ချယ်လ်ဆီးအသင်းမှ ဂျာမနီတိုက်စစ်မှူး တီမို ဗာနာ မှာ မနက်ဖြန်တွင် ယှဉ်ပြိုင်မည့် ဆောက်ပ်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် RB လိုက်ပ်ဇစ်အသင်းတုန်းက ဆရာဟောင်းဖြစ်ခဲ့သည့် ရာ့ဖ် ဟာဆန်ဟတ်တယ်လ် နှင့် ပြန်လည်ဆုံတွေ့မည့်အပေါ် သူ၏ခံစားချက်များကို ယခုလိုပြောပြခဲ့သည်..။ နည်းပြ ရာ့ဖ် ဟာဆန်ဟတ်တယ်လ် နှင့် တီမို ဗာနာ တို့နှစ်ယောက်စလုံးမှာ ၂၀၁၆ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ ကာလတွင် ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့်ရခဲ့သည့် လိုက်ပ်ဇစ်အသင်းသို့ ရောက်ရှိလာခဲ့သည်..။ သြစကြီးယားလူမျိုး နည်းပြဖြစ်သည့် ဟာဆန်ဟတ်တယ်လ် မှာ Ingolstadt 04 အသင်းအား တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့ပြီး လိုက်ပ်ဇစ်အသင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သလို ဗာနာ မှာ တန်းဆင်းသွားခဲ့သည့် စတူးဂတ်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည်..။
“လိုက်ပ်ဇစ်အသင်းကို မပြောင်းလာခင် ကျွန်တော်ဟာ ဟာဆန်ဟတ်တယ်လ် နဲ့ အများကြီး ဆွေးနွေးခဲ့ပါတယ်..။ သူဟာဟာသဉာဏ်ရွှင်ပြီး ခင်မင်ဖို့ကောင်းတဲ့သူ ဖြစ်တာကြောင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာပဲ ကျွန်တော်တို့နှစ်ယောက်ဟာ အင်မတန်မှ ရင်းနှီးတဲ့သူတွေ ဖြစ်သွားခဲ့ပါတယ်..။ တကယ်တော့ အဲဒီအချိန် ၂၀၁၆ ခုနှစ်က လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့လာတာဟာ ကျွန်တော့်အတွက် အသင်းသစ်တစ်သင်းနဲ့ စိန်ခေါ်မှုအသစ်ကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဇာတိမြေကို ခွဲခွာခဲ့ပြီး စိန်ခေါ်မှုအသစ်၊ လမ်းကြောင်းသစ်ကို လျှောက်လှမ်းမယ့်အချိန်မှာ မန်နေဂျာကောင်းတစ်ယောက်နဲ့ ဆုံစည်းရဖို့ အင်မတန်မှ အရေးကြီးခဲ့ပါတယ်..။
သူကကျွန်တော့်ကို ဘယ်လိုဖိအားပေး ကစားရတယ်.. (pressing)..၊ ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံးဘယ်လို ကူးပြောင်းရတယ်ဆိုတာ သင်ကြားပေးခဲ့ပါတယ်..။ သူ့ရဲ့သွန်သင် ပေးခဲ့မှုတွေကြောင့် ကျွန်တော့်ရဲ့ ကစားပုံ၊ အမြန်နှုန်း၊ ခွန်အားသုံး ကစားနိုင်မှုနဲ့ နေရာလွတ် ရှာဖွေနိုင်စွမ်းတွေမှာ အများကြီးတိုးတက် လာခဲ့ပါတယ်..။
ကျွန်တော်တို့ဟာ ရာသီစကတည်းက နိုင်ရမယ့်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိခဲ့ပြီး ကွင်းထဲကိုရောက်တဲ့အချိန်မှာလည်း ၂- ၀ နဲ့ ရှုံးနိမ့်နေခဲ့ချိန်တွေမှာတောင် နောက်ဆုံးပွဲပြီးရင် နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ လျော့ကျမသွားခဲ့ကြပါဘူး..။ အဲဒီအချိန်က ကျွန်တော်တို့မှာရှိခဲ့တဲ့ စိတ်ဓါတ်နဲ့ ယုံကြည်မှုအင်အားတွေဟာ တကယ့်ကို မယုံနိုင်စရာပါပဲ..။”
လိုက်ပ်ဇစ်အသင်းမှာ အဆိုပါဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ဘေယန် မြူးနစ်အသင်း၏နောက် ဒုတိယနေရာ ရရှိခဲ့ပြီး တီမို ဗာနာ မှာလည်း တစ်ရာသီအတွင်းသွင်းဂိုး (၂၁) ဂိုး ရရှိခဲ့သည်..။
တကယ်တော့ လူငယ်ခြေတက်တစ်ဦးသာ ဖြစ်ခဲ့သည့် တီမို ဗာနာ အနေဖြင့် အဆိုပါဘောလုံးရာသီတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ရာသီအစပိုင်းကာလများတွင် လိုက်ပ်ဇစ်အသင်းနှင့် ထိုက်တန်သည့်ခြေစွမ်း ရှိပါ့မလား..? ဆိုသည့် သံသယစိတ်များပင် ပရိသတ်များအကြား ရှိနေခဲ့သည်..။ ထို့အပြင် ရှာကယ်လ်အသင်းနှင့် ပွဲစဉ်တွင် ပင်နယ်တီရအောင် ဖန်တီးခဲ့သည့် သူ၏အပြုအမူကြောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ပရိသတ်များ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်..။
“ဟာဆန်ဟတ်တယ်လ် ဟာ ကစားသမားတွေဘက်ကနေ အမြဲတမ်းရပ်တည်ပေးတဲ့ မန်နေဂျာတစ်ယောက် ဖြစ်ပါတယ်..။ သူဟာကျွန်တော်တို့ အခက်အခဲတွေကြုံတိုင်း၊ အကူအညီတွေလိုတိုင်း အမြဲတမ်းအသင့် ရှိနေပြီး ကျွန်တော်နဲ့ပတ်သက်တဲ့ မီဒီယာတွေရဲ့ မေးမြန်းမှုတွေမှာလည်း ကျွန်တော့်ရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ခဲ့သလို ကျွန်တော့်ကိုအများကြီး အထောက်အကူ ပေးခဲ့ပါတယ်..။
ဒါ့ကြောင့်သူ့လိုမန်နေဂျာအပြင် အသင်းရဲ့အားကစား ဒါရိုက်တာ ရပ်ဖ် ရန်ဂ်နစ်ခ် တို့နဲ့ ဆုံတွေ့ခွင့်ရခဲ့တာ အရမ်းကိုကံကောင်းခဲ့ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ ဝေဖန်မှုတွေကြုံတွေ့ခဲ့ရတဲ့ ကျွန်တော့်အတွက် တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားမှုကို ရရှိစေခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ကစားပွဲအပေါ်မှာပဲ အပြည့်အ၀ အာရုံစိုက်နိုင်ခဲ့ပါတယ်..။”
ဟာဆန်ဟတ်တယ်လ် မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ဆောက်ပ်သမ်တန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး သူ၏နေရာတွင် ဂျူလီယန် နဂယ်လ်မန်း ရောက်ရှိလာခဲ့သည်..။
“နဂယ်လ်မန်း ရဲ့လက်ထက်မှာ ဘောလုံးပိုင်ဆိုင်မှု (possession) အသာပေးပြီး ကစားတဲ့ပုံစံကို သင်ယူခဲ့ရပါတယ်..။ ခံစစ်ပိုင်းမှာ ဘယ်လိုကူညီရမယ်..၊ ဂိုးရနိုင်မယ့်နေရာလွတ်ကို ဘယ်လိုရှာဖွေရမယ်..၊ ချိန်သားကိုက် ရွှေ့လျားမှုတွေ ဘယ်လိုပြုလုပ်ရမယ် ဆိုတာတွေကို လေ့လာခဲ့ရပါတယ်..။ သူဟာကျွန်တော့်ကို နောက်ထပ်တစ်ဆင့်မြင့်တဲ့ ကစားသမားတစ်ယောက်အဖြစ် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်..။”
၂၀၁၉/ ၂၀ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် ဗာနာ မှာ ဥရောပထိပ်တန်းအသင်းကြီးများစွာ စိတ်ဝင်စားနေသည့်ကြားမှ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့သည်..။ တီမို ဗာနာ အပါအဝင် ဖရန့် လမ်းပတ် တို့ အားဖြည့်ထားခဲ့သည့် ကစားသမားသစ်များမှာ မနက်ဖြန်ညနေပိုင်းတွင် ဆောက်ပ်သမ်တန်အသင်း၏ စိန်ခေါ်လာမှုကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရဦးမည်ဖြစ်သည်..။ မနှစ်ကဘောလုံးရာသီ၊ Boxining Day နေ့ ပွဲစဉ်တွင် ဆောက်ပ်သမ်တန်အသင်းက အိမ်ရှင်ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်၏ အဝေးကွင်းတွင် အန္တရာယ်အပေးနိုင်ဆုံး အသင်းတစ်သင်းအဖြစ် လေးစားမှုခံထားခဲ့သည်..။ ထို့ကြောင့်မနက်ဖြန်တွင် ယှဉ်ပြိုင်မည့်ပွဲစဉ်မှာ စိတ်လှုပ်ရှားဖို့ကောင်းလှသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း တီမို ဗာနာ က ယခုလိုပြောပြခဲ့ပါသည်..။
“ဟာဆန်ဟတ်တယ်လ် ဆောက်ပ်သမ်တန်အသင်းမှာ သွတ်သွင်းနေတဲ့ ကစားဟန်ဟာ ကျွန်တော်တို့ လိုက်ပ်ဇစ်အသင်းမှာ ရှိနေစဉ်အချိန်တုန်းက ကစားဟန်အတိုင်းပါပဲ..။ ဒါ့ကြောင့်ကျွန်တော်ဟာ သူလိုချင်တဲ့ ရွှေ့လျားမှုတွေ၊ သူ့ရဲ့အစီအမံတွေအားလုံးကို သိရှိထားပြီး ဖြစ်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး မာကျော၊ ကျစ်လျစ်တယ်..၊ အန္တရာယ်ပေးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်..။
တစ်ဖက်ကလည်း သူတို့ရဲ့ခံစစ်ကြောင်းဟာ ကွင်းလယ်အထိတက်ပြီး high line ကစားလေ့ရှိတာကြောင့် ကျွန်တော်တို့အတွက် အခွင့်အရေးရနိုင်ဖို့ရှိပါတယ်…။ ဘာဖြစ်လို့လည်းဆိုတော့ ကျွနိတော်တို့အသင်းဟာ တစ်ဖက်အသင်း ခံစစ်ဇုန်ထဲအထိ အစွမ်းကုန် ဖိအားပေး ကစားတတ်ပြီး လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို အားပြုကစားတဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့်ပါ..။
မနက်ဖြန်ပွဲစဉ်မှာ နှစ်ဘက်အသင်းဟာ အပြန်အလှန်ဖွင့်ကစားကြပြီး ကျွန်တော်တို့ အသင်းရဲ့ ခံစစ်ကစားပုံ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေကလည်း ရတဲ့အခွင့်အရေးတွေကို ထိရောက်တဲ့ တိုက်စစ်တွေအဖြစ် ဖန်တီးပြီး ကိုယ်လိုချင်တဲ့ပုံစံအတိုင်း အသာစီးရယူ ကစားနိုင်အောင် ကြိုးစားသွားရမှာပါ..။”
ထို့ကြောင့်မနက်ဖြန်တွင် ဆောက်ပ်သမ်တန်အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ရင်ဆိုင်ရမည့် ပွဲစဉ်မှာ ငယ်ဆရာအကြောင်း အသေးစိတ်ကအစ သိနေသည့် တီမို ဗာနာ မှာ ချယ်လ်ဆီးအသင်းအတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်သလို သူ၏အားသာချက်၊ အားနည်းချက်များကို သိရှိပြီးဖြစ်သည့် ဟာဆန်ဟတ်တယ်လ် ကလည်း တီမို ဗာနာ ရဲ့ ထိုးဖောက်မှု၊ တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့၊ ဟန့်တားနိုင်မလား..? စောင့်ကြည့်ရမည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပေသည်..။