feature-image

ပရိသတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲက ကွင်းလယ်အခင်းအကျင်း…

ချယ်လ်ဆီးအသင်းမှာ ဘန်လေအသင်း၏ Turf Moor ကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဟာကင် ဇိုင်းယက်ချ် ၏ ဂိုးဧရိယာအပြင်မှ အနိမ့်ကန်သွင်းချက်၊ ကတ် ဇူးမား နှင့် တီမို ဗာနာ တို့၏ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်..။ ထို့အပြင် လွန်ခဲ့သည့် ရက်သတ္တပါတ်များက ပေးဂိုးများ အလွယ်တကူ ခွင့်ပြုနေရခြင်းကြောင့် ဝေဖန်ခံခဲ့နေရသည့် ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းမှာ လေးပွဲဆက် clean sheet ရယူနိုင်ခဲ့ပြန်သည်..။ သို့သော်ဘန်လေအသင်းနဲ့ အနိုင်ပွဲတွင် အားလုံး၏အာရုံစိုက်မှုက အသင်း၏ ကွင်းလယ်ကစားကွက် အခင်းအကျင်းသစ် အပေါ်ကိုပဲ ဖြစ်ခဲ့သည်..။

ပွဲမစမီ တစ်နာရီခန့်အကြို ပွဲထွက်လူစာရင်း ထုတ်ပြန်ချိန်ကစပြီး ချယ်လ်ဆီးအသင်း၏ ကွင်းလယ်အခင်းအကျင်းသစ်အပေါ် စိတ်ဝင်စားမှုများပြားခဲ့သည်..။ ဖရန့် လမ်းပတ် မှာ ၄- ၃- ၃ ကစားကွက်ကို ယခုနှစ်ဘောလုံးရာသီတွင် ဒုတိယအကြိမ်မြောက် ခင်းကျင်းခဲ့သည်..။ ဖရန့် လမ်းပတ် မှာ လီဗာပူးလ်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် မော်ရစ်စ်စီယို ဆာရီ လက်ထက်က အခင်းအကျင်းဖြစ်သည့် ဂျော်ဂင်ဟို- အန်ဂိုလို ကန်တေး နှင့် မတ်တီယို ကိုဗားဆစ် တို့ဖြင့် ကွင်းလယ်ကို ထိန်းကျောင်းရန် စီစဉ်ခဲ့သည်..။



သို့သော်ဘန်လေအသင်းနှင့်ပွဲစဉ်တွင်မူ ကိုင် ဟာဗာ့ဇ်၊ မေဆန် မောင့် တို့ကို အန်ဂိုလို ကန်တေးနှင့်အတူ တွဲဖက်ပြီး ချယ်လ်ဆီးပရိသတ်များ မျှော်လင့်နေသည့် အခင်းအကျင်းကို ပွဲထုတ်ခဲ့သည်..။ တကယ်တော့ ကိုင် ဟာဗ့ာဇ် ကို ချယ်လ်ဆီးအသင်း ခေါ်ယူစဉ်ကတည်းက ပရိသတ်အများစုမှာ ဂျာမန်လူငယ် ကစားသမားလေးအား ကွင်းလယ်တွင် မေဆန် မောင့်၊ အန်ဂိုလို ကန်တေး တို့နှင့်အတူ တွဲဖက်ကစားစေရန် ဆန္ဒရှိခဲ့ကြသည်..။ ခရက်စ်နိုးဒါးအသင်းနှင့် ပွဲစဉ်တွင် မိနစ် (၂၀) ခန့် စတင်မြင်တွေ့ခဲ့ရသည့် အဆိုပါအခင်းအကျင်းကို ဘန်လေအသင်းနှင့် Turf Moor ကွင်းတွင် ပရိသတ်များ၏ မျှော်လင့်ချက်အတိုင်း မြင်တွေ့၊ ကျေနပ်ခွင့်ရခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ဘန်လေအသင်းနှင့်ပွဲတွင် ပွဲချိန်အတော်များများ ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့သည်..။ ဘောလုံးရရှိနေချိန်တွင် ၄- ၁- ၄- ၁ ပုံစံဖြင့် ‘No. 8’ နှစ်ဦးဖြစ်သည့် မောင့် နှင့် ဟာဗာ့ဇ် တို့မှာ တိုက်စစ်ကို လိုက်ပါသွားခဲ့ပြီး အန်ဂိုလို ကန်တေး က ခံစစ်ကြောင်းရှေ့တွင် နေရာယူ ကျန်ရစ်ခဲ့သည်..။ ကန်တေး မှာ ရံဖန်ရံခါတွင် ဗဟိုခံစစ်မှူး နှစ်ယောက်ကြားထိဆင်းပြီး နေရာယူခဲ့သည့်အပြင် ဂျော်ဂင်ဟို ကဲ့သို့ ဘောလုံးဖြန့်ေ၀ ကစားကွက်ကို ထိန်းကျောင်းနိုင်ခဲ့သည်..။ ပြင်သစ်ကွင်းလယ် ကစားသမားမှာ ထောင့်ဖြတ်အဝေး ပေးပို့မှုများအပြင် အခြားကစားသမားများနှင့်ပါ တွဲလုံးများဖြင့် ဘောလုံးနှင့်အတူ ဆွဲထွက်မှုများပါ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်..။ ကွင်းလယ်အဖျက် ကစားသမား (defensive midfielder) နေရာတွင် အန်ဂိုလို ကန်တေး နှင့် ဂျော်ဂင်ဟို တို့၏ ခြားနားချက်မှာ အန်ဂိုလို ကန်တေး က ခံစစ်ပိုင်းတာဝန်ယူမှု ပိုမိုကောင်းမွန်ခြင်းဖြစ်ပြီး ထို့ကြောင့်လည်း မေဆန် မောင့် နှင့် ကိုင် ဟာဗာ့ဇ် တို့မှာ တိုက်စစ်ပိုင်းတွင် ပိုမိုလိုက်ပါ ပံ့ပိုးနိုင်ခဲ့သည်..။

ကိုင် ဟာဗာ့ဇ် မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲများနှင့် အသားကျရန် ရုန်းကန်နေရဆဲဖြစ်သလို နေရာစုံပြောင်းလဲ ကစားခဲ့ရသောကြောင့် သူ၏ပုံမှန်ခြေစွမ်းကို မြင်တွေ့ခွင့်မရပဲ ဖြစ်နေခဲ့သည်..။ သို့သော်ဂျာမန်လူငယ် ကစားသမားလေးမှာ ယခုနောက်ပိုင်း ပွဲစဉ်များတွင် ကစားပုံပိုမို ကောင်းမွန်လာခဲ့ပြီး ဘန်လေအသင်းနှင့် ပွဲစဉ်မှာတော့ ယခုအချိန်ထိ သူ၏အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့သည်..။ အဆိုပါပွဲတွင် ဟာဗာ့ဇ် မှာ ဘန်လေအသင်း၏ ကွင်းဘက်အခြမ်းတွင် ပေးပို့မှုအောင်မြင်မှုန်း (pass completion rate) (၉၄.၃% ရာခိုင်နှုန်း) ရှိခဲ့ပြီး ထိချက် (touches) (၈၂) ကြိမ်၊ ပြိုင်ဘက်ကစားသမားကို ဖြတ်ကျော်နိုင်မှု (take on) (၃) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။



ထို့အပြင် ခံစစ်ပိုင်းကူညီမှုလည်း ကောင်းမွန်ခဲ့သောကြောင့် ကွင်းလယ်ကစားသမား နေရာတွင်ပါ ကစားနိုင်သူဖြစ်ကြောင့် သက်သေပြနိုင်ခဲ့သည်..။ သို့သော်ကိုင် ဟာဗာ့ဇ် မှာ ဆောက်ပ်သမ်တန်အသင်းနှင့် ပွဲစဉ်မှာကဲ့သို့ ပေးပို့မှုအမှားအယွင်းများကို မကြာခဏ ကျူးလွန်တတ်ပြီး အဆိုပါမှားယွင်းမှုမျိုးကို ဂရုစိုက်၊ ပြင်ဆင်သွားရန် လိုအပ်နေပေသည်..။ သို့သော်ဘန်လေအသင်းနှင့်ပွဲတွင် ဟာဗာ့ဇ် ၏ ကောင်းမွန်သည့် ခြေစွမ်းမှာ သူနှင့်တွဲဖက် ကွင်းလယ်ကစားသမား မေဆန် မောင့် ၏ အကောင်းဆုံးခြေစွမ်းကြောင့် မှေးမှိန်ခဲ့သလို ဖြစ်ခဲ့ရသည်.။

မေဆန် မောင့် မှာ အင်္ဂလိပ်ကစားသမားများကို ဦးစားပေးတတ်သည့် ဖရန့် လမ်းပတ် ကြောင့်သာ မထိုက်မတန် နေရာရနေခြင်းဖြစ်ကြောင်း ချယ်လ်ဆီးအသင်း ပရိသတ်များအပြင် ပြိုင်ဘက်ပရိသတ်များကပါ ပြောဆိုလေ့ရှိသည်..။ သို့သော်စနေနေ့ကပွဲတွင် မေဆန် မှာ တိုက်စစ်ရော၊ ခံစစ်ပိုင်းတွင်ပါ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အသင်း၏ကွင်းလယ်တွင်ပါ အံဝင်ဂွင်ကျ ကစားနိုင်သူဖြစ်ကြောင်း ပြသနိုင်ခဲ့သည်..။

ထို့အပြင် ကိုင် ဟာဗာ့ဇ် ကဲ့သို့ တိုက်စစ်ပိုင်း လိုက်ပါမှုတွင်လည်း ကောင်းမွန်ခဲ့ပြီး ခံစစ်ပိုင်းတွင်လည်း အကောင်းဆုံး ပံ့ပိုးနိုင်ခဲ့သည်..။ အထူးသဖြင့် ဘယ်အခြမ်းကွင်းလယ်မှာ ရိစ် ဂျိမ်းစ် ဆီသို့ တိတိကျကျ တိုက်ရိုက်ပေးပို့ခဲ့သည့် အဝေးဘောများမှာ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သည်..။ အချက်အလက်များအရ အဆိုပါပွဲတွင် မေဆန် မောင့် မှာ ပေးပို့များ၊ ဖျက်ထုတ်မှုများ၊ ဖန်တီးပေးနိုင်မှုများနှင့် ဂိုးကန်သွင်းနိုင်မှု စွမ်းဆောင်ရည်များတွင ချယ်လ်ဆီးကစားသမားများအနက် အကောင်းဆုံး ဖြစ်ခဲ့သည်..။ မေဆန် မောင့် မှာ ဒုတိယပိုင်းတွင် ရရှိခဲ့သော ကတ် ဇူးမား ၏ ခေါင်းတိုက်သွင်းဂိုးအတွက် ထောင့်ကန်ဘောကို ကန်တင်ပေးပို့ခဲ့ပြီး ဂိုးဖန်တီးပေးနိုင်မှု (assist) တစ်ကြိမ် ရရှိခဲ့သည်..။



မေဆန် မောင့် ၏ နောက်ထပ်အဓိက အားသာချက်မှာ သူ၏ခံစစ်ပိုင်း ကူညီနိုင်မှုနှင့် လုပ်အားနှုန်း (work rate) ကောင်းမွန်မှုတို့ပဲဖြစ်သည်..။ သို့သော်အဆိုပါပွဲမှ ကွင်းလယ်သုံးယောက်အတွဲမှာ စင်းလုံးချော ပြီးပြည့်စုံခဲ့သည်တော့ မဟုတ်ခဲ့ပေ..။ အထူးသဖြင့် ကန်တေး မှာ အစွန်ဘက်သို့ ရောက်ရှိနေချိန်တွင် တိုက်စစ်ကို ပြိုင်တူလိုက်ပါလေ့ရှိသည့် ကိုင် နှင့် မေဆန် တို့ကြောင့် ကွင်းလယ်မှာ ပွင့်ထွက်နေတတ်သည်ကို သတိပြုရပါမည်..။

ဘန်လေအသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်အထိုင်တွင်မကပဲ တိုက်စစ်ကစားသမားများ၏ စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်ခဲ့သည်..။ ဖရန့် လမ်းပတ် မှာ ဇီးယက်ချ်၊ တန်မီ အေဘရာဟမ် နှင့် ခရစ်စ်တီယန် ပူလီဆစ် တို့ သုံးယောက်ဖြင့် တိုက်စစ်ကို ခင်းကျင်းရန် ပြင်ဆင်ခဲ့သော်လည်း ခရစ်စ်တီယန် ပူလီဆစ် မှာ ပွဲမစမီ သွေးပူလေ့ကျင့်ခန်းတွင် ဒဏ်ရာရရှိခဲ့သောကြောင့် တီမို ဗာနာ နှင့် အစားထိုးခဲ့ရသည်..။

ဟာကင် ဇီးယက်ချ် မှာ သူ၏ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပွဲစမကြာခင်မှာပဲ သူ၏အစွမ်းအစကို ပြသနိုင်ခဲ့သည်..။ မော်ရိုကို ကွင်းလယ်ဖန်တီးရှင်မှာ ဂိုးဧရိယာအတွင်းသို့ တိကျသော ဖြတ်တင်ဘောများဖြင့် ခြိမ်းခြောက်နိုင်ခဲ့ပြီး ရိစ် ဂျိမ်းစ် နဲ့အတူ အသင်း၏ညာတောင်ပံ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးနိုင်ခဲ့သည်..။ ဇီးယက်ချ် မှာ ဘယ်တောင်ပံသို့လည်း လိုက်ပါရွှေ့လျား ကစားလေ့ရှိသည့်အပြင် ခရက်စ်နိုးဒါး အသင်းနှင့်ပွဲစဉ်၊ ဘန်လေအသင်းနှင့် ပွဲစဉ်များတွင် သွင်းဂိုးများ ရရှိခဲ့သည်..။

ချယ်လ်ဆီးအသင်း ရရှိခဲ့သော တတိယဂိုးမှာ ဇီးယက်ချ် ၏ ညာတောင်ပံမှ ကွင်းလယ်သို့ဖြတ်ဆွဲပြီး ဖန်တီးပေးမှုမှတဆင့် တီမို ဗာနာ က သွင်းယူပေးခဲ့ခြင်းဖြစ်သည်..။ ထို့အပြင် တန်မီ အေဘရာဟမ် နှင့် တီမို ဗာနာ တို့မှာ အထောင်တိုက်စစ်အပြင် ဘယ်၊ ညာတောင်ပံများသို့ပါ နေရာစုံ ရွှေ့လျားကစားပြီး ဘန်လေအသင်း ခံစစ်ကြောင်းကို အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့သည်..။



အထက်ပါပုံတွင် ပြသထားသည့် အဆိုပါပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်း ကစားသမားများ၏ ပျမ်းမျှနေရာယူပုံအရ တီမို ဗာနာ မှာ တိုက်စစ်ကို လိုက်ပါမှုအများဆုံး ဖြစ်ခဲ့ပြီး တန်မီ အေဘရာဟမ် မှာ အန်ဂိုလို ကန်တေး အနီး ကွင်းလယ်ခံစစ်ဇုန်အထိဆင်းပြီး နေရာယူ ကစားခဲ့သည်ကို တွေ့နိုင်ပါသည်..။ ထို့အပြင် ဟာကင် ဇီးယက်ချ် သွင်းယူခဲ့သော အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်..။

ဘန်လေအသင်းနှင့်ပွဲတွင် တောင်ပံကစားသမားများကဲ့သို့ တိုက်စစ်ကို မနားတမ်းလိုက်ပါ ပံ့ပိုးနိုင်ခဲ့သော ဘင် ချီးဝဲလ် နှင့် ရိစ် ဂျိမ်းစ် တို့၏ ကစားအားနှင့် လုပ်အားနှုန်းမှာလည်း ချီးကျူးဖို့ကောင်းလှသည်..။ သူတို့နှစ်ဦးစလုံးမှာ ဘယ်၊ ညာတောင်ပံများမှ ဖြတ်တင်ဘောများ ပေးပို့နိုင်ခဲ့သလို ဘင် ချီးဝဲလ် မှာ ညာတောင်ပံမှ ဖြတ်တင်ဘောများကိုပါ အဆုံးသတ်ဂိုးသွင်းပေးမည့် တာဝန်ကိုပါ ယူနိုင်ခဲ့သည်..။

ထို့ကြောင့်ဘန်လေအသင်းနှင့်ပွဲစဉ်တွင် မြင်တွေ့ခဲ့ရသော ချယ်လ်ဆီးအသင်း၏ ကွင်းလယ်နှင့် ကစားကွက်အခင်းအကျင်းမှာ သက်တောင့်သက်သာနှင့် ညက်ညောမှုရှိခဲ့ပြီး မှန်ကန်သည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေနိုင်ပြီဖြစ်ကြောင်း ပြသနိုင်ခဲ့သည်..။ ထိုမှတဆင့် အောင်မြင်မှုများကို ရယူနိုင်ဖို့ မျှော်လင့်ချက်များ ကြီးမားနေသည့် ပရိသတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့်အဆင့်အထိ တက်လှမ်းနိုင်မလား.. ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါသည်..။

(Squawka မှ ဆောင်းပါးရှင် Harry Edwards ၏ ‘Frank Lampard’s exciting new midfield set-up shines in Burnley 0-3 Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)