feature-image

မော်ရင်ဟို ရဲ့ တိုက်ခိုက်မှုတွေအပေါ် မအံ့သြမိဘူးလို့ ဆိုလိုက်တဲ့ ဖရန့် လမ်းပတ်

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က ချယ်လ်ဆီးအသင်းမှာ ပင်နယ်တီ ပြစ်ဒဏ်ဘောများကို အလွယ်တကူ ရရှိနေသည်ဟူသော ဟိုဆေး မော်ရင်ဟို ၏ စွပ်စွဲချက်ကို မအံ့သြမိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်..။

ယခုတစ်ပါတ်တွင် ပြုလုပ်ခဲ့သော တော့တင်ဟမ်အသင်း၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ဟိုဆေး မော်ရင်ဟို က သူ၏အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီ ကိန်း အား ကာကွယ်သည့်အနေဖြင့် ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ် နှင့် မန်ချက်စတာ စီးတီး အသင်းများမှာ ဒိုင်လူကြီးများကို ဖိအားပေးပြီးး ပင်နယ်တီပြစ်ဒဏ်များ ရရှိအောင် ကြိုးစားလေ့ရှိကြောင်း ယခုလိုပြောဆို၊ စွပ်စွဲခဲ့သည်..။

“ကိန်း..? ခင်ဗျားတို့ မှားနေပြီထင်တယ်ဗျ..။ ခင်ဗျားတို့ဟာ သူ့အစား မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ လီဗာပူးလ် နဲ့ ချယ်လ်ဆီးအသင်းတွေက တစ်ချို့ကစားသမားတွေ အကြောင်းကိုသာ ပြောသင့်ပါတယ်..။”

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပင်နယ်တီ ရှစ်ကြိမ်ရရှိခဲ့ပြီး ဖြစ်သော်လည်း ချယ်လ်ဆီးအသင်း ရရှိခဲ့သော ပင်နယ်တီများထဲတွင် ဟန်ဆောင်ဒိုက်ထိုးပြီး ရရှိခဲ့သည့် ပင်နယ်တီ တစ်ကြိမ်မှ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်..။

“အခုလိုစွပ်စွဲချက်တွေကို မအံ့သြမိပါဘူး..။ ဒါပေမယ့် တစ်ခုသတိပြုမိဖို့လိုတာက ဒီနှစ်ဘောလုံးရာသီမှာ ဟန်ဆောင်ဒိုက်ထိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြောအဆို ခံရတဲ့အထဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမှ မဖြစ်သေးပါဘူး..။

ဒါ့အပြင်အခုလို ပြောဆိုခဲ့တဲ့အပေါ်ကိုလည်း အံ့သြခဲ့တာ မရှိပါဘူး..။ မန်နေဂျာတွေဟာ ကိုယ့်ရဲ့ပြိုင်ဘက်အသင်းတွေကို အခုလိုပြောဆို တိုက်ခိုက်တတ်တာကလည်း ဘာမှထူးဆန်းတဲ့အရာ မဟုတ်ပါဘူး..။ သူ့ရဲ့ပြောဆိုမှုကြောင့် ကျွန်တော့်ကို ဘာမှထိခိုက်ခဲ့တာ မရှိသလို ကျွန်တော်ကလည်း ဟိုဆေး ကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘယ်လိုပြောရမယ်.. ဆိုပြီး သင်ပေးနေစရာ အကြောင်းမရှိပါဘူး..။

ပင်နယ်တီ ပေးပြီဆိုရင် ကျွန်တော်တို့အားလုံးဟာ ကြည့်လိုက်တာနဲ့ ဘယ်အလုံးကဖြင့် ပင်နယ်တီဖြစ်တယ်..၊ ဘယ်အလုံးကဖြင့် ဟန်ဆောင်ဒိုက်ထိုးတယ်..၊ ဘယ်အလုံးကဖြင့်တော့ ပါးပါးနပ်နပ်နဲ့ အရယူခဲ့တယ်.. စသဖြင့် အားလုံးသိနေတာပဲလေ..။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ထူးထူးထွေထွေ ထပ်ပြီးပြောစရာမရှိပါဘူး..။”