feature-image

ဇရာကိုအန်တုရင်း ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေတဲ့ ‘သီယာဂို ဆေးလ်ဗား’…

မနှစ်ကဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဘေယန် မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ခေါင်းဆောင် သီယာဂို ဆေးလ်ဗား အတွက် ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးပွဲအဖြစ် အားလုံးက သိထားခဲ့ကြပါတယ်.။ ပဲရစ်စ်မြို့ကအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒို ဟာ အသင်းရဲ့ပျမ်းမျှအသက်ကို လျော့ချဖို့ ရည်မှန်းထားတာကြောင့် အသက် (၃၆) နှစ်ပြည့်ပြီး ဖြစ်တဲ့ သီယာဂို အနေနဲ့ အသင်းမှာအနာဂတ်မရှိဖို့ သေချာသလောက် ဖြစ်နေခဲ့ပါပြီ..။

ဒါပေမယ့် လီယိုနာဒို ဟာ နောက်ဆုံးအချိန်ကျမှ စိတ်ပြောင်းသွားခဲ့ပြီး သူတို့ရဲ့ ခံစစ်မဏ္ဍိုုင်ကြီးကို အသင်းမှာဆက်နေဖို့ ဖျောင်းဖျခဲ့ပါသေးတယ်..။ နောက်ကျသွားပါပြီ…၊ သီယာဂို ဟာ သူ့ရဲ့အနာဂတ်ရဲ့ တည်နေရာကို ဆုံးဖြတ်ပြီးသွားပါပြီ..။

ဥရောပနဲ့ကမ္ဘာ့ဘောလုံးလောကမှာ အတွေ့အကြုံတွေ ကုံလုံကြွယ်ဝနေတဲ့ ဝါရင့်ဘရာဇီးလ် နောက်ခံလူဟာ ရေသစ်၊ မြေသစ် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ် ရပ်ဝန်းက ‘ချယ်လ်ဆီး’ ကို ရွေးချယ်ထားပေမယ့် သူ့ရဲ့အသက်အရွယ်ကြောင့် စိုးရိမ်စိတ်တွေ များပြားခဲ့ကြပါတယ်..။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲ မဟုတ်ပေမယ့် ကြံ့ခိုင်မှုနဲ့ခန္ဓာကိုယ် အားစိုက်သုံးစွဲရမှု အများဆုံးလိဂ်ပြိုင်ပွဲ ဖြစ်သလို ပြိုင်ဆိုင်မှုအရမ်း ပြင်ထန်ပါတယ်..။ ဆေးလ်ဗား ရဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းကောင်းတစ်သင်း ဆိုပေမယ့် သူတို့ဟာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲကို လွှမ်းမိုးထားတဲ့အသင်း ဖြစ်ခဲ့တာကြောင့် ပြင်သစ်မှာ သူ့အတွက် သိပ်ပြီးမပင်ပန်းရသလို ဖြစ်ခဲ့ပါတယ်..။



ဒါပေမယ့် ဆေးလ်ဗား ကတော့ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့သလို သူနဲ့အတူ ထပ်တူကျခဲ့သူကတော့ ‘ဖရန့် လမ်းပတ်’ ပဲ ဖြစ်ပါတယ်.။ ချယ်လ်ဆီးအသင်းဟာ transfer ban ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရချိန်မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၂၀) ကျော် သုံးစွဲခဲ့ပြီး တီမို ဗာနာ၊ ဘင် ချီးဝဲလ်၊ ကိုင် ဟာဗာ့ဇ် တို့ကို ခေါ်ယူထားခဲ့သလို အခြားပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် ရန်းန်အသင်းက ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ဟာလည်း အသင်းရဲ့ ‘စောင့်ကြည့်ပစ်မှတ်’ ထဲမှာ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းနည်းပြဟာ သီယာဂို ကို ကမ်းလှမ်းမှုမပြုလုပ်ခင် အချိန်အကြာကြီး စောင့်ကြည့်ခဲ့ပါတယ်..။

နောက်တော့ ဆေးလ်ဗား ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်.။ အီတလီက ကမ်းလှမ်းမှုတွေ သဲသဲမဲမဲ ရှိနေတာကြောင့် လမ်းပတ် ဟာ အသင်းကို ခြေသွက်လက်သွက် ဆောင်ရွက်စေချင်ခဲ့ပါတယ်.။ အဲဒီလိုတွန်းအားတွေကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာပဲ ဆေးလ်ဗားကို ခေါ်ယူဖို့ သဘောတူနိုင်ခဲ့ပါတယ်..။ တကယ်တော့ သီယာဂို ဟာ အီတလီစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သလို အေစီ မီလန်အသင်းနဲ့ အီတလီစီးရီးအေပြိုင်ပွဲ အတွေ့အကြုံလည်း ရှိပြီးသားပါ..။ ဒါပေမယ့်သူကတော့ ပီအက်စ်ဂျီအသင်းရဲ့ ထပ်မံကမ်းလှမ်းမှုနဲ့ အီတလီက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး ချယ်လ်ဆီးကိုပဲ ရွေးချယ်ခဲ့ပါတယ်..။

၂၀၁၉/၂၀ ဘောလုံးရာသီမှာ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းဟာ အဝေဖန်ခံနေခဲ့ရသလို စုစုပေါင်းပေးဂိုး (၅၄) ဂိုး ခွင့်ပြုခဲ့ရပါတယ်..။ အဲဒီပေးဂိုးအရေအတွက်ဟာ ၂၀၀၃ ခုနှစ်မှာ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကို ဝယ်ယူပြီးနောက်ပိုင်း အဆိုးရွားဆုံး ပေးဂိုးမှတ်တမ်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် တို့အနေနဲ့ ဘရာဇီးလ် အသင်းခေါင်းဆောင် နောက်ခံလူအပေါ် မျှော်လင့်ချက် တစ်နင့်တစ်ပိုး ကြီးမားခဲ့ပါတယ်.။

အဲဒီလို မျှော်လင့်ချက် ကြီးမားခဲ့တဲ့အပေါ် ဘရာဇီးလ် နောက်ခံလူဆီက မှန်ကန်တဲ့ တုံ့ပြန်မှု ပြန်လည်ရရှိခဲ့ပါတယ်..။ သီယာဂို ဆေးလ်ဗား ဟာ အခုနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်း clean sheet ရရှိခဲ့တဲ့ (၇) ပွဲအနက် (၆) ပွဲမှာ ပါဝင်ခဲ့ပြီး အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားထိပ်က လက်စ်တာအသင်းထက် သုံးမှတ်ပဲ လျော့နည်းနေပါတယ်..။ ဒါ့အပြင်ဂိုးသမား မန်ဒီ၊ ရိစ် ဂျိမ်းစ်၊ သီယာဂို ဆေးလ်ဗား၊ ကတ် ဇူးမား နဲ့ ဘင် ချီးဝဲလ် တို့လေးယောက်ရဲ့ ဒေါင်ဒေါင်မြည်ခံစစ်ကြောင်းဟာ အရင်တုန်းက ချယ်လ်ဆီးအသင်းရဲ့ အားနည်းချက်တွေကို မေ့လျော့သွားစေခဲ့ပါတယ်..။ အထူးသဖြင့် သူ့ရဲ့အသက်အရွယ်နဲ့ မလိုက်အောင် ပရီးမီးယားလိဂ်မှာ အံဝင်၊ အထိုင်ကျခဲ့မှု မြန်ဆန်ခဲ့ပုံဟာ အံ့အားသင့်စရာပါပဲ.။



တကယ်တော့ ဝါရင့်နောက်ခံလူကြီးဟာ ချယ်လ်ဆီးအသင်းမှာ အံဝင်နိုင်ဖို့ အလုံးစုံအစစအရာရာ သေသေချာချာ ပြင်ဆင်ခဲ့တာပါ..။ သူဟာ မိသားစုနဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနဲ့ မနီးမဝေးနေရာက အိမ်ကြီးတစ်လုံးမှာ နေထိုင်ခဲ့ပြီး အိမ်ကြီးအတွင်းမှာ အကြောလျော့ လေ့ကျင့်ခန်းတွေ၊ အပေါ့စားလေ့ကျင့်ခန်းတွေ လေ့ကျင့်လို့ရမယ့် Gym စက်တွေ ထည့်သွင်းခဲ့ပါတယ်..။ ဒါမှလည်း များပြားလှတဲ့ နိုင်ငံလက်ရွေးစင်အသင်း၊ ကလပ်အသင်းပွဲစဉ်တွေအတွက် လုံလောက်တဲ့ ပြင်ဆင်မှု ရရှိနိုင်ပါလိမ့်မယ်..။

ဖရန့် လမ်းပတ် ဟာ ခရက်စ်နိုးဒါး အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်လို ခရီးဝေးကွာလှတဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ဆေးလ်ဗား ကို ချန်လှပ်ထားခဲ့သလို ချယ်လ်ဆီးအသင်းဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အဆင့်မြင့်နည်းပညာသုံး Application တစ်ခုကို သုံးစွဲပြီး တောက်လျှောက်အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်..။ ဒါ့အပြင် ဆေးလ်ဗား ဟာ အစားအသောက်၊ အနေအထိုင်၊ ညအိပ်တဲ့အချိန်ကစ အထူးဂရုစိုက်တဲ့သူဖြစ်ပြီး ဆေးလိပ်မသောက်၊ အရက်မသောက်တတ်ပါဘူး..။ အခုလို အစစအရာရာ အထူးဂရုစိုက်ခဲ့တာကြောင့် အသက်အရွယ်နဲ့မလိုက်အောင် ကြံ့ခိုင်မှု ကောင်းမွန်နေတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ဇနီးဖြစ်သူ အစ္စဘယ်လာ ဆေးလ်ဗား က Goal သတင်းဌာနကို ပြောပြပါတယ်..။

“သီယာဂို ဟာ အစားအသောက်နဲ့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာကို အရမ်းအလေးထားပါတယ်..။ သူဟာကိုယ့်ကိုယ်ကို အမြဲတမ်းဂရုစိုက် နေထိုင်လေ့ရှိသလို သူလိုချင်တဲ့အရာတစ်ခုခုအတွက် ကျွန်မကလည်း သူ့လိုပဲလိုက်ပြီး နေထိုင်၊ စားသောက်ရပါတယ်..။ ဥပမာပြောရမယ်ဆိုရင် ကျွန်မတို့ဟာ ဆိုဒါ နဲ့ Gas ပါတဲ့ အရည်တွေကို လုံးဝရှောင်ကြဉ်ပါတယ်..။

အိမ်မှာဆိုရင် လေ့ကျင့်ခန်းအတူတူ လုပ်လေ့ရှိသလို သူ့ရဲ့လေ့ကျင့်ခန်းတွေဟာ ကျွန်မအတွက်လည်း အထောက်အကူ ရပါတယ်..။ တကယ်တော့ ဘာမှဆန်းပြား၊ ခက်ခဲတဲ့အရာတွေ မဟုတ်ပါဘူး..။ သူဟာပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို အသင်းမှာ ရှိနေတဲ့အချိန် ပြုလုပ်လေ့ရှိပြီး အိမ်မှာဆိုရင် အကြောလျော့ လေ့ကျင့်ခန်းတွေ၊ သွေးပူလေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်ပါတယ်..။”


ဒါ့အပြင် သူ့ရဲ့ဇနီးဖြစ်သူ အစ္စဘယ်လာ ဟာ သီယာဂို ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးဖို့ ကိုယ်ပိုင်ကြံ့ခိုင်ရေး နည်းပြအဖွဲ့ကို ဌားရမ်းထားပြီး အကြောပြင်ဆရာ (physiotherapist) တစ်ယောက်နဲ့ စွမ်းဆောင်ရည် အကဲဖြတ် အကြံပေးပုဂ္ဂိုလ် (performance advisor) တစ်ယောက် ပါဝင်ပါတယ်..။ နောက်ပြီး ပရီးမီးယားလိဂ်မှာ အထိုင်ကျနေပြီဖြစ်တဲ့ အီမာဆန် ပါလ်မီးရီ နဲ့ ဒေးဗစ် လူးဝစ်ဇ် တို့ဆီကလည်း အကြံဉာဏ်တွေ ရယူခဲ့တယ်လို့ ဆိုပါတယ်..။

သီယာဂို ဆေးလ်ဗား ကတော့ သူ့ရဲ့ဇနီးသည်ဖြစ်သူ အစ္စဘယ်လာ ကိုင်တိုင် ဖွဲ့စည်းပေးထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ အကျိုးရှိပုံအကြောင်းကို အခုလို ပြောပြပါတယ်..။

“အဲဒီကြံ့ခိုင်ရေးနည်းပြအဖွဲ့ဟာ ကျွန်တော်တို့နဲ့အတူတူ လက်တွဲခဲ့တာ နှစ်နှစ်ကျော်ပြီဖြစ်သလို အခုလို အစားအသောက်၊ အနေအထိုင်တွေ ပြုပြင်၊ ပြောင်းလဲခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အကြံပေးချက်တွေကြောင့်လည်း ပါဝင်ခဲ့ပါတယ်..။ အရင်တုန်းကဆိုရင် ကျွန်တော်ဟာ တွေ့ကရာ စားတာပါပဲ..။ အထူးသဖြင့် ပွဲပြီးတဲ့အချိန်ဆိုရင် ဆင်ခြင်လေ့ မရှိပါဘူး..။ ဒါပေမယ့် အခုဆိုရင် ဘောလုံးပွဲတွေမှာ ခွန်အားကိုပိုမို သုံးစွဲကစာရသလို အသက်အရွယ်လည်း ရလာပြီဆိုတော့ အဖက်ဖက်က ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါပြီ..။

ဒါ့ကြောင့် ပွဲမတိုင်ခင် အိမ်မှာကတည်းက နည်းပြအဖွဲ့တွေနဲ့ ပြင်ဆင်မယ်..၊ ဒဏ်ရာတွေမရအောင် ကြိုတင်ကာကွယ်မယ်..၊ လေ့ကျင့်မယ်ဆိုရင် အမြဲတမ်း အသင့်ဖြစ်နေပါမယ်..။ ဒါဟာအစားအသောက် တစ်ခုတည်းတင် မကပါဘူး..။”


ဆေးလ်ဗား ဟာ ဖရန့် လမ်းပတ် တို့နဲ့အတူ လေ့ကျင့်တဲ့အချိန်မှာ ဆက်ဆံရေး အဆင်ပြေ၊ ချောမွေ့စေဖို့ စကားပြန်တစ်ယောက် (translator) တစ်ယောက်ကို သီးခြားထားရှိပါတယ်..။ ဒါပေမယ့် သူဟာ တနင်္လာနေ့ကနေ သောကြာအထိ နေ့စဉ်အင်္ဂလိပ်စာ သင်ခန်းစာတွေ သင်ယူလျှက်ရှိပါတယ်..။ အခုလက်ရှိမှာ သူ့ရဲ့အင်္ဂလိပ်စကားပြော မချောမွေ့သေးပေမယ့် အသင်းဖော်တွေနဲ့ ဆက်ဆံရေး အဆင်ပြေချောမွေ့နေပြီ ဖြစ်သလို အသင်းသားတွေကလည်း သူတို့ရဲ့ခံစစ်ကြောင်းမဏ္ဍိုုင်ကြီးနဲ့ ပိုမိုပြီးရင်းနှီးလာကြပါပြီ..။ အထူးသဖြင့် နိုင်ငံလက်ရွေးစင် အသင်းပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဆေးလ်ဗား ရဲ့ သွင်းဂိုးအတွက် ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြတဲ့ အသင်းသားတွေရဲ့ ဟန်ပန်အမူအရာတွေဟာ ဘရာဇီးလ်သားအပေါ် ထားရှိတဲ့ သူတို့တွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ ချစ်ခင်၊ နွေးထွေးမှုတွေကို မြင်တွေ့ခဲ့ရပါတယ်..။

ဒါ့အပြင် သူ့ရဲ့မိသားစုဟာလည်း လန်ဒန်ုမြို့တော်အကြောင်း ပိုမိုသိရှိလာအောင် အစွမ်းကုန် ကြိုးစားနေကြသလို သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အီယာဂို နဲ့ အီဆာဂို တို့ကလည်း ချယ်လ်ဆီးအသင်း အကယ်ဒမီမှာ လေ့ကျင့်နေကြပါတယ်..။ ဆေးလ်ဗား ရဲ့ လောလောဆယ် ရည်မှန်းချက်က ၂၀၂၂ ခုနှစ်၊ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့ဖြစ်ပြီး အဲဒီရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ့် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်..။

ဒါ့ကြောင့် ပေါ်တူဂီလို ‘O Monstor’ (သို့မဟုတ်) သားရဲတစ်ကောင် လို့ အမည်ပြောင်နဲ့ ခိုင်းနှိုင်းခံရတဲ့ သီယာဂို ဆေးလ်ဗား ဟာ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုပေါင်းစုံကို စိတ်ဓါတ်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုအပြည့်၊ ယုံကြည်မှုအပြည့်၊ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ရင်ဆိုင်နေရင်း ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ထိ်ပ်တန်းအသင်းအဖြစ် ပြန်လည်ရောက်ရှိစေအောင် ပခုံးထမ်း၊ တွန်းတင်ပေးလျှက်ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Goal.com မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘How Thiago Silva defied age and expectations to take starring role at Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)