ့ပါဘူး..။”
ဝင်ငွေမရှိတဲ့အပြင် ခေါ်မယ့်အသင်းလည်း မရှိခဲ့တာကြောင့် သူဟာ မျှော်လင့်ချက်မဲ့သလို ဖြစ်လာခဲ့ပါတယ်..။ အဲဒါနဲ့ အလုပ်လက်မဲ့များအတွက် အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုဖြစ်တဲ့ Pole Emploi ကို ဆက်သွယ်ခဲ့ပြီး ဘောလုံးလောကကနေ ထွက်ခွာဖို့တောင် စဉ်းစားခဲ့ပါတယ်..။ ဒါပေမယ့် သူ့ကို အဲဒီလိုဒုက္ခတွင်းထဲကနေ ကယ်တင်ခဲ့တဲ့သူက သူ့ရဲ့သူငယ်ချင်းဟောင်း၊ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ‘တက်ဒ် လာဗိုင်း’ ပါပဲ..။ ပြင်သစ်လူငယ်လက်ရွေးစင် ကစားသမားဖြစ်ဖူးတဲ့ လာဗိုင်း ဟာ မန်ဒီ ဘဝကို ပြန်လည်တည့်မတ်စေဖို့အတွက် လမ်းပြနိုင်ခဲ့တဲ့ မီးအိမ်ရှင် ဆိုရင် မမှားပါဘူး..။
“တစ်နေ့မှာ ကျွန်တော်ဟာ မာဆေးလ်အသင်း အကယ်ဒမီက ဂိုးနည်းပြတစ်ယောက်ဖြစ်တဲ့ ဒေါမနစ်ခ် ဘာနာတိုဝစ်ဇ် နဲ့ စကားပြောဖြစ်ပါတယ်..။ သူကအသင်းမှာ ဂိုးသမားတစ်နေရာ လွတ်နေတာကိုဖြည့်ဖို့ ရှာနေတာပါ..။ ဒါနဲ့ကျွန်တော်က ‘အရပ်အမောင်းလည်းကောင်းတယ်..၊ ဂိုးဖမ်းတာလည်းတော်တဲ့ ဂိုးသမားတစ်ယောက်ရှိတယ်..၊ အဲဒီတစ်ယောက်က အများကြီးတိုးတက်မယ့် အလားအလာလည်း ရှိတယ်..၊ ဒါ့အပြင်သူက အသင်းလက်မဲ့ဆိုတော့ အခွင့်အရေးကိုရှာဖွေနေတာ..’ ဆိုပြီး ပြောပြလိုက်ပါတယ်..။”
ဒီလိုနဲ့ ဘာနာတိုဝစ်ဇ် ဟာ အသင်းလက်မဲ့၊ အလုပ်လက်မဲ့ ဂိုးသမားလေးကို မာဆေးလ်အသင်းဆီကို ခေါ်ယူခဲ့ပါတယ်..။ သူကတော့ မန်ဒီ နဲ့ စကားပြောတဲ့အချိန်မှာ သူ့ရဲ့စိတ်အားထက်သန်မှုကို သဘောကျမိတာကြောင့် ခေါ်ယူခဲ့တာလို့ ပြောပြပါတယ်..။
မန်ဒီ ဟာ ပြင်သစ်ထိပ်တန်းအသင်းဖြစ်တဲ့ မာဆေးလ်အသင်းနဲ့ စမ်းသပ်လေ့ကျင့်ပြီး စတုတ္ထဦးစားပေး ဂိုးသမားအဖြစ် ကမ်းလှမ်းတာကို လက်ခံခဲ့ပါတယ်.။ စတုတ္ထဦးစားပေးဂိုးသမားဆိုတာ အသင်းကြီးနဲ့ လေ့ကျင့်ခွင့်တော့ရပါမယ်..၊ ဒါပေမယ့် အရန်အသင်းမှာပဲ တခါတလေ ကစားခွင့်ရချင်ရပါမယ်..။ မာဆေးလ် အသင်းဟာ မန်ဒီ ကို အနည်းဆုံးလစာနဲ့ အပျော်တမ်းကစားသမားအဖြစ် တစ်နှစ်စာချုပ် ကမ်းလှမ်းခဲ့ပါတယ်..။
“ကျွန်တော်တို့က မန်ဒီ ကို မော်တော်ကား စပယ်ယာဘီး လိုပဲ သဘောထားပြီး ခေါ်ယူခဲ့တာပါ..။ သူ့အတွက်ကျတော့ ရှစ်လ၊ ကိုးလလောက် ကြိုးစားပြခွင့်ရရင်ကို မနည်းပါဘူး.. ဆိုတဲ့ ခံယူချက်မျိုး ရှိခဲ့ပါတယ်..။” ဆိုပြီး ဘာနာတိုဝစ်ဇ် က ပြန်ပြောပြခဲ့ပါတယ်..။
သူဟာအဲဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ဘဝကို သုညကနေ ပြန်လည်စတင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာ သူ့ရဲ့အမျိုးသမီးကလည်း ကိုယ်ဝန်ရှိနေတာဆိုတော့ Le Harve ကို ပြန်ခေါ်နိုင်ဖို့ အလုပ်လိုတယ်..၊ ငွေလိုပါတယ်..။ အဲဒီဘောလုံးရာသီမှာ မန်ဒီ ဟာ မာဆေးလ် အရန်အသင်းနဲ့ နည်းနည်းပါးပါး ကစားခွင့်ရခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲတွေမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် မာဆေးလ် အသင်းက နောက်ထပ်နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်..။
မန်ဒီ ဟာ မာဆေးလ် အရန်အသင်း ကစားသမားဘဝနဲ့ ကျေနပ်နေမယ့်သူလား..? အဲဒီအချိန်မှာ တခြားအသင်းတွေကလည်း သူ့ကိုကမ်းလှမ်းလာမှုတွေ ရှိနေပါပြီ..။ အဲဒီလိုအခွင့်အရေးတွေကလည်း မာဆေးလ် ဂိုးနည်းပြ ဘာနာတိုဝစ်ဇ် နဲ့ ရင်းနှီးတဲ့အေးဂျင့်တစ်ယောက်ရဲ့ ကူညီပေးခဲ့မှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်..။ အဲဒါကလည်း ဘာနာတိုဝစ်ဇ် ရဲ့ တိုက်တွန်းမှုတွေကြောင့် ဖြစ်ပါတယ်..။
“အက်ဒွပ်ဒ် အတွက် ကျွန်တော်မဆုံးဖြတ်ပေးခဲ့ပါဘူး…။ ဒါပေမယ့် သူဟာမာဆေးလ်အသင်းမှာ ဒုတိယ၊ တတိယ ဦးစားပေး ဂိုးသမားအဖြစ်ပဲ ဆက်ပြီးရှိနေမယ်ဆိုရင် အကျိုးမရှိဘူးလို့ ခံစားမိခဲ့ပါတယ်..။”
သူ့ကိုကမ်းလှမ်းလာတဲ့အထဲမှာ အများစုက အောက်တန်းအသင်းတွေဆီက ပွဲထွက်ဂိုးသမား နေရာအတွက် ကမ်းလှမ်းမှုတွေဖြစ်ပါတယ်..။ ဒါပေမယ့် မန်ဒီ ကတော့ ဒုတိယတန်း Reims အသင်းက ဒုတိယ ဦးစားပေး နေရာအတွက် ကမ်းလှမ်းမှုကို ရွေးချယ်ခဲ့ပါတယ်.။ ကံကောင်းချင်တော့ မကြာခင်မှာပဲ သူလိုချင်နေတဲ့ အခွင့်အရေးကို Reims အသင်းမှာ ရရှိလာခဲ့ပါတယ်..။
“ရာသီအစ ပထမဆုံး ပွဲစဉ်မှာပဲ အသင်းက နံပါတ်တစ်ဂိုးသမား အနီကတ်ဒ် အပြခံခဲ့ရတာကြောင့် နည်းပြက သူ့ကိုထည့်သွင်းခဲ့ရပါတယ်..။ အဲဒီပွဲမှာ သူကစားခဲ့တာ အရမ်းကိုကောင်းမွန်ခဲ့တယ်ဗျ..။ သူဟာအသင်းရဲ့ ဒုတိယဂိုးသမား ဆိုပေမယ့် သူ့ဆီမှာ ခေါင်းဆောင်စိတ်ဓါတ်ရှိတယ်..၊ တာဝန်ယူချင်စိတ် ရှိသလို အဝတ်လဲခန်းထဲမှာလည်း ပြောရဲဆိုရဲတဲ့သူ တစ်ယောက်ပါ..။ သူဟာအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်သလို ဘယ်လိုအချိန်မှာ ဘယ်လိုစကား ပြောရမယ်ဆိုတာကိုလည်း နားလည်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်..။
သူဟာအသင်းရဲ့နံပါတ်တစ် ကစားသမားဖြစ်လာအောင် အကောင်းဆုံးကြိုးစားခဲ့သလို ကစားခွင့်ရတဲ့ အချိန်တိုင်းမှာလည်း အသင်းရဲ့အကောင်းဆုံးက စားသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့ပါတယ်..။”
သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ Reims အသင်းကွင်းလယ် ကစားသမား ဒယ်နီလ်ဆင် ဒီ ခရုဇ် က BBC Sports သတင်းဌာနကို မန်ဒီ ရဲ့ Reims အသင်းမှာ လက်စွမ်းပြခဲ့ပုံကို ပြောပြခဲ့ပါတယ်..။
၂၀၁၇/ ၁၈ ဘောလုံးရာသီ၊ မန်နေဂျာသစ် မီချယ်လ် ဒီ ဇာကာရီယန် လက်ထက်မှာ မန်ဒီ ဟာ Reims အသင်းရဲ့ ပထမဦးစားပေး ကစားသမား ဖြစ်လာခဲ့ပါတယ်..။ ဒါပေမယ့် သူတို့အသင်းဟာ လီဂူး (၂) ပြိုင်ပွဲမှာပဲ ရှိပါသေးတယ်..။ ဒါဟာမန်ဒီ အတွက် အခွင့်အရေးကောင်းပါပဲ..။ အဲဒီဘောလုံးရာသီမှာ သူဟာ ပွဲစဉ် (၃၈) ပွဲမှာ clean sheet (၁၉) ကြိမ် ရရှိခဲ့သလို Reims အသင်းကလည်း လီဂူး (၁) ပြိုင်ပွဲအဆင့်ကို တန်းတက်ခွင့်ရခဲ့ပါတယ်..။
လီဂူး (၁) ပြိုင်ပွဲမှာလည်း ဆက်လက်လက်စွမ်းပြနိုင်ခဲ့ပြီး ၂၀၁၈/ ၁၉ ဘောလုံးရာသီမှာ clean sheet (၁၄) ကြိမ် ရရှိခဲ့ပါတယ်..။ အဲဒီလက်စွမ်းကြောင့် ရန်းန်အသင်းက သူ့ကိုခေါ်ယူခဲ့ပါတယ်..။ ဒါ့အပြင် ပြင်သစ်ပြိုင်ပွဲတွေမှာ ပြသနေခဲ့တဲ့ သူ့ရဲ့လက်စွမ်းကြောင့် မိဘတွေရဲ့ ဇာတိမြေဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင် အတွက်ပါ ခေါ်ယူခြင်းခံခဲ့ရပါတယ်..။ အဲဒီအချိန်မှာ အောင်မြင်မှုလမ်းကြောင်းမှန်ကို မြင်နေပြီဖြစ်တဲ့ မန်ဒီ ဟာ ၂၀၁၉/ ၂၀ ဘောလုံးရာသီမှာ ဆက်လက်လက်စွမ်း ပြနိုင်ခဲ့ပြီး ရန်းန်အသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်…။ ဒါ့အပြင်ဥရောပပြိုင်ပွဲ အတွေ့အကြုံကို ယူရိုပါ လိဂ်ပြိုင်ပွဲနဲ့ ရယူနိုင်ခဲ့ပါတယ်..။
အဲဒီလို ရန်းန်အသင်းနဲ့ အချိန်တိုအတွင်းမှာ ပြသခဲ့တဲ့လက်စွမ်းကြောင့် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ကို ဖိအားပေးနိုင်မယ့် ဂိုးသမားတစ်ဦး ရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်း ဂန္တဝင်ဂိုးသမားဟောင်း ပီတာ ချက် ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်..။ ပီတာ ချက် ဟာ သူ့ရဲ့လက်စွဲတော်၊ သက်တော်ရှည် ဂိုးနည်းပြဟောင်း ခရစ်စ်တော့ပ် လိုလီချွန် ရဲ့ မှတ်ချက်ကြောင့် ဆီနီဂေါ ဂိုးသမားလေးကို သုံးနှစ်တိုင်တိုင် စောင့်ကြည့်ခဲ့ကြောင်း အခုလို ပြောပြခဲ့ပါတယ်..။
“ကျွန်တော်ဟာ အက်ဒွပ်ဒ် ကို Reims အသင်း လီဂူး (၂) ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဘောလုံးရာသီကတည်းက စောင့်ကြည့်ခဲ့တာပါ..။ အဲဒီနှစ်မှာ သူတို့ဟာ တန်းတက်ခွင့်ရရှိခဲ့ပါတယ်..။ အဲဒီကနေစပြီး Reims အသင်းနဲ့အတူ လီဂူး (၁) ပြိုင်ပွဲမှာ ဆက်လက်တိုးတက်လာခဲ့သလို မနှစ်ကဘောလုံးရာသီမှာ ရန်းန်အသင်းနဲ့အတူ တိုးတက်လာခဲ့တဲ့ သူ့ရဲ့လက်စွမ်းကတော့ တကယ့်အံ့အားသင့်စရာပါပဲ..။
တခြားသူတွေနဲ့ခြားနားတာက သူ့ရဲ့တိုးတက်မှုဟာ အခြားသူတွေထက် နောက်ကျတာပါပဲ..။ အခုမှ professional ကစားသမားအဆင့်မှာ လေးနှစ်ပဲ ရှိသေးတယ်ဆိုတော့ လူသစ်လို့ ပြောရမှာပါ..။ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီးရှိခဲ့ပြီးပါပြီ..။
ဒါ့အပြင် သူဟာအခက်အခဲတွေကို မတုန်မလှုပ်၊ ရဲရဲရင့်ရင့် ရင်ဆိုင်ရဲတဲ့ သတ္တိလည်း ပြည့်စုံပါတယ်..။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာတာဟာ သူ့အတွက် ဖိအားကြီးမားပါတယ်..။ ဒါပေမယ့်လူတိုင်းရဲ့ ဘဝမှာ ကြီးမားတဲ့ ဖိအားတွေကို နည်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရမှပါ..။ မန်ဒီ ဆိုရင် အလုပ်လက်မဲ့..၊ အသင်းလက်မဲ့ဘဝနဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ဖူးတဲ့သူ ဖြစ်တာကြောင့် ဘောလုံးကစားရင်း ကြုံတွေ့လာမယ့် ဖိအားတွေကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”
ချယ်လ်ဆီးအသင်းမှာ နည်းစနစ်နဲ့ စွမ်းဆောင်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူနေတဲ့ ပီတာ ချက် ဟာ အက်ဒွပ်ဒ် ရဲ့ လက်စွမ်းအပေါ် အခုလို ဆက်လက် သုံးသပ်ခဲ့ပါတယ်..။
“သူဟာစွယ်စုံရတဲ့ ဂိုးသမားတစ်ယောက် ဖြစ်ပါတယ်..။ ခြေသိမ်းခြေနှုပ် အရမ်းကိုလျှင်မြန်သလို အနီးအဝေး ဘောလုံးဖြန့်ဝေ၊ ပေးပို့မှုတွေ ကောင်းမွန်ပါတယ်..။ ဒါ့အပြင်ပြီးခဲ့တဲ့နှစ်နှစ်မှာ ပြသခဲ့တဲ့ လက်စွမ်းအရ အမြင့်ဘောတွေနဲ့ ဖြတ်တင်ဘောတွေကို ထွက်ဆွဲတဲ့နေရာမှာလည်း သိပ်ကိုကောင်းမွန်တာ တွေ့ခဲ့ရပါတယ်..။ သူဟာအရပ်အမောင်း မြင့်မားသလို ဘောလုံးလမ်းကြောင်း မှန်းဆတဲ့နေရာမှာလည်း ထူးချွန်ပါတယ်..။ ချိန်သားကိုက် ထွက်ဆွဲတဲ့နေရာမှာလည်း ထူးချွန်တာကြောင့် ဂိုးဧရိယာကို လွှမ်းမိုးနိုင်ပါတယ်..။ ဒါ့အပြင် အနီးကပ်ကန်ချက်တွေကို ကာကွယ်တဲ့နေရာမှာ သူ့ရဲ့ခန္ခာကိုယ်ကို ကောင်းကောင်းအသုံးချတတ်သူ ဖြစ်ပါတယ်..။
မန်ဒီ ဟာ ကျွန်တော်တို့အသင်းအတွက် လိုအပ်နေတဲ့ နေရာအတွက် ဖြည့်ဆည်းမှုတစ်ခု ဖြစ်ပါတယ်..။ ကျွန်တော်တို့အသင်းဟာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်တာကြောင့် အသင်းရဲ့နေရာတိုင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေရမှာပါ..။ ဒါ့ကြောင့်သူဟာကျွန်တော်တို့ရဲ့ ဂိုးသမားတွေ ပြိုင်ဆိုင်မှု ပြင်းထန်လာအောင် ဖြည့်ဆည်းပေးဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်..။ ဒ့ါအပြင်သူဟာ မန်နေဂျာအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်..။”
ချယ်လ်ဆီးအသင်းကို ရောက်လာကတည်းက ပြသနေတဲ့ သူ့ရဲ့လက်စွမ်းကြောင့် အက်ဒွပ်ဒ် မန်ဒီ ဟာ ပထမအဆင့်အနေနဲ့ အပြာရောင်တို့ရဲ့ ဂိုးပေါက်ကို ကာကွယ်ပေးနိုင်မယ့် လက်စွမ်းနဲ့ ပြည့်စုံတယ်ဆိုတာ သက်သေထူခဲ့ပါပြီ..။ သူဟာဂန္တဝင်ဂိုးသမားကြီး ပီတာ ချက် ရဲ့ ရွေးချယ်မှုနဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတာ ဖြစ်သလို ပီတာ ချက် စတင်အောင်မြင်လာခဲ့တဲ့ ရန်းန် အသင်းကပဲ ထွန်းတောက်လာခဲ့သူ ဖြစ်ပါတယ်.။ ဒါ့ကြောင့် ‘အာဖရိက ကျားသစ်နက်’ အက်ဒွပ်ဒ် မန်ဒီ အနေနဲ့ အသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ဂိုးသမားကြီး ပီတာ ချက် ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်ဆိုတာ ဆက်လက်သက်သေ ပြရတော့မှာပါ..။ ဒါ့အပြင် သူဟာ Pete ကြီးဆီက ရရှိမယ့် သင်ယူမှုတွေ၊ လက်ဆင့်ကမ်းမှုတွေနဲ့အတူ ပြင်သစ်မြေကနေ စတင်ပေါက်ဖွားလာတဲ့ ရေခံ၊ မြေခံကောင်း၊ အစဉ်အလာကောင်းတွေကို ဆက်လက် သယ်ဆောင်မယ့်သူ ဖြစ်လာမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါကြောင်း…
Reference
======
- ‘Edouard Mendy: How Chelsea's new goalkeeper beat setbacks to succeed’, BBC Sports Africa, by Babacar Diarra
- Cech on Mendy: ‘An all-round goalkeeper who has overcome difficult moments and is a great addition to our keeping unit’, Chelsea Official Website
- ‘Ziyech and James praise Edouard Mendy for performance in Man United draw’, The Chelsea Chronicle, by Gerry Crisandy